class="post-thumbnail open-lightbox" href>
ကလေးကိုသင်ပေးတဲ့အခါ
ဒါက အဖေ ၊ ဒါက အမေ ၊ ဒါက အဖိုး ၊ အဖွား ၊ ဦးဦး ၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမ စတဲ့ အခေါ်အဝေါ်တွေကနေ ဘာပစ္စည်း ဘယ်လိုခေါ်တာ ၊ ဘယ်လိုသုံးရတာ ၊ ဘယ်လိုအသုံးဝင်တာ ၊ ဘယ်လိုအန္တရာယ်ပေးတာ စသဖြင့် ဘဝထဲမှာ ကြုံတွေ့ရမယ့် ကိစ္စရပ် အတော်များများကို သင်ကြားပေးတဲ့ လက်ဦးဆရာအများစုဟာ မိနဲ့ဘဖြစ်ပါတယ်။
ကလေးကို ချော့လို့တမျိုး ၊ ခြောက်လို့တဖုံ ၊ မြှူ လို့တနည်းနဲ့ အမျိုးမျိုးအဖုံဖုံ သင်ပေးတဲ့နည်းတွေထဲက ဘယ်နည်းဟာ အကောင်းဆုံးဖြစ်မလဲ။ ဒါကိုအငြင်းမပွားမီ ကိုယ့်သင်ယူမှုအတွေ့အကြုံနဲ့ ကိုယ့်ဘာသာပြန်စဉ်းစားကြည့်လိုက်ပါ။ ကိုယ်ဟာ ဘယ်အခြေအနေမျိုးမှာ သင်လွယ် ၊ တတ်လွတ် ရှိသလဲလို့။
ပညာရပ်အများစုဟာ စိတ်ဝင်တစားရှိနေတဲ့အချိန်မှာ သင်ယူဖို့အလွယ်ကူဆုံးဖြစ်ပါတယ်။ ကလေးကိုသင်မယ်ဆိုရင်တော့ သူစိတ်ဝင်တစားရှိနေချိန်နဲ့ သူစိတ်ဝင်စားမယ့် ကစားနည်းတွေကနေ သင်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို သင်ပေးမယ့်သူဟာ ကလေးစိတ်ဝင်စားတဲ့ နည်းအမျိုးမျိုးကိုသုံးပြီး သင်ကြားပြသနိုင်သူ ဖြစ်သင့်ပါတယ်။
ကလေးဟာ သူ့ဘာသာ စိတ်ဝင်တစားဖြစ်နေတဲ့အချိန်မှာ ဘယ်သူမှမသင်ပေးလည်း အလွယ်တကူတတ်မြောက်သွားတတ်ပါတယ်။ တခါတလေ ဘယ်သူမှမသိဘဲနဲ့တောင် အတတ်ကောင်းတွေ တတ်နေတယ်လို့ ဆိုကြသေးတယ်မဟုတ်လား။ တစ်နှစ်အောက် ကလေးငယ်တွေရဲ့ဦးနှောက်ဟာ သာမာန်အလုပ်လုပ်ချိန်တွေရဲ့ နှစ်ဆ အလုပ်လုပ်တယ်လို့ ကလေးစိတ်ပညာရှင်တွေရဲ့ ရေးသားမှုကို ဖတ်ရှု လေ့လာခဲ့ရတာမို့ တစ်နှစ်အောက် ကလေးငယ်တွေရဲ့ သင်ယူနိုင်စွမ်းဟာ အခြားအချိန်တွေထက် နှစ်ဆမြန်ဆန်နေတာပါ။ ဒါကြောင့် ဘာမှမသိသေးတဲ့ တစ်နှစ်အောက်ကလေးကို သင်ပေးစရာမလိုဘူးလို့ ထင်ရင်မှားတယ်နော်။
တကယ်ဆိုရင် သူစိတ်ဝင်တစားရှိနေချိန် ၊ သင်ယူလိုချိန်မှာ သူသိချင်တာလေးတွေ ၊ စူးစမ်းချင်တာလေးတွေ ၊ တတ်ချင်တာလေးတွေကို သိသင့် သိထိုက်တဲ့အလျောက် တတ်သိနားလည်အောင် သင်ပေးတတ်ဖို့လိုပါတယ်။ ပျံသွားတဲ့လိပ်ပြာကလေး ၊ ငှက်ကလေးတွေကို အထူးအဆန်း လိုက်ငေးတတ်တဲ့ကလေးကို ဒါဟာ လိပ်ပြာ ၊ ဒါဟာငှက် သူတို့ဟာ ပျံတတ်တယ်ဆိုတာမျိုးလောက်တော့ ပြောပြပေးဖို့လိုတာပေါ့။ ကလေးအနီးဝန်းကျင်ရှိနေတဲ့အရာတွေကနေ ကလေးကစားစရာ ၊ ကလေးပတ်ဝန်းကျင်က အကြောင်းအရာတွေကို ကလေးဦးနှောက်လေးနဲ့ လွယ်လင့်တကူ မှတ်နိုင်အောင် လိုရင်းတိုရှင်း သင်ပေးတတ်ဖို့လိုပါတယ်။
ကလေးဟာ သေးငယ်တဲ့သတ္တဝါလေးတွေကို သတိထားမိလာတဲ့အခါ ဒီသတ္တဝါလေးတွေရဲ့အမည် ၊ လုပ်ဆောင်မှုနဲ့ အားနည်းသေးငယ်တဲ့ သူတို့တွေကို ကြင်နာတတ်ဖို့ဆိုတာတွေကိုလည်း လေ့ကျင့်သင်ကြားပေးရဦးမယ်။ အပြင်ထွက်တဲ့အခါ ကြီးသူ ၊ ငယ်သူ ၊ ရွယ်တူနဲ့ အိမ်ကလူမဟုတ်တဲ့ မျက်နှာအမျိုးမျိုးနဲ့သူတွေ ၊ အသားရောင်အမျိုးမျိုးနဲ့သူတွေ ၊ အခြေအနေအမျိုးမျိုးနဲ့သူတွေကိုလည်း လိုက်လျောညီထွေရှိအောင် ပေါင်းသင်းနေထိုင် ဆက်ဆံတတ်ဖို့ ၊ ကိုယ့်အန္တရာယ်ကို ကိုယ်ကြိုတင်ကာကွယ်တတ်ဖို့ ၊ အကူအညီလိုသူတွေကို နှုတ်၏ဆောင်မခြင်း လက်၏ဆောင်မခြင်းပြုတတ်ဖို့ စတဲ့ လူပီသစွာ နေထိုင်ခြင်းကျင့်ဝတ်တွေကိုလည်း သူနဲ့အပြင်ထွက်လေတိုင်း ကြုံရင်ကြုံသလို အခြေအနေနဲ့ အချိန်အခါအပေါ်မူတည်လို့ သင်ပြပြောဆိုပေးရမှာပါ။
ဒါတွေကို ကလေးအတော်အရွယ်ရမှ သင်ပေးရမယ်လို့ တချို့တွေကတွေးကြတယ်။ အဲဒီလို သူတို့သင်ပေးချင်တဲ့အရွယ်ဟာ ဘယ်အရွယ်လို့တော့ သူတို့ရေရေရာရာမသိပါဘူး။ ဒါပေမယ့် လူကြီးအချို့စိတ်ထဲ လက်ခံထားတာကတော့ တစ်နှစ်ကနေ သုံးနှစ်အရွယ် ၊ တချို့ဆို လေးနှစ် ၊ ငါးနှစ်အရွယ်အထိကို မသိတတ်သေးတဲ့အရွယ်လို့ သတ်မှတ်ပြီး အထက်က အကြောင်းအရာတွေကို ပြောဆိုသင်ပြပေးဖို့ ပျက်ကွက်တတ်ကြတယ်။
အရွယ်မတိုင်သေးဘူးလို့ မသင်ပေးခဲ့တဲ့ရလဒ်က ကိုယ့်ကလေးဟာ ပတ်ဝန်းကျင်နဲ့ သဘာဝဆိုတာကြီးကို စိမ်းသက်နေတတ်ပါတယ်။ ကိုယ်တိုင်လမ်းလျှောက် ၊ ပြေးလွှားနိုင်ပြီး ကောင်းကောင်းပြောဆိုနိုင်တဲ့အရွယ်ရောက်သည့်တိုင် မိသားစုနဲ့သာ သဟဇာတဖြစ်ပြီး တစိမ်းပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် မနေထိုင်တတ်ဘူးဆိုရင် ကလေးကို သဘာဝလူ့ဝန်းကျင်မှာ ဘယ်လိုအဆင်ပြေအောင် ဆက်ဆံပေါင်းသင်းရမယ်လို့ သင်ပေးဖို့ ကိုယ်ကပျက်ကွက်ခဲ့တာပါ။
ပေါင်းသင်းဆက်ဆံရေးပိုင်းကို သင်ပေးပြီးရင် ကိုယ့်ဘာသာ ပျော်အောင်နေတတ်ဖို့ကိုလည်း ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားပေးရဦးမယ်။ ဘယ်သူမှအနားမှာမရှိချိန် ၊ ကိုယ့်အနားရှိသူအားလုံး အလုပ်များနေချိန်မှာ ကိုယ့်အရွယ်နဲ့ ကိုယ့်ဘာသာဂရုစိုက်နိုင်အောင် ၊ ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် ရင့်ကျက်တဲ့စိတ်သဘောထားနဲ့ တာဝန်ယူမှုဆိုတာတွေကိုလည်း သင်ပြပေးရဦးမယ်။ ဒါကိုရော ဘယ်အရွယ်ကစ သင်ပေးရမလဲဆို ကလေးကို ကိုယ့်ရေဗူး ကိုယ့်ဘာသာ ကိုင်စို့တတ်အောင် စသင်ပေးတဲ့ လသားအရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးရမှာပါ။
ရေဗူးကနေစပြောတာမို့ ဒါနဲ့ပဲဆက်ဥပမာပေးပါမယ်။ လက်နှစ်ဖက်က ကောင်းကောင်းကိုင်ထိန်းတတ်တဲ့အရွယ်မှာ သူ့လက်နဲ့သူ ကိုင်စို့နိုင်အောင် သင်ပေးရမှာဖြစ်ပါတယ်။ လမ်းစလျှောက်တတ်တဲ့အရွယ်မှာ သူ့စိတ်သူနားလည်ပြီး သူရေဆာရင် သူ့ဘာသာ ရေဗူးသွားယူပြီး ရေဗူးအဖုံးဖွင့်သောက်တတ်အောင် လွယ်ကူတဲ့ရေဗူးနဲ့ သူမီနိုင်တဲ့နေရာမှာထားလို့ လေ့ကျင့်ပေးရမှာပါ။
ရေဗူးနဲ့ ရေကစားကောင်းကစားနိုင်ပေမယ့် လုပ်သင့်တာနဲ့ မလုပ်သင့်တာကိုလည်း သူနားလည်အောင် အကြောင်း ၊ အကျိုးပြ သင်ပေးတတ်ရမယ်။ ရေဆော့လို့ ကြမ်းပေါ်ရေတွေဖိတ်ပေနေရင် သူချော်လဲနိုင်တယ်ဆိုတာ သူချော်မလဲခင်နဲ့ ချော်လဲသွားတဲ့အခါတွေမှာ ကောင်းကောင်းမွန်မွန် (မဆူမဆဲ) သင်ပေးပြီး ဒီလိုမဖြစ်အောင် ရေမှောက်ရင် အဝတ်နဲ့ ဒီလိုသုတ်ရတယ်လို့ သင်ပေးရမှာပါ။ ဒီလိုနဲ့နောင်မှာ သူ့ကြောင့် ဖိတ်စင်သွားရင် သူ့ဘာသာသူ တာဝန်ယူ သိမ်းဆည်းရှင်းလင်းတတ်အောင်လည်း သင်ပေးရမှာပါ။
သူ့တာဝန်သူယူတတ်အောင် ဘယ်အချိန်က စသင်ပေးရမလဲဆိုရင် ရှင်းပါတယ်။ မှောက်အောင်လုပ်တတ်ရင် သန့်ရှင်းရေးလည်း လုပ်တတ်ပါတယ်။ သူလုပ်ချင်စိတ်ဖြစ်အောင် ကိုယ်က သူနားလည်အောင် ၊ နာခံလိုစိတ်ရှိအောင် ၊ လိုက်နာကျင့်ကြံလိုစိတ်ရှိအောင် အကြိမ်ကြိမ် နည်းအမျိုးမျိုးနဲ့ အခြေအနေအမျိုးမျိုးကြုံလာတိုင်း လေ့ကျင့်ပျိုးထောင်ပေးရမှာပါ။
သင်ယူဖို့ အလွယ်ဆုံးအချိန်က စိတ်ဝင်တစားရှိနေချိန်ပါလို့ ကျွန်မပြောခဲ့တယ်နော်။ စိတ်ဝင်တစား သင်ယူတတ်စိတ်မရှိသေးတဲ့ လသားကလေးအရွယ်ကတည်းက သူသင်ယူဖို့ စိတ်ပါဝင်စားလာတဲ့ နည်းအမျိုးမျိုး အသုံးပြုလို့ သင်ပေးရမှာပါ။ လသားကလေးကို ဘယ်လိုသင်ပေးရမှာလဲလို့ စောဒကတက်လိုသူတွေကို ကျွန်မကိုယ်တိုင်လည်း သမီးလေး လသားအရွယ်ကတည်းက သူပြန်မမေးနိုင် ၊ မပြောနိုင်ပေမယ့် တတွတ်တွတ် ရှင်းပြပြောဆိုရင်း သင်ပေးခဲ့တာလို့ ပြောပါရစေ။
အဲဒီရလဒ်အနေနဲ့ တစ်နှစ်ခွဲအရွယ်မှာ သမီးဟာ သူ့စိတ်သူ ကောင်းကောင်းနားလည်နေပြီ။ အပေါ့သွားချင်တာ ၊ အလေးသွားချင်တာ ကောင်းကောင်းခွဲခြားသိလို့ ထိန်းချုပ်တတ်နေပြီ။ တနေကုန် ခါးတောင်းကျိုက်လွတ်လာပြီး အပေါ့ဆို သူ့ဘာသာသူ ခွက်ယူပေါက်တတ်ပြီ။ ရေသောက်ချင်ရင် သူ့ဘာသာသူသွားသောက်ပြီး ဖိတ်စင်တာတွေ မြင်တွေ့ရင် ဘယ်သူ့ကြောင့်ဖြစ်ဖြစ် သိမ်းဆည်းရှင်းလင်းပေးတတ်နေပြီ။ ကပ်ခွါဖိနပ်တွေဆို သူ့ဘာသာသူချွတ်တတ် ၊ ဝတ်တတ်နေပြီ။ မသင်ခဲ့တဲ့အကျိုးဆက်က သူရေသောက်ရင် အမေကိုပါရေလာတိုက်တတ်ပြီး သူ့ဖိနပ်နဲ့အတူ အမေ့ဖိနပ်ကိုပါ ဆွဲထုတ်လာလို့ အမေလည်းစီး ၊ သမီးလည်းစီး လုပ်ခိုင်းတတ်နေပြီ။
မွေးကတည်းက ဘယ်ကလေးမှ သိလာ ၊ တတ်လာကြတာမျိုးမဟုတ်ပါဘူး။ သူတို့သိတတ်လိမ္မာလာအောင် ဘေးကလူကြီးတွေက နားလည်အောင် သင်ပြပြောဆိုသင့်တာတွေကို သူ့အချိန်အလိုက် မလွတ်တမ်း လုပ်သွားလိုက်ရုံပါ။ ကြားပါများတော့ နားရည်ဝလာသလိုမျိုး သင်ယူနိုင်စွမ်း နှစ်ဆမြင့်မားနေတဲ့ တစ်နှစ်အောက် ကလေးငယ်လေးတွေဟာ ပြန်မမေးနိုင် ၊ ပြန်မပြောနိုင်ကြသေးပေမယ့် သူတို့ဟာ အသံတိတ်သင်ယူနေကြပါတယ်။ မိဘတွေလုပ်တာ ၊ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေလုပ်တာ ၊ သူမြင်နိုင်ကြားနိုင်တဲ့အရာတွေဆီက အတုခိုးလို့ အသံတိတ်သင်ယူနေပါတယ်။
အသံထွက်ပြော ၊ အသံထွက်မေး ပွင့်ပွင့်လင်းလင်းရှင်းပြ သင်ပြပေးရတာက ပိုလွယ်တယ်နော်။ ဘယ်အချိန်က ဘာတွေသင်ယူလိုက်မှန်းမသိတဲ့ စကားမပြောတတ်သေးတဲ့ဒီကလေး ဘာတွေသင်ယူလိုက်တယ်ဆိုတာကို သူပြောဆိုလုပ်ကိုင်မှ ကိုယ်သိခွင့်ရတာရယ်။ ကိုယ့်မပြောဘဲနဲ့ ၊ ကိုယ်သိခွင့်မရဘဲနဲ့ အသံတိတ်ကလေး မြန်မြန်ဆန်ဆန် သူသင်ယူလိုက်တဲ့အရာတွေဟာ မှားနေရင်မှားနေသလောက် ဒုက္ခကြီးပါတယ်။
သူမှတ်ယူထားတာတွေ စွဲမြဲနေရင် ဒါကိုဖျောက်ဖို့ အတော်ခက်တယ်။ တော်တော်လေး အချိန်ယူပြီး စိတ်ရှည်ရှည်ဖျောက်မှရတာ။ ဒါကြောင့် တစ်နှစ်အောက် ကလေးငယ်တွေနဲ့ စကားကောင်းကောင်း မပြောတတ်သေးတဲ့ ကလေးငယ်တွေ အထူးသဖြင့် အဲဒီလို အသံတိတ် အတုမြင်အတတ်သင်တဲ့ အရွယ်လေးတွေကို ကိုယ်ထိန်းရသက်သာရင်ပြီးရောဆိုပြီး တပါးသူလက် မအပ်သင့်ပါဘူး။ ကိုယ်ကလေးအနားမရှိနိုင်တဲအချိန်တွေမှာ ယုံကြည်စိတ်ချရပြီး ကောင်းမွန်တဲ့ အပြုအမူ ၊ နူးညံ့တဲ့အပြောအဆိုနဲ့ စာရိတ္တကောင်းသူတွေလက်ထဲပဲ ကလေးအပ်ပါ။ အကျင့်တွေရောပါလာကုန်မှာ စိုးလို့ဖြစ်ပါတယ်။
တချို့မိဘတွေက ကလေးကို သင်ပေးလိုစိတ်ရှိပေမယ့် ဘာတွေကို ဘယ်လို နည်းမှန် ၊ လမ်းမှန် သင်ပေးရမလဲဆိုတာ မသိကြတာပါ။ အလွယ်ဆုံးနည်းပေးလိုတာက ကလေးကို သူစိတ်ပါဝင်စားတဲ့အချိန် ၊ စူးစမ်းလိုစိတ်ရှိချိန်မှာ သူစိတ်ဝင်စားတဲ့အရာနဲ့ပတ်သက်လို့ ကောင်းကျိုး ၊ ဆိုးကျိုး ၊ အသုံးပြုပုံ ၊ အသုံးဝင်ပုံ ၊ အသုံးမဝင်ပုံ ၊ အန္တရာယ်ပေးနိုင်ပုံ စတာတွေကို သူနားလည် သဘောပေါက်လို့ လက်ခံသွားတဲ့အထိ နည်းအမျိုးမျိုးနဲ့ ရှင်းပြပြောဆိုတတ်ရပါမယ်။ တခါတလေ သင်တုန်းကမတတ်ခဲ့ ၊ လက်မခံခဲ့ ၊ မယုံကြည်ခဲ့တာတွေကို တကယ်လက်တွေ့ကြုံလာတော့မှ လက်ခံသွားရတဲ့အခြေအနေတွေလည်း ကိုယ်ကြုံခဲ့ဖူးတာပဲ။ ဆိုးဆိုးရွားရွားကြီးမဟုတ်ရင် ကလေးကို သူ့ဘာသာ သင်ယူလေ့လာဖို့ အခွင့်အလမ်း ကိုယ်ကဖန်တီးပေးရမှာပါ။
ဥပမာ ပူတယ်ဆိုတာလိုမျိုး ၊ စပ်တယ်ဆိုတာလိုမျိုး ၊ ကျဉ်တယ်ဆိုတာလိုမျိုးတွေလို ဒါလုပ်ရင် ဒါဖြစ်တတ်တယ် ဒီပစ္စည်းဟာ ဒီလိုသက်ရောက်မှုမျိုး ရှိတယ်ဆိုတာကို ကလေးခံနိုင်တဲ့အတိုင်းအတာမျိုးနဲ့ သင်ယူလေ့လာခွင့် လမ်းဖွင့်ပေးရမှာပါ။ အမေပြောတာ ၊ တားတာတွေမယုံသမျှ လက်တွေ့ထိတွေ့ ၊ ကြုံတွေ့လာတော့မှ ဒါဟာ ဒီလိုရှိပါလားလို့ သူ့ဘာသာသူလက်ခံပြီး အမေပြောတာ ၊ အမေသင်တာတွေကို တလေးတစား ၊ ယုံကြည်စွာ နားထောင်လာတာတွေဖြစ်လာတတ်ပါတယ်။ ကိုယ်တိုင်ကကော ဒါတွေကို စာတွေ့သိခဲ့တာလား ၊ လက်တွေ့သိခဲ့တာလား။ ကိုယ်တိုင်က လုပ်ကြည့်လို့ သိလာခဲ့တဲ့အရာတွေကို သူ့ကိုလည်း Safe ဖြစ်လောက်တဲ့ အနေအထားမျိုးဖန်တီးလို့ သင်ယူလေ့လာခွင့် ပြုလိုက်ရမှာဖြစ်ပါတယ်။
သူများကလေးတွေ ဒီအရွယ်မှာ ဒါတွေသိနေပြီ ၊ ဒါတွေလုပ်တတ်နေပြီ ၊ ဒီလိုသိတတ်နေပြီ ၊ ကိုယ့်ကလေးက ဒီလိုမဟုတ်ဘူးဆိုပြီး ကလေးကို အားမလိုအားမရနဲ့ အရင်အပြစ်တင်ပြောဆိုဖို့ စိတ်မစောပါနဲ့။ ကိုယ့်ကလေးမသိတတ်သေးတာဟာ သူ့ကို သိတတ်အောင် သင်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ကိုယ်ပါ။ သိလိုတဲ့အချိန်မှာ နင့်အရာမဟုတ်ဘူးလို့ မသင်ပေးခဲ့ဘဲ တချိန်မှာ မသိရကောင်းလား မာန်မဲနေတတ်ရင် ဘယ်သူကမှားနေသလဲ။
ကလေးကိုမသင်ပေးခင်မှာ ကလေးရဲ့ရှေ့မှာ ကိုယ်ဟာစံပြ နေထိုင်ပြောဆိုလုပ်ကိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်မလုပ်နဲ့ပြောတဲ့အရာတွေကို ကိုယ်တိုင်က မလုပ်မိဖို့ ၊ လုပ်ပါလို့ ကိုယ်တိုက်တွန်းလိုတာတွေကို ကိုယ်တိုင်က လုပ်ကိုင်မိနေဖို့ဟာ ကလေးကို ဒါလုပ်ပါ ၊ ဒါမလုပ်ပါနဲ့ပြောဆိုသင်ပြဖို့ထက် ပိုအရေးကြီးနေတာပါ။
ကျွန်မဆို ကလေးကိုယ်ဝန်လွယ်ထားကတည်းက ကလေးမှာ မရှိစေချင်တဲ့ အကျင့်တွေမှန်သမျှကို ကျွန်မကိုယ်တိုင်ရော ကျွန်မခင်ပွန်းထံမှာပါ ဒီအကျင့်တွေစွဲမနေအောင် အချိန်ယူဖျောက်ပါတယ်။ ကလေးမှာ ရှိနေစေချင်တဲ့ အကျင့်တွေကိုလည်း အချိန်ပေးလို့ ကိုယ်တိုင်က ကျင့်ယူခဲ့ပါတယ်။ စာထဲကအရာတွေ မှတ်သားလိုက် ၊ ကိုယ်တိုင်ကျင့်ကြံလိုက်နဲ့ ကိုယ်ဝန်ဆောင်စဉ်တလျောက် ပြင်ဆင်ထားခဲ့တာပါ။ ကလေးမွေးလာတော့ သူ့ကိုပေးချင်တဲ့အကျင့်ကောင်းတွေ ကိုယ့်မှာစွဲနေပြီး မရှိစေချင်တဲ့အကျင့်တွေကို ဖျောက်နိုင်ခဲ့ပါတယ်။
ကံကောင်းတာလား ၊ ကံဆိုးတာလားမသိပေမယ့် သမီးလေးကို ၂၄နာရီ ကျွန်မပဲပြုစုစောင့်ရှောက်ရတော့ သမီးလေးဟာ ကျွန်မဆီကအကျင့်တွေစွဲမြဲသွားခဲ့ပါတယ်။ လုပ်ကျင့်ကိုင်ကျင့်စွဲရုံတင်မဟုတ်ဘူး စားသောက်နေထိုင်ကျင့် ၊ ပြောဆိုကျင့်တွေပါ ကျွန်မနဲ့အတော့်ကို တူနေတာမို့ ကလေးဟာ အနီးဆုံးလူဆီက ကောင်းခြင်း ၊ မကောင်းခြင်းတွေကို စုပ်ယူလေ့လာပြီး အတတ်သင်ယူနေတယ်လို့ လက်တွေ့သိခဲ့ရတာပါ။ ဒါကြောင့် ကလေးကို ဘယ်သူနဲ့ အချိန်အများကြီးကုန်ဆုံးစေသလဲ ကလေးအနားမှာ ရှိနေသူတွေက ဘယ်သူတွေလဲ ၊ ဘယ်လိုအကျင့်စရိုက်မျိုးတွေရှိသလဲဆိုတာကို အလေးပေးဖို့ အထူးအရေးကြီးပါတယ်။
ကလေးအနားရှိနေသူတွေရဲ့ စရိုက်တွေကို အလေးပေးဖို့ ပျက်ကွက်ခဲ့မယ်ဆို ကလေးမှာ ဒီစရိုက်တွေ တွယ်ကပ်စွဲမြဲသွားတော့မှ သတိထားမိတော့မှာပါ။ အမှားတွေလုပ်နေ ၊ ပြောနေတဲ့ ကလေးမှာ အပြစ်မရှိပါဘူး။ ကလေးအမှားတွေ လုပ်ဖြစ် ၊ ပြောဖြစ်အောင် ကလေးကို သတိမမူမိတဲ့ ကိုယ့်ဆီမှာ အမှားကြီးနေတာပါ။ ဒုတိယမှားနေသူတွေကတော့ ကလေးအနားမှာ ဒီစရိုက်မျိုးရှိသူတွေပေါ့။ သူတို့တွေက ကလေးတွေကို ဒီလိုပြော ၊ ဒီလိုလုပ် ၊ ဒီလိုကိုင် ၊ ဒီလိုဖြစ်ရင် ဒီလိုပြုမူရတယ်လို့ သိတမျိုး ၊ မသိတမျိုး သင်ပေးခဲ့သူတွေဖြစ်နေတာပါ။ သူတို့တွေဆီက ကလေးဟာ ကောင်းတာရော ၊ မကောင်းတာရော သင်ယူခဲ့တာပေါ့။
ကလေးမိဘတွေဟာ တနေ့မှာ အနည်းဆုံးနာရီဝက် တစ်နာရီလောက် ကလေးကို လုံးဝအချိန်ပေးပြီး ကလေးနဲ့ကစားပါ။ ကစားရင်းဖြစ်လာတဲ့ ကလေးရဲ့တုန့်ပြန်မှုတွေနဲ့ အပြောအဆိုတွေကို အလေးထားပါ။ မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်တင်ပေးပြီး ကလေးနားလည်အောင်နဲ့ နားဝင်အောင် (မဆူမဆဲ ၊မရိုက်ဘဲ) သင်ပေးပါ။ ကလေးစကားပြောတတ်ရင် ကလေးစကားကို အလေးထားနားထောင်ပါ။ သူနဲ့အပြန်အလှန်ပြောဆိုဆွေးနွေးကျင့် လုပ်ထားပါ။ ဒီလိုဆိုရင် သူ့အယူအဆနဲ့ သူ့တွေးခေါ်မှုတွေကို ကိုယ်သိလာမှာပါ။ မှားနေရင် မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်တင်ပေးပါ။ ဒီလိုနည်းတွေနဲ့ ကလေးကို အချိန်ပေးလို့ မှန်ကန်တဲ့လမ်းကြောင်းပေါ် နေ့စဉ်ပြန်တည့်မတ်ပေးရမှာပါ။ အချိန်လွန်သွားမှဆိုရင်တော့ ဒီအကျင့်စရိုက်တွေ ကလေးမှာ ခေါက်ရိုးကျိုးလို့ ပြင်မရဖြစ်နေလိမ့်မယ်။ အထူးသဖြင့် ကလေးဆယ်ကျော်သက်အရွယ်မှ ဒီအကျင့်ကြီးစွဲနေတာ ပြင်ပေးလို့မရမှန်းသိတယ်ဆို အရင်ဆုံး အပြစ်တင်ရမှာ ကိုယ် ကိုယ်တိုင်ပါပဲ။
ရတု (Burmesehearts.com)