class="post-thumbnail open-lightbox" href>
မိဘတွေအများစုက မိမိရဲ့သားသမီးအရင်းအချာတွေကို ချစ်ကြပါတယ်။ အဲဒီအထဲမယ် မလိုချင်ဘဲရလာလို့ ဒုက္ခပေင်လယ်ထဲ ဒုက္ခထပ်ပေးသူတွေလို့ သားသမီးကို မြင်နေသူတွေမပါဘူး။ ဖျက်မရတဲ့ အကြောင်းကြောင်းတွေကြောင့် မွေးလာခဲ့ပြီး ဒီအတွက် အပြစ်မရှိတဲ့သားသမီးကို အပြစ်တင်နေတဲ့ မိဘတွေမပါဘူး။ အရွယ်မတိုင်ခင် သားသမီးကို ခိုင်းစားနေတဲ့မိဘတွေ မပါဘူး။ အိမ်ထောင်ဘက်ကိုမုန်းတီးလို့ ဒီလူနဲ့ရလာတဲ့ သားသမီးကိုပါ အငြှိုးထား မုန်းတီးတဲ့သူတွေလည်း ဒီထဲမပါဘူး။ မိမိလိုချင်တာ တခုခုအတွက် သားသမီးကို အရင်းအနှီးတခုလို ရယူခဲ့ပြီး မေတ္တာနဲ့ဂရုစိုက်မှုတွေ မပေးသူတွေလည်းမပါဘူး။
အဟိတ်တရိစ္ဆာန်တွေပဲကြည့် မိမိသားသမီးကို မွေးဖွားသည်အထိ တာဝန်ယူပြီး မွေးဖွားပြီးနောက်မှာ နို့တိုက်ခြင်းဖြင့်သော်လည်းကောင်း ၊ အညစ်အကြေးသုတ်သင်ပေးခြင်းဖြင့်သော်လည်းကောင်း ၊ တပါးရန်တွေမှ အကာအကွယ်ပေးခြင်းဖြင့်သော်လည်းကောင်း ၊ ၎င်းဘာသာရပ်တည်နိုင်တဲ့အထိ ၎င်းတို့တပ်အပ်တဲ့ အစာရှာစားခြင်းဆိုတဲ့အတတ်ပညာ ၊ ရန်သူ့ရန်မှ ဘယ်လိုသတိထား ရှောင်ရှားရမယ်ဆိုတဲ့အတတ်ပညာ ၊ ထိပ်တိုက်တွေ့ရင် နောက်ဆုံးချိန်အထိ ဘယ်လိုခုခံသွားရမယ်ဆိုတဲ့ ပညာတွေကို သင်ပေးကြတယ်။ ဒါဟာ မိဘတွေ လုပ်ကိုလုပ်ရမယ့် သဘာဝတရားက ပေးအပ်တဲ့တာဝန်။
တရိစ္ဆာန်တွေကျတော့ သူ့ဘာသာသူ အစာရှာနိုင်တာနဲ့ သားသမီးနဲ့မိဘ ရင်းနှီးမှုမျိုး ၊ ဆက်လက်ပတ်သက်ဆက်ဆံမှုမျိုး ၊ တစ်ဦးနဲ့တစ်ဦး ဆက်လက်ချစ်ခင် ဂရုစိုက်တာမျိုးတွေမရှိတော့ဘူး။ တချို့တိုးတက်တဲ့နိုင်ငံတွေမှာလည်း မိဘတွေက သားသမီးတွေ (၁၆)နှစ်ပြည့်ပြီဆို အိမ်ကနှင်ချပြီး သူ့ဘဝသူရပ်တည်ခိုင်းတာမျိုး ၊ သားသမီးတွေကလည်း အသက်ပြည့်တာနဲ့ အိမ်ကထွက်ခွဲနေပြီး ရပ်တည်တာမျိုး ၊ သားသမီးမိဘဆက်ဆံရေးဟာ နေ့ထူးရက်ထူးတွေမှာပဲ ရံဖန်ရံခါ တွေ့ဆုံမှုထက်မပိုတော့ဘူး။ ဒီဘက်ခေတ်မှာ ဖုန်းတွေအင်တာနက်တွေ ခေတ်စားလာတော့ အလုပ်ရှုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒီလိုနေ့ထူးရက်ထူးတွေမှာတောင် တွေ့တာမျိုးတွေ မရှိတဲ့အထိဖြစ်လာတယ်။ ဒီ့ထက်ဆိုးတဲ့ ဆက်ဆံရေးမှာတော့ မိဘနဲ့ သားသမီး မခေါ်မပြော မိဘတွေဘာဖြစ်လို့ ဖြစ်မှန်းမသိ ၊ သားသမီးတွေ ဘာဖြစ်လို့ ဖြစ်မှန်းမသိ ၊ မသိချင်စိတ်တွေနဲ့ နေထိုင်ကြတာပဲ။ ၎င်းတို့အကြားမှာ လိုအပ်နေတာဟာ နက်ရှိုင်းလွန်းတဲ့ မေတ္တာတရားပါ။
စစ်မှန်တဲ့ မေတ္တာတရားဟာ ချစ်ခင်မှု ၊ ဂရုစိုက်မှု ၊ တိုးတက်စေလိုမှု ၊ ကာကွယ်ပေးလိုမှုတွေနဲ့ တန်ဆာဆင်ထားတယ်။ ရယူလိုမှုတွေနည်းတယ်။ သူ့ဘက်က မရရင်တောင်မှ ကိုယ့်ဘက်က ပေးမြဲပေးနိုင်တယ်။ အဲဒီမေတ္တာတရားကို မိဘတွေအများစုမှာ တွေ့ရတယ်။ ကိုယ်တိုင် ဒီလိုချစ်ခြင်းမေတ္တာတရားတွေနဲ့ နေထိုင်တယ်ဆိုရင် ကိုယ့်မှာ အလွန်တရာ မွန်မြတ်တဲ့ စစ်မှန်သော မေတ္တာတရားတွေရှိနေပြီ။ ဒီလိုရှိနေပြီဆိုရင် မိမိချစ်တဲ့သူကို ဒီသိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာတရားကို တန်ဖိုးထားတတ်ဖို့ သင်ပေးသင့်တယ်လို့ ကျွန်မထင်တယ်။ ဘာဖြစ်လို့လဲဆို လူတိုင်းဒီလို မချစ်တတ်ကြတာမို့ ဒီလိုချစ်တတ်တဲ့သူကို ဆုံးရှုံးရတဲ့သူဟာ ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုကို ကြုံလိုက်ရတာပဲ။
ဒီလိုချစ်တတ်တဲ့သူကို ဆုံးရှုံးလိုက်တာဟာ မိမိကို တကယ့်မေတ္တာစစ်နဲ့ မိမိတဘဝလုံး မေတ္တာပေးနိုင်တဲ့သူ ၊ မိမိကိုအမြဲဂရုစိုက်မယ့်သူ ၊ မိမိကို အတတ်နိုင်ဆုံး အကာအကွယ်ပေးမဲ့သူ ၊ မိမိကို မနာလိုမရှိဘဲ အမြဲတိုးတက်စေလိုတဲ့သူကို တဘဝစာဆုံးရှုံးလိုက်ရတာပဲနော်။ တန်ဖိုးဖြတ်လို့မရတဲ့ ဆုံးရှုံးမှုကြီးမို့ မိမိချစ်တဲ့သူ ဒီလိုဆုံးရှုံးမှုမျိုးမကြုံတွေ့အောင် မေတ္တာရဲ့နက်ရှိုင်းမှုဆိုတာ ကိုယ့်ချစ်သူကို သင်ပေးရမယ့်တာဝန်ဟာ ကိုယ့်တာဝန်ပါပဲ။
ခုချိန်ထိ မြန်မာနိုင်ငံမှာ မိဘနဲ့ သားသမီးကြား မှားယွင်းတဲ့ အယူအဆတွေ ရှိသေးလား ကျွန်မ မသိပါဘူး။ ကျွန်မမိဘတွေကို အဖိုးအဖွားတွေက သားသမီးကိုချစ်ရင် သူတို့ကို ချစ်ကြောင်းမပြရဘူး ။ မပြောရဘူး။ ရောင့်တက်ပြီးဆိုးလာတတ်တယ်။ ကိုယ့်သားသမီးကို ချစ်လို့နမ်းရင်တော့ သူအိပ်ပျော်နေတဲ့အချိန်ပဲနမ်းတဲ့။ ဒါဟာ လုံးဝမှားယွင်းတဲ့ အယူအဆကြီးလို့ ကျွန်မပြောချင်တယ်။
ဒီအယူအဆကြီးအမှန်လို့ မှတ်ယူအသုံးပြုခဲ့တဲ့ ကျွန်မ မိဘတွေဟာ ကျွန်မကို သူတို့ချစ်ကြောင်း မပြောခဲ့ဖူးဘူး။ ကျွန်မသိတတ်တဲ့အချိန်ကစလို့ ဖက်တာ ၊ နမ်းတာတွေ မပြုမူခဲ့ဖူးဘူး။ သားသမီးနားဝင်အောင် ချိုသာတဲ့စကားလုံးတွေ မဆိုခဲ့ဖူးဘူး။ ဆူစရာရှိဆူတယ်။ ရိုက်စရာရှိရိုက်တယ် ။ ကျွေးစရာရှိကျွေးတယ်။ သားသမီးနဲ့မိဘကြားက နွေးထွေးမှုဟာ ဒီလောက်ပဲရှိခဲ့တယ်။ ကျွန်မ(၁၃)နှစ်သမီးမှာ အဖေဆုံးသွားခဲ့တယ်။ အဖေဆုံးသွားသည့်တိုင်အောင် ကျွန်မမှတ်ဥာဏ်ထဲ အဖေ့ကိုဖက်တာ ၊ နမ်းရှုံ့တာ၊ အဖေနဲ့ တွတ်တီတွတ်တာပြော ရယ်မောခဲ့တာတွေ မရှိခဲ့ဘူး။
ကိုယ့်မျက်စိရှေ့ သူများအဖေတွေ ကိုယ့်သားသမီးချီပိုးသွားတာမျိုး ၊ နမ်းရှုံ့နေတာမျိုး ၊ ရယ်မောပျော်ရွှင်နေတာမျိုးမြင်ရင် ဝမ်းနည်းမိတယ်။ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုကြီးကို ကျွန်မတသက်စာ ဆုံးရှုံးခဲ့တာ။ ဘာနဲ့လဲယူယူ မရနိုင်တော့တဲ့အရာပဲ။ ဒါကြောင့် ကျွန်မသမီးလေးကို သူ့အဖေနဲ့ နွေးနွေးထွေးထွေး နေကျင့်ရှိအောင်လို့ ရုံးပိတ်ရက်တွေ ကျွန်မအိမ်မှုကိစ္စနဲ့ မအားချိန်တိုင်း သူ့ပဲ တာဝန်ယူထိန်းခိုင်းတယ်။ အပြင်သွားတိုင်းလည်း သူ့ပဲချီပိုးထိန်းခိုင်းတယ်။ မိသားစု ကစားနည်း အထွေထွေနဲ့ အိမ်ထဲမှာ နွေးထွေးတဲ့ဆက်ဆံရေးကို ဖြစ်စေတယ်။ အတူနွေးနွေးထွေးထွေး အချိန်ကုန်ဆုံးလေ့ရှိမှ နွေးထွေးမှု မေတ္တာတရားကို နှစ်ယောက်စလုံးနားလည်မှာ။
မိဘမျိုးရိုးမှာ မိရိုးဖလာဖြစ်လာခဲ့တဲ့ မိဘနဲ့သားသမီးကြား ဒီလိုခပ်စိမ်းစိမ်းနေတတ်တဲ့ ကျွန်မမိခင်နဲ့ကျွန်မ နွေးထွေးမှုဆိုတာကို အမေစိတ်ဒုံးဒုံးချလိုက်တဲ့ အသက်(၇၀)ကျော် ကျွန်မအသက်(၃၀)နီးပါးမှ ကျွန်မစကားကို နားဝင်လာတာ။ ဒီလိုနဲ့ သားအမိကြားနွေးထွေးမှုကို (၁၀)နှစ်လောက် နှစ်ရှည်ကြာ ပြန်တည်ဆောက်လာခဲ့တာ နှစ်ဦးဆက်ဆံရေး နွေးထွေးမှုရှိလာပေမယ့် ဖက်လှဲတကင်း နမ်းရှုံ့တာမျိုးတော့မရှိဘူး။ အသက်တွေကြီးလာခဲ့ပြီလေ။
ကျွန်မအမေ့ပါးကို နမ်းဖူးပေမယ့် ဘယ်လိုမှန်းမသိတဲ့ခံစားမှုကြီးနဲ့ နွေးထွေးမှုဆိုတာ ပျောက်နေတယ်။ နှစ်ခါ ၊ သုံးခါ နမ်းဖူးပြီးတဲ့နောက် ဒီနွေးထွေးမှုကို ကျွန်မ မရှာဖွေတော့ဖို့ ဆုံးဖြတ်လိုက်ရတယ်။ အေးစက်မှုတွေ နှစ်(၃၀)လောက် အနည်ထိုင် လုံးဝအသားကျပြီးမှ ရုတ်တရက် နွေးထွေးမှုလိုချင်တယ် ၊ ပေးပါဆိုလို့ ဘယ်လိုပေးရမှန်းမသိသူနဲ့ ဘယ်လို လုပ်ယူရမှန်းမသိသူအကြားက ကွာဟမှုကြီးကို ဒီအတိုင်းပဲထားလိုက်ရင်း မိမိရဲ့ သားသမီး ဝတ္တရားရှိတဲ့အတိုင်း ပြုစုစောင့်ရှောက်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။ မရနိုင်တော့တဲ့အရာကို ရှာဖွေလုပ်ယူနေရင် နှစ်ယောက်စလုံး စိတ်ပင်ပန်းကြမှာပေါ့နော်။
ဒါကြောင့် ခံစားမှုတွေ အသားသေပြီး လုံးဝအေးစက်မသွားခင် ကျွန်မတို့ဟာ ကိုယ်ချစ်တဲ့သူကို နွေးထွေးမှုတွေပေးရမယ် ။ သူ့ကိုကိုယ်ချစ်သလောက် သူ့ပျော်ရွှင်မှု ၊ လိုအပ်မှုတွေကို ဂရုလည်း စိုက်ရမယ်။ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမယ်။ ကာကွယ်ပေးရမယ်။ ဒီလို ကိုယ်လုပ်ပေးနေတာ ၊ ကိုယ်သူ့အပေါ် ဘယ်လောက်ချစ်တယ်ဆိုတာကိုလည်း သူနားလည်အောင် ထပ်ခါ ထပ်ခါ ပြောပြရမယ်။ ကိုယ့်ချစ်ခြင်းမေတ္တာကို သူနားလည် ခံစားတတ်ပါမှ ကိုယ်ပေးတဲ့အရာတွေကို သူပြန်ပေးရကောင်းမှန်းသိမှာ။
မိဘကို ချစ်တဲ့သားသမီးဟာ မိဘသူ့ကို ဘာတွေ ဘယ်လို လုပ်ပေးခဲ့တယ်ဆိုတာကို သိနားလည်ပြီး မိဘတွေ မစွမ်းနိုင်တော့တဲ့အချိန်မှာ ဒီလိုမျိုးတွေ ပြန်လုပ်ပေးဖို့တာဝန် သူ့မှာ အပြည့်ရှိတယ်ဆိုတာကိုလည်း နားလည် သဘောပေါက်သင့်တယ်။ ကျွန်မဆို ကျွန်မသမီးလေးကို ကြုံရင်ကြုံတိုင်း သူမမှတ်မိတဲ့ ကလေးအရွယ်မှာ အမေဟာ သူ့ကို ဘာတွေ ဘယ်လိုလုပ်ပေးခဲ့ပြီး ဘယ်လို ပြုစုစောင့်ရှောက်ပေးခဲ့တယ်ဆိုတာကို ပြန်ပြောပြလေ့ရှိတယ်။ ကလေးဘဝက မှတ်ဥာဏ်ဟာ ကြီးလာရင် လုံးဝမေ့သွားတာမျိုးတော့ မဟုတ်ဘူး။ အချို့ဟာတွေက မှတ်ဥာဏ်မှိန်ပျောက်နေတာ။ ပြန်ဖော်ပေးရင် သူမှတ်မိကြောင်း ပြန်ပြောပြတယ်။
ကိုယ့်ကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုပြုစုဂရုစိုက်ခဲ့တယ်ဆိုတာ နားလည်နေတဲ့ သမီးလေးဟာ အမေ နေမကောင်းဘူးဆိုရင် စောင်ခြုံပေးရတာနဲ့ ၊ နှိပ်နယ်ပေးရတာနဲ့ ၊ အစားအသောက်တွေ ပြင်ဆင်ပေးတာနဲ့ ၊ ဆေးသောက်ဖို့ ရေအဆင်သင့် ၊ တစ်ရှူးအဆင်သင့် ဘာလိုတယ်ပြောလိုက်ရင် ချက်ချင်း ၊ အမေနေမကောင်းလို့ အိပ်နေရင် အမေ့အိပ်ခန်းစောင့်ပေးပြီး အဖွားနဲ့ အဖေကို အမေလန့်နိုးသွားမစိုးလို့ တရှူးရှူးနဲ့ သိတတ်နေလိုက်တာ အသက်(၆)နှစ်ဝန်းကျင်လောက်က စမယ်ထင်တယ်။ မခိုင်းပဲ စိတ်စေတနာကောင်းကောင်းနဲ့ အကောင်းဆုံး လုပ်ပေးချင်စိတ်ဟာ မေတ္တာတရားရဲ့ စေ့စော်မှုကြောင့်ပါ။ ခုဆို သမီးလေးဟာ မိဘမေတ္တာကို ကောင်းကောင်းနားလည်ပြီး မိဘအပေါ်လည်း သူတတ်နိုင်သလောက် ချစ်ခြင်းမေတ္တာ ပြန်ဖော်ကြူးနိုင်ပါပြီ။ ဒီ့ထက် ပိုသိတတ်လုပ်ပေးတာလေးတွေရှိပေမယ့် ဒီလောက်ဖော်ပြရုံနဲ့ တော်ပြီပေါ့နော်။
ကျွန်မရဲ့သမီးလေးကို ကျွန်မလို ဘယ်လိုမှပြန်မရနိုင်တော့တဲ့ နွေးထွေးမှုကြီး မဆုံးရှုံးစေချင်ဘူး။ လူ့ဘဝသက်တမ်းဟာ တိုတိုလေး ကျွန်မနောင်တတွေနဲ့ မသေချင်ဘူးလေ။ ကိုယ်ပေးနိုင်သလောက်ကို ပေးခဲ့မယ်။ သင်ပေးနိုင်တာတွေကိုလည်း သင်ပေးခဲ့မယ်။ စစ်မှန်တဲ့ မေတ္တာတရားဆိုတာ ငွေတွေ ၊ အာဏာတွေနဲ့ ဝယ်ယူလို့မရဘူး။ ဝယ်လို့ရတယ်ထင်ရင် အဲဒါတွေကိုကြိုက်တဲ့ မေတ္တာတုပဲဖြစ်မယ်။
အဲဒီနောက်မှာတော့ သမီးလေးကို မိအိုဖအိုကိုလုပ်ကျွေးရင်း ကျေးဇူးဆပ်ပြီး မိမိရဲ့ အမယ်မပြောက်သေးတဲ့ ငှက်ပေါက်လေးတွေအတွက် ၊ နောက်အစာမရှာနိုင်တော့တဲ့ ငှက်အိုတွေကို အလုပ်အကျွေးပြုနေတဲ့ ဘုရားလောင်းငှက်ပုံအကြောင်းကို ပြောပြခဲ့တယ်။ လူဖြစ်လာတဲ့ ကျွန်မတို့မှာ ကြွေးဟောင်းဆပ်ဖို့ တာဝန်ရှိသလို ကြွေးသစ်ချဖို့လည်း တာဝန်ရှိတယ်။ ဒါမှ လူပီသစွာနေထိုင်ခြင်းဖြစ်မယ်လို့ ကျွန်မသမီးလေးကို သင်ပေးခဲ့ပါတယ်။
စာဖတ်သူဟာ သားသမီးရှိတဲ့ မိဘတွေဖြစ်နေမယ်ဆို ကိုယ်တိုင်လည်း ကလေးငယ်တုန်း နွေးထွေးမှုပေးဖို့ သတိရကြပါ။ ကျွန်မဟာ မိဘဆီက နွေးထွေးမှုတွေ အလပ်ခံခဲ့ရတဲ့သူတစ်ယောက် တကယ်ဖြစ်ခဲ့တာမို့ အပြစ်တင်ခြင်းကင်းတဲ့ ရေးသားခြင်းနဲ့ ကျွန်မရဲ့ အဖြစ်မှန်ကို နမူနာယူပြီး ထပ်တူအမှားတွေ မလုပ်မိကြဖို့ပါ။ ကျွန်မ ကလေးတိုင်းကို နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်စေချင်တယ်။ ကျွန်မ မရခဲ့တာတွေကို သူတို့ကို အမှန်တကယ်ရစေချင်မိတယ်။ သူတို့ကို လစ်ဟာနေမှန်းသိရက် ပြန်ဖြည့်လို့မရတဲ့ ကွက်လပ်ကြီး ရင်ထဲမှာမရှိနေစေချင်ဘူး။
ဒီစာလေးဖတ်ပြီး အကျိုးရှိ ၊ မရှိဆိုတာ စာဖတ်သူရဲ့အမြင်ကို ကြားချင်မိတယ်။ နောင်ပို့စ်တွေမှာ ထပ်တွေ့ကြတာပေါ့။ မေတ္တာတရားရဲ့ နွေးထွေးမှုအောက်မှာ ချစ်ခင်ခြင်း ၊ ကြင်နာဂရုစိတ်ခြင်း ၊ နွေးထွေးခြင်း ၊ သိတတ်ခြင်း ၊ ကာကွယ်ပေးခြင်း ၊ တာဝန်ယူခြင်းတို့ဖြင့် ငြိမ်းအေးကြစေဖို့ ဆုမွန်ကောင်းတောင်းရင်း
ရတု (Burmesehearts.com)
သိမ်မွေ့နက်ရှိုင်းသော မေတ္တာတရားမတိုင်မီ
မတိုင်မီ ကျွန်မသမီးလေး အသက်တစ်နှစ်အောက်အရွယ်ကစလို့ တစိုက်မတ်မတ်နဲ့ အောက်ဖော်ပြပါသုံးချက်ကို အသားသေအောင် ၊ အခြေကောင်းကောင်း ခိုင်မာအောင် လေ့ကျင့်သင်ကြားပေးခဲ့တယ်။
(၁)ကိုယ်ချင်းစာစိတ် (မဖတ်ရသေးသူတွေ https://bit.ly/2x1OFKt မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)
(၂) အာရုံစူးစိုက်ပြီးလုပ်ကိုင်တတ်ကျင့် (မဖတ်ရသေးသူတွေ https://bit.ly/3eQ3Mrc မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)
(၃)အချိန်နဲ့လူအင်အားမဖြုန်းတီးဖို့ (မဖတ်ရသေးသူတွေ https://bit.ly/3cNrDpT မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)
(၄)ဝေမျှခြင်းအနုပညာ (မဖတ်ရသေးသူတွေ https://bit.ly/2Y5LL2r မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)