class="post-thumbnail open-lightbox" href>
စိတ်ပြောင်းစိတ်လွှဲ
“ငိုချင်ရက်လက်တို့” ဆိုသူတွေအဖို့ စိတ်ပြောင်းစိတ်လွှဲဆိုတာ အထူးအရေးပါလှတယ်။ ငိုနေတဲ့ကလေးကို မငိုနဲ့ချော့ပြောရုံနဲ့ သူဟာ ခပ်လွယ်လွယ်တိတ်သွားမှာမဟုတ်ပါဘူး။ ချော့ကာမှ ပိုဝမ်းနည်းပြီး ငိုနိုင်ပါတယ်။ ဆုံးရှုံးမှုတွေ ကြုံနေတဲ့သူကို “တရားနဲ့ဖြေ” လို့ သွားပြောရုံနဲ့ သူ့ခံစားမှုဟာ ပြေနိုင်မှာမဟုတ်ပါဘူး။ သမီးရည်းစား သို့မဟုတ် အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်ဆင်းရဲနေသူတွေကို “ငကန်းသွား ငစွေ လာမယ်” လို့ ကောင်းလာတာကို မျှော်လင့်ဖို့ပဲဖြစ်ဖြစ် ၊ မကောင်းတဲ့အခြေအနေက လွတ်မြောက်သွားပြီလို့ပဲဖြစ်ဖြစ် ဖြေပြောရုံနဲ့လည်း သူတို့ခံစားမှုတွေဟာ ပြေလျော့သက်သာသွားမှာတော့ မဟုတ်ပါဘူး။
လူကြီးပဲဖြစ်ဖြစ် ၊ ကလေးပဲဖြစ်ဖြစ် ဝမ်းနည်းအားငယ်နေသူတွေ ၊ စိတ်ဓါတ်ကျနေသူတွေ ၊ စိတ်ဆင်းရဲမှုနဲ့ အပူကြီးကြုံနေသူတွေအတွက် အကောင်းဆုံးသော စိတ်ဖြေဖျောက်နည်းက စိတ်ပြောင်းစိတ်လွှဲ လုပ်ပေးတာပဲဖြစ်ပါတယ်။ ငိုနေသူတွေကို မငိုနဲ့လို့မဆိုဘဲ ငါးမိနစ် ၊ ဆယ်မိနစ်လောက်ပဲဖြစ်ဖြစ် သူခံစားနေရတာတွေကို ဖွင့်ထုတ်ပြောဆိုခွင့် သို့မဟုတ် လွတ်လပ်စွာငိုကြွေးခွင့်ပေးလိုက်ပါ။ သတိရတိုင်း တစိမ့်စိမ့်တွေးပြီး မျက်ရည်တွေ စီးကျနေတာထက် အားရပါးရ ရှိုက်ကြီးတငင်ငိုချလိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်မယ်လို့ ဆုံးဖြတ်နိုင်ရင် ပိုမကောင်းဘူးလားနော်။
ကျွန်မကိုယ်တိုင်လည်း ပုထုဇဉ်လူသားပေမို့ အဆင်မပြေတာတွေ ဆက်တိုက်ကြုံဆုံလာပြီး ဖြစ်နေတာတွေက ခံနိုင်ရည်အားထက် ကျော်လွန်နေပြီဆိုရင် တလျောက်လုံး ကိုယ်ထိန်းသိမ်းထားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ ၊ လတ်တလော ခံစားနေရတဲ့ အပူတွေကို ခံစားမှုသက်သာစေဖို့ အရမ်းငိုချင်လာရင် အားရတဲ့အထိ ငိုပစ်လိုက်တယ်။ မငိုခင်နဲ့ ငိုနေစဉ်မှာလည်း ငိုကြွေးခြင်းဟာ ဒီအခက်အခဲ ပြေလည်သွားအောင် မဖြေရှင်းပေးနိုင်ဘူးလို့ ကောင်းကောင်း နားလည်သဘောပေါက်နေတာမို့ ငိုလို့ဝရင် မျက်နှာထသစ်တာမျိုး ၊ ရေချိုး ခေါင်းလျှော်ပစ်လိုက်တာမျိုးလုပ်ပြီး ကိုယ့်ဆီက အပေါ်ယံငြစ်ငြူးမှုတွေပျောက်သွားအောင်လုပ်တယ်။ ပြီးရင် အစာတခုခုဝင်အောင်စားမယ်။
အပြင်မှာရာသီဥတုကောင်းမွန်ပြီး အချိန်လည်းသင့်တော်မယ်ဆိုရင် အပြင်ထွက်လမ်းလျှောက်တာမျိုးလုပ်တယ်။ ဒီအချိန်မှာ မြင်တွေ့နေရတဲ့ လူတွေရဲ့မျက်နှာကို ရုပ်ရှင်တခု ၊ ပြဇတ်တခု ကြည့်နေသလို အကဲခတ်ကြည့်တယ်။ ဒီအခါမှာ လူတွေဟာ ကိုယ်ရောစိတ်ပါ လွတ်လွတ်လပ်လပ်ပျော်ရွှင်နိုင်တဲ့သူတွေဆိုတာ နည်းနေပြီး လူတိုင်းမှာ သူ့အပူနဲ့သူ တခု မဟုတ် တခုတော့ ရှိနေကြတယ်လို့ ခံစားမိလာတယ်။ ကိုယ်ကသာ ကိုယ့်အပူကိုချည်း ဖိတွေးနေလို့ ငါတစ်ယောက်တည်း အဆင်မပြေတာ ၊ ကံဆိုးနေတာလို့ တွေးမိနေတာပါ။ ကိုယ့်လမ်းထဲမှာ ၊ ကိုယ့်ရပ်ကွက်မှာ ရှိနေတဲ့ လူတွေအတိုင်းအတာနဲ့ပဲ ယှဉ်ကြည့်ဦး။ အပူတွေရှိနေတာ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ တယောက်တမျိုး ပူလောင်ခံစားနေကြရတာပါ။ တကမ္ဘာလုံးနဲ့ယှဉ်ကြည့်ရင် ကိုယ့်အပူက ဘာမှမဟုတ်တော့သလိုပဲ။
ဒါကိုသိမြင်လာပြီဆိုတော့ ငါတစ်ယောက်တည်း မဟုတ်ပါလားဆိုတဲ့စိတ်ကလေးက နည်းနည်း သက်သာရာရစေတယ်။ ဒီလို သက်သာရာရစေတဲ့စိတ်ဟာ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ အပူတွေ ပြန်ဝင်လာနိုင်တာပါပဲ။ ဒီလိုဆို နောက်တဆင့်က အပူတွေကို တွေးမိနေတဲ့စိတ်ကို ပြောင်းလဲပစ်နိုင်ရမယ်။ ပထမနေ့မှာ ရုပ်ရှင်ကြိုက်တဲ့သူက ရုပ်ရှင်တွေကြည့်ပြီး သီချင်းကြိုက်သူတွေက စိတ်အေးသက်သာစေမယ့် သီချင်းတွေနားထောင်လို့ စိတ်ပြောင်းလဲဖို့ ကြိုးစားရမှာဖြစ်သလို ကိုယ်ဝါသနာပါရာလေးတွေ ၊ စိတ်လက်အေးချမ်းစရာလေးတွေ လုပ်ကိုင်ရင်း လက်ရှိအပူတွေကို ဖြေလျော့ဖို့ ကြိုးစားရမှာပါ။ တကယ်ဆိုရင် ဒါတွေလုပ်နေလို့လည်း ဒီအခက်အခဲက အလိုအလျောက် ပြေလည်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘာမှ မတွေးနိုင်ဘဲ ချောင်တချောင်မှာ တယောက်တည်း ငိုနေတာထက်စာရင်တော့ နည်းနည်း သက်သာလာတဲ့သဘောပေါ့။
ကိုယ့်စိတ်တွေဟာ အခက်အခဲတွေအပေါ်ကို ဝမ်းနည်းအားငယ်စိတ် အခြေခံပြီး မတွေးတော့ဘူးဆိုရင် တော်တော် အခြေအနေကောင်းလာပြီ။ နောက်တဆင့်မှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုရှေ့ဆက်လုပ်ဆောင်မလဲ ၊ ဘယ်လိုနည်းတွေဟာ ဒီအခြေအနေက ကျော်လွှားနိုင်မလဲဆိုတဲ့ နည်းအသွယ်သွယ်ကို တွေးရမှာပါ။ ဒီလိုတွေးတဲ့နေရာမှာ အပူကို ဦးစားပေးမတွေးပါနဲ့။ တွေးမိရင်လည်း ငွေမရှိတာငါတစ်ယောက်တည်းမဟုတ်ဘူး ၊ အဆင်မပြေတာ ငါတစ်ယောက်တည်းမဟုတ်ဘူး ၊ မကျန်းမာတာ ငါတစ်ယောက်တည်းမဟုတ်ဘူး ၊ ဆုံးရှုံးရတာ ငါပထမဆုံးမဟုတ်ဘူး ၊ အချစ်ဆုံးသူတွေဆိုတာနဲ့ ခွဲခွါရတာ ငါပထမဆုံးမဟုတ်ဘူးဆိုတာကို အပြန်ပြန်အလှန်လှန် သတိပေးထားပါ။ ကိုယ်တိုင်က ဒီအခြေအနေကို အကောင်းဆုံး ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ အကြံမထွက်ရင် ကိုယ်နဲ့ အခြေအနေတူတဲ့သူတွေ ဘယ်လိုကျော်လွှားသွားကြသလဲဆိုတာ လေ့လာပါ။
လူအမျိုးမျိုးမို့ ဖြေရှင်းပုံ အမျိုးမျိုးရှိနေမှာပါ။ ဒါတွေကို ဘယ်လိုရှာဖွေလေ့လာမလဲ။ ဒီစာကိုဖတ်မိတယ်ဆိုကတည်းက အင်တာနက်သုံးနိုင်ပြီပဲ။ Google မှာ How to handle (………) လို့ ရိုက်ထည့်လိုက်ပါ။ ကွက်လပ်ထဲမှာတော့ ကိုယ်ခံစားနေရတဲ့ အပူကိုရိုက်ထည့်ပေါ့။ ဒီလိုဆို ကိုယ်လိုကြုံတွေ့ခဲ့ရဖူးသူတွေ ဝေမျှထားတဲ့ ဖြေရှင်းနည်းတွေ ၊ အတွေ့အကြုံရင့်သူတွေ အကြံပေးထားတဲ့အရာတွေ ၊ စိတ်ပညာရှင်တွေရဲ့ အကြံပေးမှုတွေလည်း အများအပြား တွေ့ရမှာပါ။ ဒီထဲကမှ ကိုယ်စိတ်တွေ့မယ်ထင်တာလေးတွေ ၊ ကိုယ်နဲ့သင့်မယ်ထင်တာလေးတွေ ချရေးထားပြီး တခုပြီးတခု စမ်းလုပ်ကြည့်ပါ။
ကျွန်မကတော့ စာဖတ်တာဝါသနာပါတော့ ကိုယ့်အပူတွေနဲ့ အာရုံစူးစိုက်မှု အလုံးစုံမရဘူးဆိုသည့်တိုင် Online နဲ့ Offline စာတွေဖတ်နိုင်ဖို့ကြိုးစားတယ်။ ဖတ်ရင်းနဲ့ အာရုံစူးစိုက်နိုင်ပြီဆို ဒီအခက်အခဲကို ဘယ်လိုနည်းနဲ့ ဖြေရှင်းရင်အကောင်းဆုံးလဲဆိုတာ နည်းလမ်းရှာတယ်။ အပူတွေကြုံနေသူတွေကို ကိုယ်နဲ့ကိုယ်ချင်းစာတာမို့ မငိုနဲ့ဆိုတဲ့စကားထက် ဘာကြောင့်ငိုတာလဲဆိုတာကို ဦးစားပေးမေးတယ်။ မငိုနဲ့ဆိုတာက သူများကို ဖြေသိမ့်ပေးရာရောက်သလို အမိန့်ပေးရာလည်းရောက်ပါတယ်။ ဘာကြောင့်ငိုတာလဲဆိုတာကတော့ သူခံစားနေရတာတွေ ကိုယ့်ပြောပြရင်း တနည်းတဖုံ စိတ်ထွက်ပေါက်ပေးဖြစ်အောင် မေးလိုက်တာပါ။ သူပြောပြရင်း ငိုနေတယ်ဆိုရင် သူ့ပုခုံးကိုလက်ကလေးတင်ပြီး ဒါမှမဟုတ် ထွေးဖက်ပြီး အားပေးလိုက်တယ်။ သူဒီလိုခံစားနေချိန်မှာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူ့အနားမှာ ကိုယ်ရှိနေတာ သူသိအောင် ၊ ကိုယ့်ဆီခေါင်းမှေးတင်ငိုလိုရင်လည်း မျှဝေဖို့အဆင်သင့်ဆိုတာ အသံတိတ်အသိပေးလိုက်တာပါ။
ပြီးရင်တော့ ကိုယ်လည်း ဒီလိုကြုံခဲ့ဖူးတယ်။ ဒါပေမယ့် နောက်ပိုင်းအားလုံးအဆင်ပြေသွားဖူးတယ်။ ဒီလိုလုပ်ကြည့်ချင်သလားလို့ မေးလိုက်တယ်။ ဒီလိုမေးရတာက တခါတလေမှာ လူတွေက ဘာမှ မလုပ်ချင် ၊ မကိုင်ချင်တော့အောင် စိတ်ဓါတ်ကျနေတာမျိုး ဖြစ်တတ်တယ်လေ။ ဒီလိုလူမျိုးတွေကို ဒါလုပ်ပါ ၊ ဒီလိုလုပ်ပါ ကိုင်ပါလို့ သွားပြောလို့မရဘူး။ သူတို့ကို စောင့်ကြည့်ရတော့မှာ။ စိတ်ဓါတ်ကျမှုတွေရဲ့အဆုံးမှာ သူတို့က ကိုယ့်ဘဝကိုယ် အဆုံးစီရင်နိုင်တယ်လေ။
ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တာက တခါပဲသေတာဖြစ်ပေမယ့် ကိုယ့်ဘဝကိုယ်သေအောင်လုပ်တဲ့သူတွေကြောင့် သူ့ကိုချစ်တဲ့ ၊ မှီခိုနေတဲ့ မိသားစုတွေပါ သူ့သက်တမ်းအလျောက် စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ ဖြစ်ကြရတာ။ ဒါကြောင့် စိတ်ဓါတ်အကြီးအကျယ်ကျနေသူကို သတိထားစောင့်ကြည့်ပြီး ဘယ်နည်းလမ်းဟာ သူ့စိတ်ပြောင်းလဲစေဖို့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ဘေးကစောင့်ကြည့်သူက အဖြေရှာရမှာဖြစ်ပါတယ်။ ဒါကို စိတ်ပညာရှင်တွေက နားအလည်ဆုံးပါ။
ကျွန်မသမီးလေး တစ်နှစ်မပြည့်တပြည့် အရွယ်ကတည်းက “Crying doesn’t solve any problem”ဆိုတဲ့စကားနဲ့ အသားကျခဲ့ပါတယ်။ ဒါဟာ သူ့ဦးနှောက်ထဲကို ငိုတာဟာ ဘယ်အခက်အခဲကိုမှ မဖြေရှင်းပေးနိုင်ဘူးဆိုတာကို အသိသွင်းပေးခဲ့တာပါ။ ကလေးဆိုတော့ ချစ်တဲ့မိဘကို မမြင်တွေ့ရင် ငိုမှာပါပဲ ၊ နာကျင်ရင်ငိုမှာပါပဲ ၊ လိုတာမရရင် ၊ လုပ်ချင်တာမလုပ်ရရင် ၊ မလုပ်ချင်တာတွေ လုပ်ရရင် ငိုမှာပါပဲ။ ဒါပေမယ့် ငိုခြင်းဟာ တခုတည်းသော နည်းလမ်းကောင်းမဟုတ်ဘူးဆိုတာ သူကောင်းကောင်း နားလည်ထားတော့ ငိုကြောရှည်တာမျိုးတွေမရှိဘူး။
ကလေးကိုငိုအောင်စတတ်သူတွေ သမီးလေးပတ်ဝန်းကျင်မှာမရှိတာမို့ သမီးလေးဟာ အလကားနေ ငိုဖို့တာဆူနေတာမျိုး မရှိခဲ့ဘူး။ အကြောင်းကြောင်းကြောင့် သူငိုခဲ့ရင်လည်း မငိုနဲ့ဆိုတာကိုမဆိုဘဲ သူ့စိတ်အာရုံကို တခြားဘက်ကို ပြောင်းပို့လိုက်တယ်။ ခရုကလေးလိုက်ရှာစို့ ၊ လိပ်ပြာကလေး ဘယ်ရောက်နေလဲ ၊ ငှက်ကလေးဟိုမှာ ဆိုတာမျိုးတွေနဲ့ အာရုံပြောင်းလိုက်တာပါ။ ဒီလိုအာရုံပြောင်းပေမယ့် အလိမ်စကားတွေကို မိဘနှစ်ပါးလုံးကမဆိုပါဘူး။
တကယ်မဖြစ် ၊ မရှိတဲ့အရာတွေကို ဟိုမှာ ဟိုမှာဆိုပြီး ကလေးအာရုံပြောင်းတာမျိုးတွေဟာ ကလေးအတွက် ကောင်းကောင်း အာရုံမပြောင်းနိုင်ဘဲ လူကြီးရဲ့ အလိမ်အညာစကားတွေကို မယုံတာမျိုးတွေအထိ ဖြစ်နိုင်တယ်လေ။ နောင်သူငိုလို့ ဒီလိုစိတ်ပြောင်းစိတ်လွှဲနည်းမျိုးနဲ့ သူအငိုတိတ်အောင် ၊ အာရုံလွှဲဖို့ ခက်သွားနိုင်ပါတယ်။
ကြီးကြီးငယ်ငယ် ဘယ်လိုခက်ခဲတဲ့ အတွေ့အကြုံခံစားမှုမျိုးတွေရှိနေနေ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ဆို စိတ်ဓါတ်အင်အား အားကောင်းမှဖြစ်မှာပါ။ ဒီလို စိတ်ဓါတ်အင်အား အားကောင်းဖို့ဆိုတာရဲ့အစခရီးမှာ စိတ်ဓါတ်ကျအားငယ်တာတွေ ရှိမနေဖို့လိုတယ်လေ။ ဒါကြောင့်လည်း စိတ်ဆင်းရဲ ၊ စိတ်ဓါတ်ကျနေတာတွေ ဖြစ်နေပြီး စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ ခံစားနေရတဲ့ ကိုယ့်စိတ်ကို အရင်ပြောင်းလဲနိုင်ပါမှ စိတ်ဓါတ်အင်အားကောင်းကောင်းနဲ့ အခက်အခဲက ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
ရတု (Burmesehearts.com)