တသက်တာဒေါင်ဒေါင်မြည်နေဖို့ ကလေးပိစိအရွယ်ကစ ဂရုစိုက်ကြစို့

0

ကျွန်မ ကျန်းမာရေးမကောင်းတာကော ၊ အလုပ်တွေပိနေတာကော ၊ ရတဲ့အချိန်တိုင်း ကလေးပညာရေး ၊ ကျန်းမာရေး ၊ မိသားစုသာရေးနာရေးတွေကြောင့် စာမရေးဖြစ်တာ အတော်ကြာပြီး အဆက်ပြတ်နေသလိုရှိပေမယ့် တကယ့်ကို အကျိုးရှိမယ့် ခေါင်းစဉ်လေးတွေ ခေါင်းထဲပေါ်လာတိုင်း ချရေးထားဖြစ်တယ်။ ဒီခေါင်းစဉ်အောက်မှာတော့ ကလေးမိဘတွေအတွက် ၊ ကလေးတွေ နောင်ရေးအတွက် ဒီပို့စ်လေး ရေးတင်မှဖြစ်မယ်ရယ်လို့ဆုံးဖြတ်ပြီး ကိုယ့်အိပ်ချိန်ဖဲ့လို့ အတွေးပေါ်လာတဲ့ မနက် ၂နာရီမှာ ဒီပို့စ်လေး ကောက်ရေးတင်ဖြစ်တာပါ။

ကျွန်မဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာသူတစ်ဦးလို့ စပ်မိစပ်ရာ အရင်ပို့စ်တွေမှာ တပိုင်းတစကျွန်မရေးဖြစ်ခဲ့ပေမယ့် ဘာကြောင့် ဒီလိုမကျန်းမာရသလဲဆိုတဲ့အကြောင်းတော့ မရေးတင်ဖြစ်ခဲ့ဘူး။ ဒေါင်ဒေါင်မြည် ကျန်းမာရေးကို ငယ်စဉ်ကတည်းက မရခဲ့တဲ့ ကျွန်မကိုယ်တိုင်လည်း ဒီလိုဖြစ်နေခြင်းအပေါ် စိတ်ဆင်းရဲမှုပုံထားတာမျိုးမရှိဘူး။ မကျန်းမာတဲ့ကိုယ်ရထားတော့ ကျန်းမာမယ့် နေထိုင်စားသောက်ခြင်းတွေကို ဦးစားပေးရင်း နာခြင်း ၊ သေခြင်းဆိုတာကို မကျန်းမာတိုင်း နှလုံးသွင်းဖြစ်နေတာကပဲ ကောင်းချီးတခုလို အကောင်းဘက်ကတွေးရင်း နေလာခဲ့တာ လူ့သက်တမ်းတဝက်တောင်ကျော်လာခဲ့ပေါ့နော်။

ကျွန်မသမီးလေးရလာတော့ ကျွန်မလို မကျန်းမာတဲ့ကိုယ်နဲ့ မဖြစ်နေစေချင်ဘူး။ ဗုဒ္ဓဘာသာဝင်ဆိုတော့ သူ့ကံပေးသလောက်ပဲ ရမှာပေါ့လို့တွေးပြီး မသွားချင်ဘူး။ အသက်ကိုဥာဏ်စောင့်တယ်ဆိုတာ တကယ်မှန်တယ်။ ဒါပေမယ့် ကိုယ်တိုင် ဥာဏ်စောင့်ဆင်ခြင်လို့ မရနိုင်သေးတဲ့ မွေးကင်းစကလေးအရွယ်ကနေ ကောင်းကောင်း သိတတ်တဲ့ကလေးအရွယ်တွေကို စောင့်ရှောက်တဲ့ လူကြီးမိဘတွေ ဥာဏ်ကြီးပါမှ ဒီကလေးဟာ ဒေါင်ဒေါင်မြည် ကျန်းမာရေးရဖို့ ကံကြီးတယ်လို့ ကျွန်မဆိုချင်ပါတယ်။

ကျွန်မအမေက အစိုးရဝန်ထမ်းမို့ အဲဒီခေတ်က မွေးပြီးတစ်လဆို ရုံးပြန်တက်ရတယ်ဆိုလား အမေပြောဖူးတယ်။ ဒါပေမယ့် အမေရုံးပြန်တက်တဲ့ အချိန်မှာ လသားသာသာအရွယ် ကျွန်မ အဆုတ်ထဲရေဝင်လို့ ဆေးရုံမယ် အတော် ကုလိုက်ရတယ်ဆိုလား အမေပြောတာ ကျွန်မ မှတ်မိနေတယ်။ ဘယ်ကစသလဲ ကျွန်မ မသိနိုင်ပေမယ့် အဲဒီကစတယ်လို့ပဲ ကျွန်မထင်တယ်။ ကျွန်မဟာ အဆုတ်မကောင်းဘူး။ နံရံဆေးသုတ်ထားတဲ့အနံ့ရတာနဲ့ ကျွန်မချောင်းဆိုးဖျားသလို ရာသီဥတုအပူချိန် ရုတ်တရက်ပြောင်းတိုင်းလည်း ကျွန်မဖျားတယ်။ ဖျားတိုင်းလည်း ချောင်းအတော်ပြင်းပြင်းဆိုးတယ်။ ချောင်းအရမ်းဆိုးရင် ဘယ်လောက် မောဟိုက်ခံရခက်တယ်ဆိုတာ အဲဒီဒဏ်ကို ခပ်ပြင်းပြင်းခံစားဖူးသူမှသိမယ်။ ကျွန်မကတော့ အမြဲလို အဲဒီဒဏ်ကို ဖျားတိုင်းခံစားရသလို အဖျားကလည်း အကြောင်းရှာဝင်မယ်ဆိုတာချည်းပဲ။ ဒီလိုနဲ့ အနည်းဆုံးတလတစ်ကြိမ်ဖျား ၊ တခါဖျားတိုင်း တပတ်ကနေ နှစ်ပတ်အထိ နလန်မထူတဲ့ကျွန်မ ဒီပို့စ်ရေးဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျွန်မလသားအရွယ် အမေရုံးပြန်တက်တော့ ကျွန်မကို အသက်(၂၀)အရွယ်သာသာ မိန်းမပျို အကူမိန်းကလေးတွေနဲ့ အမေကထားခဲ့တာပါ။ အပျိုငယ်ငယ်လေးတွေဆိုတော့ ကလေးကို ဘယ်လိုသေသေချာချာ ဂရုစိုက် စောင့်ရှောက်ရမယ် ၊ ကလေးကျန်းမာရေးကို ဘယ်လိုအရေးထားရမယ်လို့ မသိခဲ့နိုင်ဘူး။ မြေဇာပင်ကျွန်မ ဆေးရုံရောက်ပြီး ကျန်းမာရေးမကောင်းဖို့ ကံပါလာခဲ့တော့ ဒီဒဏ်ကို ဒီအချိန်ထိခံရတုန်းပဲ။ မသေမချင်း ဒီဒဏ်ခံသွားရမယ်ဆိုတာလည်း သိနေတော့ ဒီလို လသားကလေးအရွယ် ကျန်းမာရေးစောင့်ရှောက်မှုကနေ ကလေးတွေကို မှန်ကန်တဲ့ ကျန်းမာရေးအသိပေးဖို့ အရမ်းအရေးကြီးတယ်ဆိုတာ ကျွန်မ ကိုယ်ဝန်ဆောင်မှ ပိုသိလာတယ်။

ဒီအသိမျိုးပေးတဲ့သူ ကျွန်မဘဝထဲမှာ မကြုံခဲ့ရဘူး။ ဒီအသိကိုတောင် Google မှာ မွေးကင်းစကလေး ဘယ်လို ကျန်းမာရေးပြုစုစောင့်ရှောက်ဖို့ ၊ အရွယ်မမယ်သေးတဲ့ ကလေးတွေကို ဘယ်လို ကျန်းမာရေးစောင့်ရှောက်ဖို့ဆိုတာ ကိုယ်ဝန်ဆောင်မှ ကိုယ့်ဘာသာရှာရှင်း သိလာခဲ့တာမျိုးပါ။ အဲဒီတော့မှ ပိုသိလာတာက လူမမယ်လေးတွေကို ကောင်းကောင်းစောင့်ရှောက်ရုံနဲ့မပြီးသေးဘူး။ အရွယ်ရလာတဲ့ ကလေးငယ်တွေ ၊ ဆယ်ကျော်သက်တွေကိုလည်း မှန်ကန်တဲ့ ကျန်းမာရေးအသိကို နားဝင်အောင် တကယ်သိနားလည်တဲ့အထိ ပြောဖို့ဆိုတာလည်း တကယ်အရေးကြီးမှန်းသိလာတယ်။ ဖြစ်နိုင်ရင် ကျောင်းတွေမှာ အခြေခံဘာသာရပ်အဖြစ် သင်ပေးနိုင်ရင် ပိုတောင်ကောင်းဦးမယ်။

ငယ်ငယ်ကတည်းက အဖျားတွေ အဖော်ပြုပြီး လူမမာငယ်လေးတစ်ယောက်လို ကြီးလာခဲ့ရတဲ့ကျွန်မ အိမ်မှာပဲ အနေများခဲ့တဲ့ကျွန်မ ဆေးလိပ်ငွေ့တွေကို  မနက်ကနေ ညအထိ ရှူရလေ့ရှိတယ်။ အိမ်မှာရှိတဲ့ အမျိုးသားတိုင်းက ဆေးပေါလိပ် လက်ကမချတဲ့သူတွေဆိုတော့ အိမ်ရဲ့ဘယ်နေရာကိုသွားသွား အဲဒီအငွေ့တွေ အမြဲလို ရှူနေရတာကလည်း။ ကျွန်မအဆုတ်မကောင်းရတဲ့ အကြောင်းရင်းတွေထဲကတချက်ပေပဲ။ ဆေးလိပ်နံ့ဆိုတာကို တကယ့်ကို ရှားရှားပါးပါး ရံဖန်ရံခါမှသာ အခန့်မသင့်ရှူရတဲ့  စင်္ကာပူလိုနိုင်ငံမှာ ၊ ဆေးလိပ်မသောက်တဲ့ မိသားစုအသိုင်းအဝန်းမှာ သမီးလေးကြီးပြင်းခွင့်ရတာ ကလေးကံကောင်းတာပေါ့။ ဆေးလိပ်ငွေ့တွေဟာ အဆုတ်ကို အတော် ထိခိုက်တယ်ဆိုတာ ကျွန်မချဲ့မပြောတော့ဘူး။

နောက်တခုက ခြင်ဆေးငွေ့ ကျွန်မ မသိတတ်တဲ့အရွယ်ကနေ အခုအချိန်အထိ မြန်မာပြည်မှာ ခြင်ဆေးခွေတွေကို အသုံးပြုတာ မြင်တွေ့တယ်။ ခြင်ဆေးခွေအငွေ့ဟာ အဆုတ်ကို ဘယ်လိုထိခိုက်တယ်။ ကျန်းမာရေးထိခိုက်တဲ့အထိ မဖြစ်အောင် ဘယ်လိုသုံးရမယ်လို့ ကျွန်မမြန်မာနိုင်ငံက ထွက်လာတဲ့ အသက်၂၆နှစ်အရွယ်အထိ တကယ်မသိခဲ့ဘူး။ သိအောင်ပြောပြမယ့်သူ ကျွန်မအသိုင်းအဝိုင်းမှာ မရှိခဲ့ဘူး။

မြန်မာနိုင်ငံမှာ ခြင်ပေါတယ်။ ခြင်လုံဇကာနဲ့ နေနိုင်သူတွေတောင် ခြင်တွေကို အိမ်ရဲ့ဟိုထောင့်ဒီထောင့်မှာ တွေ့နိုင်သေးတယ်။ ကျွန်မတို့မိသားစုက ခြင်လုံဇကာနဲ့ နေနိုင်တဲ့ အသိုင်းအဝန်းက မဟုတ်ခဲ့ဘူး။ အိမ်အနောက်ဘက်မှာ မြောင်းပိတ်တတ်တဲ့ ရပ်ကွက်နေမိသားစုမျိုးဆိုတော့ နွေ ၊ မိုး ၊ ဆောင်း ခြင်ဒဏ်ခံရလေ့ရှိတယ်။ ညနေစောင်း ကနေ ညခြင်ထောင်ထဲဝင်မှ ခြင်ဆေးခွေကို ငြိမ်းလေ့ရှိတယ်။ တခါတလေ နေ့ဘက်တောင် ခြင်ဒဏ်မခံနိုင်လွန်းလို့ ခြင်ဆေးခွေ ထွန်းရတော့ ဒီခြင်ဆေးငွေ့တွေကိုလည်း နိစ္စဒူဝ ရှူနေရတော့ ကျွန်မရဲ့အဆုတ်ဟာ ဘယ်လာကောင်းနိုင်ပါတော့မလဲ။

ခြင်ဆေးငွေ့ရဲ့ဆိုးကျိုးကို မသိဘဲ ခြင်ဆေးငွေ့ရှိရင် ခြင်မလာဘူးဆိုတဲ့အသိဘဲရှိခဲ့တော့ အထက်တန်းကနေ တက္ကသိုလ်အောင်တဲ့အထိ ကိုယ်စာကျက်တိုင်း ခြင်ဒဏ်ဝေးဖို့ ခြင်ဆေးခွေ ဟိုဘက် ၊ ဒီဘက် လှိုင်လှိုင်ထွန်းခဲ့မိတာကို အရမ်းကို နောက်ကျမှ နောင်တရမိတယ်။ ခြင်နည်းတဲ့ ပတ်ဝန်းကျင်မှာ သမီးလေး ရှင်သန်ကြီးပြင်းခွင့်ရတာကိုလည်း ခုချိန်မှာ ကျွန်မကျေးဇူးတင်မိတယ်။ ဒါဟာ လူနေမှုအဆင့်အတန်း ကွာဟမှုတွေရဲ့ ကြီးမားတဲ့ ကောင်းကျိုး ဆိုးကျိုးတွေလို့ ကျွန်မပြောရင် လွန်လေမလား။

ရွံတဲ့အကောင်ငယ်လေးတွေထဲမှာ ပိုးဟပ်ထိပ်ဆုံးကပါတယ်။ ကျွန်မတို့အိမ်မှာ အတွေ့များတာကလည်း ပိုးဟပ်ပဲ။ အထက်တန်းအရွယ်ကနေစလို့ ပိုးဟပ်ဖြန်းတဲ့ spray တွေကို ကျွန်မ လှိုင်လှိုင်ဖြန်းမှ ပိုးဟပ်ရန်က ဝေးမယ်လို့ ကျွန်မထင်ပြီး တကယ့်ကို လှိုင်လှိုင်ဖြန်းခဲ့တာ။ ဒီ spray ရဲ့ ကျန်းမာရေး ဘေးထွက်ဆိုးကျိုးကို ကျွန်မ မသိခဲ့ဘူး။ သိအောင် ပြောပြမယ့်သူမရှိခဲ့သလို ကျွန်မဒီလို ဖြန်းတာကိုလည်း တားမယ့်သူမရှိခဲ့ဘူး။ ဒါကလည်း ကျွန်မအဆုတ် မကောင်းတဲ့ အကြောင်းတခုပေပဲ။ ဒီ spray နံ့တွေကို ဆယ်စုနှစ်ကျော်ကျော် အမြဲရှူခဲ့တာကိုး။

အခုလို ကျွန်မ ကျန်းမာရေးအသိတွေရှိလာတော့ ဒါတွေဟာ မကောင်းဘူးလို့ ကျွန်မ အသိပေးချင်လာတယ်။ ခြင်မပေါတဲ့အရပ်မှာ ၊ ပိုးဟပ်ရှားတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေလို့ ဒီလိုပြောလို့ ရတာပါ။ ခြင်ပေါတဲ့အရပ်မှာ ပိုးဟပ်တွေ အဖော်လုပ်နေရတဲ့ ပတ်ဝန်းကျင်မှာ လက်ရှိ ကျွန်မရှိနေဦးမယ်ဆို ဒီအကောင်တွေရန်ကလွတ်အောင် ဘယ်လိုနေထိုင်ပြီး ၊ ဘာတွေသုံးပြီး ကိုယ့်ကျန်းမာရေး မထိခိုက်အောင် ဘယ်လို ကာကွယ်စောင့်ရှောက်သွားရမယ်ဆိုတာတော့ လက်တွေ့မှာ တကယ်ခက်နေမှာလည်း သိတယ်။

ဒါကြောင့် လူနေမှု အဆင့်အတန်းနိမ့်တဲ့ နိုင်ငံတွေဟာ ကျန်းမာရေး ၊ ပညာရေး ချို့ယွင်းမှုရှိတယ်။ ဒါတွေဟာ တကယ်ကို ဆက်စပ်နေတယ်လို့ ခုကျွန်မကောင်းကောင်း သိနေပြီ။ ကျန်းမာရေးအသိပေးဖို့ ချို့ယွင်းလစ်ဟာနေတာတွေ ၊ လူနေမှုအဆင့်အတန်းနိမ့်တဲ့ ပတ်ဝန်းကျင် ကျယ်ပြန့်နေတာတွေဟာ လူ့အသက်တိုဖို့ ၊ ရောဂါတွေ ပေါများဖို့ ဖြစ်နေတယ်ဆိုတာလည်း မှန်တယ်။ လူဆိုတာ ပတ်ဝန်းကျင်နဲ့နေတာမို့ တစ်ဦးတည်း ကောင်းနေလို့ မရဘူးလေ။ ပတ်ဝန်းကျင်တခုလုံး ညီညီညာညာကောင်းပြီး တိကျတဲ့ စည်းကမ်းတွေ ၊ အပြစ်ပေးမှုတွေ ၊ လိုက်နာမှုတွေ ဟန်ချက်ညီညီရှိနေပါမှ ဒီပတ်ဝန်းကျင်တခုလုံးက ကောင်းနိုင်မှာပါ။

မြောင်းတွေပိတ်လို့ မြောင်းလာမရှင်းတဲ့ စည်ပင်ကို အပြစ်ရှာပြောနေမယ့်အစား ဒီမြောင်းတွေမပိတ်အောင် အမှိုက်တွေ မချကြဖို့ လူတစ်ဦးချင်းစီက လိုက်နာမယ်ဆို ပိတ်ဆို့တဲ့မြောင်းတွေ နည်းလာမယ် ၊ မိုးရွာတိုင်း ရေလျှံတာတွေ နည်းလာမယ်။ ဒါဟာ ပတ်ဝန်းကျင်တခုလုံးကောင်းဖို့အတွက်ပဲ။ ရေမြောင်းတွေမပိတ်ရင် ၊ ခြင်ပေါက်ဖွားနိုင်မယ့်ဟာတွေမှန်သမျှ တက်ညီလက်ညီတားဆီးကြမယ်ဆို ခြင်ပေါတဲ့ဒဏ်က လွတ်မှာပါ။

စင်္ကာပူဟာ အပင်သေးကနေ အကြီးအထိ အပင်တွေ အတော်ပေါပြီး အရမ်းစိမ်းလန်းတဲ့နိုင်ငံပဲ။ရာသီဥတုကလည်း ခုပူပေမယ့် ခဏနေမိုးရွာရင် ရွာချတာမျိုး။ ဒါပေမယ့် မြန်မာနိုင်ငံလို ခြင်မပေါဘူး။ ဒါဟာ နိုင်ငံတွင်းမှာ နေထိုင်သူတွေက တက်ညီလက်ညီ တွေ့လေရာအမှိုက်မပစ်လို့ ၊ အစိုးရနဲ့ပြည်သူပြည်သားတွေ တက်ညီလက်ညီ ကိုယ့်အလုပ်ကိုယ်လုပ် ၊ ကိုယ့်တာဝန်ကိုယ်ယူကြလို့ပဲလို့မြင်တယ်။ ပြီးတော့ ကျန်းမာရေးအသိကိုလည်း အစိုးရက ဘက်စုံကလုပ်ပေးနေသလို ပညာတတ်တွေ ၊ ဗဟုသုတကြွယ်သူတွေများတော့ ကျန်းမာရေးအသိရှိကြတယ်။ လုပ်သင့်တာ ၊ မလုပ်သင့်တာ ခွဲခြားသိပြီး လိုက်နာတဲ့သူများတယ်။

ဘာမှအတုမယူရင်နေ ဒီစိတ်ဓါတ်လေးနဲ့ ကောင်းမွန်တဲ့အကျင့်လေးတွေတော့ ကောင်းကောင်းအတုယူသင့်တယ်လို့ ကျွန်မထင်တယ်။ လူနေမှုအဆင့်အတန်းတော့မြင့်ချင်တယ်။ ဒါပေမယ့် စိတ်ဓါတ်အဆင့်လေးတွေ ၊ ကျန်းမာရေးအသိလေးတွေ ၊ အကျင့်လေးတွေ မမြှင့်တင်ကြဘူးဆိုရင် လူနေမှုအဆင့်အတန်း ပိုမြင့်မားလာဖို့ ဝေးနေဦးမှာပဲ။ အဲဒီအခါ ကျွန်မတို့ရဲ့ နောင်မျိုးဆက်လေးတွေဟာ ဓါးစာခံအဖြစ်နဲ့ ခြင်ပေါလို့ ခြင်ဆေးထွန်း ၊ ပိုးဟပ်များလို့ ဆေးဖြန်း ၊ ကြွက်များလို့ ဆေးချ ၊ ခွေးများလို့ ခွေးရူးကိုက်ခံရ စသဖြင့် ရောဂါတွေ မရသင့်ဘဲရ ၊ မသေသင့်ဘဲသေ ၊ လူ့ဘဝကို လူ့သက်တမ်းစေ့ မနေလိုက်ရသူတွေများလာတာလို့ ကျွန်မပြောရင် မှားလေမလားနော်။

ရတု (Burmesehearts.com)

You might also like