class="post-thumbnail open-lightbox" href>
ပန်းပျိုးလက်ရဲ့ မှတ်တမ်း
ကုန်လွန်နေတဲ့အချိန်တွေကို တားဆီးလို့မရဘူး။ ဒါပေမယ့် ကိုယ့်အချိန်တွေကို စနစ်တကျ အသုံပြုချွေတာတတ်ရင် ချွေတာလို့တော့ရပါတယ်။ ဒီလို ဥာဏ်ရှိရှိ ချွေတာလို့ရတဲ့အချိန်တွေကို ကိုယ့်အတွက်သာမက ကိုယ့်မိသားစုဖြစ်တဲ့ မိဘ ၊ အိမ်ထောင်ဖက်နဲ့ သားသမီးတွေအတွက် အချိန်ပေးမယ် ၊ သူတို့အတွက် အမှတ်တရလေးတွေ ဖန်တီးပေးမယ် ၊ အဲဒါလေးတွေကို မှတ်တမ်းတင်ထားမယ်ဆိုရင် တချိန်မှာ ဒီမှတ်တမ်းတွေက ငွေပေးဝယ်လို့မရတဲ့ တန်ဖိုးအကြီးဆုံးအရာတွေ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လဲဆိုရင် အဲဒီအချိန်ကို ပြန်ရယူလို့မှ မရတော့ဘဲလေ။ ဒီမှတ်တမ်းတွေက ကိုယ်သူတို့အတွက် ဘာတွေ ၊ ဘယ်လို လုပ်ပေးခဲ့တယ်ဆိုတာ သက်သေထူနေပြီး အပြောထက် လက်တွေ့ ပိုကျနေတယ်မဟုတ်လား။
ကလေးငယ်ငယ်တုန်းက ကိုယ်ဘာလုပ်ပေးခဲ့တယ် ၊ ဘယ်လိုအနွံအတာခံခဲ့တယ် ၊ ဘယ်လိုချစ်မြတ်နိုးစွာ ပြုစုပေးခဲ့တယ်ဆိုတာကို သူအရွယ်ရောက်လာတဲ့အခါမှာ သူမှတ်မိတာတွေလောက်ပဲ သတိရတော့မှာပါ။ ကိုယ်ပြန်ပြောလည်း အပိုတွေပါလို့ သူ့စိတ်ထဲ ထင်ရင် ထင်နိုင်သေးတယ်လေ။ မမြင်တော့ ဘယ်ယုံနိုင်မလဲ။ ဒါတွေကို ချေဖျက်ဖို့ ဒီဘက်အိုင်တီခေတ်ထဲမှာ အစစ အဆင်ပြေနေပြီလေ။
ဖုန်းကင်မရာနဲ့ပဲဖြစ်ဖြစ် ၊ နိုင်ရာတွေနဲ့ ကိုယ်မှတ်တမ်းတင်ထားရင် တင်သလောက် ဓါတ်ပုံမှတ်တမ်း ၊ ဗွီဒီယိုမှတ်တမ်းတွေ တင်ထားလို့ရပြီ။ ဒါတွေကို တနေရာတည်းမှာ နှစ်အလိုက် သူ့ကြီးပြင်းလာမှု အဆင့်ဆင့်ကို စနစ်တကျ သီးသန့် သိမ်းဆည်းထားနိုင်မယ်ဆိုရင် ကလေးဟာ သူအဆင့်ဆင့် ကြီးပြင်းလာမှု အရွယ်အဆင့်ဆင့်က ရယ်စရာလေးတွေ ၊ ပေါက်ကရတွေ ၊ လိမ်မာတာလေးတွေ စတာ စတာတွေကို သူဆန္ဒရှိတဲ့အချိန်မှာ အချိန်မရွေး ပြန်ကြည့်ပြီး မိဘမေတ္တာ ပြန်ပြောင်းသတိရနိုင်ပြီပေါ့။ ဒါက Digital Record လေ။
Physical Record အနေနဲ့ကတော့ သူနဲ့ပတ်သက်တာလေးတွေ ဟိုတစ ၊ သည်တစ အမှတ်တရ စုသိမ်းထားတာ ၊ သူနဲ့ပတ်သက်တာလေးတွေ ရေးခြစ် မှတ်တမ်းတင်ထားတဲ့ ဒိုင်ယာယီ ၊ သူပထမဆုံး ဖန်တီးထားတဲ့ ပန်းချီ ၊ ကဗျာ ၊ စာစီစာကုံး စသဖြင့်ဆိုတာတွေကို သိမ်းပေးထားခဲ့မယ်ဆိုရင် နှစ်ကာလအရှည်ကြီးတခုအထိကတော့ အထုပ်တထုပ်နဲ့ အိမ်ရှုပ်တယ်လို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် အဲဒီအထုပ်ကို ကိုယ်သာ မသိမ်းဆည်းထားခဲ့ရင် သူအရွယ်ရောက်လာတဲ့အချိန် ၊ ရာထူးကြီးကြီးဖြစ်လာတဲ့အချိန် ၊ ငွေကြေးများစွာရှိလာတဲ့အချိန် ၊ ဒါတွေ ပြန်လိုချင်လှချည်ရဲ့လို့ ငွေဘယ်လောက်ပေးပေး ပြန်ဝယ်လို့မရနိုင်ပါဘူး။
ကျွန်မဆိုရင် နေရာစုံမှာ ကလေးအတွက် ဘာလုပ်ပေးပေး တနည်းမဟုတ်တနည်း မှတ်တမ်းတင်ထားတယ်။ ကလေးနို့ချိုတိုက်ကျွေးတဲ့ပုံအမျိုးမျိုးကအစ မှတ်တမ်းတင်ထားတယ်။ သူဆန္ဒရှိတဲ့အချိန်တိုင်း အမေဟာ မညည်းမငြူ သူ့ဆန္ဒကို ဘယ်လောက် လိုက်လျောပေးထားခဲ့တယ်ဆိုတာ တချိန်မှာ သိနားလည်စေချင်လို့ပါ။ ကလေးရဲ့ အပေါ့ ၊ အလေး သန့်စင်ပုံတွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။ ကျွန်မတင်မက ကျွန်မအမျိုးသား (သမီးအဖေ) လုပ်ကိုင်ပေးတာကိုလည်း မှတ်တမ်းတင်ထားတယ်လေ။ တချိန်မှာ ဒီအဖေနဲ့အမေက သူနဲ့ပတ်သက်တာတွေဆို အညစ်အကြေးတွေကအစ မရွံမရှာ လုပ်ကိုင်ပေးခဲ့တယ် ဆိုတာကို မှတ်တမ်းအနေနဲ့ ပြန်ပြနိုင်အောင်ဖြစ်ပါတယ်။ မိဘဟာ ကိုယ့်ကိုချစ်တယ်ဆိုတာ ခံစားသိတာထက် ဘယ်လောက်ချစ်ခဲ့တယ် ၊ ဘယ်လောက်အနွံအတာခံခဲ့တယ်ဆိုတာကို ဒီမှတ်တမ်းတွေက သက်သေပြနေတယ်လေ။
ကိုယ်ဝန်ဆောင်ကတည်းကနေ တနေ့တပုံမဟုတ်တောင် တရက်ခြားတပုံလောက် သမီးသက်တမ်းတလျောက် မှတ်တမ်းတင်ထားတယ်။ အမေဟာ သူ့ကို ဘယ်လိုဒုက္ခတွေ ကျော်ဖြတ်လို့ ဘယ်လိုချစ်ခြင်းမေတ္တာနဲ့ ကြီးပြင်းစေခဲ့တယ်ဆိုတာ တချိန်မှာ သက်သေပြနိုင်အောင်ဖြစ်ပါတယ်။ ဒီအတိုင်းပဲ အဖေသူ့ဝေယျာဝစ္စ လုပ်နေတာတွေကိုလည်း မှတ်တမ်းတင်ထားတယ်။ ဒီပုံတွေဟာ မိသားစုပုံတွေဖြစ်လို့ ပုံတိုင်းကို လူမှုကွန်ယက်က မိတ်ဆွေသူငယ်ချင်းတွေကို ဝေမျှခြင်း မလုပ်ပါဘူး။
ကလေးဟာ ငယ်သေးလို့ ကိုယ်တင်သမျှပုံတွေ ၊ တင်သမျှဗွီဒီယိုတွေကို တားရကောင်းမှန်းမသိပေမယ့် သူသိတတ်လာလေလေ သူ့ Privacy ဆိုတာကို နားလည်လာလေလေပါပဲ။ ဒီအခါ ရှက်တတ်လာတယ်။ မိဘတွေ တင်ထားခဲ့တဲ့ပုံတွေက တချိန် သူနေရာကောင်းတခုရလာချိန်မှာ ရှက်စရာဖြစ်လာတာပေါ့။ ဒါကြောင့် ကျွန်မကော ၊ ကျွန်မခင်ပွန်းပါ ကိုယ့်မိတ်ဆွေ လူမှုကွန်ယက်ပေါ်က မိတ်ဆွေသူငယ်ချင်း ၊ အပေါင်းအသင်းဆိုတာတွေကို အရမ်းစိစစ်ပါတယ်။
ကိုယ့်သူငယ်ချင်း ၊ ဆွေမျိုးအရင်းအချာမဟုတ်ရင် သူငယ်ချင်းအဖြစ် လက်မခံသလို ဒီအရင်းအချာတွေထဲကမှ တချို့ဆို ပုံတွေ မမြင်စေတဲ့အထိ Privacy ကန့်သတ်ထားပါတယ်။ အထူးသဖြင့် သိပ်မယုံကြည်ရဘူးထင်တဲ့သူ (သူငယ်ချင်းအဖြစ်လည်း ဆက်စပ်နေသေးတဲ့သူ)ဆိုရင် မမြင်အောင် ကန့်သတ်လိုက်တာမျိုးပါ။ ကလေး သူ့ဘာသာသူ သိတတ်လာတဲ့အချိန် သူဝေမျှချင်တဲ့အကြောင်းအရာ ၊ မဝေမျှချင်တဲ့အကြောင်းအရာကို သူ့ဘာသာဆုံးဖြတ်ပါစေလေ။ ကိုယ့်သားသမီးကို ဝိုင်းချစ်ကြတာ မိဘဖြစ်တဲ့ကိုယ်က ဂုဏ်ယူပေမယ့် ကလေးက ဒါမျိုး မလိုလားတဲ့သူဆို ဘယ်လိုလုပ်မလဲနော်။ သူ့ပုံတွေကို ကာယကံရှင်ဖြစ်တဲ့ သူကပိုပိုင်ဆိုင်တယ် မဟုတ်လား။
နောက်တခုက ဒိုင်ယာယီမရေးတတ်သေးတဲ့သမီးအတွက် သူ့ဘဝရဲ့ ထင်ထင်ရှားရှား အဖြစ်အပျက်လေးတွေကို ကိုယ်စား မှတ်တမ်းတင်ပေးထားပါတယ်။ ဥပမာ သွားစပေါက်တဲ့ရက်က ဘယ်ရက် ၊ ဘယ်ရက်က စလေးဘက်တွားပြီး ဘယ်ရက်မှာ စထိုင်တတ်တယ်ကအစ အသေးစိတ်အမှတ်တရလေးတွေကို နေ့စွဲနဲ့တကွ ရေးမှတ်ပေးထားတယ်။
သူနားလည်သိတတ်တဲ့တချိန်မှာပဲဖြစ်ဖြစ် ၊ သူကိုယ့်မေတ္တာကို နားမလည် အထင်အမြင်လွဲနေတဲ့ တချိန်မှာပဲဖြစ်ဖြစ် ဒါတွေက ကိုယ်သူ့အပေါ် ဘယ်လောက်ထိ အသေးစိတ် ဂရုစိုက်ပေးခဲ့တာကို သူခံစားသိမြင်နိုင်တယ်လေ။ ဒါဟာ စကားလုံးတွေထက် ပိုထင်ရှားသိသာလှပြီး ကိုယ့်မေတ္တာတရားကို ရှင်းရှင်း ဖော်ပြနေတဲ့အရာတွေပေါ့။ ဒီအရာတွေကို မှတ်တမ်းမတင်မိခဲ့ရင် ကိုယ်ချစ်ပါတယ်ဆိုတဲ့စကားဟာ သူ့အတွက် ကြားနေကျစကားမို့ ပေါ့သွမ်းကောင်း ပေါ့သွမ်းနေနိုင်တယ်လေ။
ဒီလိုမျိုး မှတ်တမ်းလေးတွေ လုပ်ထားနိုင်ဖို့ဆိုတာ ကလေးနဲ့အတူရှိနေတဲ့အချိန်များပါမှ ဒါလေးတွေ သတိထားမိမှာပေါ့။ ကလေးနဲ့အတူမရှိတဲ့အချိန်တွေ များနေတယ်ဆိုရင် ကလေးဟာ ဘယ်တုန်းက စကားစပြောလို့ သူ့ဘဝရဲ့ ပထမဆုံးစကားလုံးဟာ ဘာလဲလို့တောင် သိလိုက်မှာမဟုတ်ပါဘူး။ ကျွန်မဒီလိုပြောတဲ့အခါ တနေ့လုပ်မှ တနေ့စားစရတယ်ဆိုတဲ့လူတွေ ၊ ဝမ်းစာအတွက်ရှာရလို့ ကလေးအနား မနေနိုင်ပါဘူးဆိုတဲ့လူတွေက ကန့်ကွက်လေ့ရှိတယ်။ မအားဘူးတဲ့။
ကလေးကို တနေ့တာလေးမှာ နာရီပိုင်းလေးတောင် အတူနေဖို့ အချိန်မပေးနိုင်ရလောက်အောင် မအားရင် ဘာကြောင့် ကလေးမွေးထားသေးလဲ (ဘာကြောင့် ကလေးမတားခဲ့သလဲ)လို့ ပြန်မေးချင်လိုက်တာ။ ကိုယ်လည်းအလုပ်ရှုပ်ဝန်ပို ၊ ကလေးလည်းမပျော်မရွှင် လစ်ဟာချက်တွေ တပုံတပင်နဲ့ ဒီဇတ်လမ်းကို ဘယ်သူဖန်တီးခဲ့တာလဲ။ ဒီမိဘတွေပဲမဟုတ်လား။ အထူးသဖြင့် သန္ဓေမတားခဲ့တဲ့မိခင်ပေါ့နော်။
ကလေးရဲ့တန်ဖိုးဟာ ကြီးမားပါတယ်။ အသက်တစ်ချောင်း ၊ ဘဝတစ်ခုရဲ့တန်ဖိုးဟာ ဘယ်လောက်ကြီးမားလိုက်သလဲဆို တချို့ ကလေးလိုချင်လို့တောင် ကလေးမရနိုင်တဲ့သူတွေ ရှိနေတဲ့အထိ ဘဝတစ်ခုရဲ့တန်ဖိုးဟာ ကြီးမားလှပါတယ်။ ဘဝတစ်ခုတန်ဖိုး ကြီးမားတဲ့အလျောက် ရရှိတဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင် ၊ အကောင်းမြင်စိတ် နဲ့ မေတ္တာတရားကိုခံစားရင်း ကြီးပြင်းလာဖို့က ပိုအရေးမကြီးပေဘူးလား။
ဥပမာ ပန်းတော့ပွင့်ပါရဲ့ အဆိပ်ပန်းချည်းဆိုရင် ကမ္ဘာမြေကြီးအတွက် အဆိပ်အတောက်ဖြစ်နေမှာပါ။ လူဖြစ်အောင်တော့ မွေးပေးလိုက်ပါရဲ့။ မွေးပြီးကြီးလာတဲ့ကလေးဟာ မိဘအပေါ် မကျေနပ်ချက်တွေ ၊ ဘဝအပေါ်မကျေနပ်ချက်တွေ ၊ ခါးသည်းမှုတွေ တပုံတပင်ပွေ့ပိုက်လို့ အဆိုးမြင်စိတ်နဲ့ (စိတ်ဒဏ်ရာကြီးနဲ့) ကြီးပြင်းလာတယ်ဆိုရင် ဒီလူဟာ လူသားတွေအတွက်တော့ အဆိပ်အတောက်ပါပဲ။ ဒီတော့ ကိုယ်ပျိုးတဲ့ပန်းဟာ အဆိပ်ပန်း မဖြစ်ပါစေနဲ့လေ။
ကိုယ်ပျိုးလိုက်တဲ့ပင်ဟာ မျိုးကောင်းပါစေ။ မျိုးရိုးကောင်းအောင် သားသမီးတွေအတွက် စံပြနေပြမယ်လေ။ ကိုယ်ပျိုးလိုက်တဲ့အပင်ဟာ အပင်သန်ပါစေ။ ကလေးပျော်ရွှင်စွာ ရှင်သန်အောင် ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ရမယ်လေ။ ကိုယ်ပျိုးလိုက်တဲအပင်ဟာ အသီးမှန်ပါစေ။ ကိုယ်က ရှေ့ဆောင်လမ်းပြ သားသမီးကို ဒီလိုဂရုစိုက်ရတယ်လို့ ဂရုစိုက်ပြမှ သူဟာ သူ့သားသမီးတွေကို ဒီလို ဂရုစိုက်ရကောင်းမှန်း ၊ မေတ္တာပေးရကောင်းမှန်း သိမှာပါ။
ကိုယ်ပျိုးလိုက်တဲ့အပင်ဟာ တထောင့်တနေရာက ကမ္ဘာမြေအတွက် အရိပ်ပေးလို့ပဲဖြစ်ဖြစ် ၊ မွှေးထုံဖို့ပဲဖြစ်ဖြစ် ၊ အလှဆင်လို့ပဲဖြစ်ဖြစ် ၊ ဆေးဘက်ဝင်စေဖို့ပဲဖြစ်ဖြစ် အကျိုးပြုပါစေ။ ကိုယ်မွေးခဲ့တဲ့သားသမီးဟာ အများအကျိုးအတွက် အကျိုးပြုနိုင်ရင် အကောင်းဆုံးပေါ့။ အများအကျိုးအတွက်မဟုတ်တောင် မိဘကျေးဇူးဖြစ်တဲ့ ကြွေးဟာင်းလည်းကျေအောင် ဆပ်တဲ့သူ ၊ ကိုယ့်မိသားစုအပေါ်လည်း တာဝန်ကျေတဲ့သူ ၊ သားသမီးအပေါ်လည်း မေတ္တာနဲ့ပျိုးထောင်ပြီး တာဝန်ကျေတဲ့သူ ဖြစ်ပါစေလေ။
ရတု (Burmesehearts.com)