class="post-thumbnail open-lightbox" href>
တပါးသူလက် အပ်ထားတဲ့ ကိုယ့်ရင်သွေး
တပါးသူလက်အပ်ထားတဲ့ ကိုယ့်ရင်သွေးဆိုတာ မိမိရင်သွေးကို တပါးသူလက်အပ်ထားတဲ့ မိဘကိုပြောတာပါ။ ဆိုလိုတာက မိမိရင်သွေးကို မိမိမျက်စိအောက်မှာ မိမိကိုယ်တိုင် ထိန်းကျောင်းကြီးပြင်းစေဖို့ ၊ သွန်သင်လမ်းညွှန်မှုပေးဖို့ထက် ကလေးရဲ့ အချိန်အများစုကို တပါးသူရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ကုန်ဆုံးစေတာပါ။
အလုပ်လုပ်လို့ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင်းကြောင့် တပါးသူဆိုတဲ့ သူစိမ်းလက် ၊ Child Care လက် ၊ မိဘလက် ၊ ဆွေမျိုးမောင်နှမလက်နဲ့ အိမ်နီးချင်းလက်ထဲ ထိန်းသိမ်းစေကြတယ်။ ဒီလိုလုပ်ကြတာ တနေ့လုပ်မှ တနေ့စားရတဲ့ အလုပ်လုပ်နေသူတွေသာမဟုတ်ဘူး။ တတ်နိုင်သူတွေလည်း ပါနေတယ်။ အတွေ့အကြုံရှိတဲ့သူက ကလေးကိုပိုသိတတ် နားလည်အောင် ကိုယ့်ထက် ထိန်းသိမ်းနိုင်တယ်ဆိုပြီး တချို့မိဘတွေက လုပ်နေကြတာ တွေ့ရပါတယ်။
ဒီလိုလူမျိုးတွေထက်ပိုဆိုးတာက ကလေးရဲ့ ဝတ်ကြီးဝတ်ငယ်ကို ပြုစုသန့်ရှင်းပေးရမယ့်ဒဏ် မခံနိုင်လို့ တနည်းအားဖြင့် ကလေးရပေမယ့် ပေါ့ပေါ့လေးနေချင်တဲ့ မိဘတွေကိုလည်း တွေ့မြင်ရပါတယ်။ ဒီလူတွေက ပေါ့ပေါ့လေး တွေးတတ်သူတွေဆိုတော့ သူတို့နားလည်အောင် ပြောပြဖို့တော့ ခက်တယ်နော်။ တချိန်မှာ သူတို့နောင်တ မလွဲမသွေ ရကြတယ်။ အဲဒီအချိန်ဟာ သူတို့ အသက်(၆၀)ကျော်လို့ သူတို့ခေတ်ကုန်သလိုရှိလာပြီး သားသမီးကို မှီခိုလိုစိတ်တွေ ၊ သားသမီးတွေရဲ့ မေတ္တာ ၊ အကြင်နာ ၊ သိတတ်နားလည်စိတ်တွေကို ခံယူလိုတဲ့အချိန် ဖြစ်နေတယ်။ ဒါပေမယ့် ကိုယ်မပေးခဲ့တဲ့ မေတ္တာကို သားသမီးတွေက ကိုယ့်ကို ပြန်မပေးတဲ့အခါ နွေးထွေးမှုတွေ ပျောက်ဆုံးပြီး ဘဝရဲ့ နေဝင်ချိန်ကို အထီးကျန်စွာ ဖြတ်သန်းသွားရတော့တယ်။
ဒီခံစားချက်က ဘဝကို ပေါ့ပေါ့လေး ဖြတ်သန်းခဲ့သူတွေ ၊ သားသမီးရဲ့ အနွံအတာ မခံခဲ့သူတွေမှာ ရိုက်ခတ်လေ့ရှိတာမို့ ငွေရှိသူတွေရော ၊ ငွေမရှိသူတွေရော ခံစားကြရတာပါ။ ကျွန်မပြောခဲ့ဖူးသလို မေတ္တာပေးမှ မေတ္တာရတာမို့ ငွေရှိခြင်း ၊ မရှိခြင်းတွေက နွေးထွေးမှု ၊ နားလည်မှု ၊ မေတ္တာတရားဆိုတာတွေကို ဝယ်ယူခံစားလို့ မရကြဘူးလေ။ ဒါကြောင့် သူဌေးသူကြွယ်တွေနဲ့ အောင်မြင်သူတွေဟာ မေတ္တာတု ၊ စေတနာတုတွေ ဝန်းရံနေတဲ့အကြားမှာ အစစ်အမှန်ရရှိဖို့ တောင့်တနေကြတာဖြစ်ပါတယ်။
ကလေးထိန်းကျောင်းခဲ့တဲ့ အတွေ့အကြုံရှိသူတွေက မိဘဖြစ်တဲ့ ကိုယ်တွေထက် ကိုယ့်ရင်သွေးကို ထိန်းကျောင်းပေးနိုင်လိမ့်မယ်ဆိုတဲ့ အတွေးဟာလည်း ရာနှုန်းပြည့်မမှန်ကန်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လူတိုင်းအတွက် အကောင်းနိုင်ဆုံးသူဟာ သူ့ကို အနွံအတာခံပြီး ကြီးပြင်းကျွေးမွေးစေတဲ့ မိဘပဲဖြစ်နေလို့ပါ။ တနည်းအားဖြင့် လေးနက်စွာတာဝန်သိတတ်တဲ့ မိဘတွေထက် ဘယ်သူမှ ကလေးအပေါ် ပိုမကောင်းနိုင်ကြပါဘူး။
လေးနက်စွာ တာဝန်သိတတ်သော မိဘဆိုတာ မိဘဝတ်ငါးဖြာအပြင် သားသမီးအတွက် ရှေ့တန်းတင်၊ မိမိအရေးကို နောက်တန်းမှာ ထားနိုင်တဲ့ မိဘကောင်းတွေကို ဆိုလိုပြီး မွေးထုတ်ပေးလိုက်ရုံနဲ့ မိဘတာဝန်ကျေသွားပြီဆိုတဲ့ မိဘတွေကို မဆိုလိုတာပါ။ လောကမှာ မိမိကို အမြဲတိုးတက်နေတာပဲ မြင်ချင်တဲ့သူ ၊ မိမိအပေါ် မနာလိုစိတ်မရှိသောသူ ၊ ပံ့ပိုးလိုသူ ၊ ပျော်ရွှင်စေလိုသူ ၊ လုပ်ပေးနိုင်တာထက် ပိုလုပ်ပေးတဲ့သူ ၊ ခွင့်လွှတ်တဲ့သူ ၊ မိမိအကြိုက်-မကြိုက်နဲ့ အူမချေးခါး အလုံးစုံ နားလည်ပေးနိုင်တဲ့သူဟာ မိမိငယ်စဉ်ကတည်းက အနွံအတာခံ ထိန်းကျောင်းပေးခဲ့တဲ့ မိဘပါပဲ။ အထူးသဖြင့် ကျင်ကြီးကျင်ငယ်နဲ့ နေ့စဉ် ဝတ်ဖြည့်ပေးခဲ့တဲ့ မိခင်တွေပေါ့။
သားသမီးကို စေတနာအထားနိုင်ဆုံးက လေးနက်စွာ တာဝန်သိတတ်တဲ့ မိဘတွေပါပဲ။ သားသမီးကို အကောင်းဆုံးတွေချည်းပဲ ပေးချင်တဲ့စေတနာက သူတို့လုပ်နိုင်တာထက် ပိုကြိုးစားဖို့ ၊ လုပ်ဖြစ်ဖို့ ၊ မသိသေးတဲ့ ကလေးတာဝန်တွေ သင်ယူလေ့လာ မှတ်သားဖို့ ၊ ထိန်းကျောင်းနည်းတွေကို လေ့ကျင့်ဖို့ ၊ လမ်းမှန်စွာ ဆုံးမသွန်သင်နည်းတွေကို လေ့လာဖတ်ရှုဖို့ တွန်းအားဖြစ်စေတယ်။ ဒီစေတနာကြောင့်ပဲ သူတို့ရဲ့ မိဘဆိုတဲ့ အရည်အချင်းကို ထွန်းပြောင်စေလာပါတယ်။ ကလေးဘဝလမ်း သာယာဖြောင့်ဖြူးစေဖို့ စေတနာတွန်းအားနဲ့ နည်းလမ်းရှာ ကြိုးစားခဲ့တဲ့ သူတို့ရဲ့အခြေအနေဟာလည်း ကြိုးစားမှုကြောင့် တိုးတက်လာပါတယ်။
ကလေးစံနမူနာဖြစ်အောင် နေထိုင်မယ်ဆိုတဲ့ တွန်းအားကြောင့် စာရိတ္တပိုင်းမှာလည်း တိုးတက်လာတယ်။ ကလေးနောင်ရေးအတွက် ငါရှိမှဖြစ်မယ်ဆိုတဲ့ တွန်းအားကြောင့် မိမိကျန်းမာရေးကောင်းအောင် နေထိုင်ပြီး မကျန်းမာစေတဲ့ အသောက်အစား ၊ နေထိုင်မှုတွေကို လျှော့ရာကနေ လုံးဝပြတ်သွားအောင် ဖြတ်လာတယ်။ တခြားဟာတွေကို အချိန်ပေးဖို့ထက် ရင်သွေးနဲ့အတူ မိမိရဲ့ အားလပ်ချိန်တွေကို ဖြတ်သန်းဖို့ ကြိုးစားလုပ်ယူတယ်။ ဒါတွေအားလုံးရဲ့ ရလဒ်အနေနဲ့ ပျော်ရွှင်တဲ့မိသားစုလေးဖြစ်လာတယ်။ ဒီလိုဖြစ်လာဖို့က သားသမီးဇောဆိုတဲ့ တွန်းအားလိုတယ်လေ။ ဒီတွန်းအားကလည်း မိဘဆိုတဲ့နေရာက တာဝန်ကိုသိတဲ့စိတ် ၊ တာဝန်ကျေချင်တဲ့စိတ် လေးလေးနက်နက်ရှိဖို့ ၊ ကြိုးစားချင်စိတ်ရှိဖို့တွေလည်း လိုအပ်နေပါတယ်။
လောကကြီးမှာ အကောင်းနဲ့အဆိုး ဘယ်ဟာတွေများသလဲနော်။ အဆိုးတွေများနေတဲ့အတွက် အကောင်းရဲ့ ဂုဏ်ရည်ဟာ ထွန်းပြောင်နေနိုင်တာပါပဲ။ လူတိုင်းမကောင်းနိုင်ကြဘူးလေ။ ကောင်းဖို့ခက်ပြီး ဆိုးဖို့လွယ်တယ်ဆိုပေမယ့် ဘဝကြီးကို ပြီးပြီးရော သွားတဲ့သူတွေ များနေတဲ့အခါမှာ မိဘကောင်းဆိုတာရှားတဲ့ခေတ် ဖြစ်လာတာပေါ့။ သူတို့တွေက မွေးပေးတာနဲ့ တာဝန်ကျေပြီလို့ သတ်မှတ်နေသူတွေပါ။ ကျန်တဲ့ဝတ်ဖြည့်ပေးဖို့တွေ ရှောင်လွှဲလာတာ ၊ မသိချင်တော့တာ ၊ မေ့ထားတာ ၊ တမင်ဖောက်ပြားတာတွေလည်း ယနေ့ခေတ်မှာ မြင်နေရတော့တယ်။ အခုမှပဲ လိုရင်းရောက်တယ်လို့ ဆိုနိုင်တယ်။ ဒီလိုမိဘမျိုးတွေအတွက် ဒီစာစုလေး ရေးဖြစ်တာပါ။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ လက်ခံတယ်မဟုတ်လား။ ကိုယ့်သားသမီးကို ကိုယ့်ထက်ပိုချစ်နိုင်တဲ့သူ ၊ ကိုယ့်ထက်ပိုပြီး ကောင်းကောင်း စောင့်ရှောက်နိုင်သူလက် အပ်ထားလိုက်တယ်ဆိုကတည်းက သားသမီးပြုစုစောင့်ရှောက်မှုမှာ ကိုယ်ညံ့ဖျင်းတာကို တနည်းအားဖြင့် ဝန်ခံလိုက်တာပါပဲ။ တခါပဲဝန်ခံရုံနဲ့ တာဝန်တော့ အတော်ပေါ့သွားတယ်လို့ ဆိုလာသူတွေလည်း ရှိတယ်။ သူတို့ဟာ တကယ်တော့ မိမိကိုယ်ပိုင်အချိန်ထက် သားသမီးကို တန်ဖိုးမထားသူတွေပါလို့ ဆိုရင် လွန်သွားမလား။
စီးပွားရေးအခြေအနေကြောင့် အလုပ်ထွက်လုပ်မှ မိသားစုနပ်မှန်မယ်ဆိုရင် အလုပ်က ပြန်လာလို့ အိမ်ရောက်တဲ့အချိန်ကနေ ကလေးအိပ်ချိန်အထိ ကလေးရဲ့ တာဝန်ယူသူ ၊ အနွံအတာခံသူတွေဟာ စံပြမိဘတွေပေါ့။ ဒီလိုမဟုတ်ဘဲ အလုပ်ထွက်လုပ်တယ်။ ပြန်လာရင် ပင်ပန်းလို့ စိတ်လွတ်ကိုယ်လွတ်နေချင်တယ် ၊ သားသမီးတာဝန်မယူနိုင်ဘူး။ ယူနိုင်တဲ့သူငှါးထားမယ် ၊ ယူနိုင်တဲ့သူနဲ့ထားတယ်ဆိုတဲ့ မိဘတွေအတွက် ကျွန်မပြောတာမလွန်ပါဘူး။ သူတို့က မိမိကိုယ်ပိုင်ချိန်ဆိုတာကို သားသမီးတွေထက် ပိုတန်ဖိုးထားသူတွေပါ။ မိမိကိုယ်ပိုင်ချိန်ကို တန်ဖိုးထားလွန်းသူတွေ ကလေးယူလိုက်တော့ အဲဒီကလေးဟာ မိဘမေတ္တာငတ်တာပေါ့။ နွေးထွေးမှု လစ်ဟာတာပေါ့။ ခံစားချက်တွေ ပေါ့တန်လာတာပေါ့။ တချိန်မှာ သူတို့ ခံစားရတဲ့အတိုင်း သူတို့ပြန်ပေးမှာလေ။ အဲဒီအခါကျမှ သားသမီးမသိတတ်ဘူးလို့ မဆိုကြေးပေါ့။
နိုင်ငံခြားမှာ ကလေးထိန်းဂေဟာတွေ ပေါလာတာ ဈေးကွက်လိုအပ်မှုကို ဖြည့်တင်းပေးဖို့အတွက် ကလေး နှစ်လအရွယ်ကနေပြီး စလက်ခံတာတွေကိုလည်း တွေ့ရတယ်။ နို့ဗူးကလေးတွေနဲ့ပေါ့။ အဲဒီအရွယ်ကနေ ထိုင်တတ် ၊ လေးဘက်တွားတတ် ၊ လမ်းလျှောက်တတ်တဲ့အရွယ် ၊ ကျောင်းပျော်ကနေ မူကြိုအရွယ်အဆုံး ကလေးထိန်းကျောင်းတွေမှာ ကလေးတွေ အတော်များများ ကြီးပြင်းလာကြရတယ်။
ကလေးထိန်းဂေဟာက ဆရာမတွေလက်ထဲမှာ တခြားကလေးတွေနဲ့အတူနေကြီးပြင်းစေတာထက် ကလေးရဲ့ အဒေါ် ၊ ဦးလေး ၊ အဖိုး ၊ အဖွား ၊ ဆွေးမျိုးတွေနဲ့ ကြီးပြင်းစေတာက ကလေးရဲ့ စိတ်ခံစားမှုနဲ့ နွေးထွေးမှု ၊ ကျန်းမာရေးတွေအတွက် ပိုကောင်းတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂေဟာမှာ နှာစီး ၊ ချောင်းဆိုး ၊ ဖျားနာ အစရှိတဲ့ ကလေးတွေလည်း နေ့စဉ် လာအပ်နှံနေတာဆိုတော့ နုနယ်တဲ့ လသား ၊ နှစ်သား ကလေးငယ်တွေဟာ ရောဂါပိုးကူးစက်ဖို့ အခွင့်အရေး ပိုများနေလို့ဖြစ်ပါတယ်။
အိမ်မှာ အိမ်ဖော်နဲ့ဖြစ်ဖြစ် ၊ တခြားဆွေးမျိုးညာတိနဲ့ဖြစ်ဖြစ် ကြည့်ရှုစောင့်ရှောက်စေတာက နေ့ကလေးထိန်းဂေဟာတွေထက် ပိုစိတ်ချရတယ်လေ။ အနည်းဆုံးတော့ တခြားကလေးတွေဆီက ဖျားနာမှုကူးတယ်ဆိုတာတွေ မရှိဘူးပေါ့။ ဒါ့အပြင် မိမိကလေးတစ်ယောက်တည်းကိုပဲ အာရုံစိုက် ကြည့်ရှုစောင့်ရှောက်ရတာမို့ မတော်တဆဖြစ်မှု ရာခိုင်နှုန်းနည်းတယ်လေ။ ဂေဟာမှာ ကလေးတွေဟာ တစ်ယောက်ထက်မကတော့ ဒီကလေးငိုရင် ဟိုကလေးလည်းလိုက်ငို ၊ တခြားကလေးတွေလည်း လိုက်ငိုနဲ့ ဆရာမတွေက လက်နှစ်ဖက်နဲ့ ကလေးတပြုံတမကြီး မချီနိုင်တော့ အချိန်တန်တိတ်သွားလိမ့်မယ်ဆိုပြီး ချီးသေးပေလို့ ငိုတဲ့ ကလေးလောက်ကိုပဲ သန့်စင်ဖို့ ကောက်ချီယူသန့်စင်ပေးတာ။
လသား ၊ နှစ်သား ကလေးတွေ ငိုတယ်ဆိုကတည်းက စိတ်ဖိစီးမှုကြောင့် ငိုတာဖြစ်တယ်။ သူ့စိတ်ဖိစီးမှုဟာ ချော့မော့ဖြောင်းဖျပြီး လျော့ပါးသွားတာမဟုတ်ဘဲ သူ့ဘာသာ ငိုရတာမောလို့ တိတ်လိုက်ရတာဆိုရင် ခံစားချက်တွေ အေးစက်လာတတ်ပါတယ်။ ငိုလည်း ချော့မော့သူမရှိတာ များလာတဲ့နောက်ပိုင်းမှာ အငို ၊ အရယ်နည်းလာတဲ့ အေးစက်စက် ကလေးတွေ ဖြစ်လာတာပေါ့။ စက်ရုပ်ဆန်လာတဲ့ လူသားဆိုလည်းမမှားဘူး။ ဒီလိုကလေးတွေဟာ စိတ်ခံစားချက်အေးစက်စက်နဲ့ ကြီးပြင်းလာခဲ့ရတာမို့ ကိုယ်ချင်းစာစိတ် ခေါင်းပါးတတ်တယ်။ နူးညံ့မှုနည်းတတ်တယ်။ တပါးသူကို နှစ်သိမ့်ပေးမှုမရှိသလောက် ရှားနေတတ်တယ်။ တနည်းအားဖြင့် တကိုယ်ကောင်းစိတ်ဝင်တာ ၊ တဘို့တည်းကြည့်တာတွေ ဖြစ်လာတတ်တယ်လေ။ ဒါကြောင့် ကလေးငိုတယ်ဆိုရင် ချော့မော့ဖြောင်းဖြပြီး တိတ်စေဖို့ အထူးလိုအပ်ပါတယ်။
ကလေးကို မိဘဆွေမျိုးတွေနဲ့ထားတယ်။ ချစ်လွန်းရင် တရားလွန်အလိုလိုက်မယ်။ ဆိုးလွန်းရင် အချခံရမယ်။ နောက်ဆုံး မိဘဖြစ်တဲ့ မိမိသို့မဟုတ် မိမိအိမ်ထောင်ဖက် (ကလေးမိဘအပေါ်) မကျေနပ်စိတ်ကလေး အငုံရှိနေရင် ဒါတွေဟာ ကလေးဘက်မြှားဦးလှည့်သွားတော့မှာပေါ့။ အထူးသဖြင့် ကိုယ်မရှိချိန်မှာ ကလေးဟာ ပိုအနှိမ်ခံရမယ်။ အနည်းဆုံးတော့ မိမိအိမ်ထောင်ဖက်အပေါ် အမြင်မကြည်လင်တဲ့စိတ်ကလေးနဲ့ ကလေးအမှားလုပ်မိတိုင်း သူ့အဖေအချိုး ၊ သူ့အမေအချိုးဆိုပြီးတော့ ဘာမှမသိနားမလည်တဲ့ ကလေးမှာ အငြှိုးနဲ့ အပြစ်တင်ခံရတော့တယ်။ ဒါဟာ ကလေးစိတ်မှာ အမာရွတ်ဖြစ်သွားစေတယ်လေ။ မိဘတွေကြောင့် အပြစ်တင်ခံခဲ့ရတော့ တချိန်မှာ လူကြီးမိဘတွေကို အရိုအသေတန်လာတွေလည်း ဖြစ်နိုင်တယ်။ လူ့စိတ်ဆိုတာ ဖောက်ထွင်းကြည့်လို့ မရတာမို့ ကလေးကိုထိန်းတဲ့ လူကြီးတွေရဲ့စိတ်ထဲ ဘာရှိနေလဲသိဖို့ ပိုခက်တယ်။
အိမ်ဖော်သို့မဟုတ် အိမ်နီးချိင်း သူစိမ်းတစ်ယောက်ကို ကလေးထိန်းစေမယ်ဆိုရင် ပိုဆိုးတာပေါ့။ သွေးသားကလည်းမတော်စပ် ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဖက်အပေါ် အမြင်လွဲမှားမှု ၊ မနာလိုမှု ၊ မကျေနပ်မှု စသဖြင့် အထွေထွေခံစားမှုတွေ ရှိနေမယ်ဆိုရင် သူ့လက်ထဲ ကလေးရောက်သွားတဲ့အခါ ဘယ်လိုရှိမလဲ။ ဆိုးတဲ့ကလေးအများစုဟာ မိဘကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ခြင်း မခံရတဲ့ ကလေးအများစု ဖြစ်နေတာက ကလေးတစ်ယောက် နည်းမှန်လမ်းမှန် ဆိုဆုံးမမှုနဲ့ ကြီးပြင်းစေဖို့ မိဘရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုဟာ မရှိမဖြစ် လိုအပ်နေတယ်ဆိုတာကို ပြနေတာပါပဲ။
ကလေးထိန်းတွေရဲ့ ခံစားချက်ကို ကျွန်မနားထောင်ဖူးတယ်။ သူများကလေးထိန်းရတယ်ဆိုတာ သူတို့အတွက်လည်း လွယ်လှတဲ့အလုပ်မဟုတ်ပါဘူး။ ထမင်းဟင်းလည်း ချက်ပြုတ်ရ ၊ အိမ်သန့်ရှင်းရေးလည်းလုပ်ရ ၊ ကလေးလည်းထိန်းရတဲ့အလုပ်ဟာ သာမာန်အိမ်ရှင်မတစ်ဦးအတွက် များမြောင်လှတဲ့အလုပ်တွေပါ။ ကိုယ်သာအိမ်ရှင်မဆို ဒီနေ့ အိမ်မရှင်းချင်ဘူး နောက်နေ့မှ ရှင်းလည်းရတယ်လေ။ ဒီနေ့ဟင်းချက်ချင်စိတ်မရှိဘူး။ အပြင်ထွက်ဝယ်စားကြမယ်လို့ ဆုံးဖြတ်လို့ရတယ်လေ။ သူတို့တွေကျတော့ ဒီလိုရွေးချယ်မှုမရှိပါဘူး။ လုပ်ချိန်မှာ လုပ်ကိုလုပ်ရမယ့် စက်ရုပ်တွေလိုပဲ နေကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ၊ ဆန္ဒရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အိမ်ရှင်ပြန်မလာခင် ပြီးအောင်လုပ်ရမှာပဲ။ မပြီးရင် အပြောခံရမယ်။ ဒီကြားထဲမှာ စိတ်တိုင်းမကျတတ်တဲ့ အိမ်ရှင်မျိုး ၊ မောက်မာတဲ့အိမ်ရှင်မျိုး ၊ နှိမ်တတ် ၊ အဆင့်အတန်းခွဲတတ် ၊ ရိုင်းပျတတ်တဲ့ အိမ်ရှင်မျိုးနဲ့တွေ့ရင် ပိုဆိုးပြီပေါ့။
အလုပ်တွေနဲ့ ပင်ပန်းလွန်းလို့ ခိုကပ်နိုင်တဲ့အလုပ်ဆိုလို့ ကလေးထိန်းတဲ့အလုပ်ပဲရှိတာ။ ကလေးကို တီဗွီရှေ့လွှတ်ထားမယ် ၊ သို့မဟုတ် ဆေးတိုက်ပြီး အိပ်ခိုင်းထားမယ် ၊ သို့မဟုတ် ပျော်သလိုလွှတ်ထားပြီး ကိုယ်တိုင်က တရေးတမော အိပ်နေတတ်တဲ့ အိမ်ဖော်တွေလည်း ရှိကြတယ်။ မိဘနောက်ကွယ်မှာ ကလေးဟာ ဖြစ်ချင်တိုင်း ဖြစ်နေနိုင်ပါတယ်။ မိဘရှေ့လေး အပေါ်ယံနှမ်းဖြူး ချိုသာနေရုံနဲ့ ရထားတဲ့ အိမ်ဖော်ကောင်းလှချည်လို့လည်း အပေါ်ယံ မသုံးသပ်စေချင်ဘူး။ ကလေးစကားမပြောတတ်သေးရင် ကလေးထိန်းတဲ့ လူကြီးတွေ ကလေးကို ဘာလုပ်တာ ပြန်မသိရသလို ကလေးစကားပြောတတ်ပေမယ့်လည်း အမှန်ပြန်မသိရတာတွေ ရှိပါတယ်။
မိဘ ပြန်ပြောမိလို့ မိဘကမကျေနပ်ဘဲ အဲဒီလူကို ပြောဆိုမယ် ။ စကားများမယ် ၊ ရန်ဖြစ်မယ်ဆိုရင် ကလေးဟာ အငြှိုးနဲ့ တိုးခံရတော့မှာပါ။ နောင်ပြန်မပြောရဲတော့တဲ့အထိပေါ့။ သူတို့တွေက တိုးလို့ နှိပ်စက်တော့မယ်လေ။ ပြောရဲပြောကြည့် ဒီ့ထက်ပိုနာမယ်ဆိုတာနဲ့ ခြိမ်းခြောက်ခံရမယ်။ မိဘအိမ်ပြန်မရောက်ခင်အထိ ထမင်းမကျွေး ၊ ဟင်းမကျွေး ပစ်ပယ်ခံရနိုင်တယ်။ နည်းမျိုးစုံနဲ့ နှိပ်စက်ခံရနိုင်တယ်လေ။
အိမ်ဖော်တစ်ဦးကပြောဖူးတယ်။ ကလေးဟာ သူရောက်လာချိန်မှာ အရမ်းဆိုးပြီး သူ့စကားနားမထောင်လွန်းတော့ သူ့ကြောက်အောင် တနေကုန် စတိုခန်းထဲ တံခါးပိတ်ထားပြီး မှတ်လောက်သားလောက် အကြိမ်ကြိမ် လုပ်ခဲ့မှ နောက်ပိုင်းမှာ သူပြောတာ နားထောင်တာတဲ့။ ကလေးသူ့စကားနားမထောင်တော့ သူဟာ ပြောဆိုဟန့်တားလို့မရ ၊ ခံလုပ်နိုင်တဲ့ငါးနှစ် ၊ ခြောက်နှစ်အရွယ်မှာ ကန်ကြောက်ပြီးခံလုပ်တာတွေရှိနေတော့ အကြမ်းကိုင်လိုက်မှ စကားနားထောင်လာတယ်တဲ့။ ဒီလိုလုပ်တာ သူ့အပြစ်မဟုတ်ဘဲ သူဒီအိမ်မရောက်ခင် ကလေးကို ထိန်းကျောင်းခဲ့သူတွေရဲ့ အပြစ်ပါတဲ့။ ဘယ်လိုပြောရမလဲ။
သူပြောတော့လည်း သူဟာ မိဘမဟုတ်တဲ့အတွက် ကောင်းတယ် ၊ ဆိုးတယ်ဆိုတာ ထိထိရောက်ရောက် ဆိုဆုံးမခွင့် မရှိပါဘူးတဲ့။ မလုပ်နဲ့ ၊ မကောင်းဘူးလို့ စကားနဲ့ တားလို့မရတဲ့အရာတွေကို ရိုက်နှက်တားဖို့ သူ့မှာ အခွင့်အရေးမရှိတဲ့အတွက် ကလေးဟာ လိမ်မာသင့်သလောက် မလိမ်မာဘူးလို့ ကလေးထိန်းရတဲ့ သူ့ခံစားချက်ကို ပြောပြဖူးတယ်။ သူ ရိုက်ဆုံးမလိုက်ရင် ကလေးမိဘဟာ မနှစ်မြို့ဘူးတဲ့။ ဒီလိုပဲ ဒါဟာ လုပ်သင့်တယ်။ လုပ်ရမယ်လို့ တိုက်တွန်းပြောဆိုခွင့်လည်း သူ့မှာ အပြည့်အဝမရှိဘူးတဲ့။ သူကကောင်းတယ်ပြောပြီး လုပ်ခိုင်းပေမယ့် မိဘက မနှစ်သက်တာတွေလည်း ရှိနေတယ်တဲ့။ ဒါကြောင့် သူများကလေးထိန်းရတဲ့အလုပ်ဟာလည်း လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။
မိမိရင်သွေးကို တပါးသူလက်အပ်ပြီး ထိန်းကျောင်းစေတယ်ဆိုတာ တကယ်ကို စွန့်စားရတဲ့အလုပ်ပါ။ ဘယ်လောက်အထိ စွန့်စားရသလဲဆိုရင် ကလေးရဲ့ စာရိတ္တနဲ့ အနာဂါတ် သူ့လက်ထဲ ထည့်ထားတဲ့အထိ စွန့်စားရပါတယ်။ ကလေးဟာ သူ့ကိုထိန်းတဲ့သူတွေဆီကနေ ကောင်းခြင်း ၊ မကောင်းခြင်းဆိုတာကို အတုယူ သင်နေတဲ့အတွက် စာရိတ္တတွေဟာလည်း စွန်းပေနိုင်တယ် ၊ အဲဒီကနေ အချိန်မီသတိမထားမိ ၊ မပြုပြင်ပေးနိုင်ရင် သူ့တသက်တာအထိ အဲဒါကြီးက အကျင့်ပါသွားရော။ အကျင့်ပါသွားတော့ ပြင်ရခက်တာမို့ မကောင်းတဲ့အကျင့်တွေ ၊ အတွေးအခေါ်တွေ လွှမ်းမိုးကြီးစိုးသွားခဲ့တဲ့ ကလေးရဲ့ အနာဂါတ်ဟာ လှနိုင်ပါဦးမလား။
သားသမီးဆိုတာ မိဘရဲ့အားကိုးရာပါ။ တချိန်မှာ အိုမင်းမစွမ်းဖြစ်လာတဲ့မိဘက အရင်းချာဆုံးဖြစ်တဲ့ သားသမီးမှ အားမကိုးရရင် ဘယ်သူ့ကို အားကိုးရမလဲ။ ဒါကြောင့်မို့ မိမိရင်သွေးကို တပါးသူလက်အပ်ပြီး ထိန်းကျောင်းကြီးပြင်းစေမယ်ဆိုရင် စွန်းထင်းသွားတဲ့ စာရိတ္တနဲ့ အတွေးအခေါ်တွေကြောင့် သူတို့အနာဂါတ်မလှတော့ရင် တချိန်သူတို့ကို မှီခိုရမယ့် ကိုယ့်နေဝင်ချိန်ဟာရော လှနိုင်ပါတော့မလား။
မိမိရဲ့ အိုမင်းမစွမ်းဖြစ်တဲ့နေဝင်ချိန်ဆိုတာကို ကြိုပြင်ဆင်ထားတဲ့အနေနဲ့ မိမိအားလပ်ချိန်မှာ မိမိရင်သွေးကို အချိန်ပေးရပါမယ်။ သူတို့နဲ့ အတူစကားပြောမယ်။ သူတို့ရဲ့ အတွေးအခေါ်တွေ နားထောင်မယ်။ သူတို့နဲ့ဆော့ကစားရင်း သူတို့ရဲ့ စာရိတ္တကို အကဲဖြတ်မယ်။ မှားတာရှိနေရင် နည်းမှန်လမ်းမှန် ပြောပြ သွန်သင်ဆုံးမမယ်။ လမ်းညွှန်ပြသမယ်။ မေတ္တာတရားနဲ့ နွေးထွေးမှုပေးမယ်ဆိုရင် မီးစာငြိမ်းချိန်အထိ ဘဝမီးတောက်ဟာ ထွန်းတောက်သွားမှာပါ။ သူ့ဘဝရော ၊ ကိုယ့်ဘဝရောပေါ့။
ရတု (Burmesehearts.com)