ကလေးငယ်များ စားသင့် ၊ စားထိုက်သလောက် စားခွင့်ရနိုင်ဖို့

0

eat enough

မြန်မာလူမျိုးအများစုဟာ တနေ့ ထမင်းနှစ်နပ်သာ စားကြပါတယ်။ ဒီလိုစားတဲ့အခါမှာလည်း အဝစားကြတာဖြစ်ပါတယ်။ တစ်နှစ်ကနေ လေးနှစ်သား မြန်မာကလေးတွေရဲ့ အာဟာရချို့တဲ့မှုဟာ တနေ့ ထမင်းနှစ်နပ်သာ စားခွင့်ရတာက အကြောင်းတရပ်ဖြစ်နေပါတယ်။

မိဘကျွေးတဲ့ထမင်းနှစ်နပ်ကို ဘယ်လောက်ပဲ ဝအောင် စားစား ပြေးပြေးလွှားလွှား ၊ လှုပ်လှုပ်ရှားရှား လုပ်လေ့ရှိတဲ့ ကလေးတွေဟာ သူတို့ဗိုက်ကလေးတွေထဲမှာ အစာများများ မသိုလှောင်နိုင်သေးတဲ့အတွက် ခဏလေးနဲ့ အစာကြေ ၊ ခဏလေးနဲ့ ဗိုက်ပြန်ဆာတတ်ကြပါတယ်။ ဒါကို မသိ ၊ နားမလည်တဲ့ လူကြီးမိဘတွေက ဟိုလူစားလဲပါ ၊ ဒီလူစားလဲပါ ၊ သူများစားတိုင်း စားချင်နေတဲ့ကလေးတွေကို ပါရကောင်းလား ဆူမယ် ၊ ရိုက်မယ် ၊ ဟန့်မယ်နဲ့ လုပ်ကြပါတယ်။ သူတို့တကယ်ပဲ ဗိုက်ပြန်ဆာနေသလားလို့ တော်ရုံ မတွေးမိကြပါဘူး။

တခါတလေကျတော့ လူကြီးမိဘထမင်းကျွေးတဲ့အချိန်မှာ ဗိုက်မဆာသေးတာ ၊ စားချင်စိတ်မရှိတာ ၊ အာသီသမရှိတာတွေအပြင် ကျွေးတဲ့ဟင်းကို မကြိုက်တာတွေကြောင့် အစာ ဖြစ်ဖြစ်လောက်လောက် မစားဖြစ်တဲ့အခါ နောင် ဗိုက်ဆာလာချိန်မှာ ဝမ်းမီးအပူကြောင့် မနက်က ကောင်းကောင်း မစားခဲ့တဲ့ ထမင်းဟင်းကိုလည်း ပြန်စားချင်တာမျိုး ၊ ကိုယ်ဆာနေချိန်နဲ့ အခြားတဦးဦးစားချိန် ကြုံကြိုက်နေတာမျိုးမှာလည်း ထပ်စားရလို ၊ စားရငြား ဝင်ပါတတ်ပါတယ်။

ကလေးတွေ သူများစားချိန် ဒီလိုဝင်ပါပြီဆိုရင် ထမင်းနဲ့ချဉ်ရည်ဟင်းလေးပဲဖြစ်ဖြစ် ၊ ဟင်းနည်းနည်း ထမင်းနည်းနည်းနဲ့ တလုတ် ၊ နှစ်လုတ်စာ ခူးခပ်ကျွေးကြည့်ပါ။ အငမ်းမရစားနေတယ်ဆိုရင် သူတကယ်ဆာလို့ဖြစ်တာမို့ နောက်ထပ် ထပ်ထည့်ကျွေးနိုင်ပါတယ်။ လူဆိုတာ ဆာတဲ့အချိန် စားလိုက်ရရင် ဘာမဆို စားမြိန်နေတာပဲလေ။ မဆာတဲ့အချိန် လာကျွေးရင်သာ ဂျီးများကြတာဖြစ်ပါတယ်။

တကယ်လို့ ကိုယ်တလုပ် ၊ နှစ်လုပ်စာ ပန်းကန်ထဲ ထည့်ကျွေးရက်နဲ့ ကလေးက ဖြစ်ဖြစ်မြောက်မြောက် မစားဘူးဆိုရင် သူဟာ လူကြီးစားတာ လာရှုပ်ချင်လို့ ဖြစ်နိုင်သလို ဆာပေမယ့် ဒီထမင်းဟင်းတွေကို တကယ်မကြိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆို ကလေးကြိုက်တတ်တဲ့ သွားရည်စာ (ဘီစကစ်မုန့်ခြောက်လိုမျိုးနဲ့မြန်မာမုန့် ၊ အသီးအနှံ)တွေ ကျွေးကြည့်ပါ။ တကယ်ဆာတဲ့ကလေးဟာ သူကြိုက်တဲ့အစာတွေကို ဗိုက်ပြည့်ဖို့ စားမှာဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ ကလေးကို တနေ့နှစ်နပ်ပဲ ကျွေးနိုင်ပြီး နေ့လည်မှာ သွားရည်စာလည်း မကျွေးနိုင်တဲ့ ကလေးမိဘတွေကြောင့် ကလေးဟာ အာဟာရ ချို့တဲ့နိုင်ပါတယ်။ အခြား သွားရည်စာ ဖွေဖွေရာရာ ကလေးကို မကျွေးနိုင်ဘူးဆိုရင်တောင် ကလေးကို တနေ့ ထမင်းသုံးနပ်တော့ ဝဝလင်လင် မှန်အောင်ကျွေးပါ။ နံနက်နိုးချိန် သွားရည်စာတခုကျွေးပြီး နံနက်စာစားချိန်မှာ ထမင်းကျွေးပါ။ နေ့လည်ပိုင်းမှာ နောက်တကြိမ် ထမင်းနဲ့ ချဉ်ရည်ဖြစ်ဖြစ် နောက်တကြိမ်ထပ်ကျွေးပါ။ ညနေ (၄)နာရီ (၅)နာရီဆို ကလေးကို နောက်ထပ်တကြိမ် ထပ်ကျွေးပါ။

BurmeseHearts Blog

မြန်မာနိုင်ငံက ကျောင်းနေကလေးတွေဟာ မနက်ပိုင်း မိဘက အိမ်ကနေ အစာပြေ ကျွေးလိုက်သည့်တိုင်အောင် မနက် (၁၀)နာရီကနေ (၁၁)နာရီအကြားမှာ အတော် ဗိုက်ပြန်ဆာနေပါပြီ။ အိမ်မှာဆို ဆာတယ်လို့ လူကြီးမိဘဆီတောင်းစားလို့ရပေမယ့် ကျောင်းမှာ ဒီလိုတောင်းစားလို့ မရတာမို့ ဗိုက်ဆာလွန်းလို့ ဆရာလစ်တဲ့အချိန် ထမင်းချိုင့်ထဲက ထမင်းခိုးစားမိတဲ့ကလေးဆို တကယ် မုန့်စားဆင်းချိန်မှာ ဗိုက်အဝစားဖို့ မဖြစ်နိုင်တော့ပါဘူး။

မိဘပေးလိုက်တဲ့မုန့်ဖိုးဟာ ဗိုက်ပြည့်တဲ့အစာ ဝယ်စားဖို့ မလုံလောက်ဘဲ သွားရည်စာလောက်ပဲ စားဖြစ်ခဲ့မယ်ဆို ဒီကလေးဟာ ညနေကျောင်းဆင်းချိန်ကနေ အိမ်ပြန်ရောက်တဲ့အထိ ဗိုက်ဆာတဲ့ဒဏ် အလူးအလဲခံရဦးမှာဖြစ်ပါတယ်။ ဗိုက်ဆာနေရင် သင်တဲ့စာမှာ အာရုံမရောက်တော့ဘူး။ အိမ်ပြန်လာလို့ ထမင်းဟင်း အဆင်သင့်စားဖို့မရှိသေး ၊ သွားရည်စာလည်း စားခွင့်မရဘူးဆို ဒီကလေးရဲ့ အစာအိမ်ဟာ နေ့စဉ်ရက်ဆက် အစာမရှိဘဲ အစာချက်ချိန်များနေတော့မှာပဲ။

ကျောင်းမသွားခင် မနက်စာကျွေးတဲ့အချိန်မှာ တတ်နိုင်တဲ့သူတွေက ကလေးစားလိုရာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေး ၊ ဝယ်ကျွေး ၊ လုပ်ကျွေးပေးလိုက်လို့ရပေမယ့် ကလေးအပြေးကျောင်းပို့ရမယ့် အလုပ်လုပ်သူ အိမ်ရှင်မတွေအတွက်ကတော့ ဒီလိုလုပ်ဖို့ အချိန်မရှိပါဘူး။ ကလေးထမင်းချိုင့်ကိုမီဖို့တောင် ရေချိုးချိန်လုပြီး စီစဉ်ရတာမျိုးပါ။ ကလေးတွေရဲ့အကျင့်က တနေ့လာလည်း ဒီမနက်စာ ၊ နောက်တနေ့လာလည်း ဒီမနက်စာ ဥပမာ ထမင်းကြော်တမျိုးတည်း ဖြစ်နေမယ်ဆို မနက်စာစီစဉ်ပေးလိုက်သည့်တိုင် စားချင်စိတ်မရှိပါဘူး။ စားချင်စိတ်မရှိလို့ မနက်စာကို အိမ်မှာ ဖြစ်ဖြစ်မြောက်မြောက်မစားဖြစ်တဲ့ ကလေးဟာ ကျောင်းရောက်ရင် မုန့်စားချိန်မတိုင်ခင် ဗိုက်ဆာမှာ အမှန်ပဲပေါ့။ ဒါကြောင့်မနက်စာကို အမြဲတမ်း တခုတည်းလိုကျွေးတာမျိုးကို ရှောင်ရမှာပါ။ ကလေးက ဒါမှဒါပဲ စားတယ်ဆိုရင်တော့ တမျိုးပေါ့။


BurmeseHearts Courses

ထမင်းချိုင့်စီစဉ်ပေးတဲ့အခါမှာလည်း အသားငါး ၊ အရွက်ကြော်ဆိုတာတွေကို ထမင်းနဲ့တကန့်ဆီ ထည့်ပေးလိုက်သလိုမျိုး မုန့်ခြောက်လေး ၊ အာလူးကြော် ၊ ငါးမုန့်ကြော်ထုပ်တခုခုပါ ကလေးကျောင်းသွားချိန် ထည့်ပေးလိုက်နိုင်ရင် ပိုကောင်းပါတယ်။ ဒါလေးတွေပါသွားတော့ ကလေးဟာ မုန့်စားချိန်မတိုင်ခင် ဗိုက်ဆာရင်ဖြစ်ဖြစ် ၊ ကျောင်းအပြီးမဆင်းခင် ဗိုက်ဆာရင်ဖြစ်ဖြစ် အဆာပြေ စားနိုင်ပါတယ်။

ကလေးကို ထမင်းချိုင့်ထည့်ပေးတဲ့အခါမှာ မနေ့က ထမင်းကျန် ၊ ဟင်းကျန်တွေကိုနွေးပြီး ထည့်ပေးလိုက်တာမျိုးကို ရှောင်ပါ။ ထမင်းဗူးဟာ လမ်းမှာ ၊ ကျောင်းမှာ တလျောက်လုံး ဖုံးအုပ်ထားရတဲ့အတွက် နေ့အပူချိန်နဲ့ ချွေးကျတတ်ပါတယ်။ ထမင်းကျန် ၊ ဟင်းကျန်တွေဟာ နေ့အပူချိန် ၊ အုပ်ထားခံရလို့ ချွေးကျတာနဲ့ ပေါင်းလိုက်တဲ့အခါ နေ့လည်မုန့်စားဆင်းလို့ ကလေးစားတဲ့အချိန်မှာ သိုးနေတာမျိုး ကြုံရနိုင်ပါတယ်။ အိမ်ကနေ ကိုယ်ထည့်ပေးလိုက်တုန်းက မနေ့ကဟင်းကျန်ပေမယ့် နွေးပြီး အရသာကောင်းတယ်ဆိုပေမယ့် ဒီအရသာဟာ ကလေးမုန့်စားဆင်းချိန်မှာ ဒီအတိုင်းရှိချင်မှ ရှိတော့မှာဖြစ်ပါတယ်။ ထမင်းသိုး ၊ ဟင်းသိုးစားရတဲ့ ကလေးဟာ ကျန်းမာနိုင်ပါ့မလား။

ကလေးကျောင်းကြိုတဲ့ လူကြီးမိဘတွေက ကလေးအတွက် အဆာပြေစားဖို့ တခုခုကို ယူသွားရင်ယူသွား မယူသွားရင် အိမ်အပြန်လမ်းမှာ တခုခု အဆာပြေကျွေးရမှာဖြစ်ပါတယ်။ ဒါကလည်း အိမ်မှာ ထမင်းဟင်းအဆင်သင့် ဖြစ် ၊ မဖြစ် အပေါ် မူတည်လို့ အဆာပြေကျွေးတာကို ဗိုက်ပြည့်စာ ၊ ဗိုက်မပြည့်ဆာရယ်လို့ ချင့်ချိန်ကျွေးရမှာဖြစ်ပါတယ်။

အိမ်မှာ ညနေစာအဆင်သင့်ဖြစ်ရက်က မုန့်ဟင်းခါး ၊ အသုပ်စတာတွေကျွေးလိုက်ရင် ညနေစာစားချိန်မှာ ကလေးဟာ သူစားသင့်တဲ့ပမာဏအတိုင်း မစားနိုင်တော့ပါဘူး။ ညနေစာ အိမ်မှာအဆင်သင့်စားဖို့ရှိတယ်ဆို ကလေးကို ရေခဲချောင်း ၊ ရေခဲမုန့် ၊ သကြားလုံး ၊ ဂျယ်ရီစတဲ့ ကလေးနဲ့တည့်ရာ ပေါ့ပေါ့ပါးပါးလေးတွေ အဆာပြေလမ်းမှာကျွေးပြီး အိမ်ရောက်ရင် ညနေစာကျွေးပါ။ အိမ်မှာ ညနေစာအဆင်သင့်မရှိသေးဘဲ ကလေးကျောင်းကြိုရင်း ဈေးဝယ်ချက်ပြုတ်ရမှာမျိုးဆိုရင်တော့ ကလေးကို မုန့်ဟင်းခါး ၊ အသုပ် စသဖြင့် အစာခံအောင် ကျွေးထားနိုင်ပါတယ်။

တစ်နှစ်ကနေ လေးနှစ်အရွယ် နို့ညှာကလေးတွေဟာ အာဟာရချို့တဲ့မှုတွေ ကြုံတွေ့ရတတ်ပါတယ်။ ကလေး တစ်နှစ် ၊ တစ်နှစ်ခွဲအချိန်မှာ မိခင်ဟာ နောက်တသား ကိုယ်ဝန်ရလာတဲ့အခါ ကိုယ်ဝန်မပေါ့မပါးနဲ့မို့ ကလေးကို အရင်လို အသေးစိတ်လိုက်ဂရုမစိုက်နိုင်တာမျိုး ရှိလာပါတယ်။ လွယ်ထားတဲ့ကလေး မွေးလာချိန်မှာ မွေးကင်းစကလေးကို ဂရုစိုက် ပြုစုနေရတဲ့အတွက် နို့ညှာကလေးကို ဂရုမစိုက်မိသလို ဖြစ်လာပါတော့တယ်။ ဒီတော့ နို့ညှာကလေးဟာ အစားအသောက်မမှန်တာမျိုး ကြုံတွေ့လာနိုင်ပါတယ်။

နောက်ထပ်အငယ်လေး မမွေးလာသေးရင် အခု နို့ညှာဖြစ်သွားတဲ့ကလေးဟာ နို့စို့ကလေးအရွယ်သာ ရှိရဦးမှာဖြစ်ပေမယ့် အငယ်ကလေး မွေးလာတော့ အရင်လိုဂရုစိုက်မှုမျိုး မခံစားရတော့ပါဘူး။ မိခင်က သူ့ကို ဂရုမစိုက်တော့ဘူး ၊ မချစ်တော့ဘူးလို့ ထင်လာတဲ့ နို့ညှာကလေးဟာ နည်းအမျိုးမျိုးနဲ့ လူကြီးမိဘတွေရဲ့ ဂရုစိုက်မှု ခံရနိုင်ဖို့ ဆွဲဆောင်ရာကနေ ဆိုးလာတတ်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် နောက်ကလေး မွေးဖွားသည့်တိုင် နို့ညှာကလေးတွေကို အရင်လို စားချိန်စား ၊ ကစားချိန်ကစား ဂရုစိုက်ပေးဖို့ ၊ မေ့လျော့မထားဖို့ အရေးကြီးပါတယ်။

ရတု (Burmesehearts.com)
BurmeseApp
BurmeseApp on Google Play

You might also like