ကလေးသူငယ်တို့တွင် အကျင့်ဆိုးများ ဘာကြောင့်ဖြစ်ရတယ်

0

ကလေးတွေရဲ့ အကျင့်ဆိုးတွေဟာ ဘယ်ကစသလဲ။ အကျင့်ဆိုးပဲဖြစ်ဖြစ် ၊ အကျင့်ကောင်းပဲဖြစ်ဖြစ် အလေ့အကျင့် လုပ်လာရာကနေ လုပ်နေကျအကျင့်ကြီးအဖြစ် အကျင့်ပါသွားတာဖြစ်ပါတယ်။ ဒါဆိုရင် အကျင့်ဆိုးဘာကြောင့်ဖြစ်တယ်ဆိုတာ အရင်မလေ့လာခင် ဘယ်အရွယ်ကနေ ဘာကြောင့် ကလေးတွေဟာ မတူတဲ့ အလေ့အကျင့်တွေ ဝင်လာရသလဲ အရင်လေ့လာရအောင်ပေါ့။

ကလေးတွေဟာ သဘာဝအရ အရွယ်အလိုက် အမူအကျင့်တွေ အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာ လသားကလေးတွေဟာ လက်မလေးစုပ်နေတတတ်တာမျိုး ၊ ဒီ့ထက်တဆင့် ကြီးလာတဲ့အရွယ်မှာ ခြေမဖမ်းစုပ်တာမျိုး ၊ နှစ်နှစ်ကျော်လာပြီဆိုရင် လက်သည်း ၊ ခြေသည်း ကိုက်တတ်တဲ့အကျင့် ၊ နှာခေါင်းထဲ လက်ထည့်တဲ့အကျင့် စသဖြင့်သော အကျင့်တွေဖြစ်ပါတယ်။ ဒါတွေဟာ အစပိုင်းမှာ အရွယ်အလိုက်ဖြစ်နေတာမို့ ပြုပြင်ပြောင်းလဲပေးရင်းကနေ ပျောက်သွားတာမျိုး လုပ်လို့ရပါတယ်။

ဒီလို အသက်အရွယ်အရ သဘာဝအလျောက် ပြောင်းလဲဖြစ်ပေါ်လာတဲ့ အမူအကျင့် အများစုဟာ တစ်နှစ်လောက်ကာလအတွင်းမှာ ပျောက်သွားတတ်တာဖြစ်ပြီး ကလေး ၂၀ ရာခိုင်နှုန်းလောက်ကတော့ ဒီလိုအမူအကျင့်တွေ ကျန်ခဲ့တာမျိုးရှိပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေက မိန်းကလေးတွေထက် ခဏခဏ ဒီလိုအမူအကျင့်တွေကို ပြုလုပ်လေ့ရှိကြတယ်လို့လည်း လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

တချို့အမူအကျင့်တွေကျတော့ ကျန်းမာရေးအရ ဖြစ်ပေါ်လာတဲ့ အမူအကျင့်တွေလည်း ရှိပါတယ်။ ဥပမာ – မျက်တောင်ခဏခဏ ခတ်နေတတ်တဲ့အကျင့်ဟာ မျက်လုံးက ကြွက်သားတွေ အားနည်းလို့ဖြစ်နေတတ်တာမျိုးပါ။

ငယ်ရွယ်တဲ့ကလေးတွေဟာ ဘာသာစကားလေ့လာတဲ့အနေနဲ့ စကားပြောတတ်ခါစမှာ သူတို့ကြားတဲ့အသံတွေအတိုင်း လိုက်ပြောတတ်တဲ့အကျင့်ရှိကြပါတယ်။ ဒီလိုလိုက်ပြောတတ်ရာကနေ စကားလုံးကြွယ်လာတတ်တာမျိုးပါ။ ဒါပေမယ့် အရွယ်အတော်တိုင်သည်အထိ ရုပ်ရှင်ထဲကဟာ ၊ ကာတွန်းထဲကဟာ ၊ သူများပြောတာတွေဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် တီးတိုးရေရွတ် တတွတ်တွတ် ပြောနေတတ်တယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ကလေးအထူးကုဆရာဝန်နဲ့ ပြသဖို့လိုနေပါတယ်။

ကိုယ့်ကလေးဟာ ဘယ်လိုအမူအကျင့် ပြောင်းလဲမှုမျိုးကြုံနေသလဲ ၊ ပျောက်ရမယ့်အမူအကျင့်ဟာ ပျောက်မသွားဘဲ အချိန်အတော်ကြာ ဆက်ရှိနေသေးတယ်ဆိုရင် ပေါ့ဆမနေဘဲ ကလေးအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။ ဒါဟာ စိုးရိမ်ရတဲ့လက္ခဏာလား ၊ ကုသလို့ရနိုင်သလား ၊ ပုံမှန်လားဆိုတာကို ကလေးအထူးကုနဲ့ပြသပြီးပါမှ တကယ်သိရှိနိုင်မှာဖြစ်ပါတယ်။

မလုပ်ပါနဲ့လို့ ပြောတဲ့အမူအကျင့်တွေကို ကလေးတွေဟာ ဘာကြောင့်လုပ်သလဲ။ အကြောင်းနှစ်မျိုးရှိပါတယ်။ နားမထောင်ချင်လို့ နားမထောင်ဘဲ ဆက်လုပ်တာနဲ့ တမင် ကိုယ့်ကိုသွေးဆူအောင် ဆွချင်စိတ်နဲ့လုပ်တာမျိုးပါ။ ကျန်းမာရေးအားနည်းချက်ကြောင့်မဟုတ်ဘဲ မလုပ်သင့်တာကို မလုပ်နဲ့လို့ တားထားရက်က ၊ အတန်တန် ဆုံးမရက်က လုပ်နေတဲ့ အမူအကျင့်ရှိနေသူ ကလေးတွေမှာ ပိုလေးနက်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းပြချက်တွေ ရှိနေပါတယ်။

ကိုယ့်ရဲ့အမူအကျင့်ကို ကိုယ်တိုင်ပြန်စဉ်းစားကြည့်ပါ။ ကလေးတွေဟာ မိမိရဲ့ ကြေးမုံလိုဖြစ်နေတာမို့ ကိုယ်ကမလုပ်နဲ့ပြောပေမယ့် ကိုယ်တိုင်မသိဘဲ လုပ်နေမိခဲ့တာတွေကို သူတို့ဟာ သတိထားမိပြီး အတုယူလုပ်တတ်ကြပါတယ်။ ဒီအခါ ကလေးကို မလုပ်ရ ဇွတ်တားတဲ့မိဘဟာ ငါပြောသလိုလုပ် ၊ ငါလုပ်သလို မလုပ်နဲ့ဆိုသလိုဖြစ်နေမှာပါ။ ဒီအခါ ကလေးဟာ ကွယ်တာနဲ့ သူကြိုက်ရာလုပ်တော့တာပါပဲ။ ဒါကြောင့် ကလေးကို ဒါမလုပ်စေချင်ရင် ကိုယ်တိုင်လည်း ဒါကို လုံးဝ မလုပ်ကျင့်ရှိပါမှဖြစ်မှာပါ။ ဥပမာ –  ကလေးကို မလိမ်နဲ့ပြောပြီး ကိုယ်က အမှန်မပြောရင် ကလေးဟာလည်း မလိမ်ဘူးဆိုပြီး ကိုယ့်ကို အမှန်ပြောမှာမဟုတ်ပါဘူး။

စိတ်ဖိစီးမှုတွေရှိနေတဲ့ကလေးတွေဟာ မိဘပြောစကားကို နားမထောင်ဘဲ မိဘက မလုပ်ရဘူးပြောတဲ့အကျင့်တွေကို လုပ်ဖြစ်နေတတ်ပါတယ်။ ကိုယ်တွေစိတ်ဖိစီးမှုရှိနေတဲ့အခါ ဘာတွေနဲ့ထွက်ပေါက်ပေးဖြစ်ကြသလဲ။ ကိုယ်တွေများ စိတ်ဖိစီးမှုရှိနေတဲ့အခါမှာ မျက်နှာက စူပုတ် ၊ အမြင်မကြည်မလင်နဲ့ဖြစ်နေနိုင်တယ် ၊ နိုင်ရာမဲနိုင်တယ် ၊ စိတ်ဖိစီးမှုမခံနိုင်တော့ရင် ကိုယ့်အကျင့်အတိုင်း ဒီစိတ်ဖိစီးမှုတွေကို ဖောက်ထုတ်ပစ်လေ့ရှိကြတယ်။ တချို့တွေကတော့ စိတ်ဖိစီးမှုတွေရှိလာရင် တရားနဲ့ဖြေတာပေါ့။

BurmeseHearts Blog

တပတ်(၇)ရက်လုံးက (၂၄)နာရီလုံး မိဘစေရာမှာနေရ ၊ မိဘလုပ်စေချင်တာပဲလုပ်ရပြီး အစာဆိုလည်း ကိုယ်စားချင်တာစားခွင့်မရှိ ၊ ကျွေးတာပဲစားရတဲ့ဘဝ ၊ တီဗွီဖွင့်ပြရင်တောင် ကိုယ်တိုင် ကိုယ်ကြိုက်တဲ့လိုင်း ရွေးပြောင်းခွင့်မရှိ ၊ မပြောင်းတတ် ၊ အိပ်ဆိုရင် မအိပ်ချင်လည်း အိပ်ရတဲ့ဘဝ ၊ မစားချင်လည်း စားရတဲ့ဘဝ ၊ မပျော်လည်း မပျော်ဘူးလို့ မပြောတတ် ၊ အပြင်ဆိုလည်း မိဘခေါ်မှ သွားရတဲ့ဘဝ ၊ ရေခဲသေတ္တာထဲမှာ ရှိတဲ့အရာတွေကို လူကြီးတွေထုတ်ကျွေးမှ စားခွင့်ရှိတဲ့ဘဝ အရာရာကို အကန့်အသတ်နဲ့လှုပ်ရှားခွင့်ရှိတဲ့ ကလေးဘဝမှာ ငယ်သေးရင် သူတို့စိတ်ဖိစီးမှုကို ငိုကြွေးခြင်းနဲ့သာ ပြသခွင့်ရကြတယ်။

နည်းနည်းလေးအရွယ်ရလာရင် သူတို့ရဲ့ စိတ်မကျေနပ်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ လူကြီးတွေသိရှိနားလည်အောင် ပြသပါတော့တယ်။ သူ့ကို ပစ်ပယ်ထားတယ်လို့ ခံစားရရင်လည်း လူကြီးမိဘတွေရဲ့ အာရုံစူးစိုက်မှုရအောင် ကြံရင်း ၊ လုပ်ရင်းကိုင်ရင်းကနေ အကျင့်ဆိုးတွေစွဲသွားတာမျိုး ၊ ဆိုးတဲ့ကလေး ဖြစ်လာတာမျိုးတွေလည်းရှိပါတယ်။

တချို့ကလေးတွေက ရင်ထဲမှာလည်းမကျေနပ် ၊ ဖွင့်ထုတ်ပြခွင့်လည်းမရှိ ၊ ဆိုးရွားတဲ့အမူအကျင့်တွေကိုလည်း မလုပ်ရဲလေတော့ မိဘရဲ့ ရုပ်သေးရုပ်တွေလို ထားရာနေ ၊ စေရာသွားခဲ့ရင်း ကိုယ်ဘာလိုချင်မှန်းမသိ ၊ မိဘလုပ်စေချင်တာကပဲ ကိုယ်လိုချင်တာဖြစ်နေသလိုလို မသဲမကွဲဖြစ်နေရာကနေ မိဘမရှိရင် ဘယ်လိုရှေ့ဆက်ရမှန်းမသိတဲ့ စိတ်အားငယ်တတ်သူတွေ ၊ ကြောက်ရွံ့တတ်သူတွေ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသူတွေ ဖြစ်နေနိုင်ပါတယ်။

မိဘတွေသတိထားရမှာက ကိုယ့်သားသမီးဟာ ကိုယ်မဟုတ်ဘူးဆိုတာပါပဲ။ ကိုယ်ဖြစ်ချင်တာချည်းပဲ ပုံသွင်းနေမယ်ဆို သူဖြစ်ချင်တာကို ကိုယ်အလေးထားနိုင်ပါတော့မလား။ ကလေးအနည်းစုသာ မိဘပုံသွင်းရာ တသက်တာနာခံသွားကြပေမယ့် ကလေးအများစုကတော့ အရွယ်ကလေးရောက်လာတာနဲ့ သူတို့လုပ်ချင်ရာတွေကို မိဘကွယ်ရာမှာ လုပ်ကိုင်ရင်း မိဘတွေရဲ့စည်းကမ်းနဲ့ လွတ်ထွက်သွားတတ်ပါတယ်။ နောက်ဆုံးမှာ မိဘတွေရဲ့စည်းကမ်းကို နောက်ကွယ်မှာတင်မဟုတ်ဘဲ ရှေ့မှာလည်း ချိုးဖောက်လာကြပါတယ်။

သားသမီးက ကြီးသထက်ကြီးလာတော့ ငယ်ငယ်ကလို ဆူလို့မရ ၊ ရိုက်လို့မလွယ် ၊ ဘယ်လိုမှ ဆိုဆုံးမ မရဘဲ လက်မြှောက်လိုက်ရတဲ့အခြေအနေမှာ မိဘတွေဟာ သားသမီးတွေကို ကိုယ်မျှော်လင့်တကြီး ပုံသွင်းထားခဲ့တာတမျိုး ဖြစ်လာခဲ့တာတမျိုးနဲ့ ဒီသားသမီးတွေစိတ်နဲ့ပဲ စိတ်ထောင်းကိုယ်ကြေ ဖြစ်လာတတ်ပါတယ်။ အကျင့်ဆိုးဆိုးဝင်သွားတဲ့ သားသမီးဆိုးတွေရဲ့မိဘတွေကတော့ သားသမီးဆိုးအမွေကိုပါ ဆက်ခံသွားကြရပါတယ်။

သားသမီးတွေ အကျင့်ဆိုးမဝင်စေချင်ရင် ကိုယ်တိုင်က သားသမီးအပေါ်ကို မျှတပါ။ အချိန်ပေးပါ။ ဂရုစိုက်ပါ။ ကိုယ်ဖြစ်စေချင်ရာ လုပ်ခိုင်းတာတွေရှိသလို သူဖြစ်ချင်ရာတွေကိုလည်း လုပ်ကိုင်ခွင့်ပေးရင်း တိုးတက်အောင်မြင်အောင် ပံ့ပိုးမြှင့်တင်ပေးပါ။ သူတို့ရဲ့ ခံစားမှုကို နားထောင်ရင်း သူတို့ကိုလည်း စိတ်ဖိစားတွေ ဖြေဖျောက်ခွင့်ပေးပါ။ သူစိတ်ကျေနပ်မှုရှိဖို့ သူ့မှာလည်း ရွေးချယ်မှုရှိတယ်လို့ အသိပေးရင်း သူ့ကို ရွေးချယ်ခွင့်တွေပေးပါ။ အထူးသဖြင့် သားသမီးနဲ့မိဘအကြားက ချစ်ခြင်းမေတ္တာကို နားလည်မှုတွေနဲ့ ခိုင်မာအောင် တည်ဆောက်ပါ။

ရတု (Burmesehearts.com)

You might also like