class="post-thumbnail open-lightbox" href>
မာနချင်းပြိုင်လို့ အချစ်မှာ အောင်နိုင်မတဲ့လား
ဆက်ဆံရေးအဆင်မပြေတဲ့ ချစ်သူစုံတွဲတွေ ၊ အိမ်ထောင်ဘက်တွေ အများစုဟာ မာနချင်းပြိုင်လာပါတယ်။ တချို့ကျတော့ မာနချင်းပြိုင်ရာက ဆက်ဆံရေး အဆင်မပြေ ဖြစ်လာကြတာပါ။ ဒီလိုမာနချင်းပြိုင်လာခဲ့တဲ့ သူတို့ရဲ့ အဆုံးသတ်ဟာ လမ်းခွဲခြင်း ၊ မပျော်ရွှင်ခြင်းတွေ ဖြစ်လို့နေပါတယ်။
မာနချင်း ဘယ်သူတွေ ပြိုင်လာကြသလဲဆိုရင် အရည်အချင်းရှိတဲ့စုံတွဲတွေ ၊ ငွေကြေးချမ်းသာမှု မတိမ်းမယိမ်းရှိသူတွေ ၊ ဝင်ငွေမတိမ်းမယိမ်းရှိသူတွေ ၊ အောင်မြင်မှုရနေတဲ့စုံတွဲတွေ ၊ ဂုဏ်ဒြပ်သိပ်မကွာဟသူတွေအပြင် စိတ်နောက်ကိုယ်ပါ ခံစားတတ်ကြတဲ့သူတွေလည်း ပါဝင်လို့နေပါတယ်။ စိတ်နောက်ကိုယ်ပါ ခံစားတတ်ကြသူတွေကတော့ မရှိမာနလို့ သူများတွေ ကင်ပွန်းတပ်ကြတာပေါ့။ တချို့တွေကျတော့ အလိုလို အောက်ခြေလွတ်နေတဲ့ သူတွေကလည်း မာနတွေ တလွှားလွှားပေါ့။
မာနထောင်လွှားတဲ့သူတွေ အများအားဖြင့် တူညီစွာရရှိကြတာကတော့ မြှောက်စား ၊ ပေါင်းစား ၊ ညာစားမယ့်သူတွေများပြီး ကွယ်တာနဲ့ မိမိဟာ လူ့ချဉ်ဖတ်ကြီးဖြစ်ကြောင်းကို အတင်းချသူတွေပါ။ မိမိမာနကြောင့် စစ်မှန်တဲ့ အပေါင်းအသင်းနည်းလာပါတယ်။ စစ်မှန်တဲ့ အပေါင်းအသင်း နည်းလာတော့ တပါးသူအပေါ် ယုံကြည်မှုထားဖို့ ခက်လာတယ်။ တပါးသူအပေါ် ယုံကြည်မှုထားဖို့ခက်လာတော့ ကိုယ့်အနားမှာရှိနေတဲ့ လက်တွဲဖော် (အိမ်ထောင်ဘက်)တွေကိုတောင် မယုံကြည်နိုင်တော့ဘူး ဖြစ်လာတယ်။
ငါလိုလူ ဇမ္ဗူမှာမရှိလို့ထင်ပြီး ပြိုင်ဘက်တွေထက် ပိုသာအောင် မိမိအချိန်တွေ ၊ မိမိအားထုတ်မှုတွေ ၊ မိမိခံစားမှုတွေကို မာနလွှင့်သထက်လွှင့်နိုင်အောင် အားစိုက်ထုတ်နေတော့ သူ့ရဲ့ လက်တွဲဖော် (အိမ်ထောင်ဘက်)တွေဟာ သူရဲ့ဂရုစိုက်မှု မရရှိဘဲ အထီးကျန်လာပါတယ်။ အဲဒီလက်တွဲဖော်ဟာ မာနတံခွန်ထူနေသူထက် နိမ့်ကျရင် အတိုင်းအတာတစ်ခုအထိ (ချစ်ခြင်းမေတ္တာကြောင့်ပဲဖြစ်ဖြစ်) သည်းခံနေဦးမှာဖြစ်ပေမယ့် အခြေအနေတူ ရှိသူတွေကတော့ “နင်ကဘာမို့လို ငါ့ကို ဒီလိုချိုးတာလဲ” ဆိုတာနဲ့စပြီး အဆင်မပြေဖြစ်ကြတော့တာပဲ။
တဖက်ကလည်း အောက်ကျမခံ ၊ တဖက်ကလည်း သည်းမခံ ဒီစုံတွဲမှ မကွဲရင် ဘယ်စုံတွဲတွေ ကွဲမလဲ။ သူတို့တွေဟာ အနိုင်မခံ အရှုံးမပေးစိတ်တွေနဲ့ မာနချင်းပြိုင်လာပြီ။ တစ်ယောက်က ထိလွယ်ရှလွယ် ဆတ်ဆတ်ထိမခံ ဆက်ဆံရေးကို အခြေခံထားပြီမို့ တဖက်သား သဘောရိုးနဲ့လုပ်ရင်တောင် တမျိုးတွေးလို့ အပြစ်မြင်လာပါပြီ။ ဒီလိုအချိန်တွေ ၊ နေ့ရက်တွေ ၊ လတွေ ကြာလာရင်တော့ လက်မထပ်ရသေးတဲ့ စုံတွဲတွေဆို လမ်းခွဲသွားမှာဖြစ်ပြီး လက်ထပ်ပြီးသားစုံတွဲတွေက အဘက်ဘက်ကို ငဲ့ညှာထောက်ထားနေရတဲ့အခါမှာ လမ်းခွဲရင်ခွဲ ၊ မကွဲရင်တော့ သူစိမ်းတွေထက် အနေစိမ်းလာပြီပေါ့။ ဒီလိုအိမ်ထောင်တွေမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဆိုတာ ဖြစ်လာနိုင်ပါ့မလား။ သူတို့မာနတွေ ခဝါမချနိုင်သရွေ့ မဖြစ်နိုင်ပါဘူး။
အိမ်မှာ ပျော်ရွှင်မှုရှာမရတဲ့သူတို့ဟာ အပြင်ထွက်ပြီး ပျော်ရွှင်မှုရှာလာကြမယ် ။ ဒီကနေတဆင့် ဖောက်ပြန်မှုတွေ ဖြစ်လာမယ် ။ နဂိုကတည်းက ထိတာနဲ့ မီးထတောက်နေတဲ့ ဆက်ဆံရေးဟာ ဖောက်ပြန်မှုတွေ ပါလာရင်တော့ ခံစားချက်တွေ နာသထက် နာလာပြီး ခွင့်လွှတ်ဖို့ရာ အကြောင်းမရှိတော့ဘူးပေါ့။ ဒီလိုအိမ်ထောင်တွေမှာတော့ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုဟာ မရှိနိုင်တော့ပါဘူး။ ပျော်စရာအချို့ ရှိလာသည့်တိုင် တလျောက်လုံး ခါးသည်းလာခဲ့တဲ့ ခံစားချက်တွေကြောင့် တခါချိုပြီး အခါခါ ခါးနေမှာပါ။
ဒီတော့ ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ရယူတည်ထောင်လိုသူတိုင်းဟာ မိမိမှာ ရှိနေတဲ့မာန အလွှာလွှာကို လက်တွဲဖော်နားမရောက်ခင်ကတည်းက ပုံချထားခဲ့ရမှာ ဖြစ်ပါတယ်။ အိမ်ထောင်သည်တွေဆိုရင်တော့ လမ်းထိပ်မှာကတည်းက အဲဒီမာနဆိုတာကြီးကို စွန့်ထားခဲ့ပါ။ မိမိအိမ်ထောင်ဘက်တွေတင်မက လူဆိုတာ သာရေး ၊ နာရေး တစ်ယောက်တည်း ရပ်တည်မနေနိုင်တာမို့ အနည်းဆုံး ဟိုဘက်အိမ် ၊ ဒီဘက်အိမ် ၊ အရှေ့ ၊ အနောက်တော့ ဆက်ဆံရေး အဆင်ပြေဖို့လည်း လိုတယ်လေ။ ကူးလူးဆက်ယှက်မှု လုပ်တာ ၊ မလုပ်တာဟာ နောက်တပိုင်းပေါ့။ အနည်းဆုံးတော့ တွေ့ရင်ပြုံးပြနိုင်တဲ့အဆင့် ၊ မေးထူး ၊ ခေါ်ပြော ၊ နှုတ်ဆက်လောက်တော့ ရှိနေသင့်တယ် မဟုတ်လား။
မိမိဟာ အပြင်မှာ ဘာကြီးပဲဖြစ်ဖြစ် ဒီအိမ်ထောင်မှာတော့ ခင်ပွန်း ၊ ဇနီး ၊ ဖခင် ၊ မိခင် စတဲ့ ရာထူးကနေ ပိုမလာပါဘူး။ ကိုယ်ရထားတဲ့ နေရာ ရာထူးအတိုင်း မေတ္တာပေးဖို့ ၊ နားလည်မှုပေးဖို့ ၊ နွေးထွေးမှုပေးဖို့ ၊ ဖေးမမှုပေးဖို့ ၊ ဂရုစိုက်မှုပေးဖို့ ၊ ကိုယ်ချင်းစာပေးဖို့ ၊ ကူညီပေးဖို့ ၊ ချီးမြှောက်ဂုဏ်ပြုပေးဖို့ဆိုတာတွေကို လုပ်ရမှာပါ။ ပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ချင်တယ်ဆိုရင်ပေါ့။
ဘယ်လောက် ဂုဏ်ဒြပ် ၊ ငွေကြေး ၊ ပညာတွေ ပြည့်စုံသူဖြစ်နေပစေ ။ ကိုယ်မေ့မြောလို့နေတဲ့အခါ ၊ ကိုယ်ဘာသာ လုပ်ကိုင်နိုင်ဖို့ မတတ်နိုင်တော့တဲ့ အခြေအနေမှာ အဲဒီအရာတွေက သူ့အလိုလို လာပြုစုကူညီမှာမဟုတ်ပါဘူး။ ကိုယ့်အနီးဆုံးမှာရှိတဲ့ ဇနီး ၊ ခင်ပွန်း နဲ့ သားသမီးတွေကသာ ကိုယ့်ကို အနီးကပ်လာပြုစု ကူညီပေးမယ့်သူတွေပါ။ သူစိမ်းကောင်းလှ ဘယ်လောက်ပြုစုနိုင်မလဲ။ ကိုယ့်မိသားစုက ကိုယ်သာရင်စံပြီး ကိုယ်နာတဲ့အချိန်မှာ အနီးကပ်ခံစားလို့ ဂရုစိုက်စောင့်ရှောက်မှု ပေးနိုင်သူတွေပါ။
ပိုနားလည်နိုင်အောင်လို့ တကယ့်ဖြစ်ရပ်နှစ်ခုကို ဥပမာပေးပါမယ်။ ပထမတစ်ခုမှာ မုဆိုးမ အမျိုးသမီးကြီးတစ်ဦးဖြစ်ပါတယ်။ သူက ပတ်ဝန်းကျင်နဲ့ အမျိုးတွေအပေါ်မှာ သင့်တင့်တဲ့ ဆက်ဆံရေးရှိပါတယ်။ သားသမီးကို အလိုမကျသူဖြစ်ပြီး သားသမီးတွေကလည်း နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်ကြပါတယ်။ တနေ့ သူ့အိမ်မှာပဲ အစာအဆိပ်သင့်တယ်။ ဗီရိုထဲမှာ ငွေတွေရှိတယ်။ ဒီငွေတွေအကြောင်း မသိတဲ့ အမျိုးတွေက ဆေးရုံပေါ်ကသူ့ကိုပံ့ပိုးတယ်။ ဒီလိုနဲ့ သူသတိလစ်မေ့မြောသွားတဲ့အခါ သူ့ကျန်းမာရေးကုသဖို့ တကယ်ဆုံးဖြတ်ချက်ချပေးရမယ့်သူတွေက သားသမီးတွေ ဖြစ်နေတယ်။ သားသမီးတွေအနားမှာမရှိတော့ ဗီရိုထဲမှာ ငွေတွေရှိနေလည်း ၊ ပံ့ပိုးမယ့်သူတွေ အနားမှာရှိနေလည်း ၊ ပုဂ္ဂလိက ဆေးရုံပေါ်တက်ကုသနေလည်း ၊ မေ့မြောနေတဲ့ သူ့အနားက စပါယ်ရှယ်နာ့စ်ဆိုသူတွေက ဝတ္ထုဖတ်ကောင်းတုန်းပေါ့။ သားသမီးတွေ အနားကို အချိန်မီရောက်လာလို့ ၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီး ဆေးရုံပြောင်းကုသလို့ တကယ်စေတနာထားကုတဲ့ အထူးကုဆရာဝန်ကြီးနဲ့ တွေ့ခဲ့လို့သာ အသက်မသေရတာပါ။ ဗီရိုထဲက သူ့ငွေတွေဟာ သူအိမ်ပြန်တဲ့အထိ ဒီအတိုင်း ရှိနေခဲ့ပါတယ်။ ဒီငွေတွေက မေ့မြောနေတဲ့ သူ့အသက်ကို မကယ်နိုင်ပါဘူး။ တကယ်လို့သာ သူအိမ်ပြန်မရောက်ခဲ့ရင် ဒီငွေတွေဟာ ဒီဗီရိုထဲမှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။
နောက်ဖြစ်ရပ်အမှန်တစ်ခုကတော့ (၅၀)ကျော်လို့ (၆၀)နီးပါးအရွယ်ရှိ ပြည့်စုံပြီး မာနထောင်လွှားတတ်ကြတဲ့ ဇနီးမောင်နှံ နှစ်ဦးအကြောင်းပါ။ သူတို့ဇနီးမောင်နှံဟာ သားသမီးမရှိကြဘူး။ နှစ်ယောက်သိပ်ချစ်ပြီး တတွဲတွဲ အဖော်ပြုပေမယ့် ပတ်ဝန်းကျင် နဲ့ မိတ်ဆွေအသိုင်းအဝန်းက သူတို့ကို အပေါ်ယံပေါင်းကြသူတွေဖြစ်တယ်။ ဒါကိုလည်း သူတို့နှစ်ဦးသိတယ်။ မိဘတွေရပ်ဝေးရောက်နေတဲ့ တူမ(အပျို)တစ်ဦးကို အိမ်မှာတင်ထားပြီး အိမ်ဖော်တစ်ဦးရှိတယ်။ တစ်နေ့ အတူလမ်းလျှောက်ရင်း အမျိုးသမီးက ခလုတ်တိုက်လဲကျတာကို အမျိုးသားက လှမ်းဆွဲကူရင်း နှစ်ယောက်စလုံး လဲကျလို့ ဆေးရုံရောက်ကြတယ်။ အမျိုးသမီးက ခါးမှာ စတီးရိုးထည့်ရပြီး ခြေထောက်နှစ်ဖက်လုံးမှာ စတီးရိုးတွေ ထည့်ရတယ်။ အသက်ကြီးတော့ အရိုးအဆစ်တွေ အားမကောင်းတော့ဘူးလေ။ ဒါ့အပြင် အမျိုးသမီးက သွေးတိုး ၊ ဆီးချိုလည်းရှိတယ်။ အမျိုးသားကတော့ ပြုတ်ကျရင်း ခေါင်းထိသွားခဲ့ပြီး စကားကို မပြောနိုင်တော့ဘူး။ ထလဲမထနိုင်ဘူး။ လှုပ်ရှားမှုလည်း မပြုနိုင်တော့ဘူး။ သတိတော့ရှိသေးတယ်။ ဆေးရုံက နှစ်ဦးလုံးဆင်းလာရပေမယ့် အိပ်ခန်းထဲက ခုတင်တဖက်တချက်ပေါ်မှာ တနေကုန် လျောင်းလျက်အနေအထားပဲရှိတယ်။ သူများလာမကျွေးရင် ထမစားနိုင်ဘူး။ အမျိုးသမီးက ဗိုက်ဆာတယ်လို့ ပါးစပ်က အော်နေနိုင်ပေမယ့် အမျိုးသားကတော့ အော်ကို မအော်နိုင်တာပါ။ ချီးပေ ၊ သေးပေနဲ့ သန့်ရှင်းရေးလည်း သူများမှမလုပ်ပေးရင် ဘာသာမလုပ်နိုင်ကြသူတွေပါ။ ပထမတော့ အိမ်ဖော်နဲ့ အိမ်မှာရှိတဲ့တူမက လုပ်ပေးတယ်။ အမျိုးသမီးဟာ သူ့အပြင် သူ့ခင်ပွန်းကိုလည်း သူတို့အလိုကျ ပြုစုစေချင်တယ်။ နဂိုကတည်းက မာနကြီးပြီး စိတ်ဆတ်တဲ့အမျိုးသမီးဟာ ဖြစ်နေတဲ့အခြေအနကြောင့် စိတ်တို ၊ အော်ဟစ် ၊ အလိုမကျမှုတွေ ပိုများလာတယ်။ သူ့စကားလုံးတွေ ၊ မောက်မာမှုတွေကို မခံနိုင်တဲ့ သူတို့တူမဟာ အချိန်မှန် ကျွေးလို့ သန့်ရှင်းပေးရမယ့်တာဝန်ကို မယူဘဲ အိမ်ဖော်နဲ့ပစ်ထားတယ်။ အိမ်ဖော်ကတော့ အိမ်ကပစ္စည်းတွေ လူလစ်တုန်းမပြီး ထွက်ပြေးသွားတယ်။ တူမကတော့ အိမ်မှာအဖော်ရအောင်လို့ လက်မထပ်ရသေးတဲ့ သူ့ချစ်သူကို အိမ်ပေါ် သူ့သဘောနဲ့သူ ခေါ်တင်လာတယ်။ အိပ်ယာပေါ်က လူကြီးတွေက သူတို့အိပ်ခန်းလောက်ပဲ မြင်နိုင်ကြတာလေ။ သူတို့တွေရဲ့ အနာဂါတ်ဟာ ဘယ်လိုရှိမှာလဲ။ သေတဲ့အထိ လူရော ၊ စိတ်ပါ ခံစားသွားကြရပါတယ်။ သူတို့မှာရှိတဲ့ စိန်တွေ ၊ ရွှေတွေ ၊ ငွေတွေက အိပ်ယာထဲလဲနေတဲ့သူတို့ကို သေသည်အထိ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ပါဘူး။
ဒါဟာ လုပ်ကြံဇတ်လမ်းမဟုတ်ဘဲ တကယ့်အဖြစ်တွေ ဖြစ်ပါတယ်။ ဒီတော့ မာနကြီးတိုင်း မကောင်းပါဘူး။ မာနထောင်လွှားတိုင်း မကောင်းပါဘူး။ မာနဟာ တကယ်တော့ ကောင်းကျိုးပေးတဲ့အရာမဟုတ်ဘူး။ ငွေရှိတိုင်း ၊ ဂုဏ်ရှိတိုင်းလည်း လုံခြုံစိတ်ချရမှုမရှိဘူးဆိုတာကို စာဖတ်ပရိသတ်တွေ သတိထားလောက်မိပြီပေါ့။ နွေးထွေးတဲ့ဆက်ဆံရေး ၊ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုတည်ထောင်ဖို့ မာနတွေကို စွန့်ပစ်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။