ကလေးတွေခံစားရတဲ့ စိတ်အားငယ်မှု အပိုင်း(၃)

0

မိဘတွေရဲ့တာဝန်က သားသမီးကို အတွေးအမြင်အမှန်နဲ့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် တင်ပေးဖို့ပါပဲ။ ဒီလမ်းကြောင်းပေါ်တင်ပေးပြီးနောက်မှာ ဆက်လျှောက်ဖြစ်အောင် စိတ်အား ၊ ကိုယ်အား ၊ ခွန်အားတွေပေးပြီး ပံ့ပိုးပေးဖို့ပဲလိုတာပါ။ ဒီကနေတဆင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်လာမှာဖြစ်ပါတယ်။

ဆယ်ကျော်သက်ကလေးတွေဟာ လွတ်လပ်မှုဆိုတာကို ခံစားချင်ကြတာပါ။ သူတို့က နှစ်များစွာ မိဘဆွေမျိုး ၊ ဆရာသမား ၊ ပတ်ဝန်းကျင်ဆိုတာရဲ့ အကန့်အသတ်ဘောင်ထဲမှာ နေထိုင်ခဲ့ရတော့ လွတ်လပ်စွာတွေးခေါ်ခြင်း ၊ လွတ်လပ်စွာ နေထိုင်စားသောက်ခြင်းဆိုတာတွေကို အာသာငမ်းငမ်း တောင့်တနေကြတာပါ။ ဒီအရွယ် စည်းလွတ်ဝါးလွတ်ဖြစ်မသွားရအောင် ၊ တည်ငြိမ်တဲ့အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာအောင် ၊ ကြိုးစားချင်စိတ်တွေရှိလာအောင်ဆိုတာ သူတို့ကို ဘဝဆိုတဲ့လမ်းကြောင်းပေါ် တင်ပေးလိုက်ရမှာပါ။

တကယ့်ဘဝဆိုတာ စိတ်ကူးနေရုံနဲ့ ပုံပေါ်လာတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်အကောင်အထည်ဖော် တည်ဆောက်ရတာမျိုးဆိုတာကို သူတို့ကိုယ်တွေ့ ကြုံလာမှ တကယ်နားလည်နိုင်တာမျိုးပါ။

အပျံသင်စ ဆယ်ကျော်သက်အရွယ်မှာ သူသိသင့်တာတွေမှန်သမျှကို သိအောင် ကိုယ်က လမ်းကြောင်း ပြောပြ ၊ သင်ပြရမှာပါ။ ပျံရင်းပျံရင်း ပျံတတ်သွားပြီဆိုရင်တော့ သူဆန္ဒရှိရာ သူပျံသန်းသွားမှာပါ။ အစိုးရိမ်လွန်တဲ့မိဘတွေကြောင့် သားသမီးတွေဟာ တုံး အ သွားတတ်တာကိုလည်း သတိပြုရမှာပါ။ တကယ်စိုးရိမ်တယ်ဆိုရင် ဆောင်ရန် ၊ ရှောင်ရန်ကိစ္စတွေကို သူတကယ်သိနားလည် သဘောပေါက်ပြီး ဆောင်မိ ၊ ရှောင်မိအောင် ကိုယ်ကသင်ပေးရုံပါ။

သင်ပေးထားတဲ့အတိုင်း မလိုက်နာလို့ တစ်ကြိမ်ထိ ၊ နှစ်ကြိမ်ထိ ၊ ထိပြီးရင်ထိလာမယ်ဆို ကြုံလာတဲ့အတွေ့အကြုံတွေက သူ့ကိုကိုယ်တွေ့သင်ပေးလိုက်မှာပါ။ တခါတလေ စာတွေ့ထက် လက်တွေ့က ပိုသဘောပေါက်နားလည်သွားစေတယ်။ အဆိပ်ရှိသတ္တဝါတွေနဲ့ လူကိုသေစေတတ်တဲ့အရာတွေ ၊ အညွန့်တုံးစေတတ်တဲ့ အရာတွေမှန်သမျှကို သူလုံးဝရှောင်ကြဉ်ဖို့ ကိုယ်သင်ပေးရမှာပေါ့။

နောက်ဆုံးမှာ လက်ရှိကြုံတွေ့နေတဲ့ အခြေအနေအပေါ် သူဘာတွေခံစား တွေးမြင်နေနိုင်တယ်လို့ သိမြင်ချင်တယ်ဆိုရင် ကိုယ့်ခံစားချက်တွေနဲ့ ကိုယ်ချင်းစာခံစားတဲ့အခါ သူ့အတွေးအမြင်တွေကို အနီးစပ်ဆုံး ခံစားတွေးမြင်နိုင်ပါတယ်။ လူချင်း ၊ ခံစားချက်ချင်း ကွဲပြားနေနိုင်တာမို့ အတွေးအမြင်နဲ့ ခံစားချက်မှန်သမျှ ထပ်တူမကျနိုင်ပါဘူး။ ဒါကိုတော့ နားလည်ထားရမယ်လေ။

ထိန်းသိမ်းရအခက်ဆုံးအရွယ်ဟာ သုံးနှစ်အောက် အရွယ်လေးတွေဆိုရင် ပြောဆိုရအခက်ဆုံးအရွယ်ဟာ ဆယ်ကျော်သက်လေးတွေပါ။ ဒါဟာ သဘာဝအရ အသက်အရွယ်ပြောင်းလဲမှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲဖြစ်ပေါ်နေတာပါ။ မိဘဖြစ်တဲ့ကိုယ်က သူ့ရဲ့ပြောင်းလဲမှုတွေကို နားလည်ပေးပြီး လမ်းမှန်ရောက်အောင် နည်းပရိယာယ်ပါပါ အလိုက်သင့် ဆွဲဆောင်သိမ်းသွင်းသွားရမှာပါ။

BurmeseHearts Blog

တချို့တွေကပြောတယ်။ “အပိုတွေပါ။ ဒါတွေမလိုပါဘူး။ ကလေးတွေကို ဂရုတစိုက် နားလည်ပေးဖို့လည်းမလိုပါဘူး။ တို့မိဘတွေတုန်းကလည်း ဒီလိုပဲထားခဲ့တာပဲ။ အခုဒို့ဒီအရွယ်ရောက်နေပြီ။ ဘာများမှားလို့လဲ။ ကလေးဟာ သူ့ဘာသာသူကြီးလာရင်း သူ့ဘာသာသူ သိတတ်နားလည်လာမှာပါ” တဲ့။ လူမှမဟုတ်ဘူး တရိစ္ဆာန်တွေလည်း သူ့ဘာသာသူ တဖြည်းဖြည်း ကြီးပြင်းလာခဲ့တာပါ။

လူနဲ့အနီးစပ်ဆုံးတရိစ္ဆာန်ဖြစ်နေတဲ့ ခွေးတွေတောင် လူနဲ့နီးနီးနေတာမျိုးမရှိဘဲ ဘယ်လိုအလိုက်သင့် နေထိုင်ဆက်ဆံရမယ်ဆိုတာ မသင်ပေးရင် တောထဲက မြေခွေးတွေလို ၊ အင်းစိန်အကျဉ်းထောင် ခွေးတိုက်ထဲက ခွေးတွေလို ရန်လိုရိုင်းစိုင်းနေတတ်ပါတယ်။ ကိုယ့်တုန်းကမရခဲ့တဲ့ ဂရုစိုက်မှုမျိုးကို ကိုယ်ပြန်မပေးတတ်တာ သဘာဝကျပါတယ်။ ဒါပေမယ့် တပါးသူကို ဂရုစိုက်မှုတွေ မပေးသင့်ဘူး ၊ ပေးဖို့မလိုဘူးဆိုတဲ့အတွေးဟာ သဘာဝမကျတော့ဘူး။ တနည်းအားဖြင့် အဆိုးမြင်တဲ့စိတ်ကလေး ကိန်းအောင်းသွားတာပေါ့။

လူချင်းတူပေမယ့် အတွေးအခေါ်တွေကွဲပြားသွားတာ ၊ စိတ်ဓါတ်နဲ့ ခံယူချက်တွေ ကွဲပြားသွားတာ ၊ လုပ်ကိုင်ဆောင်ရွက်ပြောဆိုပုံတွေ ကွဲပြားသွားတာ ၊ ကြိုးစားအားထုတ်မှုနဲ့ ဘဝနေထိုင်မှုပုံစံတွေ ကွဲပြားသွားတယ်ဆိုတာဟာ ဒီလူတွေငယ်စဉ်က လူကြီးမိဘတွေ သူ့အပေါ် ဘယ်လိုပြုမူဆက်ဆံပြီး ကလေးဟာ ဘာတွေ ဘယ်လိုသင်ယူခဲ့လို့ ဘယ်လိုစိတ်ဓါတ်နဲ့ ခံယူချက်တွေဖြစ်ပေါ်ပြီး ဘဝဆိုတာကို ဘယ်လိုပုံဖော်နေထိုင်သွားလိုတယ် ၊ နေထိုင်သွားတယ်ဆိုတာ ကွဲပြားသွားပါတယ်။

မိဘတွေဟာ စားဖိုမှူးတွေနဲ့တူပါတယ်။ အသားချင်း ၊ အသီးအရွက်ချင်း အတူတူ ရရှိလာသည့်တိုင် အရသာကောင်းအောင် စေတနာပါပါ ဘယ်လိုချက်ပြုတ်ရမယ်လို့ လေ့လာသိထားတဲ့သူရဲ့ ဟင်းလျာဟာ အရသာထူးကဲကောင်းမွန်ပြီး ပါးစပ်ထဲရောက်ရင်ပြီးပြီဆိုတဲ့ခံယူချက်နဲ့ အရသာကို အလေးမထား ပြီးစလွယ် ချက်ပြုတတ်သူတွေရဲ့ ဟင်းလျာဟာ ဖွယ်ဖွယ်ကြီးဖြစ်နေနိုင်ပါတယ်။ ပစ္စည်းကောင်းတွေသုံးလို့ အရသာကောင်းတာပေါ့လို့ စောဒကတက်ဖွယ်ရှိပေမယ့် ပစ္စည်းကောင်းမသုံးနိုင်တဲ့ အိမ်ရှင်မအချို့ရဲ့ လက်ရာဟာ တခါစားရုံနဲ့ တသက်စာ အမှတ်ရစေတာတွေ ရှိနေပါတယ်။ ဆင်းရဲတဲ့မိဘတွေကလည်း အောင်မြင်တဲ့သားသမီးတွေကို မွေးထုတ်ပေးနိုင်ပါတယ်။

သားသမီးကို အကောင်းဆုံး ဘယ်လို ပဲ့ပြင်ဆုံးမသွားရမယ်လို့ မလေ့လာဘဲ အဆင်ပြေသလို ကိုယ်ကြီးပြင်းလာတဲ့အတိုင်း စိတ်နောက်ကိုယ်ပါ ဆုံးမတတ်တဲ့မိဘတွေရဲ့ သားသမီးနဲ့ သားသမီးကို နားလည်နွေးထွေးမှုပေးပြီး နည်းမှန်လမ်းမှန်ဆုံးမတတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ လူချင်းအမျိုးအစားတူပေမယ့် အရည်အချင်းတွေ ၊ စိတ်နေစိတ်ထား ၊ ခံယူချက်တွေ ၊ အကောင်းမြင်စိတ် ၊ အဆိုးမြင်စိတ်ဆိုတာတွေ ကွဲပြားသွားမှာဖြစ်ပါတယ်။

တချို့တွေက ကောင်းမွန်စွာသွန်သင်ဆုံးမတာ မခံရပေမယ့် ဆိုးရွားစွာ ဆက်ဆံမှုမခံခဲ့ရလေတော့ အဆိုးမြင်စိတ်တွေ ကိန်းအောင်းမနေဘဲ အခြေအနေ အခွင့်အရေးပေးလာရင် ကြိုးစားချင်စိတ်တွေဝင်လာပြီး ကြိုးစားရင်းက အောင်မြင်တဲ့ဘဝ ရရှိသွားတတ်ပါတယ်။

ဘဝအခြေအနေကြောင့် လောကကြီးကို အကောင်းမမြင်နိုင် ၊ နေ့စဉ်တွေ့ကြုံနေရတဲ့ ဘဝပေးကြောင့် လောကကြီးနဲ့ လူတွေအပေါ် အကောင်းမမြင်နိုင် ၊ ကိုယ့်ကိုလည်း အကောင်းမြင်ဆက်ဆံသူ မရှိတဲ့ဘဝမှာ ဘယ်သူ့အပေါ်မှ ၊ ဘယ်အရာကိုမှ အကောင်းမမြင်နိုင်တဲ့သူတွေလည်း ရှိပါတယ်။

ကိုယ့်အပေါ် နားလည်ပေးပြီး အကောင်းဘက်ကနေ နားလည်အောင် ပြောဆိုသွန်သင် ဆုံးမတတ်သူရှိရင် လောကကြီးကို အကောင်းမြင်စိတ်တွေ ကိန်းအောင်းသွားပါတယ်။ ဆုံးရှုံးနေဦးတော့ ဆက်ကြိုးစားရင် အောင်မြင်နိုင်တယ်လို့ ယုံကြည်မျှော်လင့်ပြီး ဆက်ကြိုးစားရင်း အောင်မြင်သွားတဲ့သူတွေရှိပါတယ်။

တကြိမ်ကျရှုံးတယ်ဆိုတာ တဘဝလုံးစာ ကျရှုံးတာမဟုတ်ဘူးဆိုတဲ့ မှန်ကန်တဲ့အသိအမြင်တွေ ၊ လွတ်လပ်စွာတွေးခေါ်နိုင်မှု စွမ်းအားတွေ ၊ လောကကြီးထဲမှာ ဖြစ်ပျက်နေတတ်တဲ့ သဘောသဘာဝတွေကို နားလည်အောင် သင်ပြပေးနိုင်တဲ့သူ အနားမှာရှိနေရင် ဒီကလေး ၊ ဒီလူငယ်လေးဟာ ရေရှည်မှာ အောင်မြင်တဲ့သူဖြစ်လာမှာပါ။

ရတု (Burmesehearts.com)

You might also like