ငါးလမှ ခြောက်လအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

0

ဒီအရွယ်မှာ သူသိတာ ခြေဟာလည်းကိုက်ငုံချင်စရာ ၊ လက်ဟာလည်း ကိုက်ငုံချင်စရာပါ။
ဒီအရွယ်မှာ သူသိတာ ခြေဟာလည်းကိုက်ငုံချင်စရာ ၊ လက်ဟာလည်း ကိုက်ငုံချင်စရာပါ။

လှိမ့်သထက် ခပ်မြန်မြန်လေးလှိမ့်တတ်တဲ့ အခုလိုအရွယ်မှာ လက်တွေခြေထောက်တွေ လှုပ်ရှားမှုဟာလည်း များသထက်များလာပြီပေါ့။ လက်မြန် ၊ ခြေမြန်ဆိုတာ ဒီအရွယ်ကစတာပဲ။ လူကြီးစားနေတဲ့ပန်းကန်ထဲက ဆတ်ခနဲနှိုက် ၊ ဒီ့ထက်မြန်နိုင်ရင် ပါးစပ်ထဲ ကောက်ထည့်ပစ်လိုက်တတ်တာပါ။ သူ့လက်ထဲရောက်သွားတဲ့ပစ္စည်းကို ခပ်မြဲမြဲ ဆုပ်ကိုင်ထားနိုင်ပြီး လက်ဆုပ်ဖြည်ကြည့်ဖို့တောင် အတော်အားထုတ်ရတာ မိဘလူကြီးတွေ သတိထားမိလာမှာပါ။ ဒါကြောင့် သူ့လက်ဆုပ်ထဲ ဘာပါသွားလဲဆိုတာကို သူလှမ်းဆွဲလိုက်တိုင်း သတိထားကြည့်ရမှာပါ။ ကြယ်သီး ၊ နှိပ်စေ့ပြုတ်တွေ သူ့လက်ထဲပါသွားခဲ့လို့ သူ့ပါးစပ်ထဲထည့်လိုက်ရင် ပါးစပ်ထဲက ပြန်နှိုက်ကလော်ယူဖို့ ခက်တယ်လေ။ အခန့်မသင့်ရင် လည်မျိုမှာ တစ်နေ ၊ သီးနေနိုင်တယ်။

ဒီလိုလက်မြန် ၊ ခြေမြန်နဲ့ ပစ္စည်းတွေကို မြဲမြဲဆုပ်ကိုင်ပြီး လက်တဖက်ကတဖက် ပြောင်းလွှဲကိုင်နိုင်လာတဲ့သူ့ကို ယခင်လတွေက အစာသစ်မိတ်ဆက်ခဲ့တဲ့ လူကြီးမိဘတွေဟာ ဆန်ကွဲစေ့အရွယ်အစား ကောင်းစွာချက်ပြုတ်ထားတဲ့ ထမင်းကို ပန်းကန်ပက်ပက်ထဲ ချကျွေးချင် ကျွေးနိုင်ပါပြီ။ ဒါကို သူက တခုတ်တရ ကောက်စားမှာပါ။ ဒါ့အပြင် သာကူလိုမျိုး ၊ ပေါင်မုန့်ခပ်ပျော့ပျော့ အပိုင်းအစငယ်လေးတွေကိုလည်း သူ့ဘာသာသူ ကောက်စားစေလို့ရပါပြီ။ သွားမပေါက်သေးပေမယ့် သူက သွားဖုံးလေးနဲ့ ကြိတ်စားတတ်လာပြီလေ။ ဒီလို ဝါးစားဖို့ကို လူကြီးက ပါးစပ်အမူအရာနဲ့ သင်ပေးရမှာဖြစ်ပါတယ်။ ဒါဟာ ကလေးကို သူ့ဘာသာသူ စားတတ်အောင် စတင်လေ့ကျင့်ပေးတာပါ။ (လူကြီးမိဘတွေ သိထားရမှာက အစာ စမိတ်ဆက်သည်ဖြစ်စေ ၊ မိတ်မဆက်သည်ဖြစ်စေ ကလေးရဲ့အဓိကအစာ အာဟာရဟာ မိခင်နို့ (သို့မဟုတ်) နို့မှုန့်သာ ဖြစ်သင့်ပါတယ်။)

ပုံမှန်အားဖြင့် မွေးကင်းစကိုယ်အလေးချိန်ရဲ့နှစ်ဆ ဖြစ်လာပြီဆိုရင်တော့ မိတ်ဆက်စာတွေ စကျွေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ ရက်သတ္တပတ် (၂၆)ပတ်အရွယ်ရှိလို့မှ နို့အပြင် အခြားအစားအစာတွေမှာ အာသီသမရှိဘူးဆိုရင်တော့ ကျွမ်းကျင်သူဆရာဝန်နဲ့ တိုင်ပင်ပြသနိုင်ပါတယ်။

မိဘက အမြဲတမ်း အစာခွံ့ကျွေးနေတဲ့ ကလေးတွေဟာ မပြောတတ်သေးတော့ သူတို့ဗိုက်ပြည့်တာ ၊ မစားချင်တာ မိဘကမသိဘူး။ တကယ်ဆို သူတိုမှာလည်း အာသီသဆိုတာရှိတယ်လေ။ စားချင်တဲ့အစာကို ပိုစားမှာဖြစ်ပြီး မစားချင်တဲ့အစာကို နည်းနည်းပဲစားမှာဖြစ်ပါတယ်။ ဒီအရွယ်ကစပြီး သူတို့မှာ ရွေးချယ်ခွင့်ရှိတယ်ဆိုတာ သင်ပေးလိုက်တာပဲပေါ့။ ဒီဟာမစားရင် ဒီ့ပြင်ဟာကို နောက်တခါ တိုးကျွေးရမှာမဟုတ်လား။ ဒါကို သိထားတဲ့အခါမှာ အတင်းဖိအားပေး မျိုချခိုင်းတာတွေ ၊ အတင်းထိုးခွံ့ကျွေးတာတွေ မလုပ်ဖြစ်တော့ဘူးပေါ့။ ဒါဟာ သူတို့ဆန္ဒကို လေးစားကြောင်း တနည်းတဖုံကိုယ်က ပြသလိုက်တာဖြစ်ပါတယ်။ ဒီတော့ သူတို့ဟာ သူများဆန္ဒကို လေးစားရမယ် ၊ အတင်းလုပ်မယူရဘူးလို့လည်း သင်ယူသွားပါတယ်။

BurmeseHearts Blog

ဒီအရွယ်ကစပြီး သူတို့ခြေထောက်ကို သူတို့ဆွဲယူကစားတာ ၊ ခြေချောင်းတွေကို သူတို့ပါးစပ်ထဲ ထည့်စုပ်တာမျိုးတွေကို လုပ်နိုင်ပါတယ်။ တချို့မိဘတွေက ဒါကိုမကြိုက်ဘူးလေ။ လူကြီးတွေအယူအဆက ခြေထောက်ဟာ ညစ်ပတ်တယ်။ ပါးစပ်ထဲမထည့်ရဘူးဆိုတဲ့ အယူအဆစွဲနေတာကိုး။ တကယ်တော့ လမ်းမလျှောက်တတ်သေးတဲ့အရွယ် ၊ မတ်တပ်မထတတ်သေးတဲ့အရွယ်ရဲ့ ခြေဖဝါး ၊ လက်ဖဝါးတွေဟာ ပုံမှန်အားဖြင့် သူ့ပတ်ဝန်းကျင် သန့်သလို သန့်နေမှာပါ။ ဒီအရွယ်မှာ လက်ကိုပါးစပ်ထဲ ထည့်တာကိုတော့ ခွင့်ပြုပြီး ခြေထောက်ကို ပါးစပ်ထဲထည့်တာ ခွင့်မပြုတာဟာ သူ့အတွက် မမျှတပါဘူး။ လက်နဲ့ခြေထောက်ဆိုတာကို သူတို့ဟာ မခွဲခြားနိုင်သေးဘဲ ခြေထောက်ဟာလည်း လက်လိုသန့်နေတာမို့ လက်စုပ်တာ ခွင့်ပြုရင် ခြေစုပ်တာကိုလည်း ခွင့်ပြုရမှာပါပဲ။ ခြေထောက်တွေ ညစ်ပတ်နေရအောင် သူမှဒီခြေတွေကို အသုံးမပြုတတ်သေးဘဲလေ။ စိတ်မသန့်ရင် ခြေ ၊ လက်ကို သန့်ရှင်းရေးလုပ်ရုံပေါ့။

ဒါ့အပြင် သူ့ခြေထောက်ကိုသူ ပါးစပ်ထဲဆွဲယူထည့်နိုင်တယ်ဆိုတာ တိုးတက်လာတဲ့ သူ့ရဲ့စွမ်းဆောင်မှုပါ။ ဒါကို ကိုယ်က သြဘာပေးပြီး ဟုတ်ပြီကွ ၊ တော်တယ်ကွလို့ ချီးကျူးတတ်ရမယ်။ လက်ကိုပါးစပ်ထဲထည့်နိုင်ရင် ထည့်မှာဖြစ်ပြီး ခြေကို ပါးစပ်ထဲထည့်နိုင်ရင် ထည့်မှာဖြစ်ပါတယ်။ ဒါဟာ အရွယ်အလိုက်ဖြစ်လာတဲ့ သူ့သဘာဝပါ။ သူ့ခြေထောက်တွေ အသုံးပြုပြီး ကြမ်းပေါ် တရွတ်တိုက် လေးဘက်တွား မသွားသေးသရွေ့ ၊ လူကြီးတွေ ချီပိုးထားနေသရွေ့ သူ့ခြေတွေဟာ လက်တွေအတိုင်း သန့်ပြန့်မြဲမို့ သူ့ရဲ့တိုးတက်လာတဲ့ စွမ်းဆောင်မှုအနေနဲ့ ခွင့်ပြုရမှာဖြစ်ပါတယ်။ ဒါဟာ သူတိုးတက်မှု ကိုယ်က အသိအမှတ်ပြု ၊ အထောက်အပံ့ပြုပေးရာလည်း ရောက်တယ်လေ။ တားရင်လည်း လစ်တာနဲ့ ပါးစပ်ထဲထည့်မှာပဲ။ လူကြီးကမိလို့ ပြန်ဆွဲထုတ်ရင် ခစ်ခစ်ခစ်နဲ့ ပျော်နေတတ်သေးတယ်။ ပြီးရင်ပြန်ထည့်မှာပဲ။ တော်ကြာ တားတဲ့ဟာ ခိုးလုပ်ရတဲ့အရသာကို ကလေးသိသွားဦးမယ်နော်။

ဒီအရွယ်ကစပြီး ဖျားနာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ကလေးရွှင်လန်းကျန်းမာနေသမျှ မစိုးရိမ်ရပေမယ့် အပူချိန်မြင့်မားပြီး အဖျားတာရှည်နေတာမျိုးဆိုရင်တော့ နားလည်တဲ့ဆရာဝန်နဲ့ ပြသရမှာပါ။ ကလေးဖျားနာမှုကို တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၁) ၊ (၂) ၊ (၃)မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ မဖတ်ကြည့်ရသေးသူတွေက အဲဒီအရောင်နဲ့စာသားအပေါ်မှာ ကလစ်နှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။

ဒီအရွယ်မှာ လူကြီးကကိုင်ထားရင် အရင်ကလို ဒူးကွေးမနေတော့ဘဲ မတ်မတ်ရပ်နိုင်လာပါပြီ။ လူကြီးက လက်လွှတ်လိုက်ရင်တောင် ခဏလောက်တော့ အလွတ်ထိုင်နိုင်လာပါပြီ။ ညဘက်ကလေးအိပ်တဲ့အခါမှာ လှိမ့်တတ်တဲ့သူဟာ ရင်ဘတ်နဲ့ မှောက်လျက်အိပ်ရတာ အားသန်ရင် သူ့ကို ခေါင်းအုန်းနဲ့ သိပ်တာမျိုးမလုပ်ဘဲ မွေ့ယာကိုလည်း အရမ်းအပျော့စားကြီး မသုံးသင့်ပါဘူး။ ကလေးအိပ်နေတုန်း အသက်ရှူမွန်းကြပ်သွားနိုင်တယ်လေ။ ကိုယ်က သူ့ကိုမှောက်လျက် အိပ်ကျင့်မရှိစေချင်ရင်တော့ သတိထားပြီး ပက်လက်ပြန်လှန်ပေးရမှာပေါ့။ ပုံမှန်အားဖြင့်တော့ ဒီအရွယ်ကလေးအများစုဟာ ရင်ဘတ်ကို အသုံးပြုပြီး မှောက်လျက်အိပ်ကျင့်တော့ မရှိကြပါဘူး။

တချို့ကလေးတွေဟာ အခုအရွယ်ကတည်းကစလို့ သူစိမ်းဆိုရင် လန့်တတ် ၊ ငိုလာတတ်ပါပြီ။ ဒါဟာ လူစိမ်း ၊ လူရင်း သိလာတဲ့သဘောပေါ့။ ကလေးမကြိုက်တဲ့သူလက်ထဲ အတင်းထည့်ပြီး ချီစေ ၊ နမ်းစေပြီး ကလေးကို ငိုစေတာဟာ မကောင်းပါဘူး။ သူ့ဆန္ဒကို လူကြီးတွေက နားလည် လေးစားရပါမယ်။ မစိမ်းသင့်တဲ့သူဆို နောင် မြင်ပါများရင် အရွယ်ရလာတော့ သူ့ဟာသူ သိတတ်စပြုလာမှာပါ။ အခုအရွယ်ကစပြီး ဖိအားပေးတာမျိုး ၊ ကလေးကမကြိုက်လို့ ငိုရင်တောင် မငိုရလို့ အတင်းအမိန့်ပေးတာမျိုးတွေကို ရှောင်ရပါမယ်။ သူ့ဆန္ဒကို သူများကလေးစားရင် သူများဆန္ဒကိုလည်း သူလေးစားရမယ်လို့ သူ့အလိုလို သင်ယူလာတယ်လေ။ အခုအရွယ်ကတည်းက သူမကြိုက်တာ ကိုယ်မလုပ်ဘဲ သူ့ဆန္ဒအလေးထားတာကို ချိုချိုသာသာ ပြောပြပြီး ကိုယ့်ဆန္ဒကိုလည်း သူအလေးထားတတ်အောင် အပြန်အလှန် နားလည်မှု တည်ဆောက်ရမှာပါ။ ဒီလိုရေရှည်ကျင့်သုံးသွားပါမှ သားသမီးနဲ့မိဘ အပြန်အလှန်နားလည်မှု ရရှိလာမှာ ဖြစ်ပါတယ်။

ဒီအရွယ်ကစပြီး မိဘက သူ့ကို အလေးထား ဆက်ဆံတာမျိုးကို ခံချင်လာပါပြီ။ ဒီတော့ သူ့ကိုမေ့လျော့ထားတယ်လို့ သူထင်ရင် အာရုံသူ့ဘက်လှည့်လာအောင် အသံပေးတာ ၊ ပစ္စည်းတွေရိုက်ထုတာ ၊ ပစ်နိုင်ရင် ပစ်လိုက်တာတွေအပြင် အော်ဟစ်ငိုယိုတာမျိုးတွေ ၊ လှမ်းဆွဲတာမျိုးတွေလည်း လုပ်လာနိုင်ပါပြီ။ သူလိုချင်တဲ့ ဂရုစိုက်မှုမျိုးကို မအားတဲ့ကြားက ရတဲ့အချိန်လေးကိုလုပြီး ဂရုစိုက်ပြရမှာဖြစ်ပါတယ်။ ဒါမှ ကလေးဟာ သူ့ကို လူကြီးတွေက ပစ်ပယ်ထားတယ်လို့ မခံစားရမှာဖြစ်ပါတယ်။

အခုအချိန်ကစပြီး သူ့အပြုအမူ ၊ လုပ်တာကိုင်တာလေးတွေ တိုးတက်လာတာတွေကို ကောင်းတယ် ၊ တော်တယ်လို့ အားပေးချီးကျူးကျင့် လုပ်ရတော့မှာဖြစ်ပါတယ်။ ဒီတော့မှ ကလေးဟာ ပိုကြိုးစားချင်စိတ်ရှိလာတယ်။ ကောင်းတဲ့အပြုအမူကို ပိုလုပ်ချင်လာတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးကလွဲရင် ကလေးကို မလုပ်ရလို့ တားဆီးတာမျိုးကို မလုပ်သင့်ပါဘူး။ အန္တရာယ်ဖြစ်နိုင်တဲ့ ပစ္စည်းတွေကို လူကြီးတွေက ကြိုတွေးလို့ ကလေးမယူနိုင်တဲ့အခြေအနေမျိုး ၊ ကလေးအန္တရာယ်မဖြစ်နိုင်တဲ့ အခြေအနေမျိုးကို ကြိုဖန်တီးရမှာဖြစ်ပါတယ်။

ကလေးခေါင်းဆောင့်နိုင်တဲ့ ဇောင်းတွေကို ဖော့တွေ ၊ ရာဘာတွေနဲ့ ကာထားတာမျိုး ၊ လိမ့်ကျရင် မနာရအောင် အောက်ဘက်မှာ ခေါင်းအုန်းတွေ ၊ ကူရှင်တွေ ၊ မွေ့ယာတို့ စောင်တို့ ကြိုခင်းပေးထားရမှာဖြစ်ပြီး တတ်နိုင်ရင်တော့ Baby play mat ခပ်ကြီးကြီး ထားပေးနိုင်ရင် ပိုကောင်းပါတယ်။ ကလေးကို လူကြီးမျက်စိကွယ်ရာမှာ တစ်ယောက်တည်း လုံးဝမထားသင့်တော့ပါဘူး။

ဒီအရွယ်မှာ တချို့ကလေးတွေဟာ သွားစပေါက်လာတတ်ပြီလေ။ သူသွားပေါက်ချင်လာရင် တအားအံကြိတ်ထားတတ်တာ ၊ ကိုက်ချင်လာတာတွေ ဖြစ်တတ်ပါတယ်။ သွားကလေးညီညီညာညာနဲ့ လှလှကလေးပေါက်လာစေချင်ရင် သွားပေါက်ဖို့ အကူအညီဖြစ်စေပြီး သူသွားဖုံးအယားပျောက်အောင်  teething ring တွေကို ပေးကိုက်စေနိုင်ပါတယ်။

ရတု (Burmesehearts.com)

 

BurmeseHearts Courses

You might also like