တရေနိုး ကလေးတွေဂျီမကျအောင် ဘယ်လိုလုပ်မလဲ

0

အိပ်ယာက နိုးထလာတဲ့ကလေးတစ်ယောက် ဂျီကျနေပြီဆိုရင် လူကြီးတွေက စိတ်တိုပြီလေ။ တရေးနိုးဂျီကျတတ်တဲ့ကလေးတွေဟာ စားစရာပေးလည်းမဟုတ် ၊ ကစားစရာပေးလည်းမဟုတ် ၊ ချီထားလည်းမဟုတ် ၊ ချထားလည်းမဟုတ် ၊ ဘာမှစိတ်အလိုမကျဘဲ ဂျီကျနေတတ်တာမျိုးပါ။ ကလေးတွေ ဘာကြောင့် ဂျီကျတတ်သလဲဆိုရင် အိပ်ချင်ရင်ဂျီကျတယ် ၊ အိပ်ရေးမဝရင်လည်း ဂျီကျတယ် ၊ ဗိုက်ဆာရင် ဂျီကျတယ် ၊ နေလို့မကောင်းရင် ဂျီကျသလို နေလို့ မပျော်ရင်လည်း ဂျီကျတတ်ပါတယ်။ ဒါဆို ဂျီကျတတ်တဲ့ ကလေးတွေဟာ ဘာကြောင့် ဂျီကျရသလဲဆိုတာကို နားလည်နိုင်ပြီပေါ့။

တခြားအကြောင်းတွေကြောင့်လဲမဟုတ်ဘဲ ကျန်းမာနေကောင်းရက်က ဂျီကျနေတယ်ဆိုရင် သူမပျော်လို့ ဂျီကျနေတယ်လို့မှတ်ပါ။ ဒီတော့ သူ့ကိုပျော်အောင် သူပျော်နေကျ ကစားနည်းတွေနဲ့ ၊ အကြောင်းအရာမျိုးစုံနဲ့ ပျော်အောင်လုပ်ပေးဖို့ စိတ်ရှည်ရမှာပါ။ ကိုယ်ကစိတ်မရှည်လေ သူက ပိုဂျီကျလေ ဖြစ်နေမှာပါ။ ဒီတော့ ဆူရိုက်တဲ့သူနဲ့ ဂျီကျငိုယိုနေတဲ့ကလေး မုန့်လုံးစက္ကူကပ်သလို မပြီးနိုင်တော့ဘူးလေ။

ကျွန်မကတော့ ကုသနည်းထက် ကာကွယ်နည်းကို အမြဲကျင့်သုံးလေ့ရှိသူပါ။ ဂျီကျတဲ့ကလေးကို ဂျီမကျအောင် ချော့မော့တတ်ဖို့တတ် ဂျီကျကျင့်မရှိအောင် ငယ်ငယ်ကတည်းက ပျိုးထောင်ပေးသင့်တာပါ။ ဒီတော့ ဂျီကျရင် ဘယ်လိုချော့မယ်ဆိုတာထက် တရေးနိုး ဂျီကျတဲ့ကလေးတွေဖြစ်မလာအောင် သူလသားအရွယ်ကတည်းက ပြုစုပျိုးထောင်ပေးကြရအောင်လား။

ကျွန်မငယ်ငယ်က အိပ်ယာကနိုးရင် စိတ်တွေ မှုံမှိုင်းနေဆဲမို့ စိတ်မကြည်မသာရှိနေတတ်တယ်။ ဒီအချိန်မှာ ကိုယ်ခင်တွယ်တဲ့သူ (အဲဒီအချိန်က ကျွန်မကိုထိန်းခဲ့သူ)ကို အနီးအနား မတွေ့ရရင် ပိုလို့ဝမ်းနည်းလာတတ်တယ်။ လိုက်ရှာလို့မတွေ့ဘူးဆို ငါ့ထားသွားပြီလားလို့ စိတ်ပူပင်လာတတ်တယ်။ အဲဒီခံစားချက်တွေက မျက်ရည်အဖြစ်ကူးပြောင်းပြီး အော်ငိုတော့တာပဲ။ အဲဒီအချိန်မှာ ကျွန်မရဲ့ခံစားချက်တွေကို မပြောတတ်သေး ၊ ပြောတတ်ပြန်တော့ နားထောင်တဲ့သူမရှိ ၊ ပြောခွင့်မရှိတဲ့ ကလေးဘဝမို့ စိတ်မရှည်တဲ့လူကြီးတွေ အော်ငေါက်ရိုက်နှက်တာကို အကြိမ်ကြိမ်ခံခဲ့ရဖူးတယ်။ အိပ်ရာနိုးတိုင်းလိုပေါ့။

ဒီတော့ ကလေးဖြစ်တဲ့ ကျွန်မစိတ်ထဲမှာ ဘာစွဲသွားလဲဆိုရင် အိပ်ရာနိုးတာနဲ့ ငါငိုရတော့မယ်ဆိုတာကြီး စွဲသွားပါတယ်။ အဲဒီတော့ အိပ်ယာထငိုရမှာကို ကြောက်တဲ့စိတ်နဲ့ ဖြစ်နိုင်ရင် မအိပ်ချင်ဘူး။ ဒီတော့ မအိပ်ခင်မှာလည်း တိုင်ပတ်ပြီး တော်ရုံနဲ့ မအိပ်တော့ဘူး။ အဲဒီလိုဖြစ်လာခဲ့တော့ ကလေးသိပ်ဖို့တာဝန်ကျ စိတ်မရှည်တဲ့လူကြီးတွေက ကျွန်မအိပ်ခါနီးမအိပ်ချင်လို့ရစ်နေပြီဆို ဆော်တော့တာပဲ။ အဲဒီတော့ မအိပ်ခင်တိုင်းလည်း ငိုရပြန်ရော။ ငိုလို့မောတော့ အိပ်ပျော်သွားတယ်။ ဒါကိုလူကြီးတွေက ဘာမှတ်သွားလဲဆိုတော့ ကျွန်မဟာ ငိုပြီးမှ အိပ်တတ်တဲ့အကျင့်ရှိတယ်။ ငိုရင်းမောမှ အိပ်တတ်တယ်လို့ ဆိုကြတယ်။ သူတို့မှကလေးစိတ်ကို နားမလည်နိုင်ဘဲလေ။

ဒါတွေ မှတ်မိနေခဲ့တဲ့ကျွန်မက ကျွန်မသမီးလေး မွေးကင်းစအရွယ်ကတည်းကနေ အခုအချိန်အထိ အိပ်ယာနိုးမငိုအောင် ကလေးကို ကျင့်ယူခဲ့တာပါ။ ဘယ်လိုကျင့်လဲပြောပြမယ်နော်။ မွေးကင်းစကလေးရဲ့အလိုလားဆုံးက မိခင်နို့ချိုနဲ့ မိခင်အနားမှာရှိဖို့ဖြစ်ပါတယ်။ နို့တိုက်မိခင်ဖြစ်ရင် အဲ့ လို့ ကလေးနိုးသံ သဲ့သဲ့လေးကြားတာနဲ့ ကလေးငိုတဲ့အထိ စောင့်မနေဘဲ နို့ကို ခပ်မြန်မြန် ဖမ်းတိုက်လိုက်ပါ။ ကလေးဟာ ငိုချိန်မရှိတော့ဘဲ သူအလိုလားဆုံးအရာ ရရှိလိုက်တဲ့အတွက် ငိုဖို့မေ့သွားပါတယ်။ ငိုစရာအကြောင်းမရှိတော့ဘူးလေ။ နို့ဗူးတိုက်သူတွေလည်း ကလေးအိပ်နေချိန်မှာ နို့ဗူးအဆင့်သင့် မနွေးတနွေးအနေထားနဲ့ စောင့်ပြီး ဒီလိုကျင့်နိုင်ပါတယ်။

ကလေးနည်းနည်းကြီးလာလို့ ကစားစရာတွေ သိတတ်လာတဲ့ လသားအရွယ်လေးတွေရောက်ပြီဆို သူနိုးလို့ အသံပေးတာနဲ့ သူငိုတဲ့အထိ စောင့်မနေဘဲ သူကြိုက်တဲ့ကစားစရာလေးကိုင်သွားပြီး သူ့အနားအမြန်ပြေးသွားပါ။ ထိန်းတဲ့သူအမေပဲဖြစ်ဖြစ် ကလေးကြည့်သူက ကလေးအနားသူမနေနိုင်တာ ကလေးအတွက် ကစားစရာသွားယူတာပါလို့ ကလေးနားလည်အောင်ပြောပါ။ ဒါဟာ ကလေးစိတ်ထဲမှာဖြစ်နေတဲ့ “ငါမအိပ်ခင် ငါ့အနားရှိနေတဲ့ဒီလူ ဘာလို့ငါ့ကို ထားသွားတာလဲ” ဆိုတဲ့ မေးခွန်းကို ဖြေပေးလိုက်တာပါ။ နောင်သူနိုးလို့ ကိုယ့်ကိုမတွေ့ရင် အရမ်းစိတ်ပူပင်တာမျိုး မရှိတော့ဘူးလေ။ ငါ့အတွက် ကစားစရာ သွားယူနေတာပါလားလို့ မှတ်ထင်ယုံကြည်သွားပါတယ်။ ကလေးနိုးမနိုးနားစွင့်နေဖို့တော့လိုပါတယ်။ ကလေးနိုးချိန်မှာ ကလေးကို အငိုမခံပါနဲ့။ အကျင့်ဖြစ်သွားတတ်ပါတယ်။

BurmeseHearts Blog

နို့တိုက်အရွယ်ကလေးနိုးတိုင်း ပထမဦးဆုံး နို့ချိုတိုက်ကျွေးပါ။ သူဝသွားမှ လက်ထဲက ကစားစရာလေးနဲ့ သူ့ကိုမြှူပါ။ မြှူရင်း သူရယ်မောပျော်ရွှင်အောင် ကစားပေးပါ။ ဒါဟာ အိပ်ယာနိုးစ မှုံမှိုင်း မကြည်လင်နိုင်သေးတဲ့ သူ့စိတ်တွေကို ပျော်ရွှင်မှုဆီ ဦးဆောင်ခေါ်သွားတာဖြစ်ပါတယ်။ သူတခစ်ခစ် ရယ်မောပျော်ရွှင်လို့ အားရအောင် ဆော့ပြီးရင် မိတ်ဆက်စာတွေ စားနေတဲ့ကလေးဆို သူ့ကိုချီပြီး ကလေးကို အသီးအနှံကျွေးပါ။ ကလေးဘာသာဘာဝဟာ အချိုဓါတ်ကို သဘောကျပါတယ်။ တစ်နှစ်အောက် ကလေးတွေကို သစ်သီးဝလံတွေကရတဲ့ သဘာဝအချိုကိုပဲ မိတ်ဆက်ပေးပါ။ အထူးသဖြင့် အရည်ရွှမ်းတဲ့ အသီးတွေကိုကျွေးပါ။ ချော့ကလက်လို ၊ ဂျယ်ရီလို စားတတ်လာပြီဖြစ်တဲ့ နှစ်နှစ်ဝန်းကျင် ကလေးတွေကို သူကြိုက်တတ်တဲ့ သရေစာတွေကို အခုလိုအချိန်မှာ ကျွေးပါ။

အိပ်ရာနိုးတာနဲ့ နို့လဲဝ ၊ ကစားလဲပြီး ၊ ကိုယ်ကြိုက်နှစ်သက်ရာလည်း စားပြီးပြီဆို သူ့ရဲ့စိတ်တွေ တက်ကြွလန်းဆန်းလို့နေပါပြီ။ အခုအချိန်အထိ ကလေးဟာ အိပ်ရာနိုးငိုရမယ်ဆိုတာကို မသိတော့ဘဲ အိပ်ရာနိုးရင် ဆော့ရမယ် ၊ ကိုယ်ကြိုက်တဲ့အစာတွေ စားရမယ်ဆိုတဲ့အသိဘဲ ရှိနေပါတယ်။ ဒီတော့ ဘာငိုစရာအကြောင်းရှိလို့ ငိုနေတော့မှာလဲနော်။

လမ်းလျှောက်နိုင်တဲ့အရွယ်မှာ တရေးနိုးအမေကိုမတွေ့ရင် (သူခင်တဲ့သူမတွေ့ရင်) ပူပင်စိတ်နဲ့ တောက်တက်တောက်တက် လိုက်ရှာပြီး ငိုနေနိုင်ပါတယ်။ ပိုသိတတ်လာတာကိုး။ ငိုနေတဲ့ကလေးကို တွေ့တာနဲ့ပြေးချီပြီး ကိုယ်က သူ့အတွက် ဘာတွေလုပ်ကိုင်ပေးနေတာ လာကြည့်ပါလား ဆိုတာမျိုးနဲ့ အဝတ်လျှော်တဲ့နေရာ ၊ အဝတ်လှန်းတဲ့နေရာ ၊ ထမင်းဟင်းချက်တဲ့နေရာ သူအိပ်တုန်း ကိုယ်ရှိနေတဲ့နေရာကို အရင်ခေါ်သွားပြီး ကိုယ်ဘာတွေလုပ်ကိုင်နေလို့ သူ့အနားမရှိတာပါ။ တမင်ထားသွားတာမဟုတ်ပါဘူးလို့ သူနားလည်အောင်ပြောပြပြီး ဖြစ်နိုင်ရင်ကိုယ့်နဘေးနား သူ့ထားပြီး သူ့ကို စားစရာလက်ထဲထည့်ပေးလို့ ဆက်လုပ်စရာရှိတာလုပ်နိုင်ပါတယ်။

ကျွန်မဆို အိပ်နေတဲ့ ကလေးရဲ့အခန်းရှေ့နားမှာ သူအိပ်ရာနိုးစားဖို့ သရေစာကို အသင့်ထားထားတယ်။ သူနိုးသံကြားတာနဲ့ အဲဒါယူသွားပြီးမှ အခန်းထဲဝင်တယ်။ အဲဒါလေးပြပြီး သူ့ကိုပျော်အောင်လုပ်တယ်။ အိပ်ရာနိုးလာတဲ့ကလေးကို ငိုတဲ့အထိ ထားတာမျိုး ၊ ငိုမှကောက်ချီတာမျိုး ၊ စိတ်မရှည်လို့ဆူရိုက်တာမျိုးတွေမလုပ်ရင် ကလေးဟာ အိပ်ရာနိုးငိုကျင့်မရှိပါဘူး။

တကယ်လို့မှား ကလေးဟာ နှစ်နှစ်ကျော်သွားပြီဆိုရင် သူနိုးထလာပေမယ့် အိပ်ချင်မူးတူးမျက်ဝန်းတွေနဲ့ဆို ကလေးကို ပြန်သိပ်နိုင်ပါတယ်။ ကလေးဟာ အိပ်ရေးမဝရင် ဆက်ဂျီကျပြီး ဘာမှ အလိုကျမှာမဟုတ်ပါဘူး။ ဒါကြောင့် လုပ်နေတာတွေထားခဲ့ပြီး အိပ်ချင်မူးတူးဖြစ်နေသေးတဲ့ကလေးကို ပြန်သိပ်ခိုင်းတာပါ။ သူပြန်အိပ်သွားမှ ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။ သူပြန်မအိပ်တော့ဘူးဆိုရင်လည်း သူ့ကိုအချိန်ပေး အနားနေပေးတဲ့မိခင်ကြောင့် ဂျီကျတာတွေ မလုပ်တော့ဘူးလေ။

ဒီလိုနဲ့ အသားကျ ကြီးပြင်းလာတဲ့ကလေးဟာ အိပ်ရာနိုး ဂျီကျငိုယိုတာတွေမရှိတော့ပါဘူး။ အိပ်ယာနိုးလို့ သူချစ်တဲ့သူကို အနားမတွေ့ရင် ဒီလူရှိတတ်တဲ့နေရာတွေကို ပူပင်တကြီး တကြော်ကြော်ခေါ်လို့ လိုက်ရှာနေမှာဖြစ်ပါတယ်။ ဒီလူ့တွေ့ရင် သူ့သောကတွေငြိမ်းပြီလေ။ သူ့ကိုကောက်ချီချော့မော့လိုက်တာနဲ့ မိနစ်ဝက်အတွင်း မျက်ရည်တိတ် ၊ မြှူကစားလိုက်တာနဲ့ ချက်ချင်းရယ်မော ၊ စားစရာရှိတာစား ၊ ဆော့စရာရှိတာဆော့နဲ့ သူ့တနေ့တာကို သူ့ဘာသာ ရှေ့ဆက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အိပ်ယာနိုးမကြည်တဲ့ကလေးဟာ တနေကုန်လို မကြည်ဖြစ်တတ်ပါတယ်။ အလိုမကျဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ယာနိုး စိတ်တွေမှုံမှိုင်း မကြည်မလင်ဖြစ်နေတဲ့ကလေးကို နားလည်ပါ။ ဆူပူတာမျိုး ၊ ငေါက်ငမ်းတာမျိုး ၊ ရိုက်နှက်တာမျိုး မလုပ်ပါနဲ့။ ဆယ့်ငါးမိနစ် နာရီဝက်လောက် အိပ်ရာနိုးလာတဲ့သူနဲ့အတူ ဆော့ကစားပါ။ ပုံပြင်လေးတွေ ဖတ်ပြပါ။ ကာတွန်းကားတွေ အတူကြည့်ပါ။ သူပြန်ပြီး ကြည်ကြည်လင်လင်ဖြစ်လို့ ပျော်ရွှင်လာရင် သူ့ဘာသာသူကစားဖို့ လွှတ်ထားနိုင်ပါပြီ။ ဒီအခါကျမှ ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။ ဒီလိုဆိုရင် ကလေးဟာတရေးနိုး ဘယ်ဂျီကျတော့မလဲ။ မအိပ်ခင်လည်းပျော် ၊ အိပ်လည်းအိမ်မက်ထဲမှာပျော် ၊ နိုးထလာတော့လည်း ပျော်နေမှာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like