class="post-thumbnail open-lightbox" href>
ကိုးလမှဆယ်လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု
အခုအရွယ်မှာ ကလေးပြောတဲ့စကားလုံးတွေဟာ ဗလုံးဗထွေးပြောရာကနေ ပီပီသသဖြစ်လာပါမယ်။ ဥပမာ- ပေ ၊ မေ ၊ ဖေ မပီရာကနေ ပီလာတာမျိုးတွေပါ။ ဒီလိုအရွယ်မှာ သူအပြောမှားတာတွေကို မဟုတ်ဘူးပြောမယ့်အစား မှန်ကန်တဲ့စကားလုံးတွေကိုသာ ကိုယ်က ဦးစားပေးပြောရမှာပါ။ အစိမ်းကို နီလို့ ပြောပေမယ့် အနီမဟုတ်ဘူးလို့ မပြောဘဲ အစိမ်းလို့ ပြောရမှာဖြစ်ပါတယ်။ ဒီလိုဆို သူဒွိဟဖြစ်တာကို ဖြေရှင်းပြီးသားဖြစ်သွားတယ်။ အခုအရွယ်မှာ သူက တစုံတခုကို အသေအချာ မှတ်သားနိုင်အောင် ကြိုးစားနေမှာဖြစ်ပြီး ဒါမှားတယ် ၊ ဒါမှန်တယ်ဆိုရင် ဒီအမှန်နဲ့အမှား စကားလုံးနှစ်ခုမှာတင် သူဟာ ဒွိဟဖြစ်ပြီး ဘယ်ဟာ အမှန် ၊ အမှားရယ်လို့ ခွဲခြားရ ခက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီအရွယ်မှာ ကလေးကို အမှန်စကားလုံးတွေ ဦးစားပေး ပြောပေးရမှာပါ။
ဒီအရွယ်ဟာ တရွတ်ဆွဲအရွယ်လို့ ပြောလည်းရပါတယ်။ သူချစ်တဲ့ လူကြီးမိဘတွေရဲ့ လုံချည်နဲ့ထမိန်ကို တရွတ်ဆွဲပြီး သူ့နားနေဖို့ ၊ ခွဲမသွားဖို့နဲ့ သူအထိုင်အထလုပ်တဲ့အခါမှာ ဆွဲတတ်လို့ပါ။ ဒီလိုမှတရွတ်ဆွဲလို့ ထိုင်ထလုပ်ဖို့ အဆင်မပြေရင် နီးရာ ပရိဘောဂနဲ့ ကိုင်စရာလေးရှာပြီး ထိုင်ထလုပ်ဖို့ ကြိုးစားမှာပါ။ ဒါမှမဟုတ်ရင်တော့ ထဖို့လုပ်ရင်း ဖုတ်ခနဲ ပြုတ်ကျရင်းက တွယ်စရာရှာမယ်လေ။
ဒီအရွယ်မှာ သူ့ခြေနဲ့ လက်တွေဟာ သူတွားသွားလာဖို့ ကောင်းကောင်း အသုံးပြုနိုင်အောင် အရိုးအဆစ် ခိုင်မာနေပါပြီ။ ဒါကြောင့်မို့ ဖျတ်ဖျတ်လတ်လတ် ဟိုတွားဒီတွား သွားရင်းက ကိုင်စရာလေးတွေ့ရင် မတ်တပ်ရပ်လိုက် ညောင်းရင်ပြန်ထိုင်ပြီး ဘယ်တွားရကောင်းနိုးနဲ့ စိတ်ဝင်စားရာနေရာတွေ တွားသွားပြီး စူးစမ်းလိုက် ၊ ဟိုဆွဲဒီဆွဲ ဆွဲချလိုက် လုပ်နေနိုင်ပါတယ်။ အရင်လတွေကလိုပဲ သူ့ကို မျက်ခြည်မပြတ် ဂရုစိုက် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ ဒီအရွယ်ဟာ ကောင်းမှန်း ၊ ဆိုးမှန်း မခွဲခြားနိုင်သေးဘူးလေ။
ဒီအရွယ်မှာ သူတို့ကို ဂရုမစိုက်ဘူးလို့ ခံစားရရင် အော်ငိုပြီး ဂရုစိုက်ခံရအောင် ကောင်းကောင်း လုပ်တတ်နေပြီ။ အမြဲငိုကျင့်ဖြစ်မသွားရအောင် ၊ ငိုတတ်တဲ့ကလေး ၊ ဂျီကျတတ်တဲ့ကလေး ဖြစ်မသွားရအောင် တဦးဦးက သူ့ကို ဂရုစိုက်မှုမျိုး ၊ အဖော်လုပ်ပေးတာမျိုး ၊ ဖျော်ဖြေလို့ စကားတွေ ပြောပေးတာမျိုး လုပ်ပေးရပါမယ်။ ဒီအရွယ်ဟာ တစ်ဦးတည်းရှိနေရင် အားငယ်တတ်နေပါပြီ။
လူစိမ်းမြင်လို့ သူများပြုံးရင် သူလိုက်ပြုံးမှာပါ။ ဒါပေမယ့် အဲဒီ့တစိမ်းက သူ့ကို တအားအာရုံစူးစိုက်ပြီး ပြောင်ပြတာမျိုး ၊ ထိတွေ့ကိုင်တွယ်လို့ ချီဖို့လုပ်လာရင် သူဟာ ရှက်တတ် ၊ ကြောက်တတ်နေပြီမို့ ငိုမှာပါ။ ဒါမှမဟုတ် လူကြီးမိဘနောက် ပုန်းကွယ်လို့ ချောင်းကြည့်နိုင်တယ်လေ။ ဒါဟာ တစိမ်းနဲ့အိမ်သား ခွဲခြား ခံစားတတ်လာတာပေါ့။ အစားအသောက်ပိုင်းမှာလည်း အစပ်ကလွဲရင် လူကြီးစားတာကို လိုက်စားနိုင်အောင် ကိုယ့်ထမင်းဝိုင်းထဲကပဲ ကလေးနဲ့ သင်တော်ရာ ကျွေးကျင့်လုပ်ထားရင် ကလေးစာ သီးသန့်ချက်ရတာ ၊ ဝယ်ရတာမျိုး ဒုက္ခမပိုတော့ဘူးလေ။ ကလေးဖြစ်တာကြောင့် သူ့အတွက် အသီးအနှံတွေကိုတော့ ဆောင်ထားရမှာဖြစ်ပါတယ်။
ဒီအရွယ်မှာ သူနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ အသံတွေ ၊ တုန်ခါမှုတွေကို ကြောက်တတ်ပါတယ်။ တံခါးခေါင်းလောင်းမြည်တာကအစ ဖုန်စုပ်စက်အဆုံး ဒီအသံတွေကို သူတို့ဟာ ကြောက်လန့်တတ်လာပါပြီ။ ဒါကို လူကြီးမိဘတွေက သတိမထားရင် အိမ်မက်ထဲအထိ ကြောက်လန့်တတ်ပြီး ပထမဆုံးအကြိမ်တွေမှာဆို တအားလန့်လို့ လန့်ဖျားဖျားသွားတဲ့အထိလည်း ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဆူညံတဲ့ ကိရိယာတွေကို သုံးမယ်ဆိုရင် တစ်ဦးဦးက ကလေးကို အပြင်ခေါ်ထုတ်ပြီးမှ ဆူညံတဲ့ စက်ပစ္စည်းကိရိယာတွေ အသုံးပြုတာ အကောင်းဆုံးပါ။ ဒီအရွယ်ကလေးဟာ စိတ်နှလုံး နုနယ်သေးတယ်လေ။
ကျီးဖြူကျီးမည်း ကစားနည်းတွေ ၊ မျက်နှာကွယ်တဲ့ကစားနည်းတွေဟာ သူ့အတွက် ကောင်းကောင်းနားလည်ပြီး စိတ်လှုပ်ရှားစေတဲ့ ကစားနည်းတွေ ဖြစ်နေတာမို့ ဒီအရွယ်ကလေးနဲ့ အချိန်ကုန်ဆုံးမယ်ဆို ကလေးရော ကိုယ်ပါ မပျင်းရိရအောင် ကစားနိုင်ပါတယ်။ ပုံတွေပေါ်မှာ လူ့လက်ညှိုးလေးယူထောက်ပြီး အနီ ၊ အဝါ ၊ အပြာ ၊ ကြက် ၊ ငှက် စသဖြင့်သင်ပေးနိုင်သလို ကစားစရာ အရုပ်ကောင်လေးတွေ ၊ ကားကလေးတွေ သူ့ကိုယ်ပေါ် ရွစိရွစိတက်လာသလိုကစားရင် သူပျော်ပါတယ်။ ကစားရင်းသင်တာဟာ ဒီအရွယ်ကလေးငယ်တွေကို ပိုပြီး မှတ်သားမိစေပါတယ်။
ကလေးနဲ့ အပြင်ထွက်လမ်းလျှောက်တဲ့အခါ သစ်ရွက်စိုကလေးတွေ ၊ သစ်ရွက်ခြောက်ကလေးတွေ ၊ ပန်းကလေးတွေကို သူ့ကို ကိုင်စေ ၊ ထိတွေ့စေမယ်ဆိုရင် ကလေးဟာ သဘာဝကို ကလေးဟာ နားလည်လာပြီး သဘာဝနဲ့ ကျင့်သားရလာပါမယ်။ ဒီကတဆင့် သစ်ပင်ဟာ အစိမ်း ၊ ကောင်းကင်ဟာ အပြာ ၊ တိမ်ဟာ အဖြူ ၊ နေဟာ အဝါ စသဖြင့် သဘာဝကိုသင်ပေးတာ ၊ မိုးရွာရင် ဒါဟာ ကောင်းကင်က ရေကျလာတာကို မိုးရွာတယ်လို့ခေါ်တယ် ၊ မိုးရွာထဲထွက်ရင် စိုတယ် စသဖြင့် သရုပ်ပြပြောဆိုရင်း သင်ပေးတဲ့အခါ သဘာဝနဲ့ ရာသီဥတုဆိုတာကို ကလေးဟာ ပိုနားလည်လာပါတယ်။ ကိုယ့်အတွက်သာ မထူးဆန်းတာ သူ့အတွက်ကတော့ ဘာကြောင့် ဘာဖြစ်တယ်ဆိုတာ အကုန် အထူးအဆန်းချည်း ဖြစ်နေပါတယ်။
ရတု (Burmesehearts.com)