class="post-thumbnail open-lightbox" href>
ကလေးတွေခံစားရတဲ့ စိတ်အားငယ်မှု အပိုင်း(၂)
ကလေးမှာလည်း ကလေးအမြင်ဆိုတာ ရှိပါတယ်။ တခါတလေ ကိုယ်မမြင်နိုင်တဲ့ သူ့ရှုထောင့် ၊ ခံစားချက်တွေဟာ ကိုယ့်ထက်မှန်နေတာလည်း ဖြစ်တတ်ပါတယ်။ ကလေးနဲ့အမြင်မတူဘူး ၊ ကလေးဟာ သူ့ခံစားချက်အမြင်ကို ပြောတယ်ဆိုရင် ဂရုတစိုက်နားထောင်ပေးပါ။ အနည်းဆုံး ကလေးရင်ထဲမှာ သူ့အမြင်ခံစားချက်တွေ ဖွင့်ထုတ်ပြောခွင့်ရတဲ့အတွက် ပေါ့သွားပါတယ်။ ကိုယ်လည်း သူ့ဘက်ကခံစားချက်ကို သိနားလည်လာပါတယ်။
ကိုယ့်အမြင် ၊ ကိုယ့်ခံယူချက်တွေနဲ့ မဆီလျော်ခဲ့ရင် သူနားလည်လက်ခံလာအောင် ကောင်းမွန်စွာ အကြောင်း ၊ အကျိုး ချိုချိုသာသာ ပြန်ရှင်းပြဖို့တော့ လိုတာပေါ့။ ကလေးဟာ သူ့ခံစားချက်အမြင်တွေ ဖွင့်မပြောရဲရင် ဖွင့်ပြောနိုင်ဖို့ လမ်းကြောင်းပေးပါ။ အပြန်အလှန်ဆွေးနွေးပါ။ သူ့စိတ်ထဲမှာရှိနေတာတွေ စကားလုံးအဖြစ်ထွက်ပေါ်လာမှ ကိုယ်ဟာ သူ့စိတ်ခံစားချက်တွေနဲ့ အမြင်ကို လမ်းကြောင်းမှန်ပေါ် တည့်မတ်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုတာတွေဟာ ကလေးရဲ့ စိတ်ဖိစီးမှုကို တနည်းတဖုံ လျှော့ချပေးခြင်းရယ်ပါ။
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ မယားကြီး ၊ မယားငယ်ကိစ္စနဲ့ စပွန်ဆာကိစ္စတွေ အတော်များလာတယ်နော်။ မိဘတွေရဲ့ လုပ်ရပ်နဲ့ ရွေးချယ်မှုတွေကြောင့် ဒီလူတွေရဲ့ မျိုးဆက်ကလေးတွေဟာ လောကကြီးစရောက်လာကတည်းက မယားကြီးသားသမီး ၊ မယားငယ်သားသမီး ၊ ဖအေမပေါ်ဘဲမွေးတဲ့ကလေး ၊ အပျော်မယားကရတဲ့ကလေးစသဖြင့် ခေါင်းစဉ်အမျိုးမျိုး အလိုလို အတပ်ခံရတော့တယ်။
မယားကြီးကဘဲမွေးခဲ့ချင်တယ် ၊ မယားငယ်ကမမွေးချင်ဘူး ၊ အပျော်မယားရဲ့သားသမီး ဘာကြောင့်ဖြစ်လာခဲ့ရသလဲလို့ ကလေးဟာ ရွေးချယ်ခွင့်ရှိပါရဲ့လား။ ဘယ်သူကမွေးမွေး လုပ်တဲ့လူကြီးတွေရဲ့အပြစ်ပါ။ ကလေးမှာအပြစ်မရှိပါဘူး။ ဒါကိုခွဲခြားမသိမြင်တတ်တဲ့ (သေးသိမ်တဲ့စိတ်သဘောထားရှိတဲ့) လူ့ပတ်ဝန်းကျင်က အမြင်တွေ ၊ ဆက်ဆံမှုတွေကြောင့် ကလေးဟာ မကြီးပြင်းခင်ကတည်းက လူတွေရဲ့အကြည့်နဲ့ အပြောအဆိုအောက်မှာ စိတ်အားငယ်မှု ၊ သိမ်ငယ်မှုတွေ ၊ မခံချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လို့နေပါပြီ။
ဒါတွေကြောင့်မို့လည်း Broken Family က ကလေးငယ်တွေနဲ့ အရွယ်ကွာဟလွန်းတဲ့မိဘကမွေးလာတဲ့ကလေးတွေ ၊ အမြှောင်မယားတွေနဲ့ အပျော်မယားတွေက မွေးလာတဲ့ကလေးငယ်တွေ ၊ မယားငယ်တွေရဲ့ သားသမီးတွေဟာ သိတတ်စကတည်းက စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက မိဘအသိုင်းအဝန်းနဲ့ ပတ်ဝန်းကျင်ကြောင့် Negative ဘက်ကို ဦးတည်မှုများနေပါတယ်။
သူတို့တွေရဲ့ စိတ်ခံစားချက်ကို နားမလည်လေ ကလေးနဲ့ပြောဆိုဆက်ဆံရခက်လေ ၊ ထိန်းသိမ်းဆုံးမရခက်လေ ဖြစ်နေမှာပါ။ အတွင်းကစိတ်အားငယ်ချက်တွေကို ဖုံးကွယ်ဖို့ အပြင်ဘက်ကနည်းလမ်းတွေကို ရှာကြံလုပ်ကိုင်ရင်း ဒီလိုမိသားစုတွေက ကလေးငယ်တွေ ၊ လူရွယ်လေးတွေဟာ လမ်းလွဲရောက်သွားတတ်ပါတယ်။
သူတို့ကို နားလည်မှုပေးပါ။ ဖေးမပါ။ သူတို့ရဲ့ ခံစားချက်တွေကို နားထောင်ပါ။ မျှဝေပါ။ သူတို့ငိုရင်တောင် သူတို့ကိုဖက်ပြီး ဒီလိုဘဝမျိုးဖြစ်လာတဲ့ ကိုယ်တိုင်က သူ့ခံစားချက်အတွက် စိတ်မကောင်းဘူး ၊ ဝမ်းနည်းရတယ်ဆိုတာကို ပြသပါ။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့အမြင်နဲ့ ခံယူချက်တွေထဲမှာ မိခင်ဟာလည်း အလိုတူအလိုပါ ၊ ဒီလူကြီးတွေကြောင့် သူဒီလိုခံစားရတယ်လို့ စွဲနေနိုင်ပါတယ်။ ဒီအခါ သူ့ကို ဖြေဖျောက်ပြောဆိုနိုင်တဲ့သူဟာ တကယ်ကို ရှားသွားပါပြီ။ သူ့ကိုယ်သူမှ သူ့စိတ်ခံစားချက်တွေ မပြင်ဆင် ၊ မဖြေဖျောက်နိုင်ရင် ဒီခံစားချက်နောက် တလွဲတွေလုပ်နေနိုင်တဲ့သူ့ကို လမ်းမှားပေါ်ကနေ ဘယ်သူဆွဲခေါ်နိုင်တော့မှာလဲ။
အသိ ၊ အတတ်ကလေးတွေ အရွယ်ရောက်သူနည်းပါး သိတတ်လာပြီဖြစ်တဲ့ ဆယ်ကျော်သက်လေးတွေဟာ ကိုယ်တိုင်ရပ်တည်လိုစိတ်ရှိပြီး ကိုယ်တိုင်မရပ်တည်နိုင်သေးတော့ ဒီလိုစပ်ကြားကာလမှ ဟိုမရောက် ၊ ဒီမရောက်စိတ်တွေနဲ့ ဖြစ်နေတတ်ပါတယ်။ ကျွန်မဆယ်ကျော်သက်အရွယ်တုန်းက အလိုချင်ဆုံးဆန္ဒကို ပြောရမယ်ဆို ခပ်မြန်မြန်လေး အသက်(၁၈)နှစ်ပြည့်ဖို့ပါ။ မြန်မာနိုင်ငံရဲ့ဥပဒေအရ အသက်(၁၈)နှစ်ပြည့်ရင် ကိစ္စအတော်များများမှာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်ကိုင်ခွင့်ရလာပြီဆိုတာသိတော့ အသက်(၁၈)နှစ် မြန်မြန်ပြည့်ချင်တာပါ။
(၁၈)နှစ်ပြည့်မှ အရွယ်ရောက်ပြီး လူရာသွင်းတယ်လို့ ခံစားရတဲ့အတွက် အသက်ပြည့်ရင် လင်ယူသားမွေး လုပ်လို့ရတယ်ဆိုတဲ့အမြင်ထက် အသက်ပြည့်ရင် လူလူသူသူ အလုပ်ဝင်လုပ်လို့ရပြီဆိုတဲ့အမြင်မျိုးရှိဖို့ ပိုအရေးကြီးပါတယ်။ ကိုယ့်ဝင်ငွေနဲ့ကိုယ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ချင်တဲ့စိတ်ကို ဆယ်ကျော်သက်တွေရင်ထဲ စွဲနေအောင် ထည့်ပေးရမှာပါ။ ဆယ်ကျော်သက်တွေရဲ့ ခံစားမှုတစိတ်တပိုင်းက ကိုယ်ပိုင်ငွေမရှိသေးပေမယ့် ကိုယ်ငွေလိုတိုင်း မိဘဆီ မျက်နှာငယ်ငယ် လက်ဖြန့်မတောင်းချင်ဘူး။
တွန့်တိုတတ်တဲ့ မိဘမျိုးနဲ့ မဆင်နိုင်တဲ့မိဘမျိုးတွေရဲ့ ဆယ်ကျော်သက်သားသမီးတွေဟာ ဒီအရွယ်မှာ ပိုပြီးသိမ်ငယ်တတ်ပါတယ်။ အရွယ်လေးကလည်း မရောက်တရာက် ၊ ပေါင်းသင်းဆက်ဆံမှုဝန်းကျင်ကလည်း ကျယ်ပြန့်သလောက်ရှိလာ ၊ သူငယ်ချင်းတွေနဲ့ဆိုင်ထိုင်ရင် သူများကိုကျွေးဖို့နေနေသာသာ ကိုယ်တိုင်က စားသောက်စရာ လုံလုံလောက်လောက်ငွေ အိတ်ကပ်ထဲမရှိတဲ့ သူ့အဖြစ်ကို ဘယ်သူက နားလည်စာနာနိုင်မှာလဲ။
အရွယ်ကလေးရောက်လာတော့ အလှအပ နဲ့ စတိုင်ကျကျ ဝတ်စားတာတွေ ခုံမင်လာတတ်တဲ့ လူပျို ၊ အပျိုပေါက်အရွယ် ဆယ်ကျော်သက်လေးတွေဟာ ဝတ်ချင် စားချင်စိတ်တွေသာရှိနေပြီး မဝတ်နိုင် ၊ မစားနိုင်ဘူးဆိုရင်တော့ သူ့ကိုနည်းမှန်လမ်းမှန် ပြောဆို ဆုံးမနိုင်သူမရှိရင် စိတ်ဓါတ်နဲ့ ခံယူချက်တွေ ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေ လမ်းလွဲသွားနိုင်ပါတယ်။ သူတို့ဟာ ကိုယ်လိုချင်တဲ့ပစ္စည်းတိုင်း မိဘကို ဝယ်ပေးပါလို့ မပူဆာချင်တော့ဘူး။ ပူဆာလည်း မရနိုင်ဘူးဆိုတဲ့အခြေအနေတွေမှာ လိုချင်စိတ်တွေ ထိန်းမနိုင်သိမ်းမရဖြစ်နေရင် ရယူဖို့ ကြိုးပမ်းအားထုတ်မှုမှာ လမ်းလွဲသွားနိုင်ပါတယ်။ အပေါင်းအသင်းမှားရင် ပိုဆိုးပါတယ်။
ယောကျာ်းလေးလည်း မဟုတ်တဲ့နည်းနဲ့ ငွေရှာတာ ၊ ခိုးတာ ၊ လုတာတွေဘက် ရောက်သွားနိုင်သလို ငွေရှိတဲ့မမတွေကို ချိုင်ချင်စိတ်တွေနဲ့ ဖြတ်လမ်းလိုက်လိုပြီး ကိုယ်အစွမ်းအစရှိအောင် အားထုတ်ဖို့ မေ့လျော့တတ်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဖြတ်လမ်းလိုက် ချမ်းသာဖို့ကိုပဲ ဦးစားပေးရာက လမ်းလွဲသွားနိုင်တာပါ။ မိန်းကလေးတွေ အများစု ပျက်စီးကြတာဟာ လှချင်ပချင်စိတ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်တာကနေ စနိုင်သလို အပေါင်းအသင်းမှားလို့လည်း ဖြစ်နိုင်ပါတယ်။
အခု စပွန်ဆာခေတ်ကြီးထဲမှာ ရေရှည်မစဉ်းစားတော့ဘဲ မွေးကတည်းကပါလာတဲ့ ခန္ဓာအရင်းပြုလို့ လိုတာရဖို့ကြိုးစားရင်း အပျိုစင်ဘဝရဲ့တန်ဖိုး ပျက်ပြယ်လာတော့ အခြေတကျ ဝင်ငွေရှိသူတွေကို အိမ်ထောင်ရှိကော ၊ ရည်းစားရှိကော ၊ လူလွတ်ကော မရှောင်နိုင်တော့ဘဲ ဇတ်ရှုပ်တွေလုပ်လာပါတော့တယ်။ မထူးဇတ်ခင်းရင်ပိုဆိုးတာပေါ့။
သူတို့ရဲ့ခံယူချက်ဟာ ငွေမှငွေဖြစ်နေရင် ပိုကြောက်စရာကောင်းလာတယ်။ ကိုယ့်ဘာသာ အခြေတကျဘဝအခြေအနေရဖို့ အားမထုတ်ဘဲ အခြေတကျဖြစ်နေသူတွေကို အမိဖမ်းယူမယ်ဆိုတဲ့အတွေးကိုက မှားယွင်းနေတယ်ဆိုတာ မိဘမှလမ်းမပြရင် ၊ မိဘမှ မဖြည့်ဆည်းပေးရင် သူတို့ဘဝတလျောက် ပျော်ရွှင်နိုင်မှုအခွင့်အရေးဟာ နည်းပါးသွားပါပြီ။
အသက်ပြည့်ရင် ကိုယ်ငွေကိုယ်ကိုင်သုံးနိုင်ဖို့ အလုပ်အတည်တကျ ဝင်လုပ်သင့်တယ်ဆိုတဲ့ အသိအမြင်နဲ့ အလုပ်လုပ်ချင်စိတ်တွေကို မိဘက သားသမီးနားလည်အောင် ပြောပြဆုံးမတတ်မှလည်း ဆယ်ကျော်သက်လူငယ်တွေဟာ အလုပ်ဝင်လုပ်ချင်မှာပါ။ တကယ်ဆို ပထမခြေလှမ်းက အရေးအကြီးဆုံးပါ။ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ အရမ်းလိုအပ်ပါတယ်။
ရတု (Burmesehearts.com)