class="post-thumbnail open-lightbox" href>
ကလေးငယ်တွေ မလိမ်ညာတတ်ဖို့ အမှန်ကို ပွင့်လင်းစွာပြောခွင့်ပြုပါ
“မေမေ နဲ့ ဖေဖေ ဘယ်သူ့ပိုချစ်လဲ” အမေးခံရတဲ့ကလေးဟာ အမေ့ကိုတလှည့်ကြည့်လိုက် အဖေ့ကို တလှည့်ကြည့်လိုက်နဲ့ ဘာဖြေရကောင်းမလဲ ၊ ဘယ်လိုအဖြေဟာ မိဘအတွက် အကောင်းဆုံးဖြစ်မလဲလို့ ခေါင်းထဲမှာ စဉ်းစားရင်း အလုပ်ရှုပ်နေပါပြီ။ ဒါကိုက ကလေးဟာ အမှန်ကို မပြောဆိုရဲတာပါ။ ကလေးက ဘာကြောင့် သူ့ရင်ထဲရှိနေတာကို အမှန်မဖြေရဲသလဲ။ သူအမှန်ဖြေခဲ့တဲ့အခါတုန်းက သူ့အဖြေကို တစုံတဦးက လက်မခံခဲ့တဲ့အတွက် ဒီလိုအမေးခံရတိုင်း ရင်ထဲရှိတာကို မဖြေရဲတော့ဘဲ လူကြီးအကြိုက် ရွေးဖြေနိုင်ဖို့ တနည်းအားဖြင့် ရင်ထဲကအဖြေမှန်မဟုတ်တာပေးဖို့ ရွေးချယ်ရပါပြီ။
ဒီလိုယှဉ်ပြိုင်ရွေးချယ်ခိုင်းဖို့ မေးတဲ့စကားလုံးတွေကနေစပြီး ကလေးဟာ အမှန်ကိုပြောဆိုကျင့် နည်းလာပါပြီ။ ဘာဖြစ်လို့လဲဆို သူဟာ မေးတဲ့လူကြီးအကြိုက်ကို ရွေးချယ်ပြောဆိုရတော့မှာလေ။ တခါတလေ တဦးကအဖြေကို သဘောကျပြီး နောက်တဦးက သဘောမကျသည့်တိုင် သူ့ကို နာကျင်အောင်လုပ်နိုင်သူ ၊ အပြစ်ပေးနိုင်သူ ၊ စိတ်ဒဏ်ရာပေးနိုင်သူကို ကြောက်ပြီး ရင်ထဲကအဖြေမှန်နဲ့ ဆန့်ကျင်ဘက် အဖြေပေးလိုက်ရတာမျိုးလည်းရှိပါတယ်။
ကျွန်မငယ်ငယ်တုန်းက ဒီလိုခဏ ခဏ အမေးခံခဲ့ရတာမို့ ကျွန်မကိုယ်တိုင်လည်း ရင်ထဲမှာရှိတဲ့ အဖြေမှန်ကိုပေးဖို့ထက် မေးတဲ့သူအပေါ်မူတည်ပြီး သင့်သလို ဖြေဖြစ်ခဲ့တာတွေရှိခဲ့ပါတယ်။ အိမ်ထောင်မကျခင်က အခု ကျွန်မခင်ပွန်းဖြစ်လာမယ့်သူကို သူ့မိဘနဲ့ကျွန်မ ဘယ်သူ့ပိုချစ်သလဲလို့ မေးမိခဲ့တော့ အံ့သြသလို ကျွန်မကိုကြည့်ပြီး ဒီလိုနှိုင်းယှဉ်မေးခွန်းကို မမေးသင့်ကြောင်း ၊ သူ့မိသားစုထဲမှာ ဒီလိုမေးလေ့မရှိတာမို့ ဒီအဖြေကို သူကြိုမစဉ်းစားထားကြောင်း ၊ အခုစဉ်းစားရမယ်ဆိုရင်လည်း ဘယ်သူ့ကိုပိုချစ်ပါတယ်လို့ နှိုင်းယှဉ်ရတဲ့အရာမဟုတ်ကြောင်း ၊ မိဘကို မိဘလိုတစ်မျိုးချစ်သလို ကျွန်မကိုလည်း ချစ်သူလိုတစ်မျိုးချစ်တယ်လို့ ဖြေခဲ့ပါတယ်။
လူ့သဘာဝအရ ကိုယ့်ကိုပိုချစ်တယ်ဆိုတာကို ကြားချင်ခဲ့ပေမယ့် သူ့အဖြေဟာ ကျွန်မအတွက် လေးလေးနက်နက် တွေးစရာဖြစ်သွားခဲ့ပါတယ်။ တဒင်္ဂ နားသာယာမှု ၊ စိတ်သာယာမှုလေးအတွက် မနှိုင်းယှဉ်အပ်တာတွေကို မဖြစ်မနေ နှိုင်းယှဉ်ရွေးချယ်ခိုင်းတဲ့အခါ ၊ ဒီအဖြေကို စိတ်အလိုမကျလို့ ဖြေသူကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြောဆိုဒဏ်ပေး ၊ ငြူစူတဲ့အခါ နောင်မှာ ဖြေတဲ့သူက ရင်ထဲရှိတဲ့အတိုင်း သဘောရိုးဖြေပါတော့မလား စဉ်းစားစရာပဲ။ သူ့စိတ်ထဲရှိရာ အမှန်အတိုင်း မဖြေနိုင်အောင် လုပ်လိုက်ပြီဆိုကတည်းက သူ့ကို လိမ်ပါတော့လို့ သွယ်ဝိုက်အသိပေးလိုက်သလိုပါပဲ။ တခါတလေ အလိမ်စကားတွေနဲ့ ကျင့်သားရသွားရင် အမှန်ကို လက်မခံနိုင်တာလည်း ဖြစ်လာနိုင်တယ်လေ။
ဒါကိုနားလည်သဘောပေါက်သွားတဲ့ကျွန်မဟာ တပါးသူကို ကျဉ်းထဲကြပ်ထဲရောက်အောင် ဒီလို မနှိုင်းယှဉ်အပ်တဲ့ မေးခွန်းမျိုးကို ဘယ်သူ့ကိုမှ မမေးဖြစ်တော့ပါဘူး။ အထူးသဖြင့် မလိမ်ညာတတ်သေးတဲ့ ၊ ဖြူစင်ဆဲအရိုးခံ ကလေးတွေကို ဒီလိုမေးခွန်းမျိုး မမေးသင့်ဘူးထင်တယ်။ “မေမေ နဲ့ ဖေဖေ ဘယ်သူ့ပိုချစ်လဲ” “မေမေ နဲ့ ဒေါ်ဒေါ် ဘယ်သူ့ပိုချစ်လဲ” “ဖိုးဖိုးနဲ့ဖွားဖွား ဘယ်သူ့ပိုချစ်လဲ” “ဒီလူနဲ့ဟိုလူ ဘယ်သူ့ပိုချစ်လဲ” စသဖြင့် အနှစ်မပါဘဲ အပေါ်ယံကျေနပ်မှုလေးရယူလိုရုံ နှိုင်းယှဉ်မေးခွန်းတွေ ကလေးတွေကို တတ်နိုင်သမျှ မမေးပါနဲ့။ ယောင်လို့မေးဖြစ်ခဲ့ရင် သူ့ရဲ့ ရင်ထဲကလာတဲ့ အဖြေကို မေးသူက ကြည်ကြည်ဖြူဖြူ လက်ခံလိုက်ပါ။ အထွန့်တက်တာ ၊ ကလေးအပေါ် ငြူ စူတာမျိုး မလုပ်ပါနဲ့။ ဒီလိုဆို ကလေးဟာ ဒီမေးခွန်းကို အမေးခံရသည့်တိုင်အောင် သူ့ရင်ထဲကအဖြေမှန် ထုတ်ဖော်ပြောဆိုခွင့် ဆက်လက်ထိန်းထားဦးမှာဖြစ်ပါတယ်။
ကလေးရဲ့သဘာဝကိုက သူ့အပေါ် နားလည်ပြီးမေတ္တာပေးနိုင်သူကို ပိုတွယ်တာပြီး ချစ်ခင်မှာဖြစ်ပါတယ်။ ဒီလူဟာ အမေဖြစ်ဖြစ် ၊ အဖေဖြစ်ဖြစ် ၊ ဦးဦးဒေါ်ဒေါ်ဖြစ်ဖြစ် ၊ ဖိုးဖိုးဖွားဖွားဖြစ်ဖြစ် ၊ အနီးဝန်းကျင်ရှိသူတွေဖြစ်ဖြစ် ကလေးတွေဟာ စိတ်ခံစားတတ်မှုနဲ့ အသိရှိသူမို့ သူတို့အပေါ် နူးညံ့ညင်သာစွာ ဆက်ဆံတတ်ပြီး ပျော်ရွှင်အောင် လုပ်ပေးတတ်သူတွေကို ပိုတွယ်တာချစ်ခင်ပါတယ်။
ကလေးဟာ လူရင်းဖြစ်တဲ့ ကိုယ့်ကို ကိုယ်ချစ်စေချင်သလိုမချစ်ဘူး ၊ ကိုယ်ကြားချင်တဲ့ ကိုယ့်ကိုပိုချစ်ပါတယ်ဆိုတဲ့စကား ကလေးဆီက မကြားရဘူးဆိုရင် ကလေးဟာ တခြားလူကို ပိုချစ်လို့သော်လည်းကောင်း ၊ ပိုကြောက်လို့သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ကလေးရဲ့ ခံစားမှုတွေ ကိုယ့်ဘက် ပါလာအောင် ၊ သူ့ရင်ထဲက ကြောက်ရွံ့မှုတွေ ဖယ်ထုတ်ပေးနိုင်အောင် ၊ ကလေးရင်ထဲမှာ ရှိတဲ့အတိုင်း အရိုးခံ အမှန်ပြောဖြစ်အောင် ၊ လိမ်ညာမပြောဖြစ်အောင် ကိုယ်က ကျင့်ယူပေးရမှာဖြစ်ပါတယ်။
တခါတလေ လူတွေဟာ ကိုယ့်ကိုတကယ်မချစ်မှန်းသိနေရက်နဲ့ ကိုယ့်ကိုပိုချစ်ပါတယ်ဆိုတဲ့ အဖြေမှာ ကျေနပ်သာယာနေတတ်တယ်။ ဒါဟာ မိမိကိုယ်ကို လှည့်စားခြင်း ၊ သူများလိမ်ပြောတာ ရိပ်မိသိရှိသည့်တိုင် ဒီအလိမ်စကားမှာ သာယာခြင်းတွေ ဖြစ်တည်နေလို့ပါ။ တနည်းအားဖြင့် မိမိရဲ့အဖြစ်မှန်ကို လက်မခံလိုတာ ၊ ဖုံးကွယ်ထားလိုတာ ၊ အမှန်သိပေမယ့် တဒင်္ဂဖြစ်ဖြစ် စိတ်ကျေနပ်လိုတာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ ကလေးနဲ့မှမဟုတ်ဘူး အရွယ်ရောက်သူအချင်းချင်းမှာလည်း ရှိနေတတ်ပါတယ်။ အကြောင်းတခုခုကြောင့် ဖြေသူက လိမ်ညာနေပေမယ့် ဒါကိုခံစားမိရင် ဖုံးကွယ်မှုထားမှုအပေါ် မသာယာနေဘဲ အဖြေမှန်ကိုပဲလက်ခံလိုက်ပါ။
အဖြေမှန်ဟာ ကိုယ့်အတွက် မကောင်းဘူးဆိုရင် နောင်တစ်ကြိမ်မှာ ကောင်းတဲ့အဖြေရနိုင်ဖို့ ကြိုးစားရမှာ ကိုယ့်တာဝန်ပဲလေ။ အပေါ်ယံအဖြေတစ်ခုမှာ သာယာလိုက်ရင် ဖြေသူကို နောင်မှာလည်း လိမ်ညာအဖြေပေးဖို့ တွန်းအားပေးလိုက်သလိုဖြစ်သလို ကိုယ်တိုင်ကလည်း ဒီအဖြေမှာကျေနပ်ပြီး လုပ်စရာရှိတာတွေ ၊ ပြင်စရာရှိတာတွေကို ပြင်ဆင်လုပ်ကိုင်မှုမရှိတဲ့အတွက် နောင်မှာလည်း အမှန်ကိုဖုံးကွယ်ထားတဲ့ အပေါ်ယံလိမ်ညာစကားမှာပဲ ကျေနပ်ရမှာပါ။
အထူးသဖြင့် ကလေးတွေ ဘာကြောင့်လိမ်တတ်လာတာလဲဆိုရင် အမှန်ကို ပြောခွင့်မရခဲ့လို့ဖြစ်ပါတယ်။ အမှန်ကိုပြောလို့ မေးသူကဆိုသည့်တိုင် ဖြေတဲ့သူ့အဖြေမှန်အပေါ်မှာ ကိုယ့်ရဲ့ ဒေါသတကြီး စိတ်နောက်ကိုယ်ပါ တုန့်ပြန်မှုတွေက ကလေးကို အမှန်မပြောနဲ့ ၊ မေးသူမကြိုက်တဲ့ အမှန်စကားပြောမိရင် ဒီလိုလုပ်ခံရမယ်လို့ သတိပေးလိုက်တယ်လေ။ ဒီတော့ ကလေးဟာ အမှန်ကိုမပြောရဲတော့ဘဲ ဖုံးကွယ်ထိန်ချန်ပြောရင်း ၊ လိမ်ညာပြောရင်း ၊ ကျေနပ်အောင်ပြောဆိုရင်းကနေ လိမ်သထက် လိမ်တတ်လာမှာဖြစ်ပါတယ်။ ဒီတော့ ကလေးလိမ်တတ်အောင် ဘယ်သူတွေက သင်ပေးလိုက်တာလဲ။ ကလေးအနားမှာရှိတဲ့ လူကြီးမိဘတွေပဲဖြစ်ပါတယ်။
ကလေးအမှန်အတိုင်းပြောတာဟာ အမှားလုပ်တာ ၊ ကိုယ်လက်မခံနိုင်တာဖြစ်နေသည့်တိုင် မျက်နှာကို ချက်ချင်းဒေါသူပုန်ထသလို မပြောင်းလဲပါနဲ့။ ရှိရင်းစွဲ မျက်နှာအနေအထားနဲ့ မျက်လုံးအကြည့်ကို (ဟန်ဆောင်လို့ပဲဖြစ်ဖြစ်) ဆက်ထိန်းထားပါ။ ဒါဟာ ကလေးကို သူ့အဖြေအတွက် ကိုယ့်တုန့်ပြန်မှုအပေါ် တရားလွန်မကြောက်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆက်ဆံလိုက်တာပါ။
နောက်တဆင့်ကတော့ သူဒီလိုပြောတာ ၊ လုပ်တာဟာ မကောင်းဘူးလို့ သူသဘောပေါက် နားလည်လာအောင် ပြောဆိုသင်ပြတတ်ဖို့ဖြစ်ပါတယ်။ နောင်မပြောနဲ့ ၊ မလုပ်နဲ့ ၊ ပြောရင် လုပ်ရင် အသိဘဲဆိုတဲ့စကားထက် ဘာကြောင့်မလုပ်သင့်တယ် ၊ ဘယ်လိုကြောင့်မပြောသင့်တယ်ဆိုတာတွေကို ကလေးနားလည်သဘောပေါက်အောင် အကြိမ်ကြိမ် အဖန်ဖန် စိတ်ရှည်ရှည် ပြောဆိုဆုံးမတတ်ရမှာဖြစ်ပါတယ်။
မိဘဟာ ပြောဆိုရတာ ၊ တိုင်ပင်ရတာ လွယ်ကူတဲ့သူ ၊ နားလည်တတ်တဲ့သူ ၊ မကြမ်းတမ်းတဲ့သူ ၊ မှန်ကန်တဲ့အကြံဥာဏ်နဲ့ နည်းလမ်းတွေ ပေးတတ်သူသာမှန်ရင် သားသမီးဟာ တခုခုဖြစ်လာရင် ဒီလိုမိဘမျိုးကို ဖွင့်ထုတ်ပြောဆိုတိုင်ပင်ပြီး အကြံဥာဏ်ယူတတ်မှာပါ။ ကလေးရဲ့ အကောင်းဆုံး တီးတိုးဖော် ၊ တိုင်ပင်ဖော်ဟာ မိဘ (အထူးသဖြင့်) မိခင်ပဲဖြစ်သင့်ပါတယ်။
မိဘက ကလေးကိုနားမလည်တော့မှသာ ကလေးဟာ မိဘအပြင် သူ့ကိုနားလည်နိုင်မယ်လို့ ယူဆတဲ့သူကို ဖွင့်ထုတ်ပြောဆို တိုင်ပင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးဟာ သူ့အတွင်းရေးနဲ့ သူ့ခံစားချက်ဆိုတာတွေကို လူကြီးမိဘဖြစ်တဲ့ ကိုယ့်ကို ဖွင့်ထုတ်ပြောဆိုတိုင်ပင်တာမျိုးမလုပ်ဘဲ တခြားသူကို လုပ်တယ်ဆိုရင် ကလေးကို အပြစ်တင်ဖို့ထက် ငါဟာ ကလေးကို အမှန်အတိုင်း ပွင့်လင်းစွာပြောခွင့်ပေးခဲ့ပါရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရမှာဖြစ်ပါတယ်။
ကလေးဟာ ကိုယ့်ကို အမှန်အတိုင်း ပွင့်လင်းစွာပြောခွင့်မရခဲ့ဘူးဆိုရင် သေချာတယ် ဖုံးကွယ်ထိန်ချန်ထားတော့မှာလေ။ သူ့အခက်အခဲနဲ့ ခံစားချက်အစစ်အမှန်တွေကိုလည်း ဖွင့်ထုတ်ပြောဆို တိုင်ပင်မှုပြုမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကြိုက်သည့်အဖြေဖြစ်စေ ၊ မကြိုက်သည့်အဖြေဖြစ်စေ ကလေးကို အမှန်အတိုင်း ပွင့်လင်းစွာပြောခွင့်ပေးပါ။ သူ့အဖြေကို သင့်မသင့် ၊ မှန်မမှန် အကောင်းဘက်ကနေ ဖြစ်သင့်တာကို လေသံအေးအေး ချိုချိုနဲ့ နားလည်အောင် ပြောဆိုရှင်းပြပါ။ ကလေးကို အကောင်းဆုံးသော နားလည်မှုတွေ ၊ နွေးထွေးမှုတွေပေးပါ။ ဒီလိုဆိုရင် ကိုယ်ဟာ ကလေးရဲ့ ဘဝတလျောက်မှာ အတိုင်ပင်ခံအဖြစ် ၊ အယုံကြည်ရဆုံးသူအဖြစ် ၊ နားလည်မှုအပေးနိုင်ဆုံးသူအဖြစ် ရပ်တည်နေမှာပါ။
ရတု (Burmesehearts.com)