ငါတစ်ဦးတည်းမဟုတ်တဲ့ကိုယ်

0

ဗဟုသုတမရှိတဲ့ သာမာန်လူတွေက ဒီကိုယ်ကြီးဟာ ငါ့ကိုယ် ၊ ငါ့ခန္ဓာ ၊ ငါဆိုတဲ့ အသိစိတ် ကိန်းအောင်းနေပါတယ်။ ဒီစိတ်ကနေပြီးတော့ ငါ့ဟာ ၊ ငါ့ဥစ္စာ ၊ ငါ့နေရာ ၊ ငါ့ပစ္စည်း ၊ ငါ့ပိုင်ဆိုင်မှု ၊ ငါ့မိသားစု စသဖြင့်သော အစွဲတွေ ဝင်သွားခဲ့တာပါ။

ဒီကိုယ်ကြီးအပေါ်ကို မီတည်နေတာ ငါတစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့အသိ ဝင်သွားခဲ့ရင် ဒီကိုယ်ကြီးဟာ ငါတစ်ယောက်တည်းမဟုတ်တဲ့ ကိုယ်ကြီးပါလားလို့ ပိုလက်ခံလာပါတယ်။

ဆေးပညာရှုထောင့်ကကြည့်ရင် တစက္ကန့်အတွင်းမှာ ခန္ဓာကိုယ်ပေါ်က သန်းပေါင်းများစွာသော ဆဲလ်တွေဟာ သေဆုံးပြီး အသစ်ဖြစ်တည်နေကြတယ်လို့ လေ့လာတွေ့ရှိခဲ့တာ ကြာလှပါပြီ။ မျက်စိတချက်ပွတ်လိုက်ပေမယ့် ဒီမျက်ခမ်းစပ်တလျောက်မှာ ကျက်စားနေတဲ့ မျက်စိနဲ့မမြင်နိုင်သောပိုးလေးတွေ (သက်ရှိတွေ) သေကြေပျက်စီးသွားရပါတယ်။

ဒါတွေကို ကိုယ့်မျက်စိနဲ့မြင်နိုင်စွမ်းမရှိလို့သာ လူတိုင်းမသိနိုင်ကြတာပါ။ မျက်စိနဲ့မြင်နိုင်စွမ်းရှိတဲ့ သက်ရှိသတ္တဝါတွေ ကိုယ့်ကိုယ်ပေါ်မှာ မီတည်နေတာကို သန်းတွယ်တာ ၊ သန်ကောင် ၊ တုတ်ကောင်တွေတွယ်တာ ၊ ဖျားနာတာတွေနဲ့ သိနိုင်ပါတယ်။ ဘယ်သူမှ ကိုယ်ထဲမှာ ဘာပိုးမွှားမှမရှိ ကင်းစင်ပါ၏လို့ သုတေသနလုပ်သူတွေ မှတ်ချက်ချခံရဖူးသူ မရှိသေးပါဘူး။

မျက်စိနဲ့မမြင်နိုင်တဲ့ပိုးတွေကို အားကောင်းတဲ့ ရောဂါပိုးမွှားရှာဖွေရေး အနုစိတ်မှန်ပြောင်းတွေနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ ကိုယ်တွင်း နဲ့ ကိုယ်ပေါ်မှာ သက်ရှိသတ္တဝါပေါင်းများစွာက ဒီခန္ဓာကြီးကိုအမှီပြုလို့ ကျင်လည်ကျက်စားနေတာကို သိရှိရပါမယ်။ ဒီတော့ ငါပိုင်တဲ့ကိုယ်ကြီးဆိုတာ ဟုတ်ပါရဲ့လား။ ငါတစ်ဦးတည်းပိုင်တဲ့ကိုယ်ရော ဟုတ်ပါရဲ့လား။

တရားထိုင်တဲ့အခါ ခြင်လည်းမကိုက်ပါပဲ ၊ ဂျပိုးလည်းမထိုးပါပဲ ဟိုနေရာက ယားကျိ ၊ ယားကျိ ၊ ဒီနေရာက ရွစိ ၊ ရွစိနဲ့ ခံစားနေရတာကို တရားစမ်းတာလို့ ထင်ကောင်းထင်ပါမယ်။ တကယ်တော့ စိတ်ကလေးတည်ငြိမ်သွားလို့ ကိုယ်ပေါ်မှာ ဖြစ်ပျက်နေတာကို ပိုသတိထားမိလာတာပါ။

ဒီကိုယ်ပေါ်မှာ ၊ ကိုယ်ထဲမှာ ကိုယ့်ကိုအကျိုးပေးတဲ့ပိုးတွေရှိသလို ကိုယ့်ကို အကျိုးမပေးတဲ့ပိုးတွေလည်း ရှိပါတယ်။ ကိုယ့်ကိုအကျိုးပေးတဲ့ပိုးတွေက ဒီခန္ဓာကိုယ်ရဲ့ကိုယ်ခံအားကို ကောင်းစေတယ် ၊ ရောဂါတွေကို တိုက်ဖျက်ပေးတယ် ၊ ဒီပိုးတွေ ကျန်းမာသန်စွမ်းပြီး သဟဇာတဖြစ်နေရင် လူလည်းကျန်းမာတယ်။

ကိုယ့်အပေါ် အကျိုးမပေးတဲ့ပိုးတွေ အားကောင်းနေတဲ့အခါ နာဖျားတာ ၊ ဒုက္ခပေးနိုင်တဲ့ပိုး ကိုယ့်ကိုယ်ထဲရောက်လာလို့ အနာရောဂါတွေဖြစ်လာတာ ၊ ဒီပိုးတွေပွားလာလို့ ကျန်းမာရေးချို့ယွင်းပျက်စီးလာတာ ၊ မထိန်းချုပ်နိုင်တဲ့အဆုံးမှာ မကောင်းတဲ့ပိုးတွေက အနိုင်ရပြီး ခန္ဓာကိုယ်ကြီး ကောင်းမွန်စွာရှင်သန်မှု ပျက်စီးသွားတာပဲလေ။

တကယ်တော့ ဒီခန္ဓာဟာ ကိုယ်တင်ဆိုင်နေတာမဟုတ်ပါဘူး။ ကိုယ်တွင်း ၊ ကိုယ်ပေါ်မှာကျက်စားနေတဲ့ ပိုးများစွာရဲ့ ဘုံပိုင်ဆိုင်ရာဌာနကြီးပါ။ ဒီကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါတွေ မှီတင်းနေထိုင်ရင်း နယ်မြေစားကျက်လုနေကြသလိုမျိုးပေါ့။ မေတ္တာဓါတ်နဲ့ သင့်တင့်မျှတစွာ နေထိုင်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရင် ငြိမ်းချမ်းသာယာနိုင်သလို မသင့်တင့်တာတွေ ဖြစ်ပျက်နေရင်တော့ အားကြီးသူတွေ အနိုင်ယူတဲ့သဘာဝပဲလေ။

တရားမှတ်ရင်း ဆင်ခြင်သုံးသပ်တဲ့ဥာဏ်နဲ့ ဒါတွေကို စတင်သိမြင်လာခဲ့တော့ ငါဆိုတာ တကယ်မရှိမှန်းသိလာတယ်။ ငါ့ကိုယ် ၊ ငါ့ခန္ဓာဟာ ငါမဟုတ်မှတော့ ငါ့ဥစ္စာ ၊ ငါ့ပစ္စည်းနဲ့ ငါ ငါ ငါ ဆိုတဲ့ ငါနောက်က အတွယ်တွေ ၊ ပိုင်ဆိုင်မှုလို့ ထင်သမျှတွေဟာလည်း မရှိနိုင်တော့ဘူးလေ။ ငါပိုင်တယ်ထင်တဲ့ င့ါကိုယ်ငါတောင် မပိုင်ဆိုင်မှတော့ ငါ့ပိုင်ဆိုင်မှုဆိုတာတွေဟာလည်း တကယ်မပိုင်မှန်း သိလာခဲ့ရတာပေါ့။

ဒါကို “ငါစွဲ” ပြုတ်သွားတယ်လို့လည်း ခေါ်လို့ရတယ်။ ငါစွဲပြုတ်သွားတဲ့အခါမှာ ပညတ်တွေပါ ဖယ်ခွါလာနိုင်တယ်။ ဥပမာ – ရွှေခွက် ၊ ငွေခွက် ၊ စတီးခွက် ၊ ကော်ခွက်ရယ်လို့ ခွဲခြားလိုစိတ် မရှိတော့ဘူး။ ခွက်ကို ခွက်အဖြစ်ပဲလက်ခံသွားတယ်။ ဘာခွက်ပဲဖြစ်ဖြစ် အသုံးပြုဖို့ဖြစ်ပြီး ဘာခွက်မှမရှိလည်း လက်ခုပ်ကို အသုံးပြုလို့ရတာပဲဆိုတဲ့ ရောင့်ရဲစိတ်လည်း ဖြစ်တည်လာတယ်။

ငါစွဲပြုတ်သွားတော့ အခြေအနေ အထွေထွေကို ဇီဇာချဲ့မနေတော့ဘဲ အရှိကိုအရှိအတိုင်း ၊ အဖြစ်ကိုအဖြစ်အတိုင်း လက်ခံလာနိုင်တာရယ် ၊ ဒါမှဒါဆိုတဲ့ အစွဲပြုတ်သွားတာရယ် ၊ တရားလွန်တွယ်တာတက်မက် စိတ်စွဲကပ်နေတာမျိုးမရှိဘဲ ခွဲရမယ့်အခြေအနေကြုံလာရင် တည်ငြိမ်စွာ ခွဲခွါလာနိုင်တဲ့ ငြိမ်သက်သောစိတ်ကို ပိုင်ဆိုင်လာတယ်။

သြကာသ (Burmesehearts.com)

You might also like