ကလေးတွေဘာကြောင့်ဆိုးကြသလဲ
ဒီလောက်သင်တာတောင် နားမလည်ဘူးလား။ ဒီလောက်ဆိုးရသလား။ နားမပါဘူးလား ။ မှတ်ဥာဏ်မရှိဘူးလား စသဖြင့် မိဘဘိုးဘွား ၊ ဆရာသမားတွေနဲ့ လူကြီးတွေက ကလေးတွေကို ဆူပူငေါက်ငမ်းကြတယ်။ ကလေးဘာကြောင့်ဆိုးရသလဲဆိုတာကိုတော့ အသေအချာ ပြန်သုံးသပ် အဖြေရှာကြတဲ့သူတွေတော့ နည်းတယ်။
ကလေးတွေဘာကြောင့်ဆိုးရသလဲဆိုတာကို လွယ်လွယ်လေး အဖြေပေးရရင် ကျေနပ်မှုမရှိလို့ဆိုးတာပါ။ ဘာကိုမကျေနပ်တာလဲဆိုတာတော့ သူတို့ကိုယ်တိုင် အသိဆုံးပဲဖြစ်မှာပါ။ သူတို့မိဘနဲ့ ခွဲခွါနေရတာကို မကျေနပ်တာလား ၊ မိရင်းဖရင်းမဟုတ်သူကို အမိအဖခေါ်နေရတာကို မကျေနပ်တာလား ၊ နေချင်သူနဲ့မနေရ မနေချင်သူနဲ့ နေရတဲ့ဘဝကို မကျေနပ်တာလား ၊ သိတတ်ကတည်းက ခါးသည်းတဲ့ခံစားမှုတွေကြောင့် မကျေနပ်ချက်တွေနဲ့ စိတ်ဓါတ်ပါ ကြမ်းတမ်းလာခဲ့တာလား ၊ လူကြီးမိဘဆရာသမားတွေရဲ့ ဆိုဆုံးမ မတတ်မှု ၊ လိုရင်လိုသလို မလိုရင်မလိုသလို မျက်နှာသာပေးမှု စတာတွေကို မကျေနပ်တာ စသဖြင့်သော မကျေနပ်ချက်တွေ ကြီးထွားလာလေလေ ကလေးဟာ ဆိုဆုံးမရခက်လေလေ ၊ ပိုပို ဆိုးလာလေလေ ဖြစ်နေမှာပါ။
ဒါကြောင့် ကလေးတစ်ဦး ဆိုးလာပြီဆိုတာနဲ့ အရင်နဲ့မတူတော့တဲ့ သူ့ရဲ့အပြုအမူ ၊ အပြောအဆိုတွေကို ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ ဒါဟာ သူ့ကို ဆူဖို့ ၊ ဆဲဖို့ ၊ ရိုက်ဖို့ ၊ အော်ဖို့ ၊ ငေါက်ဖို့ ၊ ပြစ်တင်ကြိမ်းမောင်းဖို့ ဂရုစိုက်ကြည့်ခိုင်းတာမဟုတ်ပါဘူး။ သူဘာကို မကျေနပ်တာလဲ ၊ သူဘာကြောင့် ဒီလိုပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းရင်းကိုမြင်အောင် ဂရုစိုက်ကြည့်ခိုင်းတာပါ။
မူရင်းဖြစ်ပေါ်နေတဲ့ ကလေးရဲ့မကျေနပ်ချက်တွေကို တဖြည်းဖြည်း အချိန်ယူလို့ ဖြေဖျောက်ပေးနိုင်ပါမှ ကလေးဟာ ဆိုးတဲ့အကျင့်တွေ ၊ မကျေနပ်စိတ်တွေ လျော့ပါးလာမှာဖြစ်ပါတယ်။ ချက်ချင်းကြီးတော့ နေ့ချင်းညချင်း ပြောင်းလဲယူလို့ရတာမျိုးမဟုတ်ပါဘူး။ အချိန်ယူပြောင်းလဲပြုပြင်သွားရတာမျိုးပါ။ ကလေးစိတ်ဆိုတာ ထည့်ရာပုံစံခွက်ထဲဝင်သွားတဲ့ရေလိုပဲလို့ လူကြီးတွေကပြောကြတယ်။ မှန်သင့်သလောက်မှန်ပါတယ်။ လုံးဝအမှန်ကြီးတော့ မဟုတ်ပါဘူး။
ကလေးဟာ သူနဲ့နေ့စဉ်အတူ အချိန်များများရှိနေတဲ့ လူတွေအပေါ်မူတည်ပြီး ပြောင်းလဲကျင့်ကြံပြောဆိုတတ်ပါတယ်။ ကောင်းတဲ့သူနဲ့ နေတာများရင် ကောင်းတဲ့အကျင့် အနည်းနဲ့အများ ကူးမှာဖြစ်ပြီး မကောင်းတဲ့သူနဲ့ တနာရီ ၊ တရက် ၊ တပတ် ၊ တလလောက်များ ရှိလိုက်ရင်ဖြင့် မကောင်းတဲ့ အတွေးအခေါ် ၊ အမူအကျင့် ၊ အပြောအဆို ကူးစက်မှုဟာ အတော့်ကို ကြောက်စရာကောင်းလောက်အောင် ဖျောက်ရခက်သွားတာမျိုးလည်း ရှိပါတယ်။
တကယ်လို့များကလေးဟာ သူနဲ့အတူရှိနေတဲ့သူရဲ့ အပြောအဆိုနဲ့ လုပ်ရပ်တွေကို မကျေနပ်တာမျိုး ၊ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် မကျေနပ်တာမျိုး ၊ ကူးစက်လာတဲ့ အကျင့်နဲ့အပြောအဆိုတွေက အဆိုးဘက်ကို အားသာနေတဲ့အခါ အချိန်မီ ဖြေဖျောက်ပေးတာမျိုး မလုပ်နိုင်ရင် သူ့တဘဝတာလုံး ဒီလိုအမူအကျင့်တွေနဲ့ ကြီးပြင်းသွားတော့မှာပါ။ နောက်ကျမှ သတိထားမိရင် ကလေးဟာ ဒီအမူအကျင့် ၊ အပြောအဆိုတွေနဲ့ ခေါက်ရိုးကျိုးနေပြီး အကျင့်စွဲသွားနိုင်ပါတယ်။
ကလေးတွေ စိတ်မကျေနပ်ရာကနေ အထီးကျန်စိတ်စွဲသွားတာမျိုး ၊ စိတ်ကျရောဂါစွဲသွားတာမျိုး ၊ စိတ်ဒဏ်ရာရနေတာမျိုးတွေလည်း ဖြစ်သွားတတ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးတွေဟာ ခြေ ၊ လက်အငြိမ်မနေဘဲ ကုတ်တတ် ၊ ဖဲ့တတ်ကြတယ်ဆိုပေမယ့် ကိုယ့်ကလေးဟာ ခြေတွေ ၊ လက်တွေ နဲ့ မိမိအသားတွေကို သူသတိထားမိလို့ပဲဖြစ်ဖြစ် ၊ သူသတိမထားမိလို့ဘဲဖြစ်ဖြစ် သွေးထွက်လာတဲ့အထိ ကုတ်ဖဲ့နေတတ်တဲ့အကျင့်မျိုးရှိနေရင် ဒီကလေးကို အထူးနွေးထွေးမှုပေးပါ ၊ ယုယမှုပေးပါ ၊ အနူးညံ့ဆုံးဆက်ဆံပါ ၊ အတတ်နိုင်ဆုံးလိုက်လျောပါ ၊ အချိန်ပေးပါ ၊ ကြင်နာစွာနဲ့ ဂရုတစိုက်စောင့်ကြည့်ပါ။ ဒီကလေးဟာ အထက်မှာပြောထားတဲ့ စိတ်အခြေအနေတွေထဲက တခုခံစားနေရလို့ဖြစ်ပါတယ်။ ဒါကို လူကြီးမိဘက အချိန်မီဂရုတစိုက်ကုစားပေးနိုင်ရင်ကောင်းပါတယ်။
နောက်ကျသွားရင်တော့ ဖြစ်နေတဲ့ သူ့စိတ်အခြေအနေတွေက ဆိုးသထက် ဆိုးရွားလာရင် သူဟာ ရထားတဲ့စိတ်ဒဏ်ရာကြောင့် သူ့ကိုယ်သူလည်း ဒုက္ခပေးနိုင်တယ် ၊ အနီးဝန်းကျင်မှာ ရှိနေတဲ့သူတွေကိုလည်း ဒုက္ခပေးလာနိုင်တယ်။ တကယ်လို့များ ကလေးဟာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ စိတ်ဒဏ်ရာရခဲ့မယ် သို့မဟုတ် စိတ်ဒဏ်ရာကို ပမာဏများများနဲ့ အချိန်အတော်ကြာ ခံစားခဲ့ရမယ်ဆိုရင် ဒီခံစားချက်တွေက ကလေးတဘဝလုံးစာ လိုက်ဖျက်တော့မှာပါ။
ရတု (Burmesehearts.com)