class="post-thumbnail open-lightbox" href>
ခံနိုင်ရည်အားကောင်းသော ကလေးငယ်များဖြစ်ဖို့
ခံနိုင်ရည်အားကောင်းတဲ့ ကလေးငယ်တွေဆိုတာ ဘာကိုဆိုလိုတာလဲဆိုတော့ ဒူပေနာပေ ခံနိုင်တဲ့ကလေးငယ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရမယ်ဆိုရင် တခုခုဆို နွဲ့မနေတတ်ဘဲ အကြမ်းခံတဲ့ ကလေးငယ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုကလေးမျိုးဖြစ်ဖို့က ပထမဦးစွာ စိတ်ဓါတ်ကြံ့ခိုင်ဖို့လိုပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်မှသာ စိတ်ကြောင့်ကိုယ်လည်း ကြံ့ခိုင်လာပါမယ်။ သတိချပ်ရမှာက ကိုယ်ကာယကြံ့ခိုင်မှုအားနည်းပြီး မကျန်းမာတဲ့ လူမမယ်လေးအဖြစ် မွေးလာမယ်ဆိုရင်တော့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ အတော်ကြိုးစားသင်ပေးရမှာဖြစ်ပါတယ်။
စိတ်ဓါတ်ကြံ့ခိုင်ပြီး ခံနိုင်ရည်အားကောင်းတော့ ဘာအကျိုးကျေးဇူးရှိလို့တုန်းလို့ သိချင်မှာပဲနော်။ “Show me a man who hasn’t failed, and I’ll show you a man who hasn’t tried.” ဆိုတဲ့စကားကို ကျွန်မက ဘာသာပြန်ရင်း စိတ်ဓါတ်ကြံ့ခိုင်ပြီး ခံနိုင်ရည်အားကောင်းသူတွေရဲ့ အကျိုးကျေးဇူးကို ရှင်းပြချင်ပါတယ်။ ဆိုလိုရင်းက မကျရှုံးဖူးတဲ့သူတစ်ဦးကိုပြပါ။ ငါကမင်းကို လုံးဝမကြိုးစားဖူးသူတစ်ဦးကို ပြပါ့မယ်တဲ့။ ဘဝမှာ အောင်မြင်သူတိုင်းဟာ အခါခါ ကျရှုံးဖူးကြပါတယ်။ ထိပ်ဆုံးမှာရောက်နေသူတွေက ဆုံးရှုံးမှုဆိုတာကို ပိုခံခဲ့ရသူတွေလေ။ သူတို့ဟာ စိတ်ဓါတ်အင်အား ကြံ့ခိုင်သူတွေဖြစ်တဲ့အတွက် အရှုံးတွေကြုံတိုင်း အောင်မြင်အောင်လုပ်ဖို့ စိတ်ဓါတ်ခိုင်မာခဲ့လို့ အခုလို အောင်မြင်တဲ့သူတွေအဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ ဒီလိုဆို စိတ်ဓါတ်အင်အား ကြံ့ခိုင်သူတွေရဲ့ အကျိုးကျေးဇူးကို လိုရင်းတိုရှင်း မြင်နိုင်ပြီပေါ့။
စိတ်ဓါတ်မကြံ့ခိုင်သူတွေကျတော့ အထက်မှာပြောခဲ့ဖူးသလို ဆုံးရှုံးမှာ ၊ ကျရှုံးမှာ ကြောက်နေတဲ့စိတ်ကြောင့်ပဲ အောင်မြင်မှုရဲ့ အသီးအပွင့်ဆိုတာ မခံစားရဘဲ သူလို ၊ ငါလို ဘဝနဲ့ ပြီးသွားခဲ့ကြသူတွေပါ။ ဒါကြောင့် အောင်မြင်တဲ့သူတစ်ဦးဖြစ်ဖို့ အခြေခံလိုအပ်ချက်ဟာ စိတ်ဓါတ်အင်အား ကြံ့ခိုင်ပြီး ခံနိုင်ရည်အားကောင်းဖို့ လိုနေပါတယ်။ ခံနိုင်ရည် အားကောင်းဖို့ဆိုတဲ့နေရာမှာ သူများမြှောက်တိုင်းမမြှောက် ၊ သူများတွန်းထိုးလည်း မယိုင် ၊ သူများခြေထိုးခံလည်း မလဲ ၊ လဲပါသော်လည်း အရှုံးမပေးဘဲပြန်ထလို့ အနိုင်ရဖို့ ပြန်ကြိုးစားသူဖြစ်ရပါမယ်။ အောင်မြင်လာတဲ့နောက်မှာ သူများဝေဖန်တဲ့ဒဏ် ကြံ့ကြံ့ခံနိုင်သူမှ စိတ်ဓါတ်ကြံ့ခိုင်သူစာရင်း ဝင်မှာပါ။ ဒါဟာ စိတ်ဓါတ်ခံနိုင်ရည် အားကောင်းဖို့ လိုအပ်ချက်တွေပေါ့။
ဒါဆိုရင် ကလေးတွေကို စိတ်ဓါတ်ြ့ကံခိုင်သူတွေဖြစ်အောင် ဘယ်လို သင်ကြားပေးနိုင်မလဲ။ လွယ်ပါတယ်။ သူတို့ကို ထပ်ခါထပ်ခါ ကြိုးစားချင်အောင် တိုက်တွန်းပြီး ထပ်ခါထပ်ခါ ကြိုးစားခွင့်ပေးရမှာပါ။ ဒီလိုဖြစ်ဖို့ဆိုရင် မိဘကိုယ်တိုင်က အရှုံးအိမ်ပိုက်ပြန်လာတဲ့ သားသမီးရဲ့ ဆုံးရှုံးမှုကို လက်ခံနိုင်တဲ့သူ ဖြစ်ရမှာပေါ့နော်။ ဒါဟာ မိဘတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ ကိုယ့်သားသမီး အောင်မြင်မှုပိုက်လာတာကိုပဲ မိဘတွေက မြင်တွေ့လိုကြတာလေ။ အဆင့်ကျသွားတဲ့သားသမီး ၊ မျှော်မှန်းထားသလို မဖြစ်လာတဲ့ သားသမီးရဲ့ အရှုံးဆိုတာကို မိဘတွေက အလွယ်တကူ ၊ အသာတကြည် လက်ခံနိုင်ပါရဲ့လား။
သားသမီးရဲ့ အရှုံးကို လက်မခံနိုင်တဲ့ မိဘတွေဟာ သားသမီးကို စိတ်ဓါတ်ကြံ့ခိုင်ဖို့ မသင်ပေးနိုင်တော့ပါဘူး။ မိဘကိုယ်တိုင်က သားသမီးဆုံးရှုံးမှုကို လက်မခံနိုင်တော့ သားသမီးတွေဟာ ဆုံးရှုံးမှာ စိုးကြောက်စိတ်တွေ ၊ အပူအပင်များစိတ်တွေနဲ့ စိတ်ဓါတ်မကြံ့ခိုင်သူတွေပဲ ဖြစ်လာမှာပါ။ ဒါဆိုရင် ထိပ်တန်းက အအောင်မြင်ဆုံးသူနေရာမှာ ရေရှည်ရပ်တည်နိုင်ဖို့ ခက်သွားပြီပေါ့။ ဆုံးရှုံးမှာ ကြောက်စိတ်တွေက ဆုံးရှုံးမှုကို ပိုကြုံတွေ့စေတယ်ဆိုတာကို ယုံကြည်ပါရဲ့လား ။ စိတ်ရဲ့ဆွဲငင်အားကြောင့် ဆုံးရှုံးမှာကြောက်ရင်းနဲ့က ဆုံးရှုံးမှုတွေကို ကြုံလာတတ်တာပါ။
သားသမီးရဲ့ ဆုံးရှုံးမှုကို လက်ခံနိုင်တဲ့မိ့ဘတွေကျတော့ ကိုယ်ချင်းစာတရားနဲ့ စိတ်ဓါတ်အင်အား ရင့်ကျက်သူတွေပါ။ ဘာကြောင့် ကိုယ်ချင်းစာတရားရှိတယ်လို့ ပြောရသလဲဆိုရင် ဆုံးရှုံးမှုကြုံလာတဲ့ သားသမီးကို ထွေးဖက်ဖေးမ အားပေးနိုင်တဲ့သူမို့လို့ပါ။ တခါဆုံးရှုံးပေမယ့် နောက်တခါ ကြိုးစားခွင့်ရှိသေးတယ်လို့ အားပေးနိုင်တဲ့မိဘဟာ စိတ်ဓါတ်ရင့်ကျက်သူတွေပေါ့။ သူကိုယ်တိုင်လည်း မိဘမို့ ကိုယ့်သားသမီးကို အောင်မြင်မှုပဲ မြင်ချင်တာပါ။ ဒါပေမယ့် အောင်မြင်မှုမရလာတဲ့ သားသမီးဟာ သူ့ဆုံးရှုံးမှုကြောင့် ဝမ်းနည်းကောင်းနည်းနေနိုင်တယ် ၊ အဆင့်ကျသွားလို့ အတန်းထဲမှာ ရှက်ကောင်းရှက်နေနိုင်တယ်။ ဒါကို နားလည်ပေးနိုင်ရမယ်။ ကိုယ်ဖြေသိမ့်ပေးပါမှ သူစိတ်သက်သာရာရမှာပါ။ စိတ်က တခြားရောက်ပြီး လမ်းလွဲသွားလို့ ဆုံးရှုံးမှုကြုံရတယ်ဆို ဒါကို ပြစ်တင်ကြိမ်းမောင်းနေဖို့ထက် နောင်တကြိမ်မှာ ဒီလိုဆုံးရှုံးမှုမျိုးမကြုံရအောင် ကိုယ်တိုင်က ဘေးကနေဖေးမ ကြပ်မတ်ပေးရမှာပါ။
မြန်မာစကားက ရိုးရှင်းတယ်နော်။ ဖေးမကြပ်မတ်ပေးရမယ်လို့ ဆိုထားတာဖြစ်ပြီး ဆုံးရှုံးမှုကြုံရတဲ့သားသမီးကို နှိမ့်ချတင်းကျပ်တာမျိုး အထူးရှောင်ကြဉ်ရမှာပါ။ အကြောင်းကြောင်းကြောင့် ဆုံးရှုံးမှုကြုံလာတဲ့ သားသမီးကို ရှုံးရကောင်းလား ၊ အသုံးမကျလိုက်တာ ၊ သူများနဲ့နှိုင်းယှဉ်နှိမ့်ချလို့ စည်းကမ်းတွေ တင်းကျပ်လိုက်တာမျိုးဆို အရှုံးကြုံရတဲ့ကလေးဟာ အခါခါရှုံးနိမ့်သွားပါပြီ။ အရှုံးလဲကြုံ ၊ မိဘဖေးမမှုလဲမရ ၊ ပြစ်တင်ခြင်းကိုခံရ ၊ စိတ်ဖိစီးမှုများတဲ့အထဲ စည်းကမ်းတွေ ပိုတင်းကြပ် ဒါတွေခံစားရတဲ့သားသမီးဟာ တချိန်မှာ တင်းကြပ်ခံထားရတဲ့စိတ်တွေကြောင့် လွတ်ထွက်သွားနိုင်တယ်လေ။ ဖိလွန်းရင် ကြွတက်လာတတ်တဲ့ သဘောလိုပေါ့။ ဒါကြောင့် ဒီလိုမိဘမျိုးရဲ့ သားသမီးတွေဟာ ရေရှည်မှာ ဆုံးရှုံးမှုကိုရင်ဝယ်ပိုက်ရဖို့ အလားအလာပိုများနေပါတယ်။
တချို့ကလေးတွေဟာ မွေးကတည်းက သင်လွယ် ၊ တတ်လွယ် ၊ ဥာဏ်ကောင်းကြတယ်။ ဒါပေမယ့် သူတို့တွေဟာ ရေရှည်မှာ တော်တဲ့သူ ၊ ထူးချွန်တဲ့သူ ၊ အောင်မြင်တဲ့သူအဖြစ် မရပ်တည်နိုင်ကြဘူး။ ဒါ့အပြင်သူတို့ဟာ စွန့်စားရမှာ စိုးကြောက်ကြတယ်။ ဒါတွေဟာ မိဘတွေကြောင့်ပဲ။ မိဘတွေက သားသမီးဆုံးရှုံးနဲ့တွေ့မှာ စိုးကြောက်စိတ်တွေကြောင့် သူတို့ဟာလည်း စွန့်စားလုပ်ရင် ရထားတဲ့အနေအထား ၊ ရှိထားတဲ့ဂုဏ်အင်တွေ ဆုံးရှုံးသွားမယ်လို့ ယုံကြည်စိတ်ကြောင့် သူတို့အချိန် ၊ သူတို့ဦးနှောက်နဲ့ သူတို့အင်အားကို သူတို့တတ်စွမ်းသလောက် အသုံးမချတော့ဘူး။ သူတို့ခံယူချက်က မဆုံးရှုံးချင်ရင် မစွန့်စားတာ အကောင်းဆုံး ၊ အတတ်မဆန်းတာ အကောင်းဆုံးဆိုတာပါပဲ။ ဒီခံယူချက်တွေဟာ လူကြီးမိဘ ၊ ဆရာသမားတွေဆီက သင်ယူလာခဲ့တာလေ။
ကလေးတွေကို စိတ်ဓါတ်ြ့ကံခိုင်သူတွေဖြစ်အောင် မိဘတွေက သင်ကြားပေးလိုတယ်ဆိုရင် သူ ငယ်တုန်းမှာ လဲနိုင်တယ် ၊ အသေးစား ဆုံးရှုံးမှုလေးတွေ ကြုံရနိုင်တယ်။ ကလေးကိုဒါတွေ တွေ့ကြုံခံစားစေပါ။ ဆိုလိုတာက အစစ အရာရာက ကလေးချောမွေ့အဆင်ပြေအောင် ဝင်ကာကွယ်ပေးတာ ၊ စီစဉ်ပေးတာမျိုး မလုပ်ဖို့ပါ။ တကယ့်ဘဝဟာ ပန်းခင်းလမ်းမဟုတ်ဘူးလေ။ ကလေးငယ်တုန်းမှာ လဲကျတာမျိုး ၊ ကစားစရာလေးတွေ ပျောက်သွားတာမျိုး ၊ ပျက်စီးသွားတာမျိုး ၊ ထိခိုက်ဒဏ်ရာ အသေးစားလေးတွေ ရသွားတာမျိုး ကြုံနိုင်ပါတယ်။ ကြုံပါစေလေ။ ဒါဟာ ဘဝမှာ အသေးစားဆုံးရှုံးမှုလေးတွေပေါ့။ လက်ထဲက မိုးပျံပူဖောင်းလေးလွတ်သွားတာဟာလည်း သူ့အရွယ်လေးနဲ့သူ အကြီးမားဆုံး ဆုံးရှုံးမှုကို ခံစားငိုကြွေးနိုင်ပါတယ်။ ဒီအခါမှာ ဆူတာမျိုး ၊ အပြစ်တင်တာမျိုး မလုပ်ဘဲ ဒါဟာ ဖြစ်တတ်တဲ့သဘောလို့ ကလေးကို နှစ်သိမ့်ပြီး ဒီဆုံးရှုံးမှုကို လက်ခံနိုင်အောင် လေ့ကျင့်ပေးပါ။
ကလေးလဲကျလို့ ခဲလုံးနဲ့ မြေကြီးကို တန်ပြန်ခြေဆောင့်တာမျိုး မလုပ်ပါနဲ့ ။ ဒီလိုလုပ်ရင် ကလေးဟာ ကလဲ့စားချေစိတ်ကို သင်ယူသွားတယ်။ ကလေးပစ္စည်းပျက်စီးဆုံးရှုံးသွားလို့ တခြားသူကို အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ ဒီလိုဆို ကလေးဟာ နောင်မှာ သူဆုံးရှုံးတိုင်း အခြားသူကို လက်ညှိုးထိုး အပြစ်ရှာတာမျိုးလုပ်မယ်။ ဒီအရှုံးကို ကလေးလက်ခံနိုင်အောင် (ကိုယ်တိုင်ကလည်း လက်တွေ့ကျကျ လက်ခံနိုင်အောင်) အရင် ကျင့်ရမှာဖြစ်ပါတယ်။
နောက်တဆင့်မှာ ကလေးကို ထွေးဖက်နှစ်သိမ့်မှုပေးမယ်။ ကလေးစိတ်ဖြေသိမ့်နိုင်လို့ ဝမ်းနည်းအားငယ်တာမျိုး မရှိတော့ဘူးဆိုရင် နောင်မှာ ဒီလိုဆုံးရှုံးမှုမကြုံဖို့ ဘာသတိထားရမယ်ဆိုတာ အကောင်းဘက်က ရှုမြင်သင်ပေးရမှာဖြစ်ပါတယ်။ ဥပမာ အောက်မကြည့်လျှောက်လို့ ၊ ရှေ့မကြည့်လို့ လဲကျတယ်ဆိုရင် နောင်မှာ ကိုယ့်ခြေလှမ်းကိုယ် သတိထားမိအောင် သင်ပေးရမယ်။ ပျောက်သွားတဲ့ပစ္စည်းဆို လက်ထဲမြဲအောင် ၊ မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သင်ပေးမယ် စသဖြင့်သော သင်ကြားမှုတွေကို နားဝင်အောင် လေသံချိုချိုနဲ့ ပြောပြသင်ပေးရမှာဖြစ်ပါတယ်။ ဆူတာမျိုး မဖြစ်ပါစေနဲ့လေ။
ကလေးဟာ ဆုံးရှုံးမှုကို သဘာဝအတိုင်း လက်ခံနိုင်မယ်။ ဒီဆုံးရှုံးမှုကနေ သင်ယူမယ်။ နောင်မှာ ထပ်ခါထပ်ခါ ကြိုးစားချင်စိတ်နဲ့ ကြိုးစားခွင့်ရှိမယ်ဆိုရင် ဒီကလေးဟာ စိတ်ဓါတ်ကြံ့ခိုင်တဲ့ ခံနိုင်ရည်အားကောင်းသူလေး ဖြစ်လာပါပြီ။ ဒါဆို သူ့ကြိုးစားရင်ကြိုးစားသလောက် အောင်မြင်မှုတွေဆွတ်ခူးဖို့ နီးနေပြီလေ။ လဲရင်ငိုကြွေးနေတဲ့ကလေးက ခရီးမရောက်ဘဲ လဲရင်ပြန်ထ ၊ မလဲအောင်ကြိုးစားရင်း ခရီးဆက်သူမှ လိုရာခရီးရောက်နိုင်တာကို သတိချပ်ပါလေ။
ကလေးဟာ လဲကျလို့ သူ့ဘာသာသူပြန်ထနိုင်တယ် ၊ ဆုံးရှုံးသွားရင် ဖိတ်စင်သွားရင် သူ့တာဝန်သူယူပြီး ပြန်ပြင်နိုင်ဖို့ ကြိုးစားတယ်ဆိုရင် လက်ခုပ်တီးလို့ အားပေးချီးမြှောက်လိုက်ပါ။ ဒါဟာ မမှားအောင် ထပ်ကြိုးစားဖို့ ခွန်အားပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက် နောင်ထပ်ကြိုးစားချင်စိတ်ဖြစ်လာမယ့် စိတ်ဓါတ်ခွန်အားတွေ ပေးလိုက်တာပါ။ နောက်တဆင့်ကတော့ သူဟာ နောက်ထပ် ဒီလိုအမှားမျိုး မကြုံအောင် သတိထားနိုင်တယ် ၊ နောက်ထပ်ကြိုးစားရင် အောင်မြင်နိုင်တယ်လို့ သူ့ကို မျက်လုံးအကြည့်နဲ့ ၊ စကားအပြောအဆိုနဲ့ ၊ ကိုယ်တိုင်အားပေး ထောက်ပံ့မှုမျိုးနဲ့ နောက်ထပ်ကြိုးစားချင်စိတ် ပေးလိုက်ပါ။ နောက်ထပ် သူကြိုးစားတဲ့အခါ ရရှိလာမယ့် အောင်မြင်မှုပဲဖြစ်ဖြစ် ၊ ရှုံးနိမ့်မှုပဲဖြစ်ဖြစ် ကိုယ်ဟာ လက်ခံဖို့ အဆင်သင့်ရှိတယ်ဆိုတာ သူနားလည်အောင် ၊ ခံစားတတ်အောင် ထုတ်ဖော်ပြောဆိုပါ။ ဒါဆိုရင်တော့ ကလေးဟာ အခါခါကြိုးစားရင်းနဲ့ အောင်မြင်မှုကို လှမ်းယူနိုင်ပြီပေါ့။ အောင်မြင်ဖို့ဆို ကြိုးစားဖို့ပဲလိုတာပါ။ အခါခါကြိုးစားချင်စိတ်ရှိဖို့ဆိုတာကလည်း စိတ်ဓါတ်ကြံ့ခိုင်ပါမှ ၊ ခံနိုင်ရည်အားကောင်းပါမှ ဖြစ်မယ်လေ။
ရတု (Burmesehearts.com)