class="post-thumbnail open-lightbox" href>
ကလေးငယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ
မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ ၊ သားသမီးကို သူ့ကိုယ်သူ ယုံကြည်မှုရှိအောင် ဘယ်လိုလုပ်ရမလဲဆိုရင် အရင်ဆုံး ကလေးဟာ ကိုယ်ပျော်ရာ (ကိုယ်အားသန်ရာ) လုပ်ခွင့်ရှိသလား ၊ ကိုယ့်ယုံကြည်မှု ရင့်သန်လာအောင် အားပေးသူရှိသလားလို့ အရင်ဆုံးပြန်မေးရမှာပါ။ တပွဲတိုးယုံကြည်မှုကိုတော့ ကျွန်မ မဆိုလိုဘူးနော်။
တပွဲတိုးယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကို အမြဲတမ်းယုံကြည်မှု ရှိနေတာကို မဆိုလိုဘဲ လေ့ကျင့်အားကြောင့် ဒီတစ်ပွဲအတွက်တော့ ထူးထူးခြားခြား မအောင်မြင်ရင်တောင် ကိုယ်လုပ်နိုင်တယ် ၊ အရှက်မကွဲဘူးဆိုတဲ့ ယုံကြည်မှုကို ဆိုလိုတာပါ။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုတဲ့လူက သူဘာလုပ်ချင်တယ်ဆိုတာ ပြတ်သားသလို သူဘာလုပ်မယ်ဆိုတာလည်း ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ဘယ်လိုပဲ သူများလာဖျက်ဖျက် သူသွားမယ့်လမ်းက သွေဖီမသွားဘူး။ ဆိုလိုတာက သူလုပ်နေတဲ့အလုပ်ကို သူများဖျက်လို့ ပျက်မသွားဘူး။ လုပ်နေတဲ့အလုပ်ကို လေးလေးနက်နက် နဲ့ အကောင်းဆုံးလုပ်ကိုင်တယ် ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေဟာ ကိုယ်ယုံကြည်ရာပဲ ကိုယ်လုပ်လေ့ရှိတယ်။ သူများက ဘယ်လောက်ဆွယ်ဆွယ် ၊ ဘယ်လောက်ကောင်းတယ်ပြောပြော သူမယုံကြည်တဲ့အလုပ်ကို လုပ်လေ့မရှိဘူး။
မိဘတိုင်းလိုလိုက ကိုယ့်သားသမီးကို ယုံကြည်မှုခိုင်မာသူတစ်ယောက် ဖြစ်စေချင်ကြတယ်။ တနည်းအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေချင်တယ်ပေါ့။ ဒါပေမယ့် သားသမီးတွေ ယုံကြည်ရာ ၊ ထက်သန်ရာကို မိဘတိုင်းက လုပ်ကိုင်ခွင့်ပေးသလားဆိုတဲ့အပေါ် မူတည်ပြီး သူတို့ရဲ့အရည်အချင်းနဲ့ ယုံကြည်မှု ရှိ ၊ မရှိဆိုတာ ကွဲပြားသွားပါတယ်။ မိမိရင်သွေး ယုံကြည်မှု အားကောင်းတဲ့သူတစ်ဦးအဖြစ် လေ့ကျင့်ပေးဖို့ အလိုအပ်ဆုံး အခြေခံလိုအပ်ချက်ဟာ သူ့ကို ယုံကြည်မှုပေးဖို့ဖြစ်ပါတယ်။
စိုးရိမ်စိတ် ကြီးမားနေရင်တော့ ယုံကြည်မှုပေးဖို့ မလွယ်လှဘူးပေါ့။ ဘယ်လိုစိုးရိမ်စိတ်မျိုးလဲဆိုရင် သားသမီးဟာ ငယ်သေးတယ် ၊ ဒါလုပ်ဖို့ အချိန်မတန်သေးဘူး ၊ မလုပ်နိုင်သေးဘူး ၊ လုပ်ဖို့မသင့်သေးဘူးလို့ မိဘတွေက သားသမီးအတွက် သူတို့မလုပ်ခင်ကတည်းက ပူပန်နေတဲ့ စိုးရိမ်စိတ်ပါ။ မိဘရဲ့တာဝန်က သားသမီးကို ကာကွယ်ပေးရမယ့်တာဝန်ရှိတယ် ၊ သားသမီးဒုက္ခဖြစ်နိုင်တဲ့ကိစ္စ ၊ အန္တရာယ်ဖြစ်နိုင်တဲ့ ကိစ္စမျိုးဆို ကြိုတွေးပြီး ဒီလိုမဖြစ်အောင် စီစဉ်ဟန့်တားပေးရမှာပေါ့။
ခက်တာက ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်ဆိုတဲ့ မွေးကင်းစ ရင်ခွင်ပိုက်အရွယ်ကလေးကနေ ပြုစုပျိုးထောင်လာခဲ့တဲ့မိဘတွေဟာ သူတို့မျက်စိထဲမှာ သားသမီးဘယ်အရွယ်ရောက်ရောက် သူတို့အတွက်ကတော့ ကလေးလိုပဲ ပြုစုယုယ ပူပန်ပေးချင်တုန်းလေ။ အရွယ်မတိုင်သေးဘူးလို့ ထင်နေတုန်း။ ဒီစိတ်ကြီးက သားသမီးကို သူလုပ်နိုင်တယ်လို့ ယုံကြည်မှုပေးဖို့ (တနည်းအားဖြင့် သားသမီးကို ယုံကြည်မှု ပျိုးထောင်ပေးဖို့) ခက်နေတာပါ။
ကိုယ့်သားသမီး သူ့ကိုယ်သူ ယုံကြည်နေသူအဖြစ် မြင်ချင်တယ်ဆိုရင် ကိုယ်တိုင်က သူ့ကို ယုံကြည်ချက်ရှိဖို့ကို မြှင့်တင်ပေးရမှာပါ။ သူတို့အရွယ်အလိုက် လုပ်သင့်တဲ့ ၊ စမ်းသပ်ချင်တဲ့ အလုပ်ကိစ္စတွေကို သူတို့လုပ်ကိုင်နိုင်တယ်လို့ အားပေးမယ် ၊ သူတို့ကိုယ်တိုင် လုပ်ကိုင်နိုင်ဖို့ အခွင့်အရေးပေးမယ် ဆိုရင် သူတို့ကိုယ်သူတို့ ယုံကြည်ချက်ရှိလာဖို့ အစပျိုးပြီပေါ့။
မတ်တပ်မရပ်နိုင်ခင် ခဏ ၊ ခဏ ဖင်ထိုင်လျက်ပြုတ်ကျသလိုမျိုး ကြိုးစမှုအစမှာ မအောင်မြင်မှုဆိုတာ လူတိုင်းတွေ့နိုင်ပါတယ်။ မအောင်မြင်တဲ့နည်းလမ်းတွေကို သင်ယူရှောင်ဖယ်ရင်း ၊ နည်းမှန်လမ်းမှန် လုပ်ကိုင်ရင်းနဲ့မှ အောင်မြင်မှုရလာတာမို့ သူ့ဘာသာလုပ်ခွင့်ပေးရင်း မအောင်မြင်တဲ့နည်းလမ်းတွေကို သူကိုယ်တိုင် သိနားလည်လာအောင် လေ့ကျင့်ပေးမယ်။
ကလေးဟာ တခုခုလုပ်ဖို့ နည်းလမ်းရှာနေရင် ၊ စိတ်ဖိစီးမှုကိုပြပြီး အော်ဟစ်ငိုလာရင် ၊ အကူအညီတောင်းလာခဲ့ရင် ကိုယ်က သူလုပ်ချင်တာ အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ဖို့ နည်းမှန်လမ်းမှန် လုပ်ကိုင်နည်းတွေကို သင်ကြားပြသမယ်။ အတူတူ လုပ်ကိုင်ရင်း နည်းမှန်လမ်းမှန် ဘယ်လိုလုပ်ရတယ်ဆိုတာ သူ့ကို သင်ယူခွင့်ပေးမယ်။ နောင်ပိုင်းမှာ ကိုယ့်မျက်စိရှေ့ သူ့ဘာသာသူ တစ်ယောက်တည်း လုပ်ကိုင်ခွင့်ပေးလိုက်မယ်။ ကိုယ်ကကူဖို့ အဆင်သင့် ဘေးကရှိနေမယ် ၊ သူ့ဘာသာသူလုပ်ကိုင်လို့ အောင်မြင်သွားရင် တခဲနက် လက်ခုပ်တီး သြဘာပေးမယ်ဆိုရင် သူ့အောင်မြင်မှုအတွက် သူဟာ ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိသွားပြီပေါ့။
အဲဒါ ဘယ်အချိန်ကတည်းက စလေ့ကျင့်ပေးလို့ရမလဲဆိုရင် ကလေး လေးဘက်တွားအရွယ်ကတည်းက သူ့ကိုယ်သူ ယုံကြည်မှုရှိလာဖို့ လေ့ကျင့်ပေးလို့ရပါပြီ။ ခြောက်လ ၊ ခုနှစ်လ ပတ်ဝန်းကျင်အရွယ်ကနေစပြီး သူတို့ရဲ့ ယုံကြည်ချက်ကို ပျိုးထောင်ပေးလို့ရပါပြီ။
ကလေးဟာ သူ့အနား ခပ်လှမ်းလှမ်းက အစဉ်လိုက် မလှမ်းတလှမ်း စီထားတဲ့ သူ့အကြိုက်ကစားစရာ ပစ္စည်းတွေကို လက်လှမ်းမမီလို့ ဘေးဘက်မတွားတတ်ခင်မှာ အော်ဟစ်အကူအညီတောင်း ယူခိုင်းရင် ကိုယ်က သူနဲ့အနီးဆုံးဖြစ်တဲ့ ပစ္စည်းလေးကို နည်းနည်းရှေ့တိုးပေးလိုက်မယ်။ သူနည်းနည်းလေး ကြိုးစားပြီး လက်လှမ်းယူလိုက်ရင် ရတယ် ၊ ကြိုးစားကွလို့ အားကြိုးမာန်တက် ဘေးကအားပေးမယ်။ ကလေးက တွားသွားဖို့ကြိုးစားရင်းလှမ်းယူရင်း ရသွားရင် တော်တယ်ဆိုပြီး လက်ခုပ် ၊ လက်ဝါးတီးလို့ ချီးကျူးမယ်။ နောက်ထပ်ပစ္စည်းတွေကိုလည်း ဒီလိုနည်းနဲ့ ယူနိုင်တယ်လို့ အားပေးရင်း ယူခိုင်းမယ်ဆိုရင် ကလေးဟာ လှမ်းယူဖို့ကြိုးစားရင်း ဘယ်လိုတွားသွားရမယ်လို့ သင်ယူသွားပါတယ်။ ဒီတော့ သူလိုရာကို သူတွားသွားနိုင်တယ် ၊ သူ့မလှမ်းတလှမ်းက သူလိုတဲ့ပစ္စည်းတွေကိုလည်း ဒီလိုတွားရင်း ယူနိုင်တယ်လို့ သင်ယူသွားပါတယ်။ အမြဲတမ်း လူကြီးကို ယူပေးဖို့ အကူအညီတောင်းစရာ မလိုဘူး ၊ သူလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရသွားပါတယ်။
မတ်တပ်မရပ်တတ်သေးတဲ့အချိန် မတ်တပ်ရပ်ဖို့ကြိုးစားရင်း ဖင်ထိုင်လျက်ပြုတ်ကျတာ လန့်သွားမယ် ၊ အော်ငိုမယ်ဆိုရင် ပထမဆုံးအကြိမ်ဆို ကလေးစိတ်မဖိစီးအောင် ထူပြီးချော့ပေမယ့် နောက်ပိုင်းအကြိမ်တွေမှာတော့ “လဲရင်ပြန်ထ လူ့ဘဝ” လို့ ဘေးကနေ အားပေးရင်း ဒီလိုလဲတာ ငိုစရာမဟုတ်ဘူး ၊ သဘာဝ ၊ လဲရင် ကိုယ့်ဘာသာ ပြန်ထနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့အသိကို သင်ပေးမယ်ဆိုရင် မိဘဟာ ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့ သင်ပေးနေတယ် ၊ ဒီလိုသင်ပေးရင်း ငါတွားသွားတတ်ခဲ့တယ် ၊ အခု မတ်တပ်ရပ်တတ်အောင် ကြိုးစားမယ်ဆိုတဲ့ သူ့ပင်ကိုအသိနဲ့ ကလေးဟာ သူလဲကျသွားတိုင်း မငိုတော့ဘဲ သူ့ကိုယ်သူ အားကိုးလို့ သူ့ဘာသာ ပြန်မတ်တပ်ရပ်နိုင်အောင် ကြိုးစားလာမှာပါ။ သူပြုတ်ကျရင်မနာအောင် Play Mat ထူထူလေးတော့ အသင့်ခင်းပေးထားရတာပေါ့။
ဒီကတဆင့် လမ်းလျှောက်တာကိုလည်း ထူးထူးထွေထွေ သင်ပေးစရာမလိုဘဲ သူ့ဘာသာသူ ဘေးကအရာတွေ အမှီကိုင်ရင်း လျှောက်ရာကနေ စမ်းတဝါးဝါး လမ်းလျှောက်တတ်လာမှာပါ။ ကျွန်မကလေးကို သူလိုချင်တဲ့ပစ္စည်း သူ့လက်ထဲအရောက် ထည့်ပေးတာမျိုး မလုပ်ခဲ့ပါဘူး။ လုပ်ချင်တာ ၊ လိုချင်တာ မရနိုင်သေးလို့ သူငိုရင် ငိုရုံနဲ့ လက်ထဲအလိုလို မရလာနိုင်ဘူး ၊ ငိုရုံနဲ့ ဒီအခက်အခဲ ပြေလည်မသွားဘူး ၊ ကိုယ့်ဘာသာ လုပ်ယူမှရမယ်ဆိုတဲ့ အသိကို ကျွန်မဟာ သူ့ကို ထွေးဖက် ဖြောင်းဖြရင်း ပြောခဲ့ပါတယ်။ သူလိုချင်တာနဲ့ ၊ သူလုပ်ချင်တာကို သူအသိဆုံးမို့ ဒါတွေဖြစ်အောင် အလုပ်ယူနိုင်ဆုံးသူ ၊ ရအောင်ယူနိုင်သူဟာ သူပါပဲလို့လည်း အခါခါ ပြောပြခဲ့တယ်။
သူ့အကြိုက်သူ ရှင်းရှင်းလင်းလင်း သိနေတဲ့ ကလေးဟာ သူများအကြိုက်လိုက်လုပ်ရင်း ကိုယ့်အကြိုက် ဘာမှန်းမသိတော့တာ ၊ ကိုယ်ဘာလိုချင်တယ်လို့ သေသေချာချာ မဝေခွဲတတ်တာမျိုး ၊ ကိုယ်ဘာလုပ်ချင်တယ်လို့ သေသေချာချာ မဝေခွဲတတ်တာမျိုး ၊ ဝေဝါးသွားတာမျိုးတွေ မရှိတော့ဘူး။ နောင်မှာ လူကြီးအကြိုက် တမင်လိုက်လုပ်တာမျိုးလည်း မရှိတော့ဘူး။ သူ့အကြိုက်နဲ့ မကြိုက်ဆိုတာကို သူဟာ ကွဲကွဲပြားပြား နားလည်နေပြီလေ။ ဒါဟာ သူ့ရဲ့ရွေးချယ်မှုအပေါ် သူ့ဘာသာ ယုံကြည်မှုရှိခြင်းပေါ့။
ရုပ်ဝတ္ထုပစ္စည်းတွေမှာ ဒီလိုလေ့ကျင့်ဖို့လိုရုံမက စိတ်ဓါတ်ပိုင်းဆိုင်ရာမှာလည်း သူ့လုပ်ရပ် သူ ယုံကြည်မှုရှိရှိ လုပ်ကိုင်နိုင်ဖို့ လမ်းဖွင့်ပေးဖို့လိုပါတယ်။ သူလုပ်ချင်စိတ်ရှိရာ ယုံကြည်မှုရှိရှိ လုပ်ကိုင်နိုင်ဖို့ လမ်းဖွင့်ပေးမယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ စိုးရိမ်စိတ်ကို ဖယ်ထားရမှာပါ။ ဥပမာ-လမ်းလျှောက်သင်ခါစကလေး လမ်းလျှောက်တုန်း လဲမှာစိုးလို့ အကြိမ်ကြိမ်ပြေးထူ ဘေးက ထိန်းကိုင်ထားပေးမယ်ဆိုရင် သူ့ဘာသာ အလွတ်လမ်းလျှောက်တတ်နိုင်ဖို့ အချိန်ဟာ လူကြီးအားမကိုးဘဲ အတွယ်လေးကိုင်ပြီး လမ်းလျှောက်တတ်တဲ့ကလေးထက် ပိုကြာနေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကလေးဟာ သူ့ကိုယ်သူထက် လူကြီးကို အားကိုးတဲ့စိတ်များနေပြီး လူကြီးစိုးရိမ်သလို ပြုတ်ကျမှာ ၊ နာသွားမှာကို စိုးရိမ်စိတ်လွန်လာလို့ ဖြစ်ပါတယ်။ ပိုပြီး နားလည်အောင်ပြောမယ်ဆို မှားမှာစိုးတဲ့စိုးရိမ်စိတ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ ကြီးစွာသော အဟန့်အတား ဖြစ်နေတာပါ။
ကျွန်မအကြိမ်ကြိမ်ပြောဖူးတဲ့ စကားအတိုင်း လူကြီးတွေဟာ ကလေးတွေကို ဘာဖြစ်စေချင်သလဲ ၊ သူတို့ဆီက ဘာလိုချင်သလဲ ၊ အဲဒီအရာကို ကိုယ်က အရင်ပေးရမှာ ဖြစ်ပါတယ်။ သူတို့ဆီမှာ ယုံကြည်မှု ကိန်းအောင်းနေစေချင်ရင် ကိုယ်တိုင်က ယုံကြည်မှုပေးလိုက်ပါ။ ကလေးဆိုတာ သူများလုပ်တာမြင်ရင် လုပ်ချင်တယ် ၊ လုပ်နိုင် မလုပ်နိုင်သေးတာတော့ သူနားမလည်သေးဘူးလေ။ ဒါပေမယ့် သူ့မှာ လုပ်ချင်တဲ့စိတ်တွန်းအားကြောင့် လုပ်ကိုင်နိုင်ဖို့ ကြိုးစားလိုစိတ်ရှိတယ်။ ကလေး ကြိုးစားလိုစိတ်ရှိနေတုန်းမှာ ကိုယ်က အထိန်းအကွပ်လေးနဲ့ နည်းမှန်လမ်းမှန် လုပ်ကိုင်ခွင့်ပေး ၊ ကိုယ့်အတွေ့အကြုံနဲ့ သင်ပြပေးမယ်ဆို ကလေးဆီမှာ မိမိကိုယ်ကို ယုံကြည်စိတ် ကိန်းအောင်းလာမှာ ဖြစ်ပါတယ်။
အဲဒီ ယုံကြည်စိတ်ကလေးက သူဘာလုပ်ချင်တယ်ဆိုတာ သူသိတယ်။ ဒီတော့ ဟိုယောင်ယောင် ၊ ဒီယောင်ယောင်နဲ့ သူများယောင်တိုင်း လိုက်မယောင်တော့ဘူး။ လိုက်မယောင်တော့ အချိန်မပုပ်ဘူးပေါ့။ သူများတွေ ဘာလုပ်ရမှန်းမသိ ယောင်နေချိန်မှာ ကိုယ်လုပ်ချင်ရာ ကိုယ်သိတဲ့အတွက် ဒီဘက်ပိုင်းကို ပိုအားစိုက် လေ့လာနိုင်တယ်။ ပင်ကိုစိတ်ဝင်စားတဲ့အပေါ်မှာ အသိပညာနဲ့ အတတ်ပညာတွေ ထပ်လောင်းထည့်လိုက်တဲ့အခါ နဂိုအရည်အသွေးကောင်းတဲ့ ကျောက်ရိုင်းဟာ စနစ်တကျ စံချိန်မီသွေးပြီး တန်ဖိုးတက်သွားသလိုမျိုးပေါ့။
သစ်တစ်ပင်ဖြစ်လာဖို့ သစ်စေ့ကလေးက စရသလိုမျိုး ယုံကြည်မှုခိုင်ခိုင်မာမာ ဖြစ်လာဖို့ဆိုရင် ကလေးလသားအရွယ်ကတည်းက ပျိုးထောင်ရမှာပါ။ ဆိုလိုတာက ဒီအရွယ်ကတည်းက သူလုပ်နိုင်တယ်လို့ သူ့ကို အားပေးရင်း ၊ ယုံကြည်မှုပေးရမှာပေါ့။ ဒီလို မျိုးစေ့ချလိုက်ရုံနဲ့ မပြီးဘဲ ကလေးကို လက်လွှတ်ဖို့ စိတ်ချရတဲ့ အခြေအနေအထိ ဆက်လက် အားပေးပြီး ယုံကြည်မှုနဲ့ ပျိုးထောင်ပေးရမှာပေါ့။
သူများလျှောစီးတာမြင်တဲ့ လမ်းလျှောက်တတ်ခါစကလေးဟာ သူလည်းလျှောစီးချင်တယ်။ ပထမ လူကြီးနဲ့အတူ လျှောစီးရင်း ဒီခံစားမှုကို ကလေးကို မိတ်ဆက်မယ် ၊ ပြီးရင် သူ့ကို လက်နှစ်ဖက်ကကိုင်ပြီး ခပ်ဖြေးဖြေး လျှောစီး ကျင့်ပေးမယ် ၊ နောက်ပိုင်းမှာ လက်မလွှတ်တလွှတ်လေးနဲ့ ဟန်ချက်ပျက်ရင် အမီထိန်းနိုင်အောင် သူ့အားသူကိုးလို့ လျှောစီးခွင့်ပေးမယ် ၊ ချော်မလဲရအောင် ဘာတွေ အဓိကထားရှောင်ရမယ် ၊ ကိုယ်အနေအထား ၊ ခေါင်းအနေအထားတွေ ထပ်ခါထပ်ခါ သင်ပေးမယ် ၊ နောင် ကိုယ်က သူဟန်ချက်ပျက်ရင် ခြေတလှမ်းကျဲကျဲ လှမ်းဖမ်းနိုင်တဲ့နေရာက အသင့်အနေအထားနဲ့ သူ့ဘာသာသူ စီးစေတဲ့အခါမှာ တနေ့တည်းမှာတင် သူ့ဘာသာ လျှောစီးတတ်သွားနိုင်တယ်။ သူ့အတွေ့အကြုံ သူယူပြီး သူ့ဘာသာ အထိန်းအကွပ်လေးနဲ့ လူကြီးမျက်စိအောက်မှာ စိတ်ချလက်ချ လျှောစီးတတ်သွားမှာဖြစ်တယ်။ လူကြီးက ဒီအဆင့်တွေကို မသင်ပေးဘဲ အရွယ်မတိုင်သေးဘူး ၊ မလုပ်သင့်သေးဘူးလို့ ခွင့်မပေးရင် ကလေးဟာ သူ့ဘာသာ လျှောစီးရတဲ့ ပျော်ရွှင်မှုကိုရဖို့ လူကြီးခွင့်ပြုချိန်အထိ စောင့်ရဦးမှာပေါ့။
ကလေးတစ်ဦးနဲ့ တစ်ဦး အရည်အချင်းကွာသွားတာဟာ ယုံကြည်မှု ပျိုးထောင်ပေးတာကနေ အများကြီး သက်ဆိုင်နေပါတယ်။ ရွယ်တူအချင်းချင်း တစ်ယောက်က ထပ်ခါထပ်ခါ ဘားတန်းခိုလိုက် ၊ လျှောစီးလိုက် လုပ်နေချိန်မှာ ကိုယ်က တစ်ယောက်တည်း လျှောစီးခွင့်မရသေးဘူး။ လူကြီးက ကျမှာစိုးရိမ်ပြီး လုပ်ခွင့်မပေးတော့ ကိုယ်တိုင်ကလည်း ကျမှာ စိုးကြောက်နေတဲ့စိတ်က မဝံ့ရဲစိတ်ကိုဖြစ်စေပြီး ဒီစိတ်ကနေ ကိုယ်လုပ်ချင်ရာ လုပ်နိုင်ဖို့ ယုံကြည်မှုမရှိ ဖြစ်စေတာပေါ့။
ကလေးတွေကို ဘားတန်းခိုခိုင်းမယ်ဆိုရင် ကလေးတွေရဲ့ အကြောအားကောင်းစေတယ် ၊ အရိုးတွေကို ခိုင်မာစေတယ်လေ။ သာမာန်ကလေးကို အကြော ၊ အရိုး အားကောင်းစေတဲ့ တန်ဖိုးကြီး အစားအစာနဲ့ ဆေးဝါးတွေ တကူးတက ကျွေးမယ့်အစား ဒီလိုလေ့ကျင့်ပေးဖို့လိုတယ်။ ကျွန်မရဲ့ သမီးဆို တစ်နှစ်မပြည့်တပြည့် အရွယ်ကတည်းက လူကြီးသူ့ခါးကထိန်းပေးပြီး ဘားတန်းခိုဆွဲခွင့်ပေးတယ်။ ဒီကနေပြီး သူ့ကိုယ်အလေးချိန် သူ မနိုင်ရင် ၊ လက်က ကိုင်နိုင်အားပျော့လာရင် ကိုယ်ပြုတ်ကျတတ်တယ်ဆိုတာ သင်ယူစေတယ်။ နောက်ပိုင်းမှာတော့ လူကြီးအကူအညီမလိုဘဲ လေး ၊ ငါးနှစ်အရွယ်တွေခိုတဲ့ ဘားတန်းတွေကို ခိုနိုင်လာပြီ။ လူကြီးက သူ့ကို စိတ်ချလက်ချ ယုံကြည်ပြပြီး နည်းမှန်လမ်းမှန် သင်ပေးရင် ကလေးရဲ့ စိတ်ဓါတ်ခွန်အား ၊ ကာယခွန်အား ၊ ဥာဏခွန်အားတွေဟာ တိုးတက် ကောင်းမွန်လာပါတယ်။ အဓိက ပဲ့ကိုင်ရှင်က ကလေးကိုထိန်းတဲ့ လူကြီးပေါ့။
ကိုယ့်ဘာသာ ယုံကြည်မှုပြည့်လာတဲ့ကလေး ၊ ကျွမ်းကျင်မှုတွေလည်း ထပ်လောင်းဖြည့်ပြီးပြီဆိုရင် သူ့သဘာဝအလျေက် ဖြစ်ပေါ်လာတဲ့ စမ်းသစ်တီထွင်လိုစိတ်တွေကို လုပ်ကိုင်ခွင့်ပေးရဦးမှာဖြစ်ပါတယ်။ စမ်းသစ်တီထွင်လိုစိတ်ဆိုတာ မရှိခဲ့ရင် ကျွန်မတို့ကမ္ဘာကြီးဟာ လျှပ်စစ်မီးဆိုတာကို မသိတဲ့ အမှောင်ခေတ်လောကထဲကနေ ဘယ်ထွက်နိုင်ဦးမလဲ။ ခေတ်ပေါ်နည်းပညာတွေ ၊ ဆေးပညာတွေ ၊ သိပံ္ပပညာတွေ အကုန်လုံးဟာ စမ်းသစ်တီထွင်လိုစိတ်ရှိသူတွေ စွန့်စားတီထွင်ခဲ့လို့ အခုလို အကျိုးကျေးဇူးတွေကို ကျွန်မတို့ ခံစားနေရတာပါ။ ကိုယ့်ကလေးဟာ စမ်းသစ်တီထွင်လိုစိတ်ရှိတယ်ဆို အဲဒီစိတ်ကိုလည်း မြေတောင်မြှောက်ပေးလို့ အားပေးရမှာပါ။
ကလေးတိုင်းလိုလိုက စူးစမ်းစိတ်နဲ့ စမ်းသစ်တီထွင်လိုစိတ်တွေ မွေကတည်းက ပါလာတတ်ကြပါတယ်။ ဒါပေမယ့် ဒီစိတ်တွေဟာ အသိတရား ရင့်သန်လာတာနဲ့အမျှ မှေးမှိန်ပျောက်ကုန်တယ် ။ ဘာကြောင့်လဲ။ မိဘက တားမြစ်ပိတ်ပင်ခဲ့လို့ ဘူးသီးအမွေးသပ်ဖြစ်ပြီး အဲဒီစိတ်ကလေးဟာ လုပ်ထုံးလုပ်နည်းတွေနဲ့ ဘောင်ခတ်ခံခဲ့ရတာပါ။ မဖြစ်သင့်ဘူး ၊ မလုပ်သင့်ဘူး ၊ မလုပ်ကောင်းဘူးဆိုတာတွေနဲ့ ပိတ်ပင်ခံခဲ့ရပြီး မိဘတွေခွင့်ပြုလို့ လုပ်ကိုင်ခွင့်ရတဲ့ (လုပ်ထုံးလုပ်နည်းဆိုတဲ့) ဘောင်ထဲမှာပဲ ကြီးပြင်းလာရာကနေ အသားကျသွားတော့ ဒီဘောင်ကိုကျော်ပြီး မတွေးတော့ဘူး ၊ မလုပ်တော့ဘူး။ ဒီတော့ စမ်းသစ်တီထွင်လိုစိတ်တွေဟာလည်း မရှိတော့ဘူးပေါ့။
ကလေးရဲ့ စမ်းသစ်တီထွင်လိုစိတ် ရင့်သန်ခိုင်မာလာဖို့ဆိုရင် လူကြီးကိုယ်တိုင်က သူ့အတွေးအခေါ်ဘက်က ဝင်တွေးကြည့်ဖို့ လိုပါတယ်။ ကိုယ်တွေးတာ အခက်အခဲအစပိုင်းကို ဦးတည်တွေးတာဖြစ်ပေမယ့် သူက အလယ်ကစတွေးနိုင်သလို အဆုံးနားကလည်း စတွေးနိုင်တယ်။ အခက်အခဲဆိုတာက တစ်မျိုးပဲခေါင်းစဉ်တပ်လို့ရတာ။ ဒါပေမယ့် အဲဒီခေါင်းစဉ်အောက်မှာ ဒီအခက်အခဲကို ဖြေရှင်းပုံ ၊ ဖြေရှင်းနည်းတွေဟာ ကိုယ်ဘယ်လို ဖြေရှင်းချင်သလဲအပေါ် မူတည်ပြီး အဖြေအမျိုးမျိုးရှိနေပါတယ်။ ဒါကြောင့် အခက်အခဲပုံစံတူ တစ်ခုတည်းမှာတင် လူအမျိုးမျိုးနဲ့ ဖြေရှင်းပုံအမျိုးမျိုး ကွဲပြားသွားပါတယ်။ ဥပမာ- ငွေလိုရင် သူများဆီကချေးမလား ၊ သူများဆီက မတရားတဲ့နည်းနဲ့ယူမလား ၊ ခိုးယူမလား ၊ ကိုယ့်ရှိတာပေါင်မလား ၊ ရောင်းမလား စသဖြင့် ငွေလိုတဲ့ခေါင်းစဉ်တခုတည်းမှာတင် ဖြေရှင်းနည်း အမျိုးမျိုးရှိတယ်လေ။
လူကြီးတွေးတာမှ မှန်တယ် ၊ ကလေးတွေးတာ မမှန်နိုင်ဘူးဆိုတဲ့ အစွဲကြီးကိုလည်း နေရာတိုင်း မထားဖို့လိုတယ်။ တခါတလေမှာ ခပ်ရှင်းရှင်းတွေးမြင်တတ်တဲ့ သူတို့ရဲ့ အတွေးအခေါ်ဟာ လူကြီးတွေထက် မှန်နေတာလည်း တွေ့ရပါတယ်။ တခါတလေ ကိုယ့်နည်းထက် သူ့နည်းက ပိုလွယ်နေတတ်တယ်။ အကြား ၊အမြင် နဲ့ အတွေ့အကြုံ ဖလှယ်ရာမှာလည်း ကိုယ်က ဒီလိုယုံကြည်လက်ခံထားပေမယ့် သူကြားမြင်တွေ့ကြုံပြီး ယုံကြည်လာတာ တစ်မျိုး ဖြစ်နေနိုင်တယ်။ ဥပမာ-ကိုယ်တွေက ကြောင်ဟာ ညောင်လို့ အော်တယ်လို့ သိထား ၊ ယုံထားပေမယ့် သူက မြောင်လို့ ကြားတယ်။ သူပြောတဲ့ ကြောင်အော်သံဟာ မြောင် ဆိုရင်လည်း သူကြားတာ မမှားပါဘူး။
လျှောဟာ ဖင်နဲ့ပဲ စီးရတယ်ဆိုပေမယ့် ခေါင်းစိုက် စီးချင်တဲ့ကလေးဟာ ခေါင်းစိုက်စီးတာပဲ ၊ တခြားကလေးဟာ ခေါင်းစိုက်စီးတာ အခက်အခဲမရှိ စီးလို့ရတယ်လို့ သူမြင်ရရင် သူလဲ စမ်းချင်လာတယ်။ မစီးနဲ့လို့ ကိုယ်ပိတ်ပင်ရင် မဖြစ်မနေ စီးချင်တဲ့ကလေးဟာ ကိုယ့်ကွယ်ရာ စီးနေမှ အောက်ပြုတ်ကျ ဇက်ထိခိုက်နိုင်တယ်လေ။ ဒီတော့ အရမ်းကြီးမဆိုးရွားလွန်းတဲ့ ကိစ္စမျိုးတွေ သူလုပ်ချင်တဲ့အချိန်မှာ ကိုယ့်ရဲ့ နည်းမှန်လမ်းမှန် အထိန်းအကွပ်နဲ့ လုပ်ခွင့်ပေးလိုက်ရုံပါပဲ။ အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားဆို ကိုယ်က အချိန်မီ ကယ်တင်နိုင်ဖို့ သတိအနေအထားနဲ့ အဆင်သင့်ရှိနေရမှာပေါ့။ ဒီလိုအန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကို အန္တရာယ်ဖြစ်ပြီး အနည်းငယ် နာကျင်ပြီးသွားမှ ကလေးဟာ သင်ယူပါတယ်။ လုံးဝ မလုပ်သင့်တဲ့ အလုပ်မျိုးဆို မလုပ်ရဘူးလို့ တားရမှာပေါ့။ ဒါဟာလည်း လူကြီးမိဘရဲ့ ခွင့်ပြုမှု အတိုင်းအတာအပေါ် မူတည်နေတာပါပဲ။
အကျဉ်းချုပ်ပြောရရင် လူကြီးမိဘရဲ့ ခွင့်ပြုမှု အတိုင်းအတာအပေါ် မူတည်ပြီး ကလေးတွေရဲ့ အရည်အချင်း ၊ ယုံကြည်မှု ၊ စမ်းသစ်တီထွင်မှုတွေဟာ အနည်းအများ ၊ လုံးဝ ရှိ ၊ မရှိ ကွဲပြားသွားပါတယ်။ မိဘတွေရဲ့ မျိုးရိုးဗီဇနဲ့ အနည်းအများ ဆိုင်နေပေမယ့် ထူးချွန်တဲ့မိဘတိုင်းရဲ့ သားသမီးက ထူးချွန်သူတွေချည်း ပေါ်ထွန်းလာတာမဟုတ်သလို သာမာန်မိဘကနေလည်း ထူးချွန်တဲ့ သားသမီးတွေ ပေါ်ထွန်းလာတတ်ပါတယ်။
ကလေးရဲ့ အရည်အချင်း ၊ ယုံကြည်မှု နဲ့ စမ်းသစ်တီထွင်မှုတွေဟာ မိဘမျိုးရိုးဗီဇ တစ်ခုတည်းအပေါ်မှာ မူတည်မနေပါဘူး။ သူ့ဘဝရဲ့ အဓိကပဲ့ကိုင်ရှင်တွေ ဖြစ်ခဲ့တဲ့ သူငယ်စဉ်က ထိန်းကျောင်းခဲ့သူ ၊ သူ့အနားက လူကြီးမိဘတွေနဲ့ ဆရာသမားတွေက သူ့ကို ဘာတွေ ၊ ဘယ်လို ယုံကြည်စေသလဲ ၊ မြှင့်တင်ပေးခဲ့သလဲ ၊ လုပ်ကိုင်ခွင့်ပေးခဲ့သလဲအပေါ် အများကြီးတည်မီနေတာပါ။ ဒါကို သိထားလိုက်တော့ သူများသားသမီးထူးချွန်သလို ကိုယ့်သားသမီး မထူးချွန်ဘူးဆိုရင် ကိုယ့်သားသမီး အသုံးမကျဘူးလို့ အပြစ်မတင်မီ ကိုယ်ကသားသမီးကို ဒါတွေဖြည့်ဆည်းပေးခဲ့သလားလို့ အရင်မသုံးသပ်သင့်ဘူးလားနော်။
ရတု (Burmesehearts.com)