ကလေးသူငယ်များကို နှိုင်းယှဉ်ဆုံးမခြင်း

0

ဆူဆုံးမခြင်း

လူကြီးမိဘအုပ်ထိန်းသူ ၊ ဆရာသမားနဲ့ ကလေးဆုံးမသူတွေဟာ တခါတလေမှာ မိမိကလေးကို သူများကလေးနဲ့ နှိုင်းယှဉ်ဆုံးမလေ့ရှိပါတယ်။ ဒါပေမယ့် နှိုင်းယှဉ်ဆုံးမသွန်သင်တဲ့ နည်းမမှန်ရင် ၊ ဆုံးမမှုမတတ်ရင် ကိုယ်ဆုံးမသွန်သင်ပေးချင်တဲ့ Message ကတမျိုး ကလေးတွေ သင်ယူသွားတာတမျိုးလည်း ဖြစ်တတ်ကြပါတယ်။

“ဟိုမှာကြည့်စမ်း သူတောင်းစား တွေ့လား နင်စာမကြိုးစာရင် ဒီလိုပဲ တောင်းစားရလိမ့်မယ်။ ဟိုမှာ အမှိုက်ကောက်တဲ့သူကြည့်စမ်း နင်စာမတတ်ရင် ဒီလိုအမှိုက်ကောက်စားရလိမ့်မယ်” လို့ အများသောအားဖြင့် ဆုံးမတတ်ကြတယ်။ သူတို့စိတ်ထင်မှာ ကလေးဟာ ဒီလိုဘဝမျိုးတွေ မရောက်ချင်လို့ စာကြိုးစားလိမ့်မယ်လို့ ထင်တဲ့စိတ်နဲ့ ခြိမ်းခြောက် ဆုံးမလိုက်တာပါ။ ဒါပေမယ့် ကလေးသင်ယူသွားတာက ဒါဟာ ယုတ်ညံ့တဲ့အလုပ်အဖြစ် ဒီအလုပ် လုပ်သူတွေအပေါ် စက်ဆုပ်စိတ်ဝင်သွားမယ် ၊ နှိမ်တဲ့စိတ်ဝင်သွားမယ်။

ဒီလိုဆိုရင် အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာကို နားလည်အောင် ဘယ်လိုသင်ပေးတော့မှာလဲ။ အမှန်ဖြစ်သင့်တာက ပညာတတ်ရင် ဝင်ငွေတွေ အများကြီးရပြီး လေအေးပေးစက်ခန်းထဲမှာ သက်တောင့်သက်သာ မပင်မပန်းလုပ်ခွင့်ရမယ်။ ပညာမတတ်ရင် နေပူ မိုးရွာမရှောင် ပင်ပင်ပန်းပန်းလုပ်ရပြီး ချို့ချို့တဲ့တဲ့နေရမယ်လို့ သင်ပေးရမှာမဟုတ်လား။ ကလေးကြိုးစားလာရင် နောက်တဆင့်အနေနဲ့ နိမ့်ကျသူတွေကို သနားညှာတာရမယ် ၊ သူတို့ဘဝကို တတ်နိုင်သလောက် မြှင့်တင်ပေးရမယ်။ ဒါမှ ပညာရှိတွေရဲ့ လုပ်ရပ်လို့ တဆင့်တိုးသင်ပေးရမှာဖြစ်ပါတယ်။

“ဘယ်သူ့ကိုကြည့်စမ်း လူချင်းအတူတူ ၊ ထမင်းစားတာချင်းအတူတူ သူကျတော့ ဘယ်လိုတော်တာ နင်က ခေါင်းမှာချီးပဲရှိသလား ၊ ဒီလောက်တုံးရလား ၊ ဒီလောက်ညံ့ရသလား ၊ အသုံးမကျဘူး။ နင့်ကို သူယိုတဲ့ချီးကျွေးမယ်။” စသဖြင့် တခြားကလေးနဲ့ ကိုယ့်ကလေးနှိုင်းယှဉ်ပြီး ကိုယ့်ကလေးမခံချင်အောင် သွန်သင်ဆုံးမလေ့ ရှိကြပါတယ်။ ရည်ရွယ်ချက်က ကိုယ့်ကလေးဟာ မခံချင်စိတ်နဲ့ ဟိုကလေးထက်ကျော်အောင် ကြိုးစားမလားဆိုတဲ့ စိတ်နဲ့ပြောဆိုဆုံးမတာပါ။

ဒါပေမယ့် ဒီလိုဆိုဆုံးမခံရတဲ့ ကလေးဘယ်နှစ်ဦးဟာ မခံချင်စိတ်နဲ့ကြိုးစားပြီး တခြားကလေးကို ကျော်တက်သွားသလဲဆိုတဲ့ ရာခိုင်နှုန်းကို နှိုင်းယှဉ်ကြည့်ဖို့ လူကြီးမိဘတွေဟာ စိတ်မဝင်စားပါဘူး။ အဆင့်တက်မလာတိုင်း နှိမ်မြဲနှိမ်ပြောလျက်ပါ။ ရိုက်မြဲရိုက်လျက်ပါ။ ဒီနည်းနဲ့ အဆင့်တက်မလာရင် ငါဆုံးမတဲ့နည်း မှားနေပြီလို့ အတွေးမဝင်လာတာကိုက ပိုမှားဖို့ ဖြစ်နေတာပါ။ တကယ်ဆို ဒီနည်းနဲ့ ဆုံးမလို့မရရင် နောက်တနည်းနဲ့ ပြောင်းဆုံးမကြည့်မယ်လို့ မတွေးသင့်ဘူးလား။ ချော့တခါ ခြောက်တလှည့်ဆိုတဲ့စကားမှာ ချော့က အရင်လာတာပါ။ ဆိုလိုတာက ချော့လို့မရမှ ခြောက်ပါလို့ ဆိုလိုပါတယ်။ ချော့လို့လဲမရ ၊ ခြောက်လို့လဲမရမှ ရိုက်တာက တမျိုးပေါ့။ အစဦးပိုင်းမှာကတည်းက ရိုက်ပြီးဆုံးမမယ် ၊ နှိမ်ပြီးဆုံးမမယ်ဆိုရင် ချော့ဆုံးမဖို့အချိန်ကို သတိရနိုင်ပါဦးမလား။

အော်ဟစ်ဆဲဆိုပြီးဆုံးမတာ ၊ နှိမ်ပြီးဆုံးမတာ ၊ ရိုက်နှက်ဆုံးမတာတွေဟာ လူမြင်ကွင်းမှာဖြစ်နေမယ်ဆိုရင် ဒီလို ကြမ်းကြမ်းတမ်းတမ်း ဆုံးမတာခံရတဲ့ကလေးဟာ ငယ်ရွယ်စဉ်မှာလည်း ရှက်ကြောက်သိမ်ငယ်စိတ် ဝင်သွားပါတယ်။ အရွယ်ရောက်လာချိန်မှာလည်း ရှက်ကြောက်သိမ်ငယ်စိတ်ဝင်ပါတယ်။ နိုင်ရာမဲတတ်တယ်ဆိုတဲ့စကားအတိုင်း ကိုယ့်ကို ဆိုဆုံးမတဲ့ မိဘကိုမလှန်ရဲတဲ့အတွက် ကိုယ်နဲ့နှိုင်းယှဉ်တာခံရတဲ့ တော်လှချည်ရဲ့ဆိုတဲ့သူကို (နောက်ပိုင်းမှာ တော်တယ်ဆိုတဲ့သူတိုင်းကို) မျက်မုန်းကျိုးသွားပါတော့တယ်။ ဒါဟာ လမ်းလွဲသွားတာပဲ။

တော်တဲ့သူကို မျက်မုန်းကျိုးသွားတဲ့စိတ်ကြောင့် သူဟာ တော်အောင် ကြိုးစားတော့မှာမဟုတ်ပါဘူး။ လိမ်မာတဲ့သူကို မျက်မုန်းကျိုးသွားတဲ့စိတ်ကြောင့် လိမ်မာတဲ့သူတစ်ယောက် မဖြစ်လိုတော့ဘူး။ ဆိုးတယ် ၊ ညံ့တယ်လို့ တံဆိပ်ကပ်ခံရတဲ့အတူတူ ဆိုးတယ်ဆိုသူနဲ့ ညံ့တယ်ဆိုသူတွေကို ဘဝတူတွေအဖြစ် စာနာပေါင်းသင်းလာတယ်။ ဒါဟာ အပေါင်းအသင်းမှားဖို့ တွန်းပို့ပေးသလိုဖြစ်သွားတယ်။ ဆိုဆုံးမလေပိုဆိုးလေ ၊ ပိုဆုံးမလေ ပိုဆိုးလေဖြစ်နေရင် ဆုံးမမှုဟာ လမ်းလွဲနေတယ်ဆိုတာကို ပြနေပြီလေ။ ဒါဆို ကိုယ်ဆိုဆုံးမတဲ့ပုံစံကို ပြန်သုံးသပ်ဖို့လိုပြီ။ နောက်မကျခင် မြန်မြန်သုံးသပ်နိုင်ရင် အကောင်းဆုံးပဲ။ နောက်ကျသွားရင် ကလေးဟာ ပျက်စီးသွားနိုင်တယ်။

ခံစားချက်ပျက်စီးသွားရာကနေ အတွေးအခေါ် ပျက်စီးမယ်။ အတွေးအခေါ် ပျက်စီးသွားရာကနေ ခံယူချက်ပျက်စီးမယ်။ ခံယူချက်ပျက်စီးသွားရာကနေ စာရိတ္တပျက်စီးမယ်။ စာရိတ္တပျက်စီးသွားရာကနေ လူပါပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် သူ့ခံစားမှုတွေ ပျက်စီးမသွားရအောင် သွန်သင်ဆုံးမတတ်ဖို့လိုပါတယ်။

သွန်သင်ဆုံးမတယ်ဆိုကတည်းက ကလေးကို ကောင်းစေချင်လို့ဆိုတဲ့ စိတ်စေတနာကို အရင်းခံရမှာပါ။ ဒီစိတ်စေတနာကို ပေါ်လွင်အောင် ၊ သူနားလည်အောင်လည်း သွန်သင်ဆုံးမတတ်ရပါမယ်။ ဒါကိုနားမလည်ရင် သူ့ခံစားချက်တွေ ပျက်စီးသွားနိုင်တယ်။ ဒါကို သတိမထားမိဘဲ လွန်လွန်ကျွံကျွံ ဆက်ဆုံးမမယ် ၊ ဆုံးမတာတွေ ဒီဂရီမြှင့် ဆုံးမမယ်ဆိုရင် ပေါ့စေချင်လို့ ကြောင်ရုပ်ထိုး ၊ ဆေးကြောင့်လေးနေပါမယ်။ လိမ္မာစေချင်လို့ ၊ ပိုကောင်းစေချင်လို့ ဆုံးမကာမှ ပိုပျက်စီးသွားနိုင်ပါတယ်။

BurmeseHearts Blog

သူများနဲ့ နှိုင်းယှဉ်ဆုံးမမယ်ဆိုရင် အားပေးတဲ့ဘက်ကနေ နှိုင်းယှဉ်ဆုံးမလို့ရပါတယ်။ “သူများတောင်လုပ်နိုင်တယ် အဖေ့သား /သမီး ဒါမှမဟုတ် အမေ့သား/သမီး က ဘာလို့မလုပ်နိုင်ရမှာလဲ။ ဘာတွေ အခက်အခဲရှိနေလဲ … အမေ့ကို / အဖေ့ကို ပွင့်ပွင့်လင်းလင်းပြော။ ဘာတွေလိုအပ်နေလဲပြော။” စသဖြင့် စိတ်ဓါတ်ခွန်အားပေးပြီး သူ့အခက်အခဲဖွင့်ဟဖို့ လမ်းကြောင်းပေးလိုက်မယ်ဆိုရင် သူဘာတွေ အခက်အခဲရှိလို့ ဖြစ်ရတယ်ဆိုတာ သိလာရမှာပါ။ တခါ ကျရှုံးတိုင်း စိတ်ဓါတ်ကျစရာမလိုဘူး ၊ ထပ်ကြိုးစားခွင့်ရှိတယ်ဆိုတာနဲ့ ကလေးကို အားပေးရမှာဖြစ်ပါတယ်။

တခါတလေ ကိုယ်ဖြစ်စေချင်တာတမျိုး ၊ သူကျွမ်းကျင်လိမ္မာတာက တမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ကိုယ်က စာဘက်မှာ ဖြစ်ထွန်းစေချင်လို့ တွန်းအားပေးပေမယ့် သူက အားကစားဘက်မှာ ထူးချွန်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင်တော့ သူမထူးချွန်တဲ့စာကို ဇောင်းပေးလုပ်ခိုင်းမယ့်အစား သူထူးချွန်တဲ့ အားကစားဘက်ကို အားပေးသင့် ပေးရမှာပါပဲ။

အပြန်အလှန်နားလည်မှုယူတဲ့အနေနဲ့ တနှစ်တတန်းအောင်ဖို့ ကြိုးစားခိုင်းရင်း သူထူးချွန်တဲ့ဘက်ကိုလည်း မြေတောင်မြှောက်ပေးမယ်ဆိုရင် ကလေးရဲ့ကျွမ်းကျင်မှုဟာ အချိန်နဲ့အမျှ ရင့်ကျက်လို့ ထူးချွန်သထက်ထူးချွန်လာမှာဖြစ်ပြီး တနှစ်တတန်းအောင်ခဲ့ရင် အချိန်တန် ဘွဲ့ရလာမှာပေါ့။ စိတ်လျှော့ထားရမှာက ဒီခေတ်မှာ ဘွဲ့ရပေမယ့် အိမ်ဖော်လုပ်သူတွေနဲ့ ဆိုက်ကားနင်းသူတွေ ၊ တက္ကစီအငှါးလိုက်နေရသူတွေလည်း ရှိနေတာမို့ သူထူးချွန်တဲ့လိုင်းမှာ လူရိုသေ ၊ ရှင်ရိုသေလေး ရှိနေမယ်ဆိုရင် ကျေနပ်သင့်တယ်မဟုတ်လား။ ကလေးထူးချွန်ရာကိုလည်း အားမပေး ၊ ကလေးစိတ်မပါတဲ့ ပညာရေးကိုပဲ အတင်းတွန်းအားပေးနေမယ် ၊ ဒီကြားထဲမျာ ဆိုဆုံးမတာ မတတ်ဘူးဆိုရင် အချိန်မတန်ခင် ကလေးဟာ လမ်းဘေးရောက်လို့ ပျက်စီးသွားနိုင်ပါတယ်။ “ကျွမ်းကျင်ရာ လိမ္မာ” ဆိုတဲ့စကားကို ဘယ်သွားထားမလဲနော်။

လူနေမှုအဆင့်အတန်းချင်း ကွာခြားတဲ့သူတွေကို မတူဘူး ၊ မတန်ဘူးလို့ ပြောဆိုခွဲခြားတတ်သူတွေရဲ့ ကလေးဟာ ဘဝင်မြင့်သွားဖို့ ၊ သွေးနားထင်ရောက်နေဖို့ လှေကားတပ်ပေးလိုက်တာပါပဲ။ ဒီလိုဆိုရင် အားနည်းတဲ့သူကို ညှာတာရမယ် ၊ နိမ့်ကျတဲ့သူကို ဖေးမရမယ် ၊ မပြည့်စုံသူတွေကို နိုင်သလောက် ဖြည့်ဆည်းတတ်ဖို့ ၊ ကူညီတတ်ဖို့ အစရှိတဲ့ စိတ်ရင်းကောင်းတွေကို ဘယ်လိုသင်မလဲ။ သွေးနားထင်ရောက်ပြီး အဆင့်အတန်းခွဲခြားတတ်သူတွေဟာ သူတို့နဲ့ အဆင့်မတူရင် ခပ်နှိမ့်နှိမ့်ကြည့်ဖို့ ၊ ပြောဆိုဖို့ ၊ နှိမ်ဖို့ ကြိုးစားတော့တာပဲ။ အထူးသဖြင့် ကောင်းစွာတွေးခေါ်နိုင်စွမ်းမရှိတဲ့ ကလေးတွေနဲ့ စိတ်ဓါတ်မပြည့်ဝသူတွေဟာ ဒီလိုအတွေးအခေါ် ၊ လုပ်ကိုင်မှုမျိုး လုပ်တတ်ကြပါတယ်။

ကိုယ့်ကလေးဟာ ဘယ်သူနဲ့မှမတူအောင် ချောလွန်း ၊ တော်လွန်း ၊ တတ်လွန်းတယ်လို့ ပြောဆိုတာလည်း ကိုယ့်ကလေးကို သွေးနားထင်ရောက်စေတဲ့ စကားတွေထဲက အချို့ပါပဲ။ ဒီလိုအပြောခံရတော့ သူဟာ ဘယ်သူနဲ့မှ မတူဘူး ၊ မတန်ဘူးဆိုတဲ့စိတ် ဝင်သွားပါတယ်။ ဖြစ်သင့်တာက ကလေးဟာ သူများတွေထက် ပိုကြိုးစားလို့ ဒီလို သူများတွေထက် ထူးချွန်တာ ကြိုးစားမှုလျော့ရင် သူများကျော်တက်မှာပဲ။ လူဆိုတာ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့နေရာမှာပဲ မြဲလေ့ရှိတယ်ဆိုတဲ့သဘာဝကို နားလည်အောင် ပြောပြပြီး အမြဲလို ကြိုးစားချင်စိတ်ရှိအောင် သင်ကြားပေးရမှာပါ။ ဆိုလိုတာက သူများကိုမနှိမ်ဘဲ ကိုယ့်ဘာသာ တိုးတက်သထက် တိုးတက်အောင် ၊ ရရှိထားတဲ့နေရာကို ထိန်းနိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားဖြစ်အောင် တွန်းအားပေး သင်ကြားရမှာပါ။

မိသားစုက ပြည့်စုံလို့ ၊ ဂုဏ်ရှိလို့ ၊ ကျော်ကြားလို့ ကလေးကို ဘာမှန်းမသိခင်ကတည်းက ဘုံမြှောက်တာတွေကလည်း ကလေးစိတ်ကို အရောင်ဆိုးပေးလိုက်တာပဲ။ ဒီတခုက ရှင်းရအတော်ခက်တယ်။ ကိုယ်ရှိလို့ ကိုယ့်သားသမီးကိုယ်ပေးတာ ၊ ကိုယ်အောင်မြင်လို့ ကိုယ့်သားသမီးပါ နာမည်ကျော်အောင်မြင်လာတာ ၊ ကိုယ့်ဂုဏ်ကြောင့် ကိုယ့်သားသမီးလည်း ဂုဏ်တက်တာ မှားသလားဆိုတော့ မမှားပါဘူး။ ဗုဒ္ဓဘာသာ အယူအဆအရ ကံ ကံ၏အကျိုးလေ။ ရှေးဘဝက ကုသိုလ်ကံ ကောင်းခဲ့လို့ ဒီဘဝမှာ ကလေးဘဝကတည်းက အောင်မြင်ကျော်ကြား ပြည့်စုံဂုဏ်တက်စေဖို့ ဒီလိုလူတွေဆီမှာ သန္ဓေတည်လာတာပဲ။ ဒါပေမယ့် မကြိုးစားဘဲ အလိုလို ရရှိလာတာတွေကို သာယာစိတ်ဝင် ၊ မောက်မာစိတ်ဝင် ၊ စိတ်ကြီးဝင်သွားရင်တော့ ရေရှည်မှာ သူ့အတွက် မကောင်းလှဘူးပေါ့။ အလိုလိုရပြီးသားအရာတွေမှာ သာယာစိတ်နဲ့ မိန်းမောပျော်ပါးနေရင် ကြိုးစားချင်စိတ် မရှိတော့ဘူး။ ကုဋေရှစ်ဆယ် သူဌေးသားတောင်မှ မိဘအလိုလိုက်မှုကြောင့် သူဖုန်းစားဖြစ်သွားခဲ့တာပဲလေ။

ဖြစ်သင့်တာက ဖေဖေ ၊ မေမေတို့အရှိန်ကြောင့် သား/သမီးကို လူတွေက ချီးမြှင့်မြှောက်စားကြတာ သား/သမီး သာ ဒီ့ထက်ကြိုးစားပြီး ကိုယ်စွမ်းကိုယ်စပြနိုင်ရင် ၊ တော်ပြီးထက်မြက်မယ်ဆိုရင် သားဟာ အခုတင်မက နောင်နှစ်တွေကြာတဲ့အထိ အခုလိုပဲ ရေပန်းစားနေမှာ ၊ ထူးချွန်နေမှာ ၊ လူတွေက ချီးမြှင့်မြှောက်စားကြမှာ စသဖြင့် ကလေးနားလည်အောင် ၊ စိတ်ကြီးမဝင်အောင် ၊ မမောက်မာအောင် ၊ လူတန်းစားမခွဲအောင် ၊ ကိုယ်တိုင်ကြိုးစားလိုစိတ်ရှိအောင် သင်ပေးရမှာဖြစ်ပါတယ်။

မိဘစေတနာက သားသမီးကို ကိုယ်ရည်ကိုယ်သွေး တုံးအနုံချာသွားအောင် မဖြစ်သင့်ဘူးလေ။ facebook ပေါ်က like ဆိုတာနဲ့ သူများရဲ့ ချီးမြှောက်အားပေးစကားတွေဆိုတာ ရေရှည်မှာ သူ့ရဲ့အရည်အသွေး ထူးချွန်ပြောင်လက်လာအောင် ပွတ်တိုက်မပေးနိုင်ဘူး။ ဒါတွေ သာယာနေရိုးနဲ့ မသကာ သံချေးတောင် တက်သွားဦးမယ်။

ကလေးအရည်အချင်း ထူးချွန်ပြောင်လက်အောင် ပွတ်တိုက်ပေးနိုင်သူတွေက သူကိုယ်တိုင်နဲ့ သူ့အနီးအနားမှာ သွန်သင်ဆုံးမပေးနေတဲ့ လူကြီးမိဘတွေပါပဲ။ အောင်မြင်ပြည့်စုံသူတိုင်းရဲ့ သားသမီးတိုင်း အောင်မြင်တာမဟုတ်ဘဲ မိဘအောင်မြင်တုန်း မာန်တက်နေတဲ့ သားသမီးတွေဟာ မိဘလဲနာမည်ကျ(သို့မဟုတ် စီးပွားကျ) ကိုယ်တိုင်လည်း အထည်ကြီးပျက် စာရင်းဝင် အလိုလို ဖြစ်သွားတော့တယ်။ အမျှော်အမြင်မထားတဲ့ တချို့သော အောင်မြင်သူတွေကို ဆိုလိုတာပါ။

သူများကလေးတွေလို မလှတဲ့ကလေး ၊ ရောဂါထူသူလေး ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံသူလေး ၊ သူများတကာလို မဖြည့်ဆည်းပေးနိုင်တဲ့ ကိုယ့်ဆီမှာ သားသမီးဖြစ်လာသူကလေးတွေကို ကိုးကွယ်ရာ ဘာသာတရားအရ စိတ်ဖြေဖျောက်နိုင်ရာနိုင်ကြောင်း သိမ်ငယ်စိတ်တွေ ကိန်းအောင်းမနေအောင် ဖြေဖျောက်ပြောဆိုပေးတတ်ဖို့ လိုပါတယ်။

ဗုဒ္ဓဘာသာမှာဆိုရင် ရှေးဘဝကံမကောင်းလို့ ယခုဘဝမှာ ကံမကောင်းခဲ့တာ ၊ ဒါပေမယ့် အခုဘဝမှာ နိုင်ရာ ကြိုးစားရင်း ကောင်းရာမွန်ရာလုပ်ကိုင်ပြီး ကုသိုလ်ပါအောင် ယူသွားမယ်ဆိုရင် နောင်ဘဝရလာရင် ပြည့်စုံချမ်းသာ ချောမောတဲ့ဘဝကို ရမယ်လို့ သင်ပြပြောဆိုရမှာဖြစ်ပါတယ်။ အခြားဘာသာတွေမှာလည်း သူတို့ဘာသာနဲ့သူတို့ ဆိုင်ရာဖန်ဆင်းရှင်အလိုကျ ဖြစ်လာရတယ်ဆိုတာ နားလည်အောင် ပြောဆိုရမှာပါ။ ဒီလိုဘဝတူတွေထဲမှာ သူများအံ့သြဘနန်းဖြစ်အောင် ၊ သူများထက်ထူးချွန်အောင် လုပ်သွားနိုင်တဲ့သူတွေကို အင်တာနက်ပေါ်မှာရှာဖွေပြီး ကလေးအားတက်အောင် (အဓိကအားဖြင့် စိတ်ဓါတ်ကျ သိမ်ငယ်မနေအောင်) အားပေးရမှာပါ။

သူများနဲ့ နှိုင်းယှဉ်ဆုံးမတယ်ဆိုတာ ဆိုဆုံးမမှု မမှန်ရင် ပိုဆိုးသွားနိုင်ပြီး နည်းမှန်လမ်းမှန် ဆုံးမရင်ဖြင့် ဒီ့ထက်ပိုကောင်းမွန်တဲ့စိတ်ထား ၊ လုပ်ရပ်နဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like