ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၆)

တကိုယ်ရည်ပျော်မွေ့ခြင်း

0

                                                                           သမီးလေး အိမ်မှာစန္ဒယားတီးနေပုံ

အမြွှာတွေကလွဲရင် အများစုဟာ တကိုယ်ရည်မွေးဖွားလာခဲ့ကြတာပါ။ ကိုယ်တွေဆုံးပါးတဲ့အခါဆိုရင်လည်း အစုလိုက်အပြုံလိုက် တိုက်ဆိုင်တာမျိုးမဟုတ်ရင် တကိုယ်ရည် ထွက်သွားရတာပါ။ ဒါပေမယ့် ကျွန်မတို့ဟာ တကိုယ်ရည်ဆိုတဲ့ အသုံးအနှုန်းနောက်မှာ အထီးကျန်ခြင်းဆိုတာကို တံဆိပ်ကပ်တတ်ကြပါတယ်။ ဒါကြောင့်မို့လို့လည်း တကိုယ်ရည်အထီးကျန်မှာ ကြောက်ရွံ့တတ်ကြပါတယ်။

တကယ်ဆို တကိုယ်ရည်ပျော်မွေ့တတ်ရင် ကျွန်မတို့ဟာ အထီးကျန်မှာမကြောက်တော့ဘူး။ မှန်ရာ ပြောဆိုလုပ်ကိုင်လို့ အသိုင်းအဝိုင်းက ဝိုင်းပယ်မှာကိုလည်း မကြောက်တတ်တော့ဘူး။ မနာလိုသူတွေဝိုင်းပယ်ထားမှာလည်း မကြောက်ဘူး။ဘယ်လိုအခြေအနေတွေကြုံကြုံ တကိုယ်ရည် ရင်ဆဲရဲမယ်ဆို နောက်ဆုံးခရီးဖြစ်တဲ့ သေရမှာကိုတောင် မကြောက်တော့ဘူး။

အများညီလျှင် ဤ ကို ကျွဲ ဖတ်လိုဖတ် ၊ ဝါးလုံးဟာ ဝါးခြမ်းဖြစ်ပြီး ဝါးခြမ်းဟာ ဝါးလုံးအဖြစ် သတ်မှတ်နေကြရင် ကိုယ်နဲ့အမြင်မတူသူကြား ကိုယ်ဟာ တဖြည်းဖြည်းနဲ့ သူတို့စည်းအပြင် ရောက်မှန်းမသိရောက်ရင်း  ကိုယ်နဲ့အမြင်တူတဲ့သူတွေ မတွေ့မချင်း ကိုယ်ဟာ တကိုယ်တည်း ဖြစ်နေနိုင်ပါတယ်။

အပင်မြင့်လေ လေတိုက်လေဆိုသလို တပင်တည်း ထီးထီးကြီး ထန်နေတဲ့လေစိမ်းတွေကို ကြံ့ကြံ့ခိုင်ရင်း ပျော်ရွှင်စွာ နေထိုင်သွားနိုင်သရွေ့ အထီးမကျန်ဘူးလေ။ ကိုယ်ဟာ အမြင့်ကြီးမှန်းထားရင် ကြုံလာမယ့် အထီးကျန်ခြင်းဆိုတာကို မကြုံအောင် ၊ တကိုယ်တည်းလည်း ပျော်မွေ့နိုင်အောင် အရင်လေ့ကျင့်ထားရမယ်လို့ ကျွန်မကယူဆတယ်။ အရမ်းအောင်မြင်ကျော်ကြားပြီး ၊ အချမ်းသာဆုံးဆိုတဲ့သူတွေဟာ တကိုယ်ရည်တည်း မပျော်နိုင်ရင် ပိုလို့စိတ်ဖိစီးတတ်ကြတယ်။

မွေးကတည်းက တစ်ဦးတည်း ၊ နောက်ထပ်လည်း ကလေးမယူတော့ဖို့ ဆုံးဖြတ်ထားခဲ့တဲ့အတွက် တစ်ဦးတည်းသော သမီးလေးကို တကိုယ်ရည်မွေ့ပျော်တတ်အောင် သင်ပေးဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ ဘာအကြောင်းကြောင့်နဲ့ တကိုယ်တည်းဖြစ်နေနေ အထီးကျန်ခံစားမှွုေမဝင်ဘဲ တကိုယ်ရည်ပျော်မွေ့တတ်ဖို့လိုတယ်။

တကိုယ်ရည်ပျော်မွေ့တတ်ဖို့ဆိုတာ မိမိစိတ်အာရုံတွေ ပျင်းရိငြီးငွေ့နေတာမျိုးတွေ ၊ တောင်တွေးမြောက်တွေးနဲ့ ဝမ်းနည်းစိတ်တွေ ဝင်မလာအောင် နေထိုင်တတ်ဖို့လိုတယ်။ အကောင်းဆုံးကတော့ တကိုယ်ရည်ရှိနေချိန်တွေမှာ ကိုယ်ဝါသနာပါရာလုပ်ကိုင်ရင်း အချိန်တွေကုန်ဆုံးသွားဖို့ ၊ ဒီလိုလုပ်ကိုင်နေရင်းပျော်မွေ့တတ်ဖို့လိုတယ်။ ဒီတော့ ဝါသနာပါရာကို အရင်ရှာဖွေရမယ်။

လူတိုင်းမှာ ဝါသနာဆိုတာ တစ်ခုတည်းသီးသန့်မျိုးတော့ ရှိနေတာမျိုးမဟုတ်ဘူး။ အပြင်သွားရင် ဘာလေးလုပ်နေရတာ ၊ ကြည့်နေရတာ ၊ ဘယ်ကိုသွားလာရတာ ဝါသနာပါတယ်ဆိုတာမျိုးရှိသလို အိမ်ထဲမှာရှိနေရင် ဘာလေးလုပ်ချင်တာ ၊ အားကစားဆို ဘာလေးလုပ်ရတာ သဘောကျတာ ၊ ကြည့်ရတာသဘောကျတာ ၊ အခြားအရာတွေကိုလည်း ကိုယ့်အကြိုက်တွေ သိဖို့လိုတယ်။ ဒါတွေသိပြီး ကိုယ်တစ်ယောက်တည်းရှိနေချိန်တွေမှာ ကိုယ်ကြိုက်တာတွေ တခုပြီးတခု လုပ်နေမယ်ဆိုရင် အချိန်တွေကုန်တာလည်း မသိဘူး။ အထီးကျန်တယ်ဆိုတာလည်း မရှိဘူး။

အထူးသဖြင့် ကလေးအရွယ်ငယ်ငယ်ကတည်းက သူဝါသနာပါရာကိုသိပြီး သူဝါသနာပါရာလေးတွေထဲက ကောင်းတဲ့ အလေ့အကျင့်တွေကို ပိုသိအောင် သင်ယူခွင့်ရအောင် အခွင့်အရေးပေးလိုက်မယ်ဆိုရင် သူဝါသနာပါရာကို ဆက်လေ့လာရင်း လုပ်ကိုင်ရင်းနဲ့ သူအလုပ်ရှုပ်အောင် အလုပ်ပေးထားလို့ရတယ်။

ကျွန်မ သမီးလေး အနုပညာဝါသနာပါတာကို သူလသားအရွယ်ကတည်းက သတိထားမိတယ်။ (၃)နှစ်သမီးလောက်မှာ သူဇာတိတွေစပြပြီး ကိုယ်ပိုင်စတိုင်နဲ့ သူ့ဟာသူ ထွင်လုပ်ဆိုတာ ၊ တီးတာလေးတွေတွေ့လာရတယ်။ (၄)နှစ်သမီးအရွယ်မှာတော့ စန္ဒယားအတီးသင်တာကို အပ်လိုက်တယ်။ ကလေးဟာကြိုးကြိုးစားစားနဲ့ ထူးချွန်လို့ဆက်လေ့လာစေတယ်။ (၅)နှစ်သမီးအရွယ်မှာ Vocal Training စမ်းအပ်ကြည့်တယ်။ စန္ဒယားလောက် မတိုးတက်လာတာနဲ့ (၄)လလောက်ထားပြီး စန္ဒယားကိုပဲ ဦးစားပေးသင်တယ်။ လေ့ကျင့်စေတယ်။

အားကစားဆိုလည်း (၅)နှစ်သမီးမှာ စက်ဘီးကောင်းကောင်းစီးတတ်နေသလို (၆)နှစ်မှာ စကိတ်နဲ့ ရေကူးလည်းကျွမ်းနေပြီ။ ကျောင်းစာ ၊ စန္ဒယား ၊ ပန်းချီ ၊ အက ၊ ပြင်ပဗဟုသုတ ၊  အားကစားတွေနဲ့ တခုပြီးတခု တတ်မြောက်လုပ်ကိုင်နေနိုင်တော့ သူ့မှာ ပျင်းတဲ့အချိန်မရှိဘူး။ ဒါတွေဟာ တွန်းအားပေး တက်ခိုင်းတာမျိုး တခုမှမရှိဘူး။ သူဝါသနာပါတာတွေချည်းပဲ။ သူနဲ့အတူ မိသားစုလည်း အတူတူလုပ်ကိုင်ရင်းပျော်ပါးလို့ရတယ်။

သူတို့ဝါသနာပါရာနဲ့ အလုပ်တွေရှုပ်နေရခြင်းရဲ့ အားသာချက်တခုက စိတ်မလေတာ။ အသက်(၁၀)နှစ်အောက်မှာ ကလေး စိတ်လေခြင်း ၊ မလေခြင်းဟာ မသိသာပေမယ့် အသက်(၁၀)နှစ်ကျော်လာတဲ့ ဆယ်ကျော်သက်တွေ စိတ်လေတယ်ဆိုတာ ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး။

စိတ်လေတော့ ဘာလိုနေမှန်းမသိ ၊ ဘာလုပ်ချင်လို့ လုပ်ချင်မှန်းမသိပဲ မပျော်။ ဒီကြားထဲ ကျောင်းစာတွေက အတန်းကြီးလာတာနဲ့ဖိစီး ၊ မိဘတွေမျက်စိထဲမှာ ကိုယ့်ကို အချိုးမကျလို့ဆူပူရင် အိမ်မှာမနေချင်။ အိမ်မှာမနေချင်တော့ ကိုယ်လိုပဲ စိတ်လေနေတဲ့ သူငယ်ချင်းတွေစုပြီး အပြင်မှာ ပျော်ရာရှာ ဂိမ်းဆိုင်ရောက်လိုရောက် ၊ ပန်းခြံရောက်လိုရောက် ၊ ရုပ်ရှင်ထဲရောက်လိုရောက် ၊ အဖော်ကောင်းရင် အတတ်ဆန်းလေးတွေထွင်ပြီး မဟုတ်တာတွေ စုလုပ်မိကြရင်း လမ်းမှားရောက်တတ်ကြတယ်။ ဒါဟာ စိတ်လေခြင်းရဲ့ဆိုကျိုးတွေပဲ။

ဒါကြောင့် စိတ်လေနေချိန်မရှိအောင် ၊ ကိုယ်ဝါသနာပါရာတွေနဲ့ လုပ်ကိုင်ရင်း ကလေးတွေ အလုပ်ရှုပ်နေကျင့် သူတို့ ငယ်ငယ်ကတည်းက ကျင့်ပေးထားသင့်တယ်။ ကိုယ်ဝါသနာပါရာ လေ့လာရင်း လုပ်ကိုင်ရင်း တလိုင်းမဟုတ် ၊ တလိုင်းမှာ ထူးချွန်သွားနိုင်တယ်။ အနည်းဆုံး သူဟာ ဝါသနာပါရာတွေလုပ်ကိုင်ရင်း အလုပ်ရှုပ်နေတော့ စိတ်လေချိန်မရှိဘူး။ ဒါတွေလုပ်ရင်း ပျော်နေတာဆိုတော့ စိတ်ချရတာပေါ့။

ခုလို ကျောင်းတွေပိတ်ထားပြီး အပြင်ထွက် အပျော်ရှာဖို့ မဖြစ်နိုင်တဲ့အချိန်မျိုးတွေမှာ ဝါသနာပါရာတွေ လုပ်ကိုင်ရင်း အလုပ်တွေရှုပ်နေတတ်တဲ့ကလေးဟာ မိဘတွေကို ဝန်ပိုမဖြစ်စေဘူး။ အပြင်ထွက်သွားလာလုပ်ကိုင်လို့မရပေမယ့် အိမ်ထဲမှာလုပ်ကိုင်လို့ရတဲ့ နေ့စဉ်လုပ်ကိုင်နေကျ အသူဝါသနာပါရာလေးတွေက သူ့ကို မပျင်းရအောင် အဖော်ပြုပေးတယ်။ မိဘကိုလည်း သက်သာစေတယ်။

ဒါကြောင့် ကလေးငယ်စဉ်ကတည်းက သူဝါသနာပါရာ ကောင်းတဲ့အလေ့အကျင့် ၊ ကျန်းမာစေတဲ့ အလေ့အကျင့်တွေဆို သင်ယူတတ်မြောက်ခွင့်ပေးလိုက်ပါ။ ပြီးရင် အခါအားလျော်စွာ အပတ်စဉ် သို့မဟုတ် နေ့စဉ်လေ့ကျင့်တတ်တဲ့ အကျင့်လေးလုပ်ထားပါ။ အိမ်တွင်းအိမ်ပြင် တစ်ကိုယ်တည်း ဝါသနာပါရာလေးတွေနဲ့ ပျော်အောင်နေထိုင်တတ်ဖို့ လေ့ကျင့်ပေးထားမယ်ဆိုရင် တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ဖြစ်နေမှာပါ။

ရတု (Burmesehearts.com)

You might also like