ကလေးတွေကို ကစားရင်းနဲ့ သင်ယူစေမယ်

0

ကလေးတွေရဲ့ သဘာဝဟာ ကစားခြင်းမှာ ခုံမင်မှုပါ။ ကလေးတွေရဲ့ သဘာဝလဲဖြစ် ၊ သူတို့ လုပ်ကိုင်ရတာ ကြိုက်နှစ်သက်တဲ့ ကစားခြင်းမှသည် ကလေးတွေရဲ့ စာရိတ္တ ၊ အရည်အချင်းနဲ့ စိတ်နေသဘောထားတွေကို သိရှိနိုင်တယ်ဆိုရင် လက်ခံပါရဲ့လား။ ကလေးတွေခုံမင်တဲ့ ကစားခြင်းဆိုတာနဲ့ ကလေးတွေကို ဥာဏ်ပညာဖွံ့ဖြိုးဖွံ့ဖို့ ၊ စာရိတ္တမှန်ကန်ဖို့ ၊ စိတ်သဘောထားကောင်းမွန်ဖို့ ဆိုတာတွေကို သင်ပေးနိုင်ရင် ပိုပြီးနားဝင်လွယ် ၊ သင်ယူလွယ်တယ်ဆိုတာ တွေ့ရှိရပါတယ်။

ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ဇောဖုံးသွားတဲ့အခါမျိုးတွေမှာ လုပ်မှား ၊ ကိုင်မှား ၊ ပြောမှား ၊ ဆိုမှားဆိုတာတွေနဲ့ သူတို့ရဲ့ ပင်ကိုယ်စရိုက် အမူအကျင့်တွေဆိုတာ ဖုံးမရဘဲ ပေါ်လာတတ်တယ်။ ကျန်တဲ့အချိန်တွေမှာဆိုရင် တပါးသူကြိုက်တာ ၊ လူကြီးမိဘတွေကြိုက်တာကို ရွေးချယ် ပြောဆိုလုပ်ကိုင်နေတော့ သူတို့ရင်ထဲမှာ တကယ်ကိန်းအောင်းနေတဲ့ တကယ့်စိတ်ထားဆိုတာကို သိမြင်နိုင်ဖို့ ၊ အကဲခတ်နိုင်ဖို့ မလွယ်ပါဘူး။ သူတို့ရင်ထဲမှာ လွှမ်းမိုးထားထားတွေကို ဒီလို တကယ်သိမြင်ပါမှ ပြုပြင်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကလေးရဲ့ ဥာဏ်ရည်နဲ့ သင်ယူနိုင်စွမ်းတွေ ၊ နားလည်လက်ခံနိုင်စွမ်းနဲ့ သိတတ်နိုင်စွမ်းတွေဆိုတာကိုလည်း ဒီလိုကစားရင်းနဲ့ အကဲ့ဖြတ်ရင်း ၊ သင်ကြားရင်း လုပ်ပေးတဲ့အခါ ကလေးဟာ သူ့ကို မိဘက ဆုံးမပဲ့ပြင်နေမှန်း မသိဘဲ ကစားရင်းပြောတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ရင်းက ဥာဏ်ရည်သွက်လာတာ ၊ လိမ္မာပါးနပ်လာတာတွေကိုလည်း တွေ့ရှိရပါတယ်။ သာမာန်အချိန်မှာ ဒါမလုပ်နဲ့ ၊ ဒီလိုလုပ်လို့ပြောရင် ကလေးဟာ နာခံချင်မှ နာခံမှာဖြစ်ပေမယ့် ကစားချိန်မှာ ကစားရင်းပြောတဲ့ စည်းကမ်းတွေ ၊ ဆုံးမသွန်သင်မှုတွေကိုတော့ ကစားချင်ဇောနဲ့ လိုက်နာရင်း ၊ နားထောင်ရင်းက ကစားရင်းသင်ယူသွားပါတယ်။

ကျွန်မရဲ့ကလေးကို ကျွန်မဟာ သင်ယူလေ့လာတဲ့အပိုင်းမှာ ဘောင်မခတ်ထားပါဘူး။ ကလေး တစ်လ ၊ နှစ်လသား ဆိုကတည်းက ရင်ခွင်ပိုက်ကလေးကို မှန်ရှေ့မှာထိုင်ပြီး တူတူပုန်းတမ်း ကစားခဲ့ပါတယ်။ ဘယ်လိုကစားလဲဆိုရင် တကိုယ်စာမှန်ရှေ့ သူ့ကိုရင်ခွင်ပိုက် ထိုင်နေလျက်က ကျွန်မရဲ့မျက်နှာကို တဘက်ကိုင်းစောင်းလိုက်တာပါ။ ပထမတော့ ကလေးဟာ မှန်ဆိုတာကို နားမလည်နိုင်သေးပါဘူး။ ဒါပေမယ့် အမေ့မျက်နှာကိုတော့ ခပ်ဝါးဝါးကနေ အသံနဲ့တကွ မှတ်မိသိရှိနေပြီလေ။ ရှေ့ကမှန်ထဲမှာ မြင်နေရတဲ့ အမေ့ရုပ်သွင်ဟာ ပျောက်သွားလိုက် ဘွားဆိုတဲ့အသံနဲ့ ပြန်ပေါ်လိုက်ဆိုတာတွေကို မြင်တွေ့နေတာ သူသတိထားမိလာတယ်။ နောက်ပိုင်းမှာ မှန်ဆိုတဲ့သဘောကို နားလည်လာတယ်။ မှန်မှာပေါ်လာတဲ့ ကိုယ့်နောက်ကအရာဟာ တကယ်မှာ ကိုယ့်ရဲ့အနောက် ရှိနေတဲ့အရာလို့ သဘောပေါက်လာတာပါ။ ဒါဟာ ပိုင်းခြားသိမြင်တတ်တဲ့ ကလေးရဲ့  ဦးနှောက်အာရုံကို နှိုးဆွပေးတာပါ။ သတိထားရမှာက ကလေးလန့်အောင် အသံခပ်ကျယ်ကျယ်နဲ့ မအော်မိဖို့ပါ။

ကလေးဟာ ဒီအာရုံရဲ့နှိုးဆွမှုကြောင့် မှန်ရဲ့သဘောကို နားလည်လာခြင်း ရှိ ၊ မရှိ ဘယ်လိုသိနိုင်မလဲ။ ကလေးဟာ ဒီသဘောကိုသိလာမယ်ဆိုရင် အမေပျောက်သွားတဲ့အခါ မျက်လုံးပြူး ရှာသလိုလုပ်လာနိုင်ပြီး အမေမှန်ထဲပြန်ပေါ်လာရင် အမေရယ်သလို ပြုံးပျော်ရယ်မှာပါ။ နောက်တဆင့်မှာ သူ့ကို အိပ်လျက်ထားပြီး ကိုယ်ကထိုင်လျက်ဖြစ်ဖြစ် အနေအထားနဲ့  ကလေးမျက်နှာမိုးထားတဲ့ ကိုယ့်မျာက်နှာကို လက်ဝါးနှစ်ဘက်နဲ့အုပ် ၊ ပြီးရင်တူတူရေဝါးလုပ်ကစားရင်း သူ့ကိုလည်း သူ့လက်ဝါးလေးတွေ ဆွဲယူလို့ မျက်လုံးအုပ်ပေးလိုက် ဝါးဆိုပြီး ပြန်ဖယ်လိုက်နဲ့ ကစားနိုင်ပါတယ်။ ဒါဟာ ကိုယ်မျက်စိရှေ့မှာ မြင်ရတဲ့အရာတွေကို အုပ်ဖယ်လိုက်လို့ မမြင်ရတော့တာဟာ အမြဲထာဝရမဟုတ်ဘူး။ ဖယ်လိုက်တာနဲ့ ပြန်မြင်ရတယ်ဆိုတာ ပိုနားလည်လာတယ်။ နောင် အမေမအားလို့ သူ့အနားမှာ မမြင်တွေ့ရတဲ့အခါမှာ ကြီးစွာသော စိတ်ဖိစီးမှုနဲ့ အောင်ငိုတာမျိုးမရှိဘဲ သူအမေ့ကိုမြင်ချင်တယ်ဆိုတာသိရအောင် အမေ့ကို အသံပေးလို့ သိစေပြီး သူ့ဆီလာစေတာမျိုးလောက်ပဲ ရှိတယ်လေ။

ကလေးလဲအိပ် ၊ ကိုယ်လဲအိပ်လျက် အနေအထားမှာ ကိုယ့်ရဲ့ညာဘက်လက်ကိုထောင်ပြီး လက်ချောင်းလေးတွေကို နီးလာလိုက် ၊ ဝေးသွားလိုက် လှုပ်ပြပါ။ ကိုယ်ညာဘက်လက် လှုပ်ပြီးရင် သူ့ညာလက်ကို လက်ကောက်ဝတ်ကကိုင်လို့ ကိုယ်လည်းလက်ချောင်းလေးတွေလှုပ် သူ့လက်ချောင်းလေးတွေကိုလည်း လှုပ်စေပါ။ ညာပြီးဘယ် နောက်မှာ ခြေချောင်းလေးတွေကို ခြေထောက်ထောင်လှုပ်ပြ ၊ ညာပြီးဘယ်လုပ်ပြရင်း သူ့ကိုလည်းလုပ်စေပါ။ ကလေးဟာ ခြေချောင်းလက်ချောင်းလေးတွေ နီးလာလိုက် ဝေးသွားလိုက်နဲ့ လှုပ်နေတာမြင်ရင် ပထမတော့ ထူးဆန်းနေပါလိမ့်မယ်။ လူ့ကောကထဲ အခုမှရောက်လာတာဆိုတော့ နားမလည်နိုင်သေးဘူးလေ။ နောက်ပိုင်းမှာတော့ ကိုယ်လှုပ်တိုင်း သူ့ကိုလည်း ခြေချောင်း ၊ လက်ချောင်းလေးတွေ လှုပ်တတ်အောင် နှိုးဆော်မယ် ၊ ပြပေးမယ်ဆိုရင် မလှုပ်တတ် ၊ လှုပ်တတ်နဲ့ လက်လှုပ် ၊ ခြေလှုပ်ဖို့ ကြိုးစားလာပါတယ်။

ဒီလိုကစားပေးရင် ဘယ်လိုဖွံ့ဖြိုးမှုမျိုးရသလဲဆိုတော့ ကလေးဟာ သူ့ခန္ဓာအစိတ်အပိုင်းတွေ ရှိနေတာ ၊ ဒါတွေကို ဦးနှောက်ကနေတဆင့် ခိုင်းစေလို့ရတယ်ဆိုတာကို သင်ယူသွားတယ်လေ။ သူ့ခြေချောင်း လက်ချောင်းလေးတွေကို လှုပ်ဖို့ကြိုးစားလာတယ်ဆိုတာ သူနားလည်လာတဲ့သဘောပါ။ ဒီလိုနားလည်လာတော့ သူ့ခြေချောင်း ၊ လက်ချောင်းတွေကို ငိုနေတုန်း ရုန်းကန်လို့လှုပ်တာမျိုး မဟုတ်တော့ဘဲ သိတတ်နားလည်မှုနဲ့ ဦးနှောက်က စေစားချက်အရ လှုပ်လာမယ်လေ။ နောက်တဆင့်မှာတော့ ပစ္စည်းတွေ ကိုင်တွယ်တာတွေ ခပ်စောစော လုပ်ကိုင်လာနိုင်ပါမယ်။ ပစ္စည်းတွေကိုင်တယ်ဆိုတာကလည်း ဦးနှောက်က ကိုင်လိုစိတ်ရဲ့စေခိုင်းမှုကြောင့် လက်ကကိုင်နိုင်အောင် ၊ မြဲနေအောင် ကြိုးစားရင်းက ကိုင်တွယ်တတ်လာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကိုဒီလိုလှုပ်ရှားစေခြင်းအားဖြင့် ကိုယ်လက်ဖွံ့ဖြိုးမှုတိုးတက်လို့ အရိုးအကြော ၊ အဆစ်အမြစ်တွေ ဆက်သွယ်မှုအား ပိုအားကောင်းလို့ ပိုသန်မာလာစေတယ်လေ။

BurmeseHearts Blog

ကလေးတွေကို အရောင်စုံ ကလေးပစ္စည်းလေးတွေ ၊ စာအုပ်လေးတွေပြလို့ အမြင်အာရုံဖွံ့ဖြိုးသဲကွဲအောင် ၊ မှတ်ဥာဏ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြပါတယ်။ ဒါတွေ မဝယ်နိုင်တဲ့သူ ၊ ဘာပစ္စည်းဝယ်လို့ ဝယ်ရမှန်းမသိသူတွေဟာ အထက်ပါနည်းတွေနဲ့ ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှု ၊ စိတ်စေစားမှု ၊ မှတ်ဥာဏ်တွေကို လေ့ကျင့်ပေးနိုင်ပါတယ်။ ငွေလဲမကုန် ၊ စိတ်လဲမထွေပြားတဲ့ ခပ်ရိုးရိုးနည်းလေးတွေပေါ့။

ချိုသာတဲ့ ဂီတသံစဉ်တွေဟာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်ပါတယ်။ ဒါကလည်းလွယ်ပါတယ်။ သားချော့တေးဆိုတာ ဟိုးပဝေသဏီကတည်းက ရှိခဲ့တာပဲ။ သီချင်းတစ်ပုဒ် အစ ၊ အဆုံး မရရင်နေပါစေ ၊ တောင်မြောက် ရောက်နေရင်လည်း နေပါစေ ၊ စာသားမရရင်လည်းနေပါစေ ၊ အလိုက်မသိရင်လည်းနေပါစေ။ မိခင်ရဲ့အသံဆိုတာ သားသမီးတွေအတွက် နားဝင်အချိုဆုံးသော သံစဉ်ပါ။ နားအထောင်ချင်ဆုံးသောအသံပါ။ အေးအေးအို တေးဆိုကာ ချော့ပါလေ။ ငိုနေတဲ့ကလေး စိတ်လုံခြုံသက်သာမှုကို ခံစားရစေပါတယ်။ အိပ်ချိန်တန်ရင် စိတ်လုံခြုံမှုနဲ့ အိပ်ပျော်သွားမှာဖြစ်သလို စိတ်ဖိစီးမှုတွေရှိနေရင်လည်း မိခင်အနားမှာရှိတယ်ဆိုတဲ့အသိနဲ့ မိခင်ရဲ့အသံကိုနားထောင်ရင်း ၊ ပွေ့ဖက်ရင်း ကလေးရဲ့ စိတ်ဖိစီးမှုတွေဟာ သက်သာပျောက်ကင်းသွားတယ်လို့ တွေ့ရှိရပါတယ်။

ကလေးငိုတယ်ဆိုတာ သူစိတ်ဖိစီးနေတယ်လို့ သူ့အနားဝန်းကျင်ကသူတွေ သိရှိအောင် အချက်ပေးတာပါ။ ဒါကိုမှ ချော့မော့ဖျောင်းဖြမှု မခံရဘူးဆိုရင် စိတ်ဖိစီးမှုအာ မြင့်တက်သထက် မြင့်တက်လာပါတယ်။ ကလေးရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတဲ့အနေနဲ့ ချော့မော့တဲ့သူမရှိဘဲ မောလို့ တိတ်သွားရဖန်များလာတဲ့ကလေးဟာ စိတ်ဖိစီးမှုကို ရေရှည်ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှု ရေရှည်ခံစားရတော့ ကျန်းမာရေးချို့ယွင်းလာမှု မရှိရင်တောင် ကလေးဟာ စိတ်ဓါတ်ကျအားငယ်လွယ်တာ ၊ အရှုံးပေးလွယ်တာ ၊ မိမိကိုယ်ကို ယုံကြည်မှုမရှိတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်စေတာပေါ့။ ဒါကြောင့် ကလေးငိုရင် ငိုရကောင်းလားလို့ ရိုက်ဖို့ထက် မငိုအောင် နည်းလမ်းရှာ ချော့မော့နှစ်သိမ့်ရမှာ ဖြစ်ပါတယ်။ ဒါမလိုက်လျော်ပေးနိုင်လို့ ကလေးငိုရင် ဒါမဟုတ်တဲ့ အခြားဟာနဲ့ သူ့ကို စိတ်ပြောင်းလဲစေရမှာဖြစ်ပါတယ်။ ကလေးငိုလို့ သူလိုချင်တာ လုပ်ခွင့်ပေးလေ့ရှိမယ်ဆိုရင်ဖြင့် စည်းကမ်းပိုင်းမှာ လျော့ရဲလာမယ်လေ။

ကလေးတွေရဲ့ မဖွံ့ဖြိုးသေးတဲ့ ဦးနှောက်အပိုင်းဟာ ကွဲပြားခြားနားတဲ့ အချိန်လိုမျိုးတွေမှာ ဆက်သွယ်ဖွံ့ဖြိုးခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် ကလေးစိတ်ဝင်စားနေချိန်မှာ သူစိတ်ဝင်စားရာကို အချိန်ကိုက် သင်ယူခွင့်ရမယ်ဆို မတူခြားနားတဲ့ အသိပညာနဲ့ အတတ်ပညာတွေကို မြန်ဆန်စွာ တတ်မြောက်ခွင့်ရမယ်လေ။ ကလေးစိတ်ဝင်စားချိန်မှာ မှန်ကန်တဲ့ သွန်သင်ဆုံးမလို့ နာယူစေတာမျိုး ၊ သင်ပေးတာမျိုး မလုပ်ဘူးဆိုရင်တော့ ကိုယ်သင်ပေးတဲ့အချိန်မှာ သူစိတ်ပါဝင်စားမှု ရှိချင်မှ ရှိနိုင်တော့တာမို့ သင်သော်လည်း တကယ် နားလည်တတ်မြောက်လာနိုင်ပါ့မလားဆိုတာ တွေးဆစရာဖြစ်ပါတယ်။

ဒါပေမယ့် သူစိတ်ဝင်စားမှု မရှိသေးခင် ၊ သူ့စိတ်ပိုင်း ကိုယ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်သေးခင်မှာ တတ်မြောက်စေချင်စိတ်စောပြီး သင်ပေးတာမျိုးကိုတော့ ရှောင်ရပါမယ်။ ဥပမာ – လမ်းလျှောက်ဖို့အဆင်သင့် မဖြစ်သေးတဲ့အရွယ်မှာ အတင်း လမ်းလျှောက်ကျင့်ပြီး လမ်းလျှောက်ခိုင်းတာမျိုး ၊ ကလေးနှစ်နှစ်အရွယ်မှာ ကလေးကို ဖိအားပေးလို့ A, B, C တွေသင်ပြတာမျိုး ဖြစ်ပါတယ်။ အခုအဆင်သင့်မဖြစ်သေးဘူးဆိုရင် နောက်လအနည်းငယ်အကြာမှာ ထပ်သင်ပေးနိုင်တယ်လေ။ သင်ယူဖို့ အဆင်သင့်ဖြစ်တဲ့အရွယ်မှာ သူဟာ စိတ်ဝင်တစား သင်ယူမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like