စာရေးသူနှင့် Report Card

0

ကလေးငယ်တွေရဲ့ ပညာရေးတိုးတက်မှုမှတ်တမ်းဟာ ကလေးငယ်တွေ ပညာရေး တိုးတက်မှုအတွက် အလွန်အရေးကြီးပါတယ်။ ဒါ့ထက်ပိုအရေးကြီးတာက ကလေးငယ်တွေရဲ့ Report Card ရတဲ့အခါ အုပ်ထိန်းသူမိဘက ဘယ်လိုတုန့်ပြန် ကိုင်တွယ်သွားသလဲအပေါ်မူတည်ပြီး ရေရှည်ရလဒ် ကွာခြားသွားပါတယ်။
ကျွန်မငယ်ငယ်တုန်းက Report Card အပေါ် ခံစားရတဲ့ခံစားမှုနဲ့ မိဘတွေရဲ့ တုန့်ပြန်မှုကို ကလေးတွေ ကောင်းကျိုးအလို့ငှါ ဝေမျှပေးလိုက်ပါတယ်။ ဒီခံစားမှုဟာ အဲဒီအရွယ်တုန်းက ကလေးငယ်တွေ ခံစားရတဲ့ ခံစားမှုကို ထင်ဟပ်မြင်ယောင်စေမှာဖြစ်ပါတယ်။ ဒီခံစားမှုကို ကလေးသာ ထုတ်မပြောခဲ့ရင် ၊ ဖွင့်ဟမပြောရဲခဲ့ရင် ကလေးငယ်ဘဝအတွက် ဆုံးရှုံးမှုများစွာ ရှိနေနိုင်ပါတယ်။ ဒီခံစားမှုမျိုး မိမိသားသမီးမှာ ရှိနေနိုင်တယ်လို့ မိဘတွေ သိနားလည်ခဲ့မယ်ဆိုရင် ကလေးငယ်ရဲ့ Report Card အပေါ်တူညီတဲ့ တုန့်ပြန်မှုအမှားတွေ မလုပ်မိဖို့ ဆင်ခြင်မိနိုင်မယ်ထင်ပါတယ်။

 

ကျွန်မမိဘတွေက အလုပ်များတယ်။ အိမ်မှာမြင်ရခဲတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက ကလေးထိန်းပေးမယ့်သူတွေ အိမ်မှာ သပ်သပ်ရှိနေတော့ ကလေးတာဝန်တွေကို ဒီလူတွေကပဲ အလှည့်ကျ အလျဉ်းသင့်သလို တာဝန်ယူသွားခဲ့တော့ ကလေးငယ်ရဲ့ ပညာရေးဆိုတာကို မိဘတွေက Report Card လက်မှတ်ထိုးတော့မှ သိရတဲ့သဘောပါ။

မိသားစုဝင်တွေထဲမှာ ကျွန်မကစာတော်တယ်။ ဒီလိုစာတော်အောင် ကြိုးစားချင်တဲ့ အကြောင်းရင်းကလည်း ရှိခဲ့တယ်။ ကျွန်မမွေးကတည်းက ချူချာခဲ့တယ်။ အထက်မှာလည်း အစ်ကို ၊ အစ်မတွေရှိပြီး ကျွန်မက အငယ်ဆုံးဖြစ်ပေမယ့် အငယ်ဆုံးပီပီ ဆိုးနွဲ့ခွင့် ကျွန်မမှာ မရှိခဲ့ဘူး။ မိဘတွေက မအားတော့ အနားမှာမရှိဘူးလေ။ ဒါ့အပြင် ချူချာတဲ့ကလေးမို့ အမြဲလိုလို အိပ်ယာထဲမှာ အဖျားတွေနဲ့ နာမကျန်းမှုတွေနဲ့ အဖော်မဲ့နေတတ်တာများတယ်။ ဒီတော့ စာအုပ်တွေက ကျွန်မရဲ့ အဖော်ဖြစ်လာခဲ့တယ်။

ကျွန်မများ စာတော်ရင် မိဘတွေရဲ့ အလေးထားမှု ၊ ဦးစားပေးမှုကလေးများ ရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျန်းမာရေးထူထူထောင်ထောင်လေး စဖြစ်လာတဲ့ ဆယ်နှစ်ဝန်းကျင်ကနေစပြီး အားကုန်ကြိုးစားလာခဲ့တာ ကျွန်မက အတန်းထဲ ထိပ်ဆုံး(၃)ယောက် နေရာတွေမှာ ရပ်တည်လာခဲ့တယ်။ ပထမဆုံး အဆင့်(၁)ရတဲ့အချိန်က Report Card ကိုကြည့်ပြီး ရင်ခုန်တယ်။ မိဘတွေရဲ့ ချီးကျူးစကားကို ကြားရတော့မယ်ဆိုပြီးတော့ ပျော်တယ်။ ငါ့ကို ဦးစားပေး အလေးထားပြီး ငါလိုချင်တာတွေ ဖြည့်ဆည်းပေးလာမလား မျှော်လင့်ချက်နဲ့ ကြည်နူးခဲ့တယ်။

Report Card မိဘလက်ထဲရောက်တော့ အဆင့်တော်တော်တက်လာတာပဲ။ ဒီအတိုင်းဆက်ကြိုးစား အဆင့်ကျသွားလို့ကတော့ အသိပဲ။ ဒီ့ထက်ပို အမှတ်ကောင်းအောင်ကြိုးစား ၊ အမှတ်ပြည့်ရအောင်ကြိုးစားဆိုတဲ့စကားတွေနဲ့ အဆင့်ကျရင်အသိပဲဆိုတဲ့ စကားတွေက ကျွန်မကို ဝမ်းနည်းကြောက်လန့်သွားစေခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်မ အတန်းဖြေစာမေးပွဲတွေရဲ့ ရလဒ်နဲ့  Report Card ထွက်လာမှာကို ကြောက်တယ်။ အဖေက အိမ်မှာမရှိသလောက် ခရီးထွက်နေရတာဆိုတော့  အဲဒီ  Report Card ကို လက်မှတ်ထိုးပေးလေ့ရှိတဲ့ အမေ့ဆီယူသွားရမှာ ပိုကြောက်တယ်။ 

အဆင့်(၁)ကနေ (၂)ကျသွားတာမျိုး ၊ (၃)ရောက်သွားတာမျိုး အရင်တခေါက်ထက် အမှတ်ပေါင်းရလဒ် နည်းသွားတာမျိုးတွေဆို ကျောင်းကနေ အိမ်အပြန်လမ်းမှာ ကျွန်မ ကူကယ်ရာမဲ့ဝမ်းနည်းပြီး အငွေ့ပျံပျောက်သွားချင်တဲ့စိတ်တွေနဲ့ အလွန်စိတ်ဓါတ်ကျဝမ်းနည်းနေလေ့ရှိတာ ဘယ်သူမှ မသိခဲ့ဘူး။

ဒီလိုခံစားချက်မျိုးတွေနဲ့ ကလေးငယ်တွေကို မကြီးပြင်းစေချင်ဘူး။ ကျွန်မစာတော်ခဲ့သလားဆို စာတော်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ယုံကြည်ချက် လုံးဝမရှိခဲ့တဲ့ ကလေးငယ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကိုယ့်ကို အားပေးချီးမြှောက်မယ့်သူ ကိုယ့်နောက်မှာမရှိဘဲ ကြီမ်းမောင်းစကားတွေ ၊ ရိုက်ချက်တွေကို ကြောက်ကြောက်နဲ့ ဖျစ်ညှစ်ကြိုးစားခဲ့ရတော့ အားမရမှုတွေ ၊ စိတ်အားငယ်မှုတွေ ၊ ဝမ်းနည်းမှုတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့နေခဲ့တာပါ။

မိဘတွေက ဆရာဝန်လုပ်လို့ ပြောတဲ့စကားဟာ ကိုယ့်ရဲ့အနာဂါတ်ဆုံးဖြတ်ချက်ဖြစ်သွားတော့ ကျွန်မကိုယ်ကျွန်မ ဘာဝါသနာပါမှန်း ဘာဖြစ်ချင်မှန်း ဘယ်နေရာမှာ အားသာချက်တွေရှိနေမှန်းမသိတော့ဘူး။ မိဘတွေဖြစ်စေချင်တဲ့ဆန္ဒက ကျွန်မရဲ့ ရည်မှန်းရာ ၊ ရည်ရွယ်ချက်ဖြစ်သွားပြီး ဒါကို မဖြစ်မှာလည်း အသေတွေးကြောက်ခဲ့တယ်။

ကျွန်မဆရာဝန်လည်း ဖြစ်မလာခဲ့ပါဘူး။ မိဘတွေ ဖြစ်စေချင်တာလည်း ဖြစ်မလာခဲ့ ၊ ကိုယ်ဘာဖြစ်ချင်မှန်းလည်း မသိနဲ့ ယောင်ဝါးဝါးအချိန်တွေ နှစ်အတော်ကြာခဲ့တယ်။ စာအုပ်တွေ ချစ်တဲ့စိတ်ကလေးကြောင့်သာ စာကြည့်တိုက်မှာ စာအုပ်တွေနဲ့ အဖော်ပြုရင်း စိတ်လေနေချိန် လမ်းမှားမရောက်ခဲ့တာပါ။

ကျွန်မနေရာမှာရောက်နေခဲ့တဲ့ (စာအုပ်စာပေလည်းမချစ်တတ်တဲ့) လူငယ်လူရွယ်လေးတွေ စိတ်လေပြီး မဟုတ်တာတွေ လုပ်ခဲ့မယ်ဆို ပထမဆုံးဒုက္ခရောက်မှာက ကာယကံရှင်ဖြစ်တဲ့သူတို့ဘဝ ၊ ဒီအရွယ်အထိရောက်အောင် ပြုစုပျိုးထောင်ပြီး အချိန်နဲ့ငွေကြေးတွေ ရင်းနှီးမြှုပ်နှံခဲ့တဲ့ မိဘတွေရင်ကျိုးမှာ ဒုတိယပါ။

စာတွေဖတ်ပြီး ဒါတွေနားလည်လာခဲ့တော့ ငါ့သားသမီးများရှိလာခဲ့လို့ သူ့ရလဒ်မကောင်းရင် သူ့ကို ကောင်းမွန်စွာ လမ်းညွှန်မပြသနိုင်တဲ့ ကိုယ့်ကိုယ်ကို အရင်အပြစ်တင်မယ် ၊ ဘာကြောင့် သူဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရအောင်ကိုယ့်ဘာသာ ရှာဖွေမယ် ၊ ရလဒ်ကောင်းထွက်မလာလို့ စိတ်ဓါတ်ကျနေတဲ့ကလေးကို ဆူပူရိုက်ဖို့ထက် နောက်တခေါက်ကောင်းအောင် အတူတိုင်ပင်လုပ်ကိုင်ကြစို့လို့ အားပေးမယ် ၊ ကလေးလက်ရှိအခြေအနေက တိုးတက်လာအောင် ကလေးနဲ့အတူ ဘယ်လို ပူးပေါင်းလုပ်ဆောင်သွားနိုင်မလဲ အဖြေရှာမယ် ၊ ကလေးကို ယခုထက်ပိုပြီး ထိရောက်တဲ့ ပံ့ပိုးမှုတွေပေးမယ် ၊ စိတ်ဓါတ်အင်အား မြှင့်တင်ပေးမယ်။ ရလဒ်ကောင်းလေးများထွက်လာခဲ့ရင် စကားနဲ့ချီးမြှောက်ရုံအပြင် ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာထဲက သူလိုချင်တာတွေ ဝယ်ပေးပြီး ချီးမြှောက်လုပ်ကိုင်ပေးမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။

ဆုံးဖြတ်ထားတဲ့အတိုင်း ကလေးငယ်ငယ်ကတည်းက ထစ်ခနဲ့ရှိ ဆူပူအပြစ်တင်တတ်သူမဖြစ်အောင် လေ့ကျင်လာခဲ့ရတာပါ။ ကိုယ်ငယ်ငယ်တုန်းက ထစ်ခနဲရှိ ဆူပူရိုက်နှက်ခံခဲ့ရတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတော့ ဒီလိုအကျင့်တွေ ဦးနှောက်ထဲရောက်နေတာကို အတော်ကြိုးစားဖျောက်ခဲ့ရတယ်။ စိတ်တွေရော ၊ လက်တွေရောချုပ်တည်းခဲ့ရတာ အတော်ခက်တယ်။ ဒါပေမယ့် ငါ့လို ငါ့သသမီး တပြန်မခံစားစေရဘူးဆိုတဲ့စိတ်နဲ့ ကျွန်မလေ့ကျင့်ယူလာခဲ့တာ အခုသမီးမူကြိုအရွယ်မှာ ကလေးနဲ့ကျွန်မအကြားမှာ နားလည်မှုအခိုင်အမာတည်ဆောက်လို့ Team Work ဆိုတာကို အခိုင်အမာ ထူထောင်နိုင်ခဲ့ပြီ။

သူ့လေ့လာသင်ကြားမှု အလုံးစုံမှာ အဖော်ပြုရင်း သူတော်တာ ကိုယ်ကောင်းလို့ ၊ သူမတော်တာ ကိုယ်ညံ့လို့ဆိုတဲ့စိတ်မျိုးနဲ့ ကလေးနဲ့သာတူညီမျှခံစားရင်း ပျော်ရွှင်စွာလေ့လာသင်ကြားမှုလမ်းစဉ်ကို ပြုစုပျိုးထောင်လာခဲ့တာ အခုဆို ငါးနှစ်ကျော်ခဲ့ပြီ။ ရလဒ်ကောင်းလေးတွေ စတွေ့လာခဲ့ပါပြီ။ ဒါကြောင့် ကျွန်မရဲ့ငယ်ဘဝက အတွေ့အကြုံ ခံစားမှုတွေ ၊ လက်ရှိလုပ်ကိုင်ဆောင်ရွက်မှုတွေကို ဝေမျှလို့ စာဖတ်သူမိဘတွေလည်း မိမိသားသမီးတွေရဲ့ ပညာရေးခရီးမှာ ဘာတွေရှောင်ပြီး ဘာတွေဆောင်ရမယ်လို့ နည်းနာယူနိုင်လောက်ပြီလို့ ယုံကြည်မိပါရဲ့။ ကလေးဆိုတာ ခံစားမှုတွေ နုနယ်တယ်။ ဖွင့်ဟပြောခွင့်တွေလည်းနည်းတယ်။ မပြောရဲတာကများတယ်။ အကောင်းဆုံးက ကလေးငယ်ကို နားလည်မှုပေးလို့ ဖေးမချီးမြှင့်ပေးခြင်းကသာ အကောင်းဆုံးရလဒ်တွေကို ရရှိစေမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

You might also like