class="post-thumbnail open-lightbox" href>
စစ်မှန်သော အဖော်မွန်ဟူသည်
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူဟာ ကိုယ့်ဘဝတသက်လုံးစာ လက်တွဲသွားဖို့ စစ်မှန်တဲ့အဖော်မွန်အဖြစ်နဲ့ ချစ်ချင်ကြတာပါ။ ဘယ်သူမှ လမ်းခွဲဖို့ ပေါင်းစပ်ချင်ကြမှာမဟုတ်ဘူးလေ။ အဖော်စစ်နဲ့ တွေ့ပြီးပေါင်းစပ်ချင်ပေမယ့် အဖော်စစ်ဟာ ဘယ်လိုလူလဲလို့မသိရင် စိန်ကောင်း ၊ ကျောက်ကောင်း လိုချင်ပေမယ့် စိန်ကောင်း ၊ ကျောက်ကောင်းရဲ့အရည်အသွေးတွေဟာ ဘာမှန်းမသိသလိုဖြစ်နေမှာပေါ့။ ဒါဆိုရင် သူများပြောတာယုံနေတာမျိုး ဒါမှမဟုတ် ကံကိုပဲပုံချနေတာမျိုး ဖြစ်နေမပေါ့။
စိန်ကောင်း ၊ ကျောက်ကောင်းကို ပိုင်ဆိုင်လိုရင် သူ့ရဲ့အရည်အသွေးနဲ့ ဂုဏ်သတ္တိကိုတော့ သိထားဖို့လိုတာပေါ့။ ဒါမှ ကိုယ့်လက်ထဲမှာရှိနေတာ စိန်ကောင်း ၊ ကျောက်ကောင်း မို့ ပိုတန်ဖိုးထားရကောင်းမှန်း သိမှာပါ။ အဖော်မွန်အစစ်ကို ရရှိထားရက်နဲ့ တန်ဖိုးမသိဘဲ ပစ်ပယ်ထားမိမယ်ဆို ကိုယ့်လောက်မိုက်မဲတဲ့သူ ရှိပါဦးမလား။
အဖော်မွန်ကောင်းဆိုတာ တဘဝလုံးစာ ကိုယ့်နဘေးမှာ ကောင်းကောင်းဆိုးဆိုး ရှိပေးနေမယ့်သူ ၊ ကိုယ့်နဲ့အတူ ဘဝတိုက်ပွဲ အတူဝင်နွှဲမယ့်သူ ၊ ကိုယ်အားနည်းရင် ကိုယ့်ကူပြီး သူအားနည်းရင် ကိုယ်စိတ်ပူမစိုးလို့ အခြေအနေဆိုးတွေမှာ တောင့်ခံပြီး ကိုယ့်ကိုအားပေးတတ်သူ ၊ သူ့အပူ ကိုယ့်အပူခွဲမနေဘဲ အတူမျှဝေယူတတ်သူ ၊ တဘဝစာလက်တွဲဖို့ ရည်ရွယ်လက်တွဲခဲ့တာမို့ အချိန်တွေဘယ်လိုပြောင်းပြောင်း ချစ်စိတ်က ပြောင်းမသွားတတ်သူ ၊ အိုလာတာလည်းလက်ခံ ၊ နာလာတာလည်းလက်ခံလို့ ကိုယ့်လက်ကို မြဲမြဲတွဲထားသူပါ။
ရှင်းကာမှရှုပ်သွားပြီနဲ့တူတယ်။ အဖော်မွန်ကောင်းရဲ့  အဓိပ္ပါယ်ကို လိုရှင်းတိုရှင်းနဲ့ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ကျွန်မခင်ပွန်း ကျွန်မနဲ့ စချစ်ကြိုက်စဉ်အခါက ပြောခဲ့တဲ့စကားကို ငှါးယူရမှာပဲ။ တဘဝစာရည်စူးခဲ့တဲ့သူနဲ့ လက်တွဲမမြဲခဲ့တာ ငါမှားခဲ့လို့များလားလို့ သံသယနဲ့ စိုးရိမ်စိတ် ကျွန်မမှာရှိခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်မခင်ပွန်းဖြစ်လာမယ့်သူ့ကို ကျွန်မက ငါ့မှာဘာတွေပြင်စရာရှိနေသလဲ ၊ ငါ့မှာနင်မကြိုက်တဲ့အချက်တွေရှိနေရင်ပြောနော်။ ငါပြင်ပါ့မယ်လို့ ရည်းစားဘဝမှာ ဆိုခဲ့တုန်းက “JUST BE YOURSELF” လို့ သူဆိုခဲ့ဖူးတယ်။ ဆိုလိုတာကတော့ “နင့်ပုံစံအတိုင်းနင်နေပါ” လို့ အလွယ်ဘာသာပြန်ရမယ်ထင်တယ်။
ဘာဖြစ်လို့အဲဒီလိုပြောတာလဲလို့ပြန်မေးခဲ့တော့ သူက ကျွန်မကိုစချစ်ခဲ့ကတည်းက ကျွန်မရဲ့ပုံစံကို လက်ခံပြီးချစ်ခဲ့တာမို့ သူလိုတဲ့ပုံစံကို ကျွန်မပြောင်းလိုက်ရင် ကျွန်မရဲ့ နဂိုမူရင်းပုံစံတွေ ပျောက်ပျက်သွားမှာ သူစိုးတာမို့ စားစား ၊ သွားသွား ၊ ဘာပဲလုပ်လုပ် ကျွန်မရဲ့စိတ်ရင်းအတိုင်း လုပ်ကိုင်နေထိုင်ပါလို့ သူက ပြောခဲ့ပါတယ်။ ချစ်သက် (၁၀)နှစ်ကျော် အိမ်ထောင်သက်(၁၀)နှစ်နီးပါးရှိနေတဲ့ ယခုအချိန်ထိ ကျွန်မရင်ထဲစွဲနေတဲ့ သူ့စကားဟာ “Being yourself is my Love” ပါ။ ကျွန်မစိတ်သဘောအတိုင်းနေထိုင်တာကို သူချစ်တာတဲ့။ လေးလေးနက်နက်ဆိုခဲ့တဲ့ သူ့မျက်လုံးနဲ့ သူ့စကားလုံးတွေကြောင့် အဲဒီအချိန်ကတည်းက သူဟာ ကျွန်မရဲ့ အဖော်မွန်ကောင်းလို့ ကျွန်မတဝက်သတ်မှတ်ခဲ့တာ။ နောက်ပိုင်းမှာ အပြောနဲ့အလုပ် တကယ် ညီ ၊ မညီဆိုတာ နည်းနည်းတော့ စောင့်ကြည့်စမ်းသပ်ခဲ့သေးတာပေါ့နော်။ ဒါပေမယ့် ကျွန်မတို့ဟာ နှစ်တွေအကြာကြီးမတွဲဘဲ တစ်ဦးကိုတစ်ဦး နားလည်သထက်နားလည်လာတဲ့အချိန်မှာ လက်ဆက်ခဲ့ကြတာပါ။
ကျွန်မတို့ တကယ်လိုအပ်တာက ကိုယ့်ရဲ့စိတ်ရင်းအမှန်ကို တသက်တာ ချစ်မြတ်နိုးတဲ့သူပါ။ ကိုယ့်ဘာပဲဖြစ်သွားသွား ၊ ဘယ်လိုပဲယိုယွင်းနေနေ ၊ ကိုယ့်ကို ချစ်မယ့်သူ ၊ နားလည်ပေးမယ့်သူ ၊ အားပေးမယ့်သူ ၊ ဖေးမမယ့်သူ ၊ ကိုယ့်လက်တဖက်ကို သေတပန်သက်တဆုံး လက်တွဲသွားမယ့်သူပါ။ ကိုယ်က ဒီလိုချစ်မယ့် အဖော်ကောင်းလိုချင်တယ်ဆို ကိုယ်တိုင်ကလည်း ဒီလိုချစ်တတ်တဲ့ အဖော်ကောင်း သူ့အတွက် ဖြစ်ပေးသင့်တာပေါ့။ ရယူလိုမှုချည်းပဲ ရှေ့တန်းတင်လွန်းတဲ့အခါ တဖက်သတ်ဆန်သွားတာမို့ တဘက်လူက တသက်တာ ပေးဆပ်ချစ်သွားနိုင်ရင် ကိုယ်ကံကောင်းတာပေါ့။ ဘယ်အရာမဆိုတော့ အသွားအပြန်တော့ ရှိသင့်တယ်လေ။
ဘက်ညီတဲ့အဖော်ကောင်းတွေကမှ တက်ညီလက်ညီရှိကြတာပါ။ ဘက်မညီတဲ့အခါ တက်မညီတာမို့ ရှေ့ရောက်သင့်ပေမယ့် လှော်နေရင်းရှေ့မရောက်ဘဲ တဝဲလည်လည်နဲ့ အဆုံးစွန်မှာ ဘဝလှေကလေး မြုပ်သွားနိုင်တယ်လေ။ အဖော်ကောင်းတွေဆိုတာ တစ်ဦးနဲ့တစ်ဦး တက်ညီလက်ညီ ရှိရမယ်။ သူကတနေရာကိုဦးတည် ၊ ကိုယ်က အခြားတနေရာကို ဦးတည်သွားချင်လို့မရဘူး။ ဘဝလှေဟာ ဘယ်ကိုပဲလှော်လှော် ဦးတည်ရာဟာ အရပ်တမျက်နှာတည်းကိုပဲရှေးရှုလို့ တက်ညီလက်ညီ လှော်ခပ်သင့်တာ ။ တက်ကျိုးရင် လက်နဲ့လှော်မယ်လို့တောင် စကားရှိသေးတယ်မဟုတ်လား။ ဘာကြောင့်ပဲ အခြေအနေတွေ ပျက်ယွင်းပစေ။ ဒီဘဝလှေပေါ်က ကိုယ်တွေနှစ်ဦးလုံး စိတ်ဓါတ်တွေ မပျက်ယွင်းဖို့ပဲလိုတာ ၊ အချစ်တွေမပျက်ယွင်းဖို့ပဲလိုတာ ၊ ဆန္ဒနဲ့ဦးတည်ရာတွေ ထပ်တူကျနေဖို့ပဲလိုတာပါ။ ဒီလိုဆို လိုရာခရီးကို အနှေးနဲ့အမြန် နှစ်ဦးအတူ အရောက် လှမ်းနိုင်မှာပါ။
သူကသူ့ဦးတည်ချက်နဲ့ သူ့ဘာသာထင်ရာစိုင်းမယ် ၊ ကိုယ်က ကိုယ့်ဦးတည်ချက်နဲ့ ကိုယ်ဘာသာထင်ရာစိုင်းမယ်ဆိုရင် ကိုယ်တွေနှစ်ဦးဟာ ဘဝအဖော်မွန်တွေ မဟုတ်ကြပါဘူး။ မဖြစ်လို့သာ ပေါင်းနေရတဲ့ အိမ်ထောင်ရေးထဲက လူစိမ်းနှစ်ယောက် တမိုးအောက် အတူနေ (တခါတလေခွဲနေ)တာမျိုး ဖြစ်လာနိုင်ပါတယ်။ သူ့ကိုမမြင်ရလေ ၊ သူ့အနားမရှိလေ ပိုလွတ်လပ်လေလို့ ထင်လာပြီဆိုကတည်းက ဒီအိမ်ထောင်ရေးဟာ ပျော်စရာမကောင်းလို့ပဲ။ တနည်းအားဖြင့် ဒီအိမ်ထောင်ရေးမှာ ကိုယ်မပျော်ရွှင်နိုင်လို့ပဲဖြစ်ပါတယ်။
ဒါတွေဘာကြောင့်ဖြစ်လာသလဲဆိုရင် ကိုယ်တွေနှစ်ဦးဟာ ဘဝအဖော်အစစ်တွေမဖြစ်ခဲ့လို့ပါ။ ဘဝအဖော်စစ်တွေ မဟုတ်ခဲ့လို့ ဒီအိမ်ထောင်ကရုန်းထွက်ရင် ကောင်းမလားလို့ အတွေးမဝင်ပါနဲ့။ သူ့ရွေးချယ်မှုပဲမှားမှား ၊ ကိုယ့်ရွေးချယ်မှုပဲမှားမှား တည်ထောင်ပြီးသားအိမ်ထောင်တခုဟာ ကိုယ်တွေဆုံးဖြတ်ချက်ကြောင့် ဖြစ်လာခဲ့တယ်ဆို ဒီအိမ်ထောင် ပျော်ပျော်ရွှင်ရွှင်တည်မြဲအောင် ကြိုးစားသင့်ပါတယ်။ ကိုယ်ကချစ်လို့ ပေါင်းခဲ့သူနဲ့ ဒီအိမ်ထောင်မြဲမြံပျော်ရွှင်အောင် ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားလိုက်ပါ။ သည်းခံနိုင်တာထက် ပိုသည်းခံလို့ လိုက်လျောနိုင်တာထက် ပိုလိုက်လျောလို့မှ ရှေ့ဆက်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး ၊ မနက်ဖန်တွေကို သူနဲ့ရှေ့ဆက်ရမှာ ကြောက်နေပြီဆိုတဲ့အတွေးဝင်လာရင် မနက်ဖန်တွေမှာပျော်ရွှင်ဖို့ ဒီနေ့မှာဆုံးဖြတ်ချက်ပြတ်သားရတော့မှာပေါ့။
ကျွန်မ ဒီလိုစာတွေ ရေးနေရတာ အပျို ၊ လူပျိုတွေကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ ဖူးစာဆုံစေချင်တယ်။ တဘဝလုံးအရေးမှာ အရွေးမမှားစေချင်ဘူး။ အရွေးမှားသွားခဲ့တယ်ဆိုရင်လည်း တည်ပြီးသားအိမ်ထောင်ကို အတတ်နိုင်ဆုံး ညှိနှိုင်းလို့ ပျော်ပျော်ရွှင်ရွှင် ခိုင်မြဲလာအောင် နှစ်ေယောက်လုံးကြိုးစားစေချင်တယ် ၊ တာဝန်သိပြီးတာဝန်ယူတဲ့မိဘတွေကောင်းတွေ ဖြစ်စေချင်တယ်။ အနှစ်ချုပ်လိုက်ရင်တော့ အနာဂါတ်မှာ အစွန့်ပစ်ခံကလေးတွေ ၊ အဖျက်ချခံကလေးတွေ ၊ စိတ်ဒဏ်ရာနဲ့ကြီးပြင်းလာရတဲ့ ကလေးတွေ နည်းသမျှ နည်းစေချင်တဲ့စေတနာပါ။ သူတို့အစား ကျွန်မဝင်ဆုံးဖြတ်လို့မရဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့်လည်းလေ စုံတွဲတိုင်းကို ပျော်ရွှင်စေချင်ပြီး မိသားစုတိုင်းကိုလည်း ပျော်ရွှင်စေချင်တာ ကျွန်မစေတနာပါ။ ကလေးတိုင်း မိဘစုံညီနဲ့ ပျော်ရွှင်စွာကြီးပြင်းခွင့် ရကြပါစေ။
ရတု (Burmesehearts.com)