class="post-thumbnail open-lightbox" href>
ကလေးသူငယ်များအား ဦးဆောင်နိုင်မှုစွမ်းရည် လေ့ကျင့်သင်ကြားပေးခြင်း
ဦးဆောင်နိုင်မှုစွမ်းရည်ဆိုတာ ခေါင်းဆောင်တွေမှာပဲ အရှိများကြတော့ ဦးဆောင်နိုင်မှုစွမ်းရည်ရှိသူတွေဟာ မိမိပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်မှာ ခေါင်းဆောင်အနေနဲ့သော်လည်းကောင်း အတိုင်ပင်ခံအနေနဲ့သော်လည်းကောင်း ရှိတတ်ကြပါတယ်။ ခေါင်းဆောင်နဲ့နောက်လိုက် ဘယ်သူက ပိုများသလဲနော်။ မိဘတိုင်းက ကိုယ့်သားသမီးတွေကို ခေါင်းဆောင်တွေ ဖြစ်စေချင်ကြတာပေါ့။ ဒါပေမယ့်လေ နောက်လိုက်များနေတဲ့ သဘာဝအရ လူတိုင်းဟာ ခေါင်းဆောင်တွေ ဖြစ်မလာကြပါဘူး။
ခေါင်းဆောင်ဖြစ်ချင်သူတိုင်းကတော့ အရင်ဦးစွာ ဦးဆောင်နိုင်မှုစွမ်းရည်ကို လေ့ကျင့်သင်ယူဖို့လိုပါတယ်။ ကိုယ့်သားသမီးနဲ့ တပည့်တပန်းတွေကို ခေါင်းဆောင်ဖြစ်စေချင်ရင် ဦးဆောင်နိုင်မှုစွမ်းရည်ကို လေ့ကျင့်သင်ကြားပေးရမှာပေါ့။
နောက်လိုက်အဖြစ်ဘဲ တောက်လျောက်လုပ်နေတဲ့သူက ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေးရှိသည့်တိုင် မိမိကိုယ်ကို ယုံကြည်ချက်မရှိတတ်ပါဘူး။ တကယ်က သူ့ရဲ့ ဦးဆောင်နိုင်မှုစွမ်းရည်ကို ယုံကြည်ချက်မရှိတာပါ။ ဒါကြောင့် ဦးဆောင်နိုင်မှုစွမ်းရည်ဆိုတာကို ကလေးဘဝကတည်းက မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။
ကမ္ဘာ့သမိုင်းတလျောက်လုံးမှာ အထူးအမြတ်ထားပြီး တီထွင်ဆန်းသစ် ကယ်တင်မှုတွေလုပ်ခဲ့တဲ့ ခေါင်းဆောင်ကောင်းရဲ့ ဦးဆောင်မှုစွမ်းရည်ဟာ တခြားသူတွေထက် သာလွန်ပြီး သူတို့ဟာ ဇွဲနပဲရှိစွာ လုံ့လ ၊ ဝီရိယ စိုက်ထုတ်လို့ မဆုတ်မနစ် ကြိုးစားတတ်သူတွေဖြစ်ပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ ၊ ရပ်တည်နေတဲ့ ခေါင်းဆောင်ကြီးတွေဟာ အကြိမ်ကြိမ် ကျရှုံးဖူးကြတယ် ။ ကျရှုံးတဲ့ဒဏ်ခံနိုင်ရင်တောင်မှ အောင်မြင်မှုဒဏ်ကို ခံနိုင်ဖို့ လေ့ကျင့်ရဦးမှာပါ။ သူတို့တွေဟာ အကြိမ်ကြိမ်ရှုံ့ချခံခဲ့ရဖူးသူတွေဖြစ်တယ်။ ရှုံ့ချတဲ့ဒဏ်ခံနိုင်ရင်တောင်မှ မြှောက်ပင့်တဲ့ဒဏ်ခံနိုင်အောင် လေ့ကျင့်ရဦးမှာပါ။ သူတို့တွေဟာ ဆင်းရဲဒဏ် (လူဆင်းရဲ ၊ စိတ်ဆင်းရဲဒဏ်)ကို အလူးအလဲခံခဲ့ရဖူးသူတွေဖြစ်တယ်။ ဆင်းရဲဒဏ် ခံနိုင်ရင်တောင်မှ ချမ်းသာဒဏ် (လူချမ်းသာ ၊ စိတ်ချမ်းသာဒဏ်) ခံနိုင်ဖို့ ဆက်ကြိုးစားရဦးမယ်။
ကျွန်မပြောတဲ့ ဆန့်ကျင်ဘက် ခံနိုင်ရည်တွေကို အောင်မြင်နေဆဲနဲ့ အောင်မြင်ခဲ့သူတွေကတော့ ကောင်းကောင်း သိနားလည်မှာပါ။ အောင်မြင်မှုကို ရေရှည် ဆက်မထိန်းနိုင်သူတွေက ဒီဒဏ်တွေကို မခံနိုင်လို့ဖြစ်ပါတယ်။ ဒါကို လောကဓံလို့လည်း လွယ်လွယ်ခေါ်လို့ရပါတယ်။ အောင်မြင်မှု ၊ ဆုံးရှုံးမှုစတဲ့ လောကဓံကိုခံနိုင်ဖို့ဆိုရင် စိတ်ဓါတ်ကြံ့ခိုင်ဖို့လိုတယ်။
စိတ်ဓါတ်ကြံ့ခိုင်ဖို့ဆိုတာ စိတ်ဓါတ်မယိမ်းယိုင်တတ်တာကို ဆိုလိုပြီး စိတ်ဓါတ်ပျော့ပျောင်းနူးညံ့တဲ့သူကို စိတ်ဓါတ်မကြံ့ခိုင်သူလို့ ပြောမရပါဘူး။ သပ်သပ်စီလေ။ စိတ်ဓါတ်မယိမ်းယိုင်တတ်သူဆိုတာက သူများပြောတာကို နားမယောင်တတ်တာ ၊ သူများသွေးထိုးတာကို လိုက်ပါမခံစားနေတာ ၊ သူများရှုံ့ချတာကို သိမ်ငယ်မခံစားနေတာ ၊ သူများမြှောက်ပင့်တာကို ဘဝင်လေဟပ်ပြီး မြောက်မနေတာ ၊ သူများတွေလုပ်နေတာကို အာရုံစိုက်ဖို့ထက် ကိုယ်ဘာလုပ်ရမယ်ဆိုတာကို အစီအစဉ်တကျသိရှိပြီး ဒီအစီအစဉ်အတိုင်း လုပ်ကိုင်နေသူကို ဆိုလိုပါတယ်။
ရင်လောက်မှန်းမှ ဒူးလောက်တင်တာတဲ့။ ဆိုလိုတာက ကိုယ်ကမြင့်မြင့်မှန်းထားပြီး လုပ်ဆောင်နေပေမယ့် အကြောင်းကြောင်းတွေကြောင့် ကိုယ်မှန်းတဲ့အတိုင်း ဖြစ်မလာရင်တောင် ကိုယ့်ကြိုးစာမှုအရှိန်ကြောင့် ကိုယ့်လိုမကြိုးစားခဲ့တဲ့ သူများတကာတွေလောက် အောက်မကျဘူးပေါ့။ ကျွန်မလည်း ကျွန်မရဲ့ တစ်ဦးတည်းသော သမီးလေးကို ခေါင်းဆောင်ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ကျွန်မဆန္ဒကို ကျွန်မရင်ထဲမှာပဲထားရှိပြီး သူ့အပေါ်ကို ဖိအားမပေးပါဘူး။ ကိုယ်ဖြစ်စေချင်တာနဲ့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ်တောင်မလုပ်ခဲ့နိုင်တာ အခုမှ လူဖြစ်မယ်ကြံတုန်းရှိတဲ့ကလေးကို ကိုယ့်ဆန္ဒတွေ ဖိအားပေး အကောင်အထည်ဖော်ခိုင်းတာ ၊ ဖော်နေတာ တဆိတ် မမျှတရာ ကျမနေဘူးလားနော်။ ဘာကြောင့် တအားကြီး စိတ်ဖိစီးမှုတွေပေးလို့ ကိုယ်ဖြစ်စေချင်တာကို အတင်းလုပ်ယူနေမလဲ။ ဖိအားပေးပါများလို့ လွတ်ထွက်သွားမှ ကိုယ်ဖြစ်စေချင်တာလဲ သူဖြစ်မလာ ၊ ကလေးနဲ့ ကိုယ်ရဲ့ ဆက်ဆံရေးမှာလည်း မနွေးထွေး ၊ နားလည်မှုတွေကင်းမဲ့နေရင် ဒီမိဘနဲ့သားသမီးအကြားက ဆက်ဆံရေးဟာ ကောင်းနိုင်ပါတော့မလား။
ကျွန်မသမီးကို ခေါင်းဆောင်ဖြစ်ရမယ် ၊ ဘယ်နေရာမဆို ထိပ်ဆုံးမှာရှိရမယ်လို့ ပြောဆိုတာမျိုး ဖိအားပေးတာမျိုး တခါမှမလုပ်ပေမယ့် ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းတွေ ၊ စိတ်ထားတွေကို ကလေးသူ့ဆန္ဒသူသိလာစ ငါးလ ၊ ခြောက်လလောက်အရွယ်ကတည်းကစပြီး လေ့ကျင့်ပေးတယ်။
ရောယောင်တဲ့သူတွေဟာ နောက်လိုက်ပဲဖြစ်တာများတဲ့အတွက် သူများတွေလုပ်တိုင်း ရောယောင် မလုပ်မိအောင် ၊ အကြောင်းအကျိုး ၊ အခြေအနေနဲ့ အချိန်အခါဆိုတာတွေကို မိမိဘာသာ သုံးသပ်တတ်အောင် ၊ အမှန်ကို သည်းခံရှာဖွေတတ်အောင် ကျွန်မသမီးလေးကို လေ့ကျင့်ပေးထားပါတယ်။ သူရယူချင်တာကို မဆုတ်မနစ်ရယူဖို့ ကြိုးပမ်းတတ်အောင် ၊ တပါးသူအပေါ်မှီခိုစိတ် မထားတတ်အောင် ၊ လဲကျချော်ကျ နာကျင်ဒဏ်ရာရသွားသည့်တိုင် ဒါဟာခဏပဲ ရင်ထဲသိမ်းထားပြီး ခံစားဝမ်းနည်းနေဖို့မလိုဘူး ၊ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ရမယ်ဆိုတဲ့ အတွေးမျိုးတွေနဲ့ နေထိုင်ကျင့်ကြံတတ်အောင် သင်ပေးထားပါတယ်။
အင်တာနက်ခေတ်ကြီးထဲမှာ အွန်လိုင်းပေါ်ရှိနေပြီဆိုတာနဲ့ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တွေကနေ ဘယ်သူကတင်လို့ ဘယ်သူဘာစား ၊ ဘာလုပ်ဆိုတာတွေကို မိန်းမောနေတော့ သူများလုပ်ပြတာတွေကြည့်ပြီး ကိုယ်လုပ်ရမယ့်အလုပ်ဆိုတာကို မသိတော့တာ ၊ မေ့လျော့နေတာတွေလည်း ဖြစ်နိုင်တယ်။ ဝေဝါးသွားတာလည်း ဖြစ်နိုင်တယ်။ ဒီခေတ်က ရောယောင်ရတာ သိပ်လွယ်တဲ့ ခေတ်ကြီးပဲနော်။ အွန်လိုင်းပေါ်ကထွက် ၊ ဖုန်းနဲ့မျက်နှာခွာဖို့ ၊ ဂိမ်းတွေမဆော့ဖို့ ၊ ဇတ်လမ်းတွဲတွေ မကြည့်မိဖို့ ၊ Facebook နဲ့ ဖျော်ဖြေရေး ဝက်ဘ်ဆိုဒ်တွေ မသုံးမိဖို့ဆိုတာ အတော်ခက်နေတဲ့ ခေတ်ကြီးပဲ။ ခက်နေတဲ့အခြေအနေကြီးကနေ ထွင်းဖောက်လာနိုင်ပြီး ငါ့ကိုယ်ငါသိ ၊ ငါလုပ်စရာရှိတာ လုပ်နေနိုင်တဲ့သူတွေဟာ ခေါင်းဆောင်ဖြစ်လာဖို့ အတော်နီးစပ်နေပါပြီ။
သူများယောင်တိုင်း လိုက်မယောင်တတ်တာဟာ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းထဲကတစ်ခုပေါ့။ ဒါဟာ သူများကို ကန့်လန့်တိုက်ဖို့ ဆိုလိုတာမဟုတ်ဘဲ အကြောင်းအကျိုး အချက်အလက်လျော်ညီစွာ တွေးခေါ်စဉ်းစားပြီး ဒါတော့ ဖြစ်သင့်တယ် ၊ ဒါတော့မဖြစ်သင့်ဘူးဆိုတာကို ကိုယ်တိုင်လည်း ရှာဖွေစူးစမ်း ၊ သူများလည်း ပြန်သုံးသပ်ဖို့ အမှန်ထောက်ပြပြောဆိုခြင်းပါ။
ခေါင်းဆောင်တွေဟာ နောက်လိုက်လုပ်ရတာကို ဝါသနာမပါပေမယ့် သူပညာရယူနိုင်မယ့်အရေးဆို နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ဖို့ကိုလည်း အမြဲအဆင့်သင့်ဖြစ်နေရမယ်လေ။ ဒီလိုသင်ယူတဲ့အခါမှာလည်း ကျိုးနွံနှိမ့်ချသင်ယူချင်စိတ်ရှိမှ ဖြစ်မှာပါ။ ငါသိပါတယ်ဆိုပြီး သင်ယူနေသမျှ ငါမသိတာတွေကို သိလာအောင် မကြိုးစားချင်တော့ဘူးလေ။ ပညာရယူနိုင်တဲ့နေရာနဲ့ ပညာပေးနိုင်သူတွေဆီမှာ ပညာယူဖို့ အမြဲအသင့်ဖြစ်နေတဲ့စိတ်ကလေးလည်းရှိရမယ်။ မိုးရွာလို့နေပူလို့ နေ့ရွှေ့ညရွှေ့ ရွှေ့နေရင် ဒီလိုမရွှေ့ဘဲ ဆည်းပူးတတ်သူက နှာတဖျားအသာနဲ့ ခေါင်းဆောင်နေရာမှာ ရပ်တည်နေမှာပါ။
အောင်မြင်မှုရသွားပြီဆို အောင်မြင်မှုမှာသာယာ ၊ နောက်လိုက်တွေများပြီဆို ဒီနောက်လိုက်တွေ ၊ အခြွေအရံတွေ ၊ စည်းစိမ်တွေနဲ့ သာယာနေပြီဆို မိမိရဲ့ နာမည်ကောင်းနဲ့ နေရာကို ရေရှည်ထိန်းသိမ်းထားဖို့ဆိုတာ မသေချာတော့ပါဘူး။ အကျဘက်များနေပြီ။ အောင်မြင်ရင်ပွဲသိမ်းပြီပေါ့လို့ထင်ရင် မှားပါတယ်။ အောင်မြင်မှ စိန်ခေါ်မှုတွေရဲ့အစဖြစ်ပါတယ်။ သွေးတိုးစမ်းသူတွေရှိမယ်။ ပညာစမ်းသူတွေကြုံရမယ်။ မနာလိုသူတွေကဖျက်မယ်။ မယုံကြည်သူတွေက ကိုယ်ဟာမယုံကြည်သင့်သူပါလို့ သက်သေထူနိုင်ဖို့ အပြစ်ရှာကြိုးစားမယ်။ ဒီဒဏ်တွေဟာ အောင်မြင်လေ ကြီးကြီးမားမားခံရလေ ၊ စိတ်ဖိစီးမှုများလေပါ။ ဒါကို အောင်မြင်နေသူတိုင်းနဲ့ အောင်မြင်ခဲ့သူတိုင်း သိပါတယ်။ အပင်မြင့်လေ လေတိုက်လေဆိုတာ ဒါပေါ့။
ကြီးကြီးမားမား အောင်မြင်သူနဲ့ ဆုံးရှုံးသူတွေရဲ့ တူညီသောအချက်က အထီးကျန်ခံစားရခြင်းဆိုရင် ယုံမလား။ လုံးဝဆုံးရှုံး ၊ ကျရှုံးသွားတဲ့သူတွေက လူတွေကို ရင်မဆိုင်ရဲတာ ၊ မယုံကြည်ရဲတာ စတာတွေနဲ့ တစ်ယောက်တည်း အထီးကျန်နေချင်လာတာဖြစ်ပြီး ကြီးကြီးမားမား အောင်မြင်ထားသူတွေကတော့ အပြုံးတုတွေအဖော်လုပ်ပြီး လူတွေကို ရင်မဆိုင်ချင်တာ ၊ မိမိကလွဲလို့ ဘယ်သူ့ကိုမှ မယုံကြည်နိုင်တာ စတာတွေနဲ့ အထီးကျန် ခံစားလာရပါတယ်။
အထီးကျန်တဲ့ဒဏ်တွေခံနိုင်ဖို့ တစ်ဦးတည်းနေချိန်တွေကို ကိုယ့်အကျိုး ၊ အများအကျိုးအတွက် ရည်ရွယ်အသုံးပြုပြီး ပျော်အောင်ကြိုးစားရင်ကြိုးစား ၊ ဒီလိုမှမဟုတ်ရင် ဒီလိုခက်ခဲတဲ့အချိန်တွေကို တည်ငြိမ်စွာရင်ဆိုနိုင်ဖို့ တရားကိုနှလုံးသွင်းပြီး တရားထိုင်ခြင်းမှာ မွေ့လျော်တ်ရပါမယ်။ တရားထိုင်ခြင်းနဲ့ တရားစကားတွေကို နားမလည်နိုင်သေးတဲ့ ကျွန်မရဲ့သမီးလေးကိုတော့ တစ်ဦးတည်းဖြစ်နေချိန်တွေမှာ စာတွေဖတ်ရင်း အချိန်ကုန်ဆုံးတတ်အောင် ၊ အနုပညာနဲ့ အချိန်ကုန်ဆုံးတတ်အောင် သင်ပေးထားပါတယ်။ ကိုယ့်ဘာသာတစ်ယောက်တည်း စိတ်ပျော်အောင် ၊ စိတ်ငြိမ်းချမ်းအောင် ကျင့်ကြံနေထိုင်သူတစ်ယောက်ဟာ ဘယ်သူတွေပယ်ထား ၊ ပယ်ထား ၊ ဘယ်လိုအထီးကျန်ဖြစ်နေပါစေ မမှုတော့ပါဘူး။
တကယ်ဆိုရင် ဆရာပဲဖြစ်ဖြစ် ၊ အောင်မြင်သူပဲဖြစ်ဖြစ် ၊ အုပ်ချုပ်သူပဲဖြစ်ဖြစ် အကြီးအကဲနေရာတွေကို ရရှိရပ်တည်နေသူတွေဟာ ကိုယ့်အဖွဲ့အစည်းနဲ့ လက်အောက်ငယ်သားတွေကို ကိုယ့်ထက်ထွန်းပြောင်အောင်ပဲဖြစ်ဖြစ် ၊ ကိုယ့်လောက်ထွန်းပြောင်အောင်ပဲဖြစ်ဖြစ် သူတို့ရှိရင်းစွဲအရည်အချင်းထက်ပိုပြီး တိုးတက်ကောင်းမွန်လာအောင် အသိပညာပေးဖို့ ၊ မြှင့်တင်ပေးဖို့လိုပါတယ်။
ပညာပေးသူဟာ ပညာကို ပြန်ဆည်းပူးရတယ်။ ရေစည်ပိုင်းထဲကရေကို တခြားသူကို ငှဲ့ပေးလိုက်ရင် နောင်လူတွေကို ထပ်ထပ် ငှဲ့ပေးဖို့ ပြန်ဖြည့်ရသလိုမျိုး …. ခုတ်နေတဲ့ဓါးဟာ သွေးပေးဖို့ လိုသလိုမျိုး …. နေ့စဉ်နဲ့အမျှ တိုးတက်ထွန်းကားတဲ့ နည်းပညာသစ်တွေ ၊ အကြောင်းအရာသစ်တွေ ၊ အချက်အလက်သစ်တွေ ထွန်းကားနေတဲ့ခေတ်ကြီးထဲ ပညာပေးသူကိုယ်တိုင်လည်း ပညာတွေကို တချိန်တည်းမှာ လေ့လာသင်ယူနေဖို့လိုပါတယ်။ ကျွန်မဆိုရင် သမီးဆီက ကိုယ်မသိသေးတာတွေကို ပြန်ပညာယူတာပဲ။ သူ့ရဲ့အတွေးအခေါ်တွေ ၊ သူ့ရဲ့ထင်မြင်ယူဆချက်တွေ ၊ သူ့ရဲ့ခံစားချက်တွေကို ကိုယ်မသိမမြင်နိုင်တဲ့ထောင့်ကနေ တွေ့မြင်ကြားသိရတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘယ်သူမှ အမြဲ မှန်မနေနိုင်ဘူးလေ။
သည်းခံစိတ် ၊ ကိုယ်ချင်းစာစိတ်တွေဟာလည်း ခေါင်းဆောင်ကောင်းတို့ရဲ့ မရှိမဖြစ်သော အရည်အသွေးတွေပဲဖြစ်ပါတယ်။ ဒါတွေပြည့်ဝတဲ့သူနောက်ကို အလိုလိုနောက်လိုက်တွေ များလာတာဟာ မွှေးပျံ့သောပန်းတွေဆီကို ပျား ၊ ပုတုန်းတွေ အလိုလိုရောက်လာသလိုမျိုးပါ။ အဆုံးမှာတော့ ခေါင်းဆောင်အရည်းအချင်း အပြည့်အဝရှိပြီး ဦးဆောင်မှုစွမ်းရည်ပြည့်ဝသူတွေသာ ခေါင်းဆောင်ဖြစ်နေနိုင်ပြီး ဦးဆောင်မှုစွမ်းရည်မရှိသူတွေကတော့ နောက်လိုက်တွေအဖြစ် ရှိနေဦးမှာပါ။
ရတု (Burmesehearts.com)