တူညီတဲ့တုန့်ပြန်မှုလေးတော့ ရချင်မိတယ်

0

“ကိုယ့်အပေါ်မှာ ကိုယ့်ထက်မပိုရင်နေပါစေ။ တူညီတဲ့ တုန့်ပြန်မှုလေးတော့ရချင်မိတယ်။” အဲဒီ သီချင်းစာသားလေးလိုပဲ လူအများစုဟာ တပါးသူကို ကိုယ်ပေးတဲ့အတိုင်းအတာအလျောက်တော့ ပြန်ရချင်ကြတယ်။ အဖြူစင်ဆုံးနဲ့ အကြီးမြတ်ဆုံး မေတ္တာထားရှိသူတွေဖြစ်တဲ့ မိခင်တွေကိုယ်တိုင်တောင်မှ မိမိသားသမီးတွေဆီက သိတတ်မှုဆိုတာလေးကို မျှော်လင့်တတ်ကြတယ်။

တချို့တွေကပြောတယ်။ တသက်လုံးပေးဆပ်ချစ်သွားနိုင်တယ်တဲ့။ တသက်လုံး အပြောနဲ့အလုပ် တထပ်တည်းညီနိုင်တဲ့သူ ရှားပါတယ်။ “ငါကတော့ ချစ်လိုက်ရတာ။ သူကတော့ ရက်စက်လိုက်တာ ၊ လုပ်ရက်လိုက်တာ ၊ နေနိုင်လိုက်တာ” စသဖြင့်သော ခံစားချက်တွေကို နေ့တိုင်း ၊ လတိုင်း ၊ နှစ်ရှည် ခံစားသွားရမယ်ဆို ခံစားချက်တွေနာလာတဲ့အခါ စိတ်ပါနာလာတယ်။ စိတ်နာလွန်းလို့ စိတ်ကုန်သွားပြီဆိုရင်တော့ ဒီလူ့အပေါ်မှာ ယခင်က ချစ်ခဲ့တဲ့ခံစားချက်ဆိုတာတွေ သတိမရနိုင်တော့ဘူး။ တသက်လုံး ပေးဆပ်ချစ်သွားနိုင်တယ်ဆိုတဲ့စကားလည်း တသက်တာ မထိန်းသိမ်းနိုင်တော့ပါဘူး။ ဒါတွေက ကိုယ်ပေးသလောက် တူညီတဲ့တုန့်ပြန်မှု နည်းနည်းဖြစ်ဖြစ် ၊ များများဖြစ်ဖြစ် ပြန်ရချင်ကြတာ လူ့သဘာဝလေ။

ချစ်သူတွေအချင်းချင်း မပေါင်းဖက်ရသေးရင် ကိုယ်ကပိုချစ်တဲ့သူဖြစ်ပါရစေပေါ့။ အမြဲတမ်း ကိုယ်ကချည်း အလျှော့ပေးချစ်နေရတယ်ဆိုရင်တော့ ခံပြင်းစိတ် ၊ သိမ်ငယ်စိတ်တွေ ဝင်လာပါပြီ။ ဒီကြားထဲ ပတ်ဝန်းကျင် (ကြားစကား)ရဲ့ ဝေဖန်သွေးထိုးစကားတွေ ပါလာရင်တော့ ရှက်ရွံ့စိတ်တွေပါ ဝင်လာနိုင်တယ်။ ချစ်လို့သာ သည်းခံနေတာ ၊ မာနစိတ်ကလေး အငုံရှိထားပြီးသားသူ ၊ ကိုယ်တိုင်ကလည်း အရည်အချင်းပြည့်ဝသူတွေက တဖက်သတ်ချည်း ပေးဆပ်ချစ်သွားမယ်ဆိုတဲ့အလုပ်ကို လုပ်ခဲပါတယ်။ သူတို့စိတ်ထဲ တဘက်လူက ဘာမို့လို့ ကိုယ့်ကို ပစ်ပစ်ခါခါဆက်ဆံရသလဲ ၊ ဒီလောက်လိုက်လျောဖြည့်စွမ်းပေးလျက်က နေနိုင်တဲ့သူ နေရစ်တော့လို့ စိတ်ကုန်တဲ့အချိန်မှာ ကျောခိုင်းသွားနိုင်တယ်။ မာနစိတ်ကလေးနဲ့ သူ့ထက်သာတဲ့သူကို ရှာတွဲပြပြီး တဘက်လူစိတ်ထဲ ကလိကလိဖြစ်အောင် လုပ်ပြမယ်။ အနိုင်ရလိုစိတ်နဲ့ တွဲရုံတင်မက လက်ထပ်ယူသွားတာလည်း ဖြစ်နိုင်သေးတယ်။

အချစ်ရေး ၊ အိမ်ထောင်ရေးချည်းပဲ ဒီလို တူညီတဲ့တုန့်ပြန်မှုကို လိုချင်ကြတာမဟုတ်ပါဘူး။ သူငယ်ချင်း ၊ မိတ်ဆွေ ၊ ဆွေမျိုးအချင်းချင်း ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေမှာလည်း သူတပြန် ၊ ကိုယ်တပြန်ဆိုတာကို လိုလားတယ်။ ကိုယ်က အကြိမ်ကြိမ် ကူညီခဲ့ပေမယ့် ကိုယ်လိုအပ်တဲ့အချိန်မှာ ကူညီနိုင်ရက်နဲ့ မကူညီဘူးဆိုရင် စိတ်ထဲမှာ ငြိုငြင်တေးမှတ်ထားလိုက်ပါပြီ။ နောင်သူအကူအညီတောင်းလာတဲ့အခါမှာ အရင်ကလို သဘောရိုးနဲ့ မကူညီနိုင်တော့ဘူးပေါ့။ ဒါကြောင့် ကိုယ့်အပေါ် ကူညီခဲ့ဖူးသူကို အခွင့်ကြုံတိုင်း ကိုယ်က ပြန်ကူညီဖို့ လိုအပ်ပါတယ်။

မြန်မာတွေ မရိုင်းတတ်ဘူးဆိုပေမယ့် တချို့ ရိုင်းတဲ့သူတွေကတော့ ရိုင်းကိုရိုင်းတာပါ။ မသိတတ်တဲ့သူက သိကို မသိတတ်တာ။ ပြောပြရင်တောင် မသိချင်ယောင်ဆောင်တဲ့သူတွေ ၊ ရယ်ကျဲကျဲနဲ့ အရူးကွက်နင်းပြီး ဘာမှမဟုတ်သလို ပေါ့ပေါ့တွေး ၊ ပေါ့ပေါ့လုပ်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခံစားချက်ဆိုတာဟာ ထပ်ခါထပ်ခါ နာအောင် ကစားလို့မရဘူး။ စိတ်မှတ်ရှိတဲ့သူတိုင်း ခံနိုင်ရည်အတိုင်းအတာကိုယ်စီ ရှိကြတယ်မဟုတ်လား။ ဒီသည်းခံနိုင်ရည်ကို ကျော်လွန်အောင် လုပ်ခဲ့မိပြီဆိုရင်တော့ လူကောင်းတစ်ယောက် ဆုံးရှုံးရတော့မှာပေါ့။

ပညာရေးဘက်မှာလည်း ကျောင်းသားမိဘက ရင်းရတဲ့ငွေ နဲ့ အချိန်တန်အောင် အသိပညာတွေ တိုးတက်တာမျိုး လိုလားသလို ဆရာတွေကလည်း ကိုယ်စေတနာထား သင်ပေးတာနဲ့တန်အောင် တပည့်တွေက ဂရုတစိုက်သင်ယူပြီး ကြိုးစားကြတာမျိုးကို လိုလားပါတယ်။ ငွေပေးထားတယ်ဆိုတဲ့အချိုးနဲ့ ပညာကို တန်ဖိုးမထားလုပ်ပြမယ် ၊ ဆရာရဲ့စေတနာနဲ့ သင်ပြမှုကို အလေးမထားလုပ်မယ်ဆိုရင် တကယ်စေတနာထားတဲ့ဆရာဟာ ဒီလိုမိဘနဲ့ ဒီလိုတပည့်မျိုးဆီက ငွေကြေးကို ကျောခိုင်းသွားနိုင်ပါတယ်။ ဒီအခါ ဆရာကောင်း ဆုံးရှုံးရမှာပေါ့။ ငွေအသပြာပေးတိုင်း စေတနာကို ဝယ်လို့မရနိုင်ဘူးလေ။ တကယ်စေတနာကောင်းတဲ့ဆရာ ၊ ဆရာမတွေဟာ ငွေအသပြာမျက်နှာကို မကြည့်ဘဲ ကျောင်းသားတွေရဲ့ သင်ယူလိုမှု ၊ မိဘတွေရဲ့ စေတနာထက်သန်မှုဆိုတာတွေကိုကြည့်ပြီး အိတ်စိုက်သင်ပေးကြတဲ့ ဆရာ ၊ ဆရာမတွေလည်း ဒီခေတ်ကြီးထဲမှာ ရှိပါသေးတယ်။

BurmeseHearts Blog

စီးပွားရေးဘက်မှာဆိုရင် ကိုယ်ရင်းသလောက်တော့ အရင်းပြန်ရချင်တယ်။ အခါခါမရှုံးလိုကြဘူး။  အမြတ်ရဖို့ စီးပွားရေးလုပ်ကြတာမဟုတ်လား။ ဈေးတန်းထဲ ဈေးဝင်ဝယ်ရင်တောင် ကိုယ်ပေးတာထက်တန်အောင်ရဖို့ ဈေးဆစ်တတ်ကြတယ်။ ဈေးဆစ်လွန်းသူတွေကျေနပ်အောင် ဈေးလျှော့သလိုနဲ့ အလေးခိုးထည့်လိုက်တာ သိရပြီဆိုရင် ဈေးဝယ်သူမှာ ဒေါသူပုန်ထပြီပေါ့။ လူတွေဟာ ကိုယ်ပေးတာနဲ့တန်အောင် ရချင်ကြတာ သဘာဝလေ။ ပိုရလေ ပိုကောင်းလေလို့ လောဘလေးစွက်တတ်တာလည်း လူ့သဘာဝလို ဖြစ်နေပါပြီ။

နောက်ဆုံးမှာ သာသနာရေးဖြစ်တဲ့ သာသနာပြု ဘုန်းတော်ကြီးတွေဟာ ကိုယ်ရဲ့ ပညာအား ၊ အချိန်အားတွေရင်းပြီး ဟောပြ ၊ ပြောပြကြတယ်ဆိုပေမယ့် တကယ် တရားဘက်မှာ စိတ်သန်တဲ့သူကို ပိုတိုးပြီး ဟောပြ ၊ သင်ပြချင်ကြတယ်။ ဟင်းအိုးမွှေတဲ့ယောင်းမလို တရားနဲ့အနီးကပ်နေပြီး တရားကို မသိသူတွေကျတော့ ဟောပြောဆုံးမပြုပြင်လို့ မရကြတာတွေရှိပါတယ်။ ဘုန်းကြီးရဲ့ ဒကာ ၊ ဒကာမ အရင်းထဲမှာတင် ဘုန်းကြီးဟောသမျှတရားတွေ အလွတ်နီးပါး အကုန်ရနေကြပေမယ့် ဒီတရားအတိုင်း လိုက်နာကျင့်သုံးတဲ့သူ ရှားနိုင်ပါတယ်။ ဒါကို တရားဟောပုဂ္ဂိုလ်တွေ အသိဆုံးဖြစ်မှာပါ။

တချို့ ဒကာ ၊ ဒကာမတွေက ဘုန်းကြီးဟောတဲ့တရားအတိုင်း လိုက်နာကျင့်သုံးကြဖို့ထက် တရားဟောကောင်းတဲ့ ဘုန်းကြီးတွေကို ပုဂ္ဂိုလ်ရေးကြည်ညိုရာက သဒ္ဒါကျွံနေကြတာ ၊ ပညာကိုလေးစားရာက ပုဂ္ဂိုလ်ကို တွယ်မက်လာတာ ၊ နောက်ဆုံးမှာ ဒီပုဂ္ဂိုလ်နောက် တကောက်ကောက်လိုက်နေရတာကို ဂုဏ်တခုလို သာယာနေတာ ၊ ဆရာရင်း ၊ ဒကာရင်း ၊ ဆွေရင်းမျိုးရင်းဖြစ်ရတာတွေကို မာန်တက်နေကြတာ စသဖြင့် တရားနားနေပြီး တရားနဲ့ လားရာဆန့်ကျင်နေသူတွေလည်း ရှိကြပါတယ်။ သူတို့ရဲ့ ဆရာရင်း ဘုန်းတော်ကြီးတွေကိုယ်တိုင်က သူတို့ကို ဟောပြောဆုံးမဖို့ထက် တကယ်တရားသိချင် ၊ ကျင့်ချင်တဲ့ တရားနာပရိသတ်ကိုပဲ ဟောပြချင်ကြတယ်။ ချွတ်လို့မကျွတ်သူတွေကို သူ့ကံအတိုင်းထားလိုက်ကြတာပါ။

လူတွေဟာ ကိုယ်ပေးသလောက် ကိုယ်ပြန်ရလိုကြတယ်။ ဖြစ်နိုင်ရင် ကိုယ်ပေးတာထက် ပိုရလိုကြတယ်။ အနည်းဆုံးတော့ ကိုယ်ပေးတာကို အသိအမှတ်ပြုတဲ့ တုန့်ပြန်မှုလေးတော့ ပြန်လိုချင်တယ်။ ထမင်းကောင်း ၊ ဟင်းကောင်း ပူပူနွေးနွေး ချက်ပြုတ်ပြင်ဆင်ပြီး ခူးခပ်ကျွေးတဲ့ဇနီးဟာ သူ့ကို အိမ်သားတွေက မကူချင်ရင်နေ “ဟင်းကမွှေးနေတာပဲ ၊ လက်ရာက စားကောင်းလိုက်တာ ၊ ကျေးဇူးပဲ ၊ ဘာကူရဦးမလဲ” စတာတွေကို ကြားလိုကြပါတယ်။ မကူရင်နေပါ။ “ဘယ်လိုဟင်းတွေချက်မှန်းမသိဘူး ၊ တခါလာလည်းဒါ ၊ နောက်တခါလာလည်းဒါ ၊ အရသာကဆိုးရွားလိုက်တာ” စသဖြင့်သော စကားတွေ ကြားရပြီဆိုရင်ဖြင့် ချက်ပြုတ်ကျွေးချင်စိတ် ကုန်ခမ်းလာပါပြီ။ ပင်လည်းပင်ပန်းသေးတယ် ၊ အပြောလည်းခံရသေးတယ်ဆိုရင် နေ့စဉ် ၊ လစဉ် ၊ နှစ်ရှည် စိတ်ရှည်ရှည် ချက်ပြုတ်ကျွေးမွေးတဲ့အလုပ်ကို မိခင်တွေအပြင် ဇနီးတွေက ရေရှည်မလုပ်လိုကြပါဘူး။ ချေးများငြူစူတဲ့ခင်ပွန်းကို အပြောခံပြီးပြုစုဖို့ထက် သူ့အကြိုက် သူ့ဘာသာသူ ထွက်စားစေလိုက်တာဟာ နွေးထွေးမှုပျက်ပြယ်လာခြင်းအစများ ဖြစ်နေမလားနော်။

မိခင်တွေက ကိုယ့်ဝမ်းနဲ့လွယ်မွေးထားတဲ့ သွေးသားမို့ သူတို့ဘာပြောပြော တသက်တာနီးပါး ခွင့်လွှတ်ပေးနိုင်ပေမယ့် သူစိမ်းတွေအတူနေတာမျိုးဖြစ်တဲ့ ဇနီး ၊ ချစ်သူ ၊ သူငယ်ချင်းမိတ်ဆွေ ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းမှာတော့ ကိုယ်ပေးတာနဲ့တူညီတဲ့ တုန့်ပြန်မှုပြန်ရလိုကြပါတယ်။ သူကကြင်နာလေ ကိုယ်ကပိုပြုစုယုယချင်လေဆိုတာ မိန်းမသားတွေပါ။ ကိုယ်ရောလက်ပါ မလုပ်ပေး ၊ မပြုစုတတ်သည့်တိုင် ဇနီးကို အမြဲလို ချီးမွမ်းပြောဆိုတတ်သူ ၊ ဇနီးနဲ့ သားသမီးကို ခင်တွယ်တဲ့ခင်ပွန်းကို ဇနီးမယားတွေက ပိုပြီးတန်ဖိုးထား ကြည်ညိုကြပါတယ်။ ဒီလင် ၊ ဒီသားအတွက်ဆိုပြီး မာန်တင်းလို့ မနေမနား ပိုကြိုးစားပြုစုပေးချင်ကြတယ်။

တူညီတဲ့တုန့်ပြန်မှုလေးတွေ မပေးမိလို့ ၊ အနိုင်လိုချင်ဇောနဲ့ ငြူစူစကားတွေချည်းပဲပြောနေမိလို့ ၊ ပေါ့ရော့သွားမှာစိုးစိတ်နဲ့ အသိအမှတ်မပြုတာတွေရှိနေလို့ ၊ ရောင့်တက်မှာစိုးစိတ်နဲ့ အားပေးချီးမြှောက်တာတွေ မလုပ်ဖူးလို့ ၊ ဘာလို့ ညာလို့ဆိုတဲ့ စိတ်ထဲကအကြောင်းပြချက်တွေကြောင့် ကိုယ့်အနားရှိနေတဲ့ ကိုယ့်အပေါ်အကောင်းဆုံးလူတွေကို ဆုံးရှုံးရနိုင်ပါတယ်။ သူ့ကြောင့် စိတ်ချမ်းသာ ၊ အဆင်ပြေမှုတွေ ခံစားရတယ်ဆိုရင် သူ့အပေါ်မှာကိုယ်က တူညီတဲ့တုန့်ပြန်မှုလေး ပေးမိပါရဲ့လားလို့ နေ့စဉ်ပြန်သုံးသပ်မိမယ်ဆိုရင်ဖြင့် ပျော်ရွှင်တဲ့လူမှုဆက်ဆံရေးကို ထူထောင်နိုင်ပါပြီ။

ရတု (Burmesehearts.com)

You might also like