class="post-thumbnail open-lightbox" href>
ဖခင်နှင့် သားသမီးများ ဘာကြောင့် စိတ်ချင်းဝေးနေလဲ
မိသားစု အတော်များများမှာ ကလေးနဲ့ဖခင်ရဲ့ ဆက်ဆံရေးဟာ ကလေးနဲ့မိခင်ရဲ့ ဆက်ဆံရေးလောက် ရင်းနှီးမှုမရှိကြဘူး။ ခပ်တန်းတန်းဖြစ်နေကြတယ်။ မိခင်နဲ့ ဆက်ဆံတာလောက် ပွင့်လင်းမှုမရှိဘူး။ နောက်ပြီး မိခင်ထက် ဖခင်ကို ပိုကြောက်ကြတယ်။ ကလေးဘဝကတည်းက ဒီလိုမျိုးဖြစ်နေခဲ့တာ သားသမီးအရွယ်ရောက်တဲ့အထိ ဒီလိုခပ်တန်းတန်း ဖြစ်သွားတဲ့ မိသားစုတွေကိုလည်း တွေ့ရပါတယ်။
မိနဲ့ဘဆိုတဲ့ မိဘနှစ်ဦးမှာ ဖခင်ဟာ သားသမီးရဲ့မေတ္တာနဲ့ နွေးထွေးမှုကို မိခင်လောက် မခံစားရဘူး။ တကယ်ဆို မိနဲ့ဘမှာ ဖခင်ဟာ အမိုးနဲ့တူပြီး မိခင်ကတော့ အကာနဲ့တူပါတယ်။ နေပူ ၊ မိုးရွာ ရာသီဥတုဒဏ်ကို အမိုးကအရင်ခံရတာပါ။ မုန်တိုင်းဒဏ်ကြံ့ကြံ့ခံမိုးပေးထားတဲ့ အမိုးဟာ လေနုအေးတိုက်ချိန်နဲ့ လရောင်သာချိန်မှာ ထီးထီး ရှိနေမယ် ၊ မိသားစုအတွက် လောကဒဏ်ခံ ရှာပေးထားတဲ့ဖခင်ဟာ မိသားစုမေတ္တာကို ခံစားသင့်သလောက် မခံစားရဘူးဆိုရင် ဘာများမှားနေသလဲနော်။ တကယ်ဆို အများသဖြင့်သော အိမ်ထောင်စုမှာ ဖခင်တွေဟာ အိမ်စားဝတ်နေရေး ၊ မိသားစုဖူလှုံရေးဆိုတာကို အဓိက ရှာပေးနေရတာပါ။
ဒီလိုရှာပေးရင် လင်ဝတ္တရားကျပြီ ၊ ဖခင်ဝတ်ကျေပြီ ၊ အိမ်ထောင့်ဝတ်ကျေပြီလို့ သတ်မှတ်လိုက်တဲ့စိတ်က သားသမီးတွေအပါအဝင် မိသားစုဝင်တွေနဲ့ စိတ်ချင်းဝေးကွာဖို့ အဓိက အကြောင်းဖြစ်နေတယ်။ ကလေးတွေကို ပြုစုဖို့ ၊ ကလေးတွေနဲ့ လက်ပွန်းတတီးနေဖို့ ၊ ကလေးတာဝန်မျှယူဖို့ဟာ ငါ့တာဝန် (ခင်ပွန်းတာဝန်) မဟုတ်ဘူးလို့ ဆုံးဖြတ်နေထိုင်တာကိုက ကလေးတွေနဲ့ အနေဝေးဖို့ ဖြစ်လာတာပဲ။ အနေဝေးတော့ စိတ်ချင်းဝေးတာပေါ့။
ကလေးတွေရဲ့ တာဝန်ကို မျှဝေလုပ်ကိုင်ပေးရင် တခါကူတာနဲ့ တသက်လုံး ကူနေရမယ်။ မယားကျွန်ဖြစ်မယ်။ အပြင်မှာလဲ စီးပွားရှာရ ၊ အိမ်မှာလည်း ကူလုပ်ရနဲ့ မယားကျွန် အဖြစ်မခံနိုင်ဘူးဆိုတဲ့ ယောက်ျားမာန်ကြောင့် ကလေးတွေက အဖေဟာ သူတို့အနွံအတာမခံဘူး ၊ သူတို့အနွံအတာခံပြီး အစစလုပ်ကိုင်ပေးနေတဲ့ အမေ့လောက် သူတို့ကို မချစ်ဘူးဆိုတဲ့ ခံစားချက်နဲ့ ခံယူချက်ကို ဖြစ်သွားစေပါတယ်။
ကလေးတွေနဲ့ လက်ပွန်းတတီး ရောရောနှောနှောနေရင် မခန့်လေးစားဖြစ်သွားမယ်။ နောင် ဆိုဆုံးမတဲ့ ပြောစကားကို မကြောက်ဘဲ ၊ မခန့်ဘဲ ၊ နားမထောင်ဘဲနေမယ်ဆိုတဲ့ စိုးရိမ်စိတ်ကလည်း သားသမီးတွေနဲ့ အနေမနီးဖြစ်စေတဲ့ အကြောင်းတစ်ခုပါ။ ဒီလို ခပ်တည်တည် ၊ ခပ်ဟန့်ဟန့်နေရာကပဲ အနေများတဲ့ ဖခင်ဟာ သူယူထားတဲ့နေရာအတိုင်း သားသမီးတွေက သူ့ကိုမြင်တာနဲ့ ရှိန်သွားတာ ၊ တန့်သွားတာ ၊ နွေးနွေးထွေးထွေးမရှိတာ ၊ ဒီ့ထက်ပိုလာရင်တော့ မြင်ရုံနဲ့ ကြောက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်လုပ်ရပ်က ကိုယ့်ရောင်ပြန်ဟပ်သလို ကိုယ်ပေးတာ ကိုယ်ပြန်ရလိုက်တာပါ။
အာပေါက်အောင် ပြောလေ့ရှိတဲ့မိခင်ကြောင့် သားသမီးတွေဟာ မိခင်ရဲ့ ဆုံးမစကားကို နားလျှံပြီး အလေးမထားတော့တဲ့အခါ မိခင်က နင့်အဖေကိုပြောလိုက်ရမလား ၊ နင့်အဖေက ဒေါသထွက်ရင် ငါနဲ့မတူဘူးနော်ဆိုတဲ့ ခြောက်စကားတွေဟာ အလိုလိုနေရင်း အဖေကို ကြောက်ရွံ့စေတာမျိုးလည်း ဖြစ်စေပါတယ်။ အဖေ ရိုက်တာ မခံစားဖူးသည့်တိုင် အမေ့ပြောစကားနဲ့တင် ခပ်တန်းတန်းဖြစ်နေတဲ့အဖေဟာ ပိုကြောက်စရာကောင်းလာတာပေါ့။
သောက်တတ် ၊ စားတတ်တဲ့ဖခင် အိမ်ပြန်လာရင် ရနေတဲ့အရက်နံ့ ၊ ပုံမှန်မဟုတ်တဲ့ ပြောဆိုလုပ်ကိုင်မှုတွေကြောင့်လည်း ကလေးတွေဟာ ဖခင်ကို ခပ်ဝေးဝေးရှောင်နေနိုင်ပါတယ်။ သူတို့အရွယ်နဲ့ သူတို့သိထားတာဟာ အရက်ဆိုတာ မကောင်းတဲ့အရာ ၊ အရက်သောက်တဲ့သူဟာ မကောင်းတဲ့သူ ၊ လူဆိုးအများစုဟာ ဒီလိုသောက်စားပြီး အမှားတွေ လုပ်တတ်ကြတယ်လို့ အိမ်မှာရော ၊ ကျောင်းမှာရော ၊ ပတ်ဝန်းကျင်မှာရော သင်ယူတွေ့ရှိခဲ့ကြတာကိုး။
အဖေနဲ့အမေဟာ ခဏခဏ စကားများတတ်တယ် ၊ ကိုယ်ရောလက်ပါ ဖြစ်တတ်တဲ့ အဖေရှိနေပြီဆိုရင် ဘယ်သူမှန်တယ် ၊ မှားတယ်ဆိုတာကို မဝေခွဲတတ်သေးတဲ့ကလေးဟာ သူ့အနွံအတာခံတဲ့သူဘက်က ရပ်တည်မှာပါ။ ခံစားချက်က ဒီလူဘက်သာနေတာကိုး။ အများအားဖြင့် သူ့အနွံအတာခံတဲ့ မိခင်ဘက်က ရပ်တည်ပြီး ဖခင်ကို မုန်းတီးစိတ်အခံလေး ဝင်သွားပါတယ်။
ဖခင်အပေါ် အမြင်မကြည်တဲ့ မိခင် ၊ ကလေးရဲ့ အသိုင်းအဝန်းနဲ့ ပတ်ဝန်းကျင် ၊ ဆွေမျိုးတွေက ဖခင်ရဲ့ မကောင်းကြောင်း ပြောနေတာတွေ ကြားဖန်များတဲ့အခါမှာလည်း အမှန် ၊ အမှား မဝေခွဲတတ်သေးတဲ့ကလေးက ဖခင်ဟာ သူတို့ပြောသလို မကောင်းတဲ့လူအဖြစ် အလွယ်တကူ ယုံကြည်လက်ခံပြီး မုန်းတီးစိတ်အခံ ဝင်သွားတာလည်း ဖြစ်နိုင်ပါတယ်။
ခြေရှုပ်တတ်တဲ့ဖခင်နဲ့ စာရိတ္တ အစွန်းအထင်းရှိထားတဲ့ဖခင် ၊ ရုံးရောက်ဂါတ်ရောက် ရာဇဝင်တွေ ရှိဖူးတဲ့ဖခင်ကို အရပ်ပြော ၊ အများပြော ၊ အများကြဉ်ထားတဲ့ အပြုအမူ ၊ အပြောအဆိုတွေကို သင်ယူပြီး ဖခင်ကို မသိစိတ်ကနေတဆင့် သိစိတ်ကပါ ကြဉ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အမိုးလိုဖခင်နဲ့ အကာလိုမိခင်မှာ အမိုးရော ၊ အကာရော တင့်တောင့်တင့်တယ် ရှိပါမှ ခိုင်ခံ့တဲ့ မိသားစုကလေး ဖြစ်လာမှာပေါ့။ အကာရှိပြီး အမိုးမရှိရင် မလုံခြုံသလို အမိုးရှိပြီး အကာမရှိရင်လည်း လုံခြုံနွေးထွေးမှုမရှိပါဘူး။
ကိုယ်ငယ်ရွယ် လုပ်ကိုင်နိုင်တုန်းမှာ သားသမီးရဲ့ မေတ္တာခံစားလိုစိတ် ၊ သားသမီးနဲ့ လက်ပွန်းတတီး ရှိနေလိုစိတ်တွေဟာ သိပ်မသိသာပေမယ့် ဇရာပိုင်းရောက်လာတဲ့ ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ဝန်းကျင်မှာတော့ မိခင်နေရာက ဇနီးရရှိနေတဲ့ သားသမီးတွေရဲ့ နွေးထွေးမှု ၊ အပြန်အလှန် သိတတ်နားလည်မှု ၊ ချစ်ခြင်းမေတ္တာဆိုတာကကို မိဘတစ်ဦးဖြစ်တဲ့ကိုယ်ဟာ ခံစားချင်လာပါတယ်။ ငါလည်းမိဘပဲ ၊ သူတို့ဟာ ငါ့သွေးသားပဲ ၊ ငါလည်း သူတို့ကို ပံ့ပိုးပေးခဲ့တာပဲ ဆိုတဲ့စိတ်ကနေ ငါလည်း မိဘတစ်ဦးအနေနဲ့ ခံစားထိုက်တယ် ၊ ခံစားရမယ်ဆိုတဲ့စိတ် ဝင်လာပါတယ်။
ခံစားရတယ် ၊ မရဘူးဆိုတာကတော့ သားသမီးတွေရဲ့ ပေးအပ်မှုအပေါ်မှာ မူတည်နေပါတယ်။ သားသမီးတွေရဲ့ သိတတ်မှုဆိုတာကလည်း သူတို့ကို များများပေးခဲ့တဲ့သူကို များများ ပြန်ပေးမှာဖြစ်ပြီး ၊ နည်းနည်းပေးခဲ့သူကို နည်းနည်းပေးမှာပါ ၊ ကိုယ်က ပေးအပ်ခဲ့သည်တိုင် သားသမီးတွေက မပေးအပ်ခဲ့ဘူးလို့ ခံစားနေရရင်လည်း ကိုယ်ဟာ ပြန်ခံစားခွင့်ရရှိမှာမဟုတ်ပါဘူး။ ကိုယ်က မပေးအပ်ခဲ့ဘဲ အတင်းကို ခံစားလိုချင်တယ်ဆိုရင် သားသမီးတွေရဲ့ မခန့်လေးစား ဖယ်ကြဉ်မှုကို ဒီအရွယ်မှာ ခံစားရနိုင်တယ်လေ။
သူစိမ်းတွေ စိမ်းတယ်ဆိုတာ သူစိမ်းမို့လို့ သိပ်မခံစားရပါဘူး။ မိသားစုဝင်တွေ စိမ်းရင်တော့ ဒီစိမ်းကားမှုကို ခံစားရတဲ့ မိသားစုဝင်တွေရဲ့စိတ်ထဲမှာ ပိုနာကျင်ခံစားရတယ်လေ။ မိသားစုဝင်တွေဆိုတော့ သူစိမ်းတွေ ၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေထက် ပိုသိတတ်မှု ၊ နွေးထွေးမှု ၊ အလိုက်သိကြင်နာမှု ၊ ပြုစုယုယမှု ၊ ချစ်ခြင်းမေတ္တာပေးအပ်မှု ဆိုတာတွေကို ဘယ်သူမဆို ခံစားလိုကြပါတယ်။ ခံစားချင်တာတွေ မခံစားရတော့ ပိုနာကျင်တာပေါ့။ မခံစားရတဲ့အပြင် စိတ်နာကျင်မှုကို ဖြစ်စေရင် စိတ်ဒဏ်ရာတွေပေးခဲ့တဲ့ မိသားစုဝင်တွေကို စိတ်နာလာနိုင်တယ်လေ။ တချိန် သူကအားသာပြီး ကိုယ်က အားနည်းသွားတဲ့အရွယ်မှာ ငါဟာ နင့်မိဘ ၊ ငါလိုချင်တာ နင်ပေးရမယ့်တာဝန်ရှိတယ်လို့ မဆိုခင် တချိန်က ငါဟာ အခု ငါလိုချင်တဲ့အရာတွေ မိသားစုဝင်တွေကို ပေးအပ်ခဲ့ရဲ့လားဆိုတာ အရင်မေးရမှာပါ။
ကိုယ်မပေးခဲ့တဲ့အရာကို တောင်းတဲ့အခါ မရိုင်းတဲ့သားသမီးဟာ သူနိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ပေးချင်သလောက် ပြန်ပေးနိုင်ပေမယ့် သူမရခဲ့တဲ့ ကြင်နာမှု ၊ နွေးထွေးမှု ၊ ချစ်ခြင်းမေတ္တာတွေ ကိုယ့်ကိုပေးတတ်မှာ မဟုတ်ဘူး ၊ ပေးချင်မှာမဟုတ်ဘူး။ ကိုယ်က သူတို့ကို စိတ်ဒဏ်ရာပေးမိခဲ့ရင် အတောင်အလက်စုံတဲ့သူတို့ဟာ ကိုယ်နဲ့ဝေးရာမှာပဲ ပျော်နေတော့မှာပါ။ ကိုယ်ဟာ သားသမီးတွေငယ်စဉ်က သူတို့နဲ့ အနေဝေး ၊ စိမ်းကားမှုတွေ ပေးခဲ့လို့ (တနည်းအားဖြင့် နွေးထွေးမှု မပေးခဲ့လို့) ကိုယ်အိုမင်းမစွမ်းဖြစ်ချိန်မှာ စိမ်းကားမှု ၊ အထီးကျန်မှုတွေကို ပြန်ခံစားရတာပါ။ မေတ္တာပေးမှ မေတ္တာရတာလေ။ မေတ္တာဆိုတာ ယောကျာ်းရယ် ၊ မိန်းမရယ် မခွဲခြားဘဲ လူတိုင်းခံစားလိုကြတဲ့အရာမို့ မေတ္တာလိုချင်ရင် မေတ္တာပေးရမှာပေါ့။ နွေးထွေးကြင်နာမှုလိုချင်ရင် နွေးထွေးကြင်နာမှုပေးရမယ် ၊ အလိုက်သိတတ်မှုလိုချင်ရင် အလိုက်သိတတ်ပေးရမယ်။ ကိုယ်လိုချင်တာ အရင်ဆုံး ကိုယ့်ဘက်ကပေးမှ နောင်တချိန်မှာ ပြန်ရနိုင်ကောင်းရဲ့နော်။ မိဘမေတ္တာဆိုတာ စုန်ရေမို့ ဆန်ရေဖြစ်လာဖို့ဟာ မေတ္တာကိုပဲ အားကိုးရမှာပါ။
ရတု (Burmesehearts.com)