ကလေးသူငယ်များရဲ့ သိမ်ငယ်စိတ်

0

feeling down

ယေဘူယျအားဖြင့် ကလေးသူငယ်တွေဟာ မိစုံဖစုံမရှိတဲ့ အခြေအနေမျိုးမှာ ၊ မိဘမဲ့ဖြစ်ရတဲ့ အခြေအနေမျိုးမှာ ၊ အတန်းဖော် အရွယ်တူတွေလို ဝတ်စားနေထိုင် ပညာသင်ကြားခွင့်မရတဲ့ အခြေအနေမျိုးတွေမှာ သိမ်ငယ်စိတ်ဝင်လာတတ်ပါတယ်။

ဒီလိုဆို မိစုံဖစုံရှိပြီး အရာရာပြည့်စုံစွာ ထားနိုင် ၊ နေနိုင်တဲ့ ကလေးတွေမှာ သိမ်ငယ်စိတ်မဝင်တတ်ဘူးလို့ ထင်စရာရှိပါတယ်။ မိစုံဖစုံရှိပေမယ့် မိဘက မိမိခံစားချက်တွေ ၊ ဆန္ဒတွေ လျစ်လျူရှုထားတယ်လို့ ခံစားရတဲ့အခြေအနေတွေမှာ သိမ်ငယ်စိတ် ဝင်လာတတ်ပါတယ်။ မိသားစုတွင်း နွေးထွေးတဲ့ ဆက်ဆံရေးမရှိတဲ့ အခြေအနေမှာ နွေးနွေးထွေးထွေးဖြစ်နေတဲ့ သူများမိသားစုတွေရဲ့ ဆက်ဆံရေးကိုအားကျပြီးတော့လည်း သိမ်ငယ်စိတ်ဝင်လာပါတယ်။

ကလေးတွေ သိမ်ငယ်စိတ်ဝင်နေတာကို ဘယ်လိုသိနိုင်မလဲ။ သိမ်ငယ်စိတ်ဖြစ်နေတဲ့ ကလေးငယ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိကြပါဘူး။ မိမိဘာသာ သို့မဟုတ် လူကြီးမိဘတစ်ဦးဦးက သူ့စိတ်ကို လမ်းလွှဲပြောင်းပြီး စိတ်ဓါတ်မြင့်တက်လာအောင် ၊ ကြိုးစားချင်စိတ်ရှိလာအောင် စိတ်ဓါတ်အင်အား မပေးနိုင်သရွေ့ သူတို့ဟာ ဘဝမှာ ယုံကြည်ချက်ခိုင်ခိုင်မာမာ မရှိကြပါဘူး။

သူငယ်ချင်းတွေနဲ့ သွက်လက်ကောင်း သွက်လက်နေပေမယ့် သူသိမ်ငယ်စိတ်ဖြစ်ပေါ်ရာ ဝန်းကျင်နေရာ နေအိမ် ၊ ပတ်ဝန်းကျင် ၊ ကျောင်း ၊ ကျူရှင် စသဖြင့်တို့မှာ ဆိတ်ငြိမ်သူတစ်ယောက် ဖြစ်နေနိုင်ပါတယ်။ ဒီ့ထက်ဆိုးလာရင်တော့ နေရာတိုင်းလိုလိုမှာ ဆိတ်ငြိမ်စွာ မရယ်မပြုံး ထိုင်ကြည့်နေတဲ့ ကလေးသူငယ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကို ငါ့ကလေး သိပ်အေးတာပဲလို့ အယူမမှားစေချင်ဘူး။ ကလေးအေးတာနဲ့ သိမ်ငယ်စိတ်ဝင်နေတဲ့ကလေးဆိုတာကို ခွဲခြားမြင်တတ်ဖို့ လိုပါတယ်။

ကျောင်းနေတဲ့အရွယ်ကလေး သိမ်ငယ်စိတ်ဝင်နေတာကို ဘယ်လိုသိနိုင်မလဲဆိုရင် သူဟာ သူငယ်ချင်းတွေကို အိမ်ကိုခေါ်ဖို့ တွန့်ဆုတ်နေမယ်လေ။ ဒီလိုတွန့်ဆုတ်နေတယ်ဆိုကတည်းက အိမ်မှာ သိမ်ငယ်စိတ်ဝင်စရာရှိနေပြီပေါ့။ ဒါဟာ ပစ္စည်းမပြည့်စုံမှု ဖြစ်နိုင်သလို မေတ္တာမပြည့်စုံမှုလည်း ဖြစ်နိုင်တယ်။ ပစ္စည်းမပြည့်စုံမှုကြောင့်ဆိုရင် ကလေးသိမ်ငယ်စိတ်မဝင်အောင် ပိုကြိုးစားအားထုတ်ပြီး ဖြည့်ဆည်းပေးသွားလို့ရတယ်။ မေတ္တာမပြည့်စုံလို့ဆိုရင် ဒီအိမ်မှာရှိတဲ့လူတွေက ကလေးကို နားလည်သိတတ်စွာ မေတ္တာပေးလို့ မပြုစု ၊ မယုယသရွေ့ ကလေးဟာ သိမ်ငယ်စိတ်ပျောက်မှာမဟုတ်ပါဘူး။ ပြင်ပပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ကလေးရဲ့သိမ်ငယ်စိတ်တွေကို လူကြီးမိဘကမှ နားလည်မှုပေးပြီး ဖျောက်မပေးနိုင်ရင် သူ့ဘာသာ ဖျောက်နိုင်ဖို့ဆိုတာ ဆယ်စုနှစ်ကာလလောက်တော့ စောင့်ရလိမ့်ဦးမယ်။ ဒီသိမ်ငယ်စိတ် တသက်တာ ဖျောက်မရသွားခဲ့တာလည်း ဖြစ်နိုင်တယ်။

BurmeseHearts Blog

ကလေးသူငယ်တွေဟာ လူကြီးမိဘလို တန်ဖိုးကြီးတာ ၊ တန်ဖိုးနည်းတာကို ပိုင်းခြားလို့ သုံးသပ်နိုင်စွမ်းမရှိကြသေးပါဘူး။ သူတို့ကြိုက်တဲ့အရာဟာ သူတို့အတွက် တန်ဖိုးကြီးအရာ တခုဖြစ်ပြီး သူတို့ချစ်တဲ့သူဟာ သူတို့အတွက် ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့သူပါ။ သူတို့ကြိုက်တဲ့ ပစ္စည်းတွေကို ဆုံးရှုံးရဖန်များတဲ့အခါ ၊ မရရှိနိုင်တာ များတဲ့အခါ လိုချင်တာမရနိုင်တဲ့ဘဝ ၊ လုပ်မယူနိုင်တဲ့ဘဝကို သိမ်ငယ်စိတ်ဝင်လာပါတယ်။

ကိုယ်တန်ဖိုးထားချစ်ခင်သူရဲ့ မေတ္တာကို မခံစားရတဲ့အခါ သိမ်ငယ်စိတ်ဝင်လာတယ်။ ကိုယ်တန်ဖိုးထားချစ်ခင်သူရဲ့ ပစ်ပယ်မှုခံရရင် ဝမ်းနည်းအားငယ်စိတ်တွေ ဝင်လာတယ်။ ကိုယ်တန်ဖိုးထားချစ်ခင်သူရဲ့ ဆူပူရိုက်နှက်မှုကို ခံစားရတဲ့အခါ ကျန်သူတွေ လုပ်လိုက်တာထက် ပိုခံစားရတယ်။ ပိုယူကျုံးမရဖြစ်တယ်။ ဒါကြောင့် သူချစ်ခင်တွယ်တာသူတွေဟာ သူ့ကို စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းကောင်း တိုင်တွယ်ပဲ့ပြင်နိုင်ကြသူတွေဖြစ်ပါတယ်။

သူချစ်ခင်တွယ်တာသူဟာ အဖေလည်း ဖြစ်နိုင်တယ်၊ အမေလည်းဖြစ်နိုင်တယ် ၊ အဖိုးလည်းဖြစ်နိုင်တယ် ၊ အဖွားလည်း ဖြစ်နိုင်တယ်၊ ဦးလေး အဒေါ် အစ်ကို အစ်မတွေလည်း ဖြစ်နိုင်တယ်၊ အိမ်အကူ အလုပ်သမားတစ်ဦးဦးလည်း ဖြစ်နိုင်တယ် ၊ ပတ်ဝန်းကျင်ကလူလည်း ဖြစ်နိုင်တယ်။ ကလေးဟာ သူ့ကို နားလည်မှုပေးနိုင်သူ ၊ သူ့အနွံအတာခံသူကို ပိုပြီးတွယ်ကပ်ခုံမင်မှာ ဖြစ်ပါတယ်။ ဒါကို လက်သာတဲ့သူဆီလိုက်တယ်လို့ လူကြီးမိဘတွေက ဆိုတတ်ကြတယ်။

ဒါ့အပြင် တခါမှ မဆူဖူး ၊ မရိုက်ခဲ့ဖူးတဲ့ လူကြီးမိဘရဲ့ ဆူပူရိုက်နှက်မှု ခံလိုက်ရရင်လည်း ပိုလို့ ဝမ်းနည်း ခံစားရတတ်တယ်။ ဒါကြောင့် သူတို့ကို ဆုံးမပဲ့ပြင်ချင်တယ်ဆိုရင် ချိုချိုသာသာနဲ့ နားလည်အောင် မှန်မှန် ဆုံးမပဲ့ပြင်သွားဖို့လိုပါတယ်။ အမြဲတမ်းအလိုလိုက်ခဲ့ပြီး ကိုယ်စိတ်မထင်တဲ့အချိန်မှ ထဆူတာမျိုး မလုပ်သင့်ပါဘူး။ ထရိုက်တာမျိုး မလုပ်သင့်ပါဘူး။ အမြဲအလိုလိုက်ခဲ့သူရဲ့ အဆူ ၊ အရိုက်ခံရရင် ကလေးက ငါ့ကိုမချစ်တော့ဘူး ၊ သူတောင် မလုပ်စဖူးငါ့ကို ဒီလိုလုပ်တယ် ၊ ငါ့ဘက်က ပံ့ပိုးမယ့်သူမရှိတော့ဘူး ၊ ငါ့ကို အကာအကွယ်ပေးမယ့်သူ မရှိတော့ဘူးဆိုပြီး စိတ်ဓါတ်ကျလာပါတယ်။ ဒါဟာ ကလေးငယ်တွေဟာ မလိုအပ်ဘဲ စိတ်ဓါတ်ကျလာတာပါ။ လူကြီးမိဘက ကလေးကို နားလည်အောင် မှန်မှန်လေး ဆုံးမပဲ့ပြင်သွားမယ်ဆို ဒီလိုစိတ်ဓါတ်ကျစရာ မရှိဘူးပေါ့။

ကလေးငယ်တွေဟာ မသိ ၊ နားမလည်သေးတော့ သူများစားတာ စားချင်တယ် ၊ သူများဝတ်တာ ဝတ်ချင်တယ် ၊ သူများ သုံးသလို သုံးချင်တယ်။ တကယ်မတတ်နိုင်ဘဲ အပြိုင်အဆိုင်များတဲ့ကျောင်းမှာ မိဘကထားလို့ ကျောင်းတက်ရတဲ့ ကလေးငယ်တွေဟာ ဒီသိမ်ငယ်မှုကို ပိုခံစားရပါတယ်။ အတန်းဖော်တွေက တတ်နိုင်သူတွေချည်းပဲ ၊ ကျောင်းသုံးပစ္စည်းကနေ လွယ်အိတ် ၊ အဝတ်အစား ၊ ကျောင်းလာတဲ့ ကားတွေ ဖိနပ်တွေအထိ အပြိုင်အဆိုင် သုံးနိုင်ကြတယ်။ ဒီတော့ မသုံးနိုင်တဲ့ မျက်နှာမွဲကျောင်းသား ၊ ကျောင်းသူတွေဟာ အတန်းဖော်နဲ့ ဆရာ ၊ ဆရာမတွေရဲ့ ခွဲခြားဆက်ဆံမှုဆိုတာကို ခံရတော့တယ်။ ရေများရေနိုင် ၊ မီးများမီးနိုင်ကိုး ။ ဒီတော့ ကလေးဟာ သူ့မှာ အပြစ်မရှိပါဘဲလျက် အလိုလို သိမ်ငယ်စိတ်တွေ ဝင်လာတယ်။

ကျောင်းထားပေးတိုင်း မိဘတာဝန်မကျေသလို ကျောင်းကောင်းကောင်း ထားပေးနိုင်တိုင်း ကလေးဂုဏ်တက်တာ မဟုတ်ပါဘူး။ သူ့အတန်းဖော်တွေ ဝတ်နိုင် ၊ စားနိုင် ၊ သုံးနိုင်သလို မဝတ်နိုင် မစားနိုင်ရင်တောင် အသင့်အတင့် ပြည့်မီတဲ့အဆင့်ရှိအောင်တော့ ထောက်ပံ့ပေးရမှာပဲလေ။ အကောင်းစားဆိုတာလေ မဝယ်ပေးနိုင်ရင်တောင် အလတ်စားလောက်တော့ ဝယ်ပေးနိုင်အောင် ကြိုးစားသင့်တယ်။ အညံ့စားဆိုတာတွေနဲ့ ကျောင်းသွားနေရရင် အညံ့စားစိတ်ဓါတ်ရှိသူတွေရဲ့ ဖိနှိပ်မှုတွေကြောင့် မိမိကလေးဟာ သိမ်ငယ်စိတ်တွေ ဝင်လာပါတယ်။ ဒါကို မိဘက အရိပ်တကြည့်ကြည့်နဲ့ သတိထားမိဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ကလေးဟာ ကျောင်းနေမပျော်တာ ၊ ကျောင်းပညာရေးမှာ စိတ်မပါတော့တာတွေလည်း ဒီသိမ်ငယ်မှုတွေ နှိပ်စက်လို့ဖြစ်နိုင်ပါတယ်။ သူက နေ့တဓူဝ ကျောင်းတက်ချိန်တိုင်း ဒီမျက်နှာတွေနဲ့ ဒီလိုအနှိမ်ခံနေရတာကိုး။

အားလုံးတော့ပြည့်စုံပါရဲ့ ။ မိဘနှစ်ဦးရဲ့ အိမ်ထောင်ရေးနဲ့ ဆက်ဆံရေးဟာ မိသားစုအတွင်းမှာ ပဋိပက္ခဖြစ်နေတယ်ဆိုရင်လည်း ကလေးမှာ စိုးရိမ်သိမ်ငယ်စိတ်တွေ ဝင်လာပါတယ်။ စိုးရိမ်တာက မိဘနှစ်ဦး ဘယ်တော့ကွဲမလဲ ၊ ငါဘယ်တော့ မိတကွဲ ဖတကွဲ အခြေအနေနဲ့ ကျောင်းမှာ ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ အနှိမ်ခံရမလဲဆိုတဲ့ စိုးရိမ်စိတ်ဖြစ်ပါတယ်။ သိမ်ငယ်စိတ်ကတော့ သူများ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် ရှိနေတာကို တွေ့မြင်နေရတိုင်း ဒီလိုမဖြစ်နိုင်တဲ့ ကိုယ့်ဘဝကိုယ် သိမ်ငယ်လာတာပါ။ ဒီသိမ်ငယ်မှုကိုလည်း မိသားစုထဲကမှ မကုစားရင် မပျောက်နိုင်ဘူးပေါ့။

ကိုယ်လက်အင်္ဂါ ပုံမှန်မဟုတ်သူတွေ ၊ ကျန်းမာရေး မကောင်းတဲ့ ကလေးငယ်တွေဟာလည်း သူ့အခြေအနေကြောင့် အလိုလို သိမ်ငယ်စိတ်တွေ ရှိနေနိုင်ပါတယ်။ လူကြီးမိဘ ၊ ဆရာသမားတွေရဲ့ အားပေးကူညီမှုကိုမှ မရရှိရင် ဒီကလေးရဲ့ သိမ်ငယ်စိတ်ဟာလည်း မပျောက်ပျက်သွားနိုင်ဘူးပေါ့။ သူတို့တွေဟာ ဘဝပေးအခြေအနေအရ ခက်ခဲတဲ့ ဘဝခရီးလမ်းကို ခရီးရှည်ကြီး (မသေမချင်း) ဖြတ်ကျော်နေရမယ့်သူပါ။ သူတို့တွေကိုလည်း လူကြီမိဘ ၊ ဆရာသမား ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းက အားပေးကူညီဖို့လိုတယ်။ ဒီလိုမှမဟုတ်ဘဲ အသိုင်းအဝန်းက ပယ်ထားမယ် ၊ လှောင်ပြောင် ကဲ့ရဲ့မယ် ၊ နှိမ့်ချ ဆက်ဆံမယ်ဆိုရင် သူတို့စိတ်ဓါတ်ဟာ မကျဘဲ ခံနိုင်ရိုးလားလေ။ သူတို့ကျတော့ သိမ်ငယ်စိတ်တွေဝင်ရာကနေ စိတ်ဓါတ်ကျသူတွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။

သိမ်ငယ်စိတ်တွေ ရေရှည်ဖြစ်တည်နေပြီး ဆက်တိုက်ဆိုသလို စိတ်ဖိစီးမှု ခံရသူတွေဟာ စိတ်ဓါတ်ကျလာသူတွေ ဖြစ်တတ်တယ်။ ဒီကတဆင့် စိတ်ကျရောဂါကို ခံစားရတဲ့သူ တနည်းအားဖြင့် စိတ်ကျရောဂါသည်တွေ ဖြစ်လာတတ်တယ်။ စိတ်ကျရောဂါသည်တွေက ကြိုးစားချင်စိတ်နည်းလာတယ် ၊ အကောင်းမြင်စိတ်နည်းလာတယ် ၊ လက်လျော့ အရှုံးပေးမှု များလာတယ် ၊ ကြိုးစားရယူလိုမှု နည်းလာတယ် ၊ မျှော်လင့်ချက် နည်းလာတယ် ၊ မနက်ဖန်တွေကို ရောသောပေါသော မြန်မြန်ကုန်အေး ၊ မြန်မြန်သေ အေးဆိုပြီး ဘဝကို အရှုံးပေး လက်မြှောက်ထားလာတယ်။ တချို့ရောဂါ လောကကြီးကို (လူ့ဘဝကြီးကို) အရွဲ့တိုက်ပြီး ပြီးဆုံးသွားချင်ကြတယ်။ စိတ်ကျရောဂါကို အဆိုးဆုံး မခံစားနိုင်တဲ့ နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ကြတယ်။ ဒါကြောင့် အဆုံးစီရင်တတ်သူတွေဟာ လတ်တလော အခြေအနေကြောင့် လျှပ်တပြက် အဆုံးစီရင်သွားတဲ့သူနည်းပြီး ရေရှည် စိတ်ကျရောဂါ ခံစားရသူတွေ များနေပါတယ်။

ဒါကြောင့်မို့လို့ မိမိကလေးငယ်တွေ သိမ်ငယ်စိတ်ဝင်မလာအောင် လူကြီးမိဘတွေက အရိပ်တကြည့်ကြည့် သတိထားရမှာဖြစ်ပါတယ်။ သိမ်ငယ်စိတ်ဝင်လာတဲ့ ကလေးငယ်တွေရဲ့ သိမ်ငယ်စိတ်ဖြစ်ရတဲ့အကြောင်းကို ဆူပူဖယ်ထုတ်ဖို့ထက် ဒီသိမ်ငယ်စိတ်ကို ဘယ်လို ဖယ်ထုတ်ပေးနိုင်မလဲဆိုတာကို အကောင်းဆုံး နည်းလမ်းရှာရမှာဖြစ်ပါတယ်။ သိမ်ငယ်စိတ်ဖြစ်တည်နေတဲ့ ကလေးငယ်တွေ နည်းသထက်နည်းလို့ စိတ်ကျရောဂါနဲ့ ကြီးပြင်းလာသူတွေ နည်းသထက် နည်းပါစေလေ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like