class="post-thumbnail open-lightbox" href>
ကလေးကိုယ်ဝန်မယူခင် ပြင်ဆင်သင့်သည့်အရာများ
ဇနီးမောင်နှံနှစ်ဦး လက်ထပ်ပြီးတာနဲ့ ကလေးကိုယ်ဝန်ယူသင့်သလားလို့ ကျွန်မကို မေးလာခဲ့ရင် မယူသင့်သေးဘူးလို့ ပွင့်ပွင့်လင်းလင်း ဖြေမှာပါ။ ဘာကြောင့်မယူသင့်သေးသလဲဆိုတာ အချက်များစွာရှိပါတယ်။ အရေးကြီးတဲ့ တချက်ချင်းစီကို လိုရင်း ၊ တိုရှင်း ရှင်းပြပါ့မယ်။
လက်ထပ်ပြီးခါစ (ညားခါစ) လင်မယားနှစ်ဦးဟာ ယခုမှ တရားဝင် ပေါင်းစပ်လိုက်တဲ့သူစိမ်းနှစ်ဦးဖြစ်ပါတယ်။ ပွင့်လင်းတဲ့အရပ်မှာနေလို့ မယူခင်ကတည်းက နှစ်ဦးအတူနေခဲ့တာပဲဖြစ်ဖြစ် ၊ ယူပြီးမှ နှစ်ဦးအတူနေခဲ့တာပဲဖြစ်ဖြစ် လက်ထပ်လိုက်ပြီဆိုကတည်းက တစ်ဦးကိုတစ်ဦးပိုင်သွားပြီလို့ စိတ်ချယုံကြည်သွားစိတ်နဲ့ အပြောအဆို ၊ အပြုအမူ ၊ ခံယူချက်အချို့လည်း ပြောင်းလဲလာနိုင်ပါတယ်။
လက်မထပ်ခင် ကြိုတင် သဘောတူညီမှုယူပြီး ညှိနှိုင်းပြီးသားစုံတွဲတွေတောင် လက်မထပ်ခင်နဲ့ လက်ထပ်အပြီးမှာ ပြောင်းလဲမှုအချို့ ရှိလာတတ်ပါတယ်။ ဒါတွေကို ကလေးမယူခင် အရင်လေ့လာရမှာဖြစ်ပါတယ်။ သူဟာ မဆိုစလောက်ပြောင်းလဲသွားသလား ၊ အရမ်းပြောင်းလဲသွားသလား ၊ ညှိနှိုင်းလို့ရမလား ၊ တဇွတ်ထိုးဥာဏ်နဲ့ သူ့အတ္တတွေ အဲဒီတော့မှ ပေါ်လာမလားဆိုတာကို အိမ်ထောင်ကျပြီး တစ်နှစ်က သုံးနှစ်အထိ အနည်းဆုံး စောင့်ကြည့်သင့်ပါတယ်။ ကလေးယူဖို့ အရွယ်သိပ်မဟိုင်းသေးရင်ပေါ့။
အိမ်ထောင်ကျပြီးပြီးချင်း အပျော်တွေဖုံးပြီး မမြင်နိုင်သေးတဲ့ အိမ်ထောင်ရေး လိုအပ်ချက်တွေနဲ့ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေဆိုတာ မိသားစုတွေနဲ့ အတူနေဆဲဆို လက်ထပ်ပြီး ခြောက်လလောက်အတွင်းက စပြီး အမြင်မတူတာတွေ ၊ သည်းမခံနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ အိမ်ခွဲနေတဲ့ စုံတွဲတွေကတော့ လက်ထပ်ပြီး တစ်နှစ်အတွင်းကနေ သုံးနှစ်ကာလအတွင်းမှာ အိမ်ထောင်တခုမှာ အရေးအကြီးဆုံးဖြစ်တဲ့ ညှိနှိုင်းမှုဆိုတာတွေ ၊ အပြန်အလှန် ငဲ့ညှာထောက်ထားမှုဆိုတာတွေ ၊ နားလည်မှုဆိုတာတွေကို ကျင့်ယူနေရပါပြီ။ ချစ်လို့ယူတဲ့စုံတွဲတွေလည်း ဒါတွေ လုပ်ဖို့လိုအပ်လာမှာဖြစ်သလို မချစ်ဘဲ အကြောင်းကြောင်းကြောင့် ယူခဲ့ရတဲ့စုံတွဲတွေကတော့ မကွဲချင်ရင် ဒါတွေ ကျင့်ကိုကျင့်ယူရမှာပါ။
ဘာတွေ ညှိယူရမှာလဲဆိုတာ တစ်ဦးနဲ့တစ်ဦး စရိုက် ၊ ခံယူချက်တွေ မတူကြတဲ့အတွက် အသေးစိတ်ပြောလို့မရပါဘူး။ ကိုယ့်လူနဲ့ကိုယ် သဘောမတူတာတွေ ညှိယူနိုင်အောင် ၊ မကြိုက်တာတွေ ပြင်သင့်ပြင်နိုင်အောင် ၊ မပြင်နိုင်ရင် ခွင့်လွှတ်နိုင်အောင် ၊ ခွင့်မလွှတ်နိုင်ရင် လျစ်လျူ ရှုနိုင်အောင် စသဖြင့် ကျင့်ယူရတယ်ဆိုတာကို အိမ်ထောင်သည်တွေက ပိုသိမှာပေါ့။ တဖျစ်တောက်တောက်ပြောတတ်တဲ့ ဇနီးသည်နဲ့ နားပူမခံနိုင်တဲ့ခင်ပွန်းဟာ ဒီမှာစတွေ့တာပဲ။ ဘယ်အချိန်မဆို အယုယခံချင်တဲ့ဇနီးနဲ့ ညားပြီးမှတော့ ဒါတွေမလိုတော့ဘူးလို့ တွေးလာတဲ့ခင်ပွန်းနဲ့ အဲဒီမှာစတွေ့တာပဲ။ အသုံးအဖြုန်းကြီးတဲ့အိမ်ထောင်ဘက်နဲ့ စိစစ်တတ်တဲ့အိမ်ထောင်ဘက် အဲဒီမှာ စတွေ့တာပဲ။ သပ်သပ်ရပ်ရပ်နေတတ်ပြီး အသန့်ကြိုက်တဲ့ အိမ်ထောင်ဘက်နဲ့ ဖြစ်ကတတ်ဆန်း နေထိုင်တတ်တဲ့ အိမ်ထောင်ဘက် အဲဒီမှာ စတွေ့တာပဲ။ ဒီလိုနဲ့ ညားပြီးမှ သိလာတဲ့ မတူတာတွေကို ညှိယူရပါတယ်။
တစ်နှစ်အတွင်း အားလုံးညှိပြီးသား ၊ ဘာမှပြောစရာမရှိဘူးဆိုရင် ငွေကြေးတောင့်တင်းမှုကို ပြန်ကြည့်ရဦးမှာပါ။ ကိုယ်တွေနှစ်ဦး စားသောက်စရိတ် ၊ ကျန်းမာရေးစရိတ်တွေနဲ့ အိမ်အသုံးစရိတ်တွေဟာ ဝင်ငွေနဲ့ ကွက်တိဖြစ်နေတယ်ဆိုရင် ကလေးမယူပါနဲ့ဦး။ နှစ်ယောက်စာတောင် အသုံးစရိတ်ကွက်တိဆို ဘယ်မှာလဲ ကလေးမွေးစရိတ် ၊ ဘယ်မှာလဲ ကလေးစရိတ်အထွေထွေ ၊ ဘယ်လောက်ကုန်လဲမသိရင် ဆေးရုံမှာ ကလေးမွေးစရိတ်ကို စုံစမ်းနိုင်သလို ကလေးအသုံးအဆောင်တွေ ၊ ကလေးဆေးကုသစရိတ်တွေဟာ လူကြီးထက် ကရိကထများပြီး အကုန်အကျများတယ်ဆိုတာ ပိုသိလာပါလိမ့်မယ်။
နှစ်ယောက်လုပ်စာနဲ့မှ အိမ်သုံးစရိတ် ကာမိရုံရှိနေရင် တယောက်က အကြောင်းကြောင်းကြောင့် အလုပ်အဆင်မပြေတာ ၊ အလုပ်မလုပ်နိုင်သေးတာများ ရှိလာခဲ့ရင် ကလေးနဲ့ ဒီအိမ်ထောင် ဒုက္ခရောက်မှာမို့ တလစာအသုံးစရိတ်ထွက်ငွေကို အနည်းဆုံး ခြောက်လစာလောက်မှ လက်ထဲမစုမိသေးရင် ကလေးမယူပါနဲ့ဦး။ စုငွေမရှိတဲ့ ဒီမိသားစုထဲ ဒီဝင်ငွေလေးနဲ့ ကလေးယူမယ်ဆိုရင် အဆင်ပြေရင်အကောင်းသား ၊ အဆင်မပြေရင် လင်မယားဆက်ဆံရေးပါ ထိခိုက်လာနိုင်ပါတယ်။
ငွေကြေးပိုင်းလည်း အဆင်ပြေတယ် ၊ လုံလောက်တယ် ၊ မပူမပင်ရှိနေတယ် ၊ လင်မယားဆက်ဆံရေးလည်း ဘာအထစ်အငေါ့မှမရှိ ကလေးယူချင်လှပြီဆိုရင် ကလေးယူဖို့မဆုံးဖြတ်ခင် မိဘစိတ်ဓါတ်ကို အရင်မွေးပြီး ကလေးရလာရင် ကလေးတာဝန်ကို လင်မယားနှစ်ဦး ဘယ်လိုတာဝန်ခွဲပြီး ကြည့်ရှုစောင့်ရှောက်မယ်လို့ တိုင်ပင်ရပါဦးမယ်။
ကျွန်မတွေ့ဖူးတယ်။ ငွေကြေးချမ်းသာတော့ မွေးလာတဲ့ကလေးမကြောင့်မကြ ထားနိုင်တယ်ဆိုပြီး ကလေးတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ယူတယ်။ မွေးပြီးရင် အိမ်အကူနဲ့ အိမ်မှာကလေးစောင့်ရှောက်ဖို့ သီးသန့်ငှါးထားတဲ့ နာ့စ်နဲ့လွှတ်ထားတာပါ။ ဒါဟာ ကလေးနဲ့ မိဘဆက်ဆံရေးမှာ နွေးထွေးမှုမရှိဘဲ အနေဝေးလေစိမ်းလေနဲ့ ကိုယ့်သားသမီးတွေဟာ တချိန်မှာ ကိုယ့်သားသမီးတွေမဟုတ်သလို စိမ်းသက်သက် ဖြစ်နေနိုင်ပါတယ်။ ဖေဖေ ၊ မေမေ ခေါ်ခွင့်ရှိနေရုံ ၊ ဓါတ်ပုံအတူရိုက်ရုံ ၊ တနေ့လုံးနေလို့ နှစ်နာရီ သုံးနာရီလောက် ကြိုကြားကြိုကြား ပြုံးပြနှုတ်ဆက် ၊ ထွေးဖက်ပြောဆိုခွင့်ရရုံနဲ့ ကလေးတွေဟာ မိဘမေတ္တာ ခံစားရတာမဟုတ်ပါဘူး။
ကိုယ့်သားသမီးနဲ့ကိုယ် နွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်သွားလိုပြီး သူတို့ဆီက ချစ်မေတ္တာခံစားလိုရင် ကိုယ်တိုင်က သူတို့နဲ့ လက်ပွန်းတတီး နွေးနွေးထွေးထွေး အချိန်ပေးနေသင့်ပါတယ်။ အထူးသဖြင့် သုံးနှစ်အောက် ကလေးအရွယ်တွေကို မိဘရဲ့နွေးထွေးမှု အပေးသင့်ဆုံးအချိန်ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်မ အခေါက်ခေါက်အခါခါ ရေးခဲ့ပြီးဖြစ်ပါတယ်။
ကလေးက မိနဲ့ဘ မျှမျှတတချစ်တာခံယူလိုရင် တအိမ်တည်းနေတဲ့ မိခင်နဲ့ဖခင်က ကလေးပြုစုစောင့်ရှောက်မှု ၊ ကလေးအချိန်ပေးမှုတွေကို ကိုယ်လင်မယားအချင်းချင်း နားလည်မှုနဲ့ ကလေးတာဝန်ခွဲဝေထားဖို့လိုပါတယ်။ မအားတဲ့ကြားက ကိုယ့်ရဲ့ အားလပ်ချိန်ကလေးကိုဖဲ့ပြီး ကလေးကို အချိန်ပေးတဲ့အခါ အိမ်အလုပ်တွေနဲ့ အမေမအားရင် အဖေ ၊ အဖေမအားရင်အမေက တာဝန်ယူရမှာပါ။
ကလေးတာဝန်ယူတယ်ဆိုပေမယ့်လည်း မထမ်းချင်တဲ့တာဝန် ယူရတယ်လို့ မသတ်မှတ်ဘဲ နှစ်လိုစွာ ကလေးနဲ့ ပျော်ရွှင်စွာ အတူရှိပေးနိုင်ပါမှ ၊ ကလေးအနား အဖော်လုပ်ပေးရတာကို ပျော်ပါမှ ၊ ကလေးရဲ့ အညစ်အကြေးနဲ့ အခြားတာဝန်တွေကို သူ့တာဝန် ၊ ကိုယ့်တာဝန်ရယ်လို့ သီးသန့်ပုံသေ သတ်မှတ်ထားတာမျိုးမဟုတ်ဘဲ နားလည်မှုနဲ့ ကလေးဒဏ်ခံပေးတယ်ဆိုပါမှ ကလေးဟာ မိဘမေတ္တာဆိုတာကို သိမြင်ခံစားရတာဖြစ်ပါတယ်။
အဆင်ပြေရင် ဒီလိုလုပ်ပေးထားတာတွေကို ဓါတ်ပုံ ၊ ဗီဒီယိုတိုလေးတွေ မှတ်တမ်းတင်ထားရင် တချိန်မှာ ကလေးဟာ သူ့အပေါ် မိဘက ဘယ်လောက် အနွံအတာခံတယ်ဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါပြီ။ သူ့တာဝန်သူလုပ် ၊ ကိုယ့်တာဝန်ကိုယ်လုပ်ဆိုပြီး ကလေးတာဝန်မျှဝေမှုမှာ အားနည်းရင် ကလေးဟာ သူ့ဒဏ်ခံတဲ့သူကို ပိုချစ်မှာဖြစ်ပါတယ်။ နောင်မှ မိဘချင်းအတူတူ သူ့အမေ/ သူ့အဖေကို ပိုချစ်နေတယ်ဆိုရင် ကိုယ်ဟာ ကလေးဒဏ်ကို ကိုယ့်အိမ်ထောက်ဘက်လောက် မခံခဲ့ပါလားလို့ ပြန်သုံးသပ်နိုင်ပါတယ်။ မေတ္တာပေးမှ မေတ္တာရတာပါ။
မိဘစိတ်ဓါတ်ဆိုတာ ဘာကိုခေါ်သလဲဆိုတော့ ကိုယ့်သားသမီးဟာ ပထမဦးစားပေးလို့ သဘောထားလုပ်ကိုင်တာပါ။ ဒီစိတ်ဓါတ်ကြောင့်ပဲ အပိုအသုံးစရိတ်ဆိုတာတွေကို ကလေးစရိတ်ပိုထွက်အောင် ချွေတာလာတယ် ၊ သားသမီးတာဝန်ဆိုတာကို လုပ်နိုင်တာထက် အကောင်းဆုံးလုပ်ပေးမယ်ဆိုတဲ့စိတ်ထားပြီး ဖြည့်ဆည်းပေးတယ် ၊ လင်မယားချင်း သဘောထားမတိုက်ဆိုင်တာတွေ ရှိလာရင်တောင် အရင်ကလို ကျယ်ကျယ်လောင်လောင် ပေါက်ကွဲတာမျိုး မလုပ်တော့ဘဲ ကလေးကြားသွားမယ် ၊ ကလေးမျက်နှာရှိတယ် ၊ ကလေးစိတ်ဆင်းရဲမယ် စသဖြင့် ကလေးမျက်နှာ ကြည့်လာပါတယ်။
ကလေးမျက်နှာနဲ့ ကလေးရဲ့မိဘဖြစ်တဲ့ ကိုယ့်အိမ်ထောင်ဖက်အပေါ် ပိုနားလည်နိုင်အောင် ကြိုးစားတယ် ၊ သည်းခံနိုင်အောင်ကြိုးစားတယ် ၊ ခွင့်လွှတ်နိုင်အောင်ကြိုးစားတယ် ၊ နောက်ဆုံး ကလေးမိစုံဖစုံရှိပါစေဆိုတဲ့စိတ်နဲ့ လျစ်လျူ ရှုဖို့လိုလာရင် လျစ်လျူ ရှုလိုက်တယ်။ ကိုယ့်ခံစားမှုထက် ကလေးမျက်နှာနဲ့ ကလေးခံစားချက်အတွက် ကိုယ့်ဘဝကိုတောင် စတေးလိုက်သူတွေရှိပါတယ်။
ကလေးအတွက် ပြင်ဆင်ပေးမှုတွေမှာ ဒါတွေနဲ့တင်မပြီးသေးဘဲ ကလေးကို နည်းမှန်လမ်းမှန် ဘယ်လိုပြုစုစောင့်ရှောက်မလဲ ၊ ဘယ်လိုသွန်သင်မလဲဆိုတဲ့အရာတွေကိုလည်း မိဘနှစ်ဦးစလုံးက ဗဟုသုတရှိထားဖို့လိုပါတယ်။ ဒီတော့မှ ကိုယ့်ကလေးရဲ့ အခြေအနေမှန်ကို သုံးသပ်နိုင်ပြီး ဒီအခြေအနေမှာ ဘာလုပ်ရင်အကောင်းဆုံး ၊ ဘာလုပ်သင့်တယ်ဆိုတာမျိုးတွေကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
မိဘက ကလေးကို ချစ်နေရုံ ၊ ဘာမဆို ဖြည့်ဆည်းပေးရုံနဲ့ ဒီကလေးဟာ လိမ္မာသိတတ် ထူးချွန်လာတာမျိုးမဟုတ်ဘဲ ကလေးကို သူ့ဗီဇစရိုက်အပေါ်မူတည်လို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးတာ ၊ သူ့ဝါသနာအပေါ်မူတည်လို့ ဖြစ်သင့်တာကို လမ်းကြောင်းပံ့ပိုးပေးတာ ၊ မဖြစ်သင့်တာတွေ မလုပ်ဖြစ်အောင် နည်းမှန်လမ်းမှန် သွန်သင်ဆုံးမတာ ၊ အားပေးသင့်ရင်အားပေး ၊ ချီးမြှောက်သင့်ရင် ချီးမြှောက်တာတွေ လိုပါတယ်။
ဒီလောက်ကြိုတင်ပြင်ဆင်ထားတဲ့တိုင်အောင် မမျှော်လင့်တဲ့ အခြေအနေတွေ ရုတ်တရက်ဝင်လာပြီး ပျာရိပျာယာ ဖြေရှင်းရတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုအခါတွေမှာ ကိုယ့်ကိုယ်ကို မိဘတစ်ယောက်အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်တယ်လို့ ယုံကြည်မှုရှိထားဖို့လိုပါတယ်။ ဥပမာ ကလေးလည်မြိုတခုခု တစ်သွားတာမျိုး ၊ ရုတ်တရက် ကလေးမတော်တဆ တခုခုဖြစ်တာမျိုးတွေမှာ ဘာအလုပ်သင့်ဆုံးဆိုတာကို ကိုယ့်ဦးနှောက်က တွေးခေါ်မှုအပါအဝင် မိဘမေတ္တာရဲ့ စေ့ဆော်မှုနဲ့ အမှန်ကန်ဆုံး အချိန်မီလုပ်ကိုင်တတ်ဖို့ လိုပါတယ်။ ကိုယ်တိုင်အကောင်းဆုံးလုပ်ရက်နဲ့ မှားသွားတာတွေလည်းရှိနိုင်တယ်။ ကလေးတဘဝစာလည်း မှားသွားနိုင်တယ်။ ဒီအခါမှာ ကလေးအပါအဝင် ဒီအခက်အခဲ ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ကိုယ့်အိမ်ထောင်ဘက်ကို အားပေးနှစ်သိမ့်ဖို့ လိုပါတယ်။
ဒီလိုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး အမြန်လုပ်ကိုင်ခဲ့တဲ့မိဘ ၊ အချိန်မီ မလုပ်ကိုင်နိုင်ခဲ့တဲ့ မိဘတစ်ယောက်ရဲ့ရင်ထဲမှာ ကိုယ့်သားသမီးရဲ့ နာကျင်မှု ၊ ဝေဒနာ ၊ ဆုံးရှုံးမှု စတာတွေဟာ ကိုယ်တိုင် ဆုံးရှုံးသွားတာထက် ပိုခံစားရပါတယ်။ အမှားလုပ်မိရင် နောင်တတွေ တလှေကြီးနဲ့ ပိုခံစားရတယ်။
ပိုပြီးမြင်အောင်ပြောရရင် မတော်တဆတခုခုကြောင့် ကလေးခြေကျိုး ၊ လက်ကျိုး ၊ ခြေပြတ် ၊ လက်ပြတ်အပါအဝင် အသက်ဆုံးရှုံးသွားခဲ့တယ်ဆိုပါတော့။ ဒါကို ကိုယ်တိုင် အနီးကပ်မြင်တွေ့ပြီး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းခဲ့တဲ့ မိဘရင်ထဲမှာ ဒီဆုံးရှုံးမှုအတွက် ပြောမပြတတ်အောင် ခံစားရပါတယ်။ ဖြစ်နိုင်ရင် ကိုယ်တိုင် အစားသေပေးလိုက်ချင်တယ် ၊ ကလေးအစား ဝင်ခံပေးလိုက်ချင်တယ် ၊ ကလေးဝေဒနာ ကိုယ်ယူလိုက်ချင်တယ်။ သူ့ရဲ့ စိတ်ဖိစီးဝမ်းနည်းမှုဟာ မပြောပြတတ်အောင် ဆိုးရွားလှပါတယ်။ မိခင်တွေဆို ခံစားမှုနုနယ်သူတွေမို့ ပိုခံစားရတယ်။
တဘက်သားခံစားချက်ကို နားမလည်တဲ့ သူ့အိမ်ထောင်ဘက်ဟာ ကလေးတခုခုဖြစ်တာနဲ့ မိခင်ကို အပြစ်ပုံချတာမျိုး ၊ အခဲမကျေ အဖန်ဖန် အပြစ်တင်နေတာမျိုး ၊ နောက်ဆုံး နစ်နစ်နာနာ ပြောဆိုလုပ်ကိုင်တာမျိုးတွေကြောင့် တဖက်သားမှာ စိတ်ဒဏ်ရာရနေတာကနေ စိတ်ဝေဒနာဖြစ်လာတဲ့အထိ ဆိုးရွားသွားတာတွေလည်းရှိပါတယ်။ ဒီလိုအချိန်တွေမှာ အိမ်ထောက်ဘက်ရဲ့ ဖေးမမှုဟာ အရမ်းအရေးကြီးလှပါတယ်။ ဆိုးရွားတဲ့အခြေအနေမှာ လင်မယားဆက်ဆံရေးပါ ဒီအဖြစ်ကြောင့် ပျက်ပြားလာတာမျိုးဟာ မဖြစ်သင့်ဘူးလေ။ တစ်ဦးလက်တစ်ဦး ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး တယောက်ကိုတယောက် အားပေးရပ်တည်နေနိုင်မှ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်မှာဖြစ်ပါတယ်။
ကျွန်မတို့ဇနီးမောင်နှံ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်တုန်းက ကိုယ်ဝန်မရသေးပေမယ့် ကိုယ်ဝန်သော်လည်းကောင်း ၊ ကလေးသော်လည်းကောင်း တချိန်ချိန်မှာ အကြောင်းကြောင်းကြောင့် ပျက်စီး ဆုံးရှုံးရမယ်ဆိုရင် တယောက်ကိုတယောက် နားလည်ဖေးမဖို့ ကတိအပြန်အလှန် ရှိထားခဲ့ကြတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်လာခဲ့ရင် တယောက်ကိုတယောက် အချစ်မပျက် အားပေးနှစ်သိမ့်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကလေးမရှိခင်တုန်းကတောင် တို့အတူ ပျော်ခဲ့ဖူးတာပဲ ၊ တကယ်လို့ ကလေးမရှိတော့ဘူးဆိုရင်တောင် တို့တွေ ကလေးမရှိတုန်းကလို ချစ်ခင်မှုမပျက် ၊ ပျော်ပျော်ရွှင်ရွှင်ဆက်ပေါင်းနိုင်ဖို့ ကြိုးစားကြစို့လို့ သဘောတူခဲ့ကြတယ်။ လောကဓံဟာ ကြိုမမြင်နိုင်တာမို့ အကောင်းကိုလည်းပြင်ဆင်ရင်း ၊ အဆိုးဒဏ်ဝင်လာလည်း ခံနိုင်အောင် ပြင်ဆင်ထားခဲ့ပါတယ်။
ဒီလိုပြင်ဆင်မှုတွေသာရှိထားခဲ့ရင်ဖြင့် ကိုယ်တွေ ဇနီးမောင်နှံနှစ်ဦးဘဝထဲကို သားသမီးတွေဝင်လာလို့ နားလည်မှုပျက်ပြားစရာ ၊ သဘောကွဲလွဲစရာ ၊ မေတ္တာပျက်ပြားစရာ မရှိဘဲ သံယောဇဉ်တွေ တိုးသထက်တိုးရုံပဲရှိမှာပါ။ မိသားစုတိုင်း ပျော်ရွှင်သာယာတဲ့ မိသားစုတွေ ဖြစ်ကြပါစေ။
ရတု (Burmesehearts.com)