class="post-thumbnail open-lightbox" href>
မိဘစီမံသော အိမ်ထောင်ရေး၏ ကောင်းခြင်း ၊ ဆိုးခြင်း
အရှေ့တိုင်းမှာ သားပေး သမီးယူလို့ လူငယ်ချင်း ပေးစားတာ သိပ်ခေတ်စားပါတယ်။ အရှေ့တိုင်းဆိုတော့ မြန်မာနိုင်ငံလည်း အပါအဝင်ပေါ့။ သားပေး သမီးယူလုပ်လို့ ကိုယ်သဘောတူရာနဲ့ စီမံပေးစားတာ ကောင်းသလား ၊ မကောင်းသလား လေ့လာရအောင်နော်။
လူကြီးတွေက ဘာကြောင့် သားပေး ၊ သမီးယူ လုပ်ချင်ကြတာလဲ။
၁။ မတော်ရာနဲ့ တွေ့သွားမှာစိုးလို့။ (ကိုယ့်သားသမီးကို အိမ်ထောင်ဖက်ရွေး မမှားစေချင်တဲ့သဘောပါ။)
၂။ ကိုယ်ယုံကြည်ရသူလက်ထဲမှာ အပ်ချင်လို့။ (မိဘချင်း ၊ လူငယ်ချင်း အကြောင်းသိတွေမို့ နောက်ကြောင်းတွေ ပူစရာမလိုလို့ပါ။)
၃။ ကိုယ့်သားသမီး နောင်ရေးကောင်းစားစေချင်လို့။ (ဒါကျတော့ ဆင်းရဲတဲ့မိသားစုတွေ ဆုံးဖြတ်လေ့ရှိတတ်တာမျိုးပါ။)
၎။ အိမ်ထောင်ဖက်က အိမ်ထောင်ဦးဆောင်ထိန်းသိမ်းမှု နိုင်နိုင်နင်းနင်း ရှိစေဖို့။ (တဘက်ကအရည်အချင်းရှိသူဆိုရင် ကိုယ့်သားသမီးနဲ့ အကြောင်းပါစေချင်တယ်။)
၅။ သားသမီးအိမ်ထောင်ကျသွားသည့်တိုင် ဒီအိမ်ထောင်ကို အကြောင်းအားလျော်စွာ လိုအပ်ရင် လိုအပ်သလို ပဲ့ကိုင်ခွင့်ရှိလို့။ (ကိုယ်စီမံပေးခဲ့တဲ့ အိမ်ထောင်ရေးမို့ ကာလတခုအထိ ဆက်စီမံပေးချင်တာမျိုးပါ။)
၆။ အိမ်ထောင်ကွဲသွားလို့ ကိုယ့်သားသမီးနဲ့ ကိုယ့်ကြား ကြားလူဝင် သွေးထိုးတာမျိုး မဖြစ်ချင်လို့။ (ကိုယ့်သားသမီးအိမ်ထောင်ဖက်ကြောင့် မိသားစုဆက်ဆံရေး အဆက်ပြတ်မှာ စိုးရိမ်တာမျိုးပါ။)
၇။ သူ့အိမ်လည်း ကိုယ့်အိမ် ၊ ကိုယ့်အိမ်လည်း သူ့အိမ် နှစ်ဖက်မိဘနဲ့ အိမ်ထောင်ကျသွားတဲ့ သားသမီးတွေအကြား ဥဒဟို ကူးလူးဆက်ဆံချင်လို့။ (ကိုယ်မသိတဲ့ တစိမ်းဖက်လာရင် ကိုယ့်မလိုတာမျိုး ရှိနိုင်လို့ ကိုယ့်လူရင်းတွေထဲကနေ ဖိတ်မယ့်ဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ချင်တာမျိုးပါ။)
အပေါ်မှာပေးထားတဲ့ (၇)ချက်အပြင် ကျန်တာတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါတွေက အများအားဖြင့် တွေ့နေကျမို့ပါ။
နံပါတ်(၁)ကို အကျယ်ရှင်းရရင် မိဘအများစုဟာ ကိုယ့်သားသမီးကို တန်ဖိုးမဖြတ်နိုင်တဲ့ အကောင်းဆုံးလူလို့ တွေးမြင်ကြတဲ့အတွက် လူလည် ၊ မိန်းမလည်နဲ့ အကြောင်းပါမှာ စိုးကြပါတယ်။ သမီးရှင်ဆို ကိုယ့်သမီးကို အရက်သမား ၊ ဖဲသမား ၊ လောင်ကစားသမား ၊ ဘိန်းစွဲသူ၊ သိုက်တူးသူ ၊ ပွေရှုပ်သူ ၊ ရမ်းကားသူ ၊ အလုပ်အကိုင်အတည်တကျမရှိ ယောင်ခြောက်ဆယ်လုပ်နေသူ ၊ အနာဂါတ်ရည်ရွယ်ချက် မရေရာ လုပ်နေတာတွေတလွဲဆိုရင် ကိုယ့်သမီးရှေ့ရေးအတွက် မသင့်တော်ဘူးထင်ပြီး ဒီလိုလူမျိုးကို သားမက်မတော်ချင်ပါဘူး။
ကိုယ်ကသားရှင်ဆိုရင်လည်း အိမ်ထောင်စုမနိုင်ဘဲ အလှအပ အပျော်အပါးဘဲ စိတ်ဝင်စားတဲ့သူ ၊ ယောကျာ်းလေးတွေနဲ့ ဟိုတွဲဒီတွဲလုပ်ပြီး ဟီလာတိုက်တတ်သူ ၊ ဗိုင်းကောင်းကျောက်ဖိ မနေတတ်တဲ့သူ ၊ မိန်းမတန်ဖိုး မထိန်းနိုင်တဲ့သူ ၊ ကိုယ့်သားကို လိုက်ကပ်ပြီး ပိုင်းနေတယ်လို့ ယူဆတဲ့သူဆိုရင် သဘောမတူတတ်ပါဘူး။
အပေါ်ကလိုလူမျိုးလက်ထဲ ကိုယ့်သားသမီးရောက်သွားမှာစိုးတဲ့အတွက် နံပါတ်(၂)မှာ မိဘချင်းရင်းနှီးပြီး တသက်သူအကြောင်း ကောင်းကောင်းသိလို့ ယုံကြည်ရတယ်ဆို ငါ့သားသမီးအိမ်ထောင်ဖက်သာ ဒီကလေးဖြစ်ရင် ငါ့သားသမီးလေး စိတ်ချမ်းသာလောက်ရဲ့ဆိုတဲ့စိတ်နဲ့ မိမိယုံကြည်သူလက်ထဲ အပ်ချင်တာပါ။
နံပါတ်(၃)လို သားသမီးနောင်ရေးကောင်းစားဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ်တွေဆင်းရဲသလို ရှေ့ဆက် ကိုယ့်သားသမီး မဆင်းရဲရအောင် ၊ သူ့ကို တင့်တောင်တင့်တယ် တန်ဖိုးထားပြီး အဆင့်မြှင့်တင်ပေးနိုင်သူရဲ့ လက်ထဲကို ဝကွက်အပ်လိုက်ချင်တဲ့ သဘောပါ။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားရသလို သားသမီးကောင်းစားရင် တို့ဘက်ပြန်လှည့်မကြည့်တောင် သူ့ဘဝသူ ကောင်းကောင်းတည်ဆောက်နိုင်ပြီ။ တို့ဘက်လှည့်ကြည့်ရင် တို့မွေးရကျိုးနပ်ပြီလို့ တွေးတဲ့မိဘတွေလည်း တွေးမှာပေါ့။
သမီးပေးပြီး သားမက်ဖမ်းချင်တဲ့မိဘတွေဟာ နံပါတ်(၄)က စတာပဲ။ မြန်မာဓလေ့ထုံးစံတွေမှာ ဇနီးဟာ ခင်ပွန်းကို မှီခိုရလေ့ရှိတာမို့ မှီခိုနိုင်လောက်တဲ့ အရည်အချင်း ၊ ရာထူးဂုဏ်ဒြပ် ၊ စီးပွားဥစ္စာ ပြည့်စုံနေပြီဆိုရင် တချို့မိဘတွေက သမီးကိုဗန်းပြပြီး သားမက်ဖမ်းဖို့ ကြိုးစားလာတာတွေလည်းရှိတယ်။ တချို့မိဘတွေက အရည်အချင်းရှိပြီး ဗိုင်းကောင်းကျောက်ဖိ ကိုယ့်မျက်စိအောက် အရွယ်ရောက်လာခဲ့တဲ့ မိန်းကလေးဆို ချွေးမဖမ်းတော်ချင်ကြသေးတယ်။
ကိုယ့်သားသမီးဟာ ကိုယ်မသိဘဲ လူငယ်သဘာဝ သူချစ်တဲ့သူနဲ့ အိမ်ထောင်ပြုသွားတယ်ဆို မိဘတွေက သားသမီးအိမ်ထောင်ဖက်ကို တည့်အောင်ပေါင်းဖို့ထက် မိမိတို့ကို သားသမီးရဲ့ ဇနီး/ခင်ပွန်းက တည့်အောင်ပေါင်းဖို့ လိုလားကြတာ အများစုလိုဖြစ်နေပြီ။ ဘာကြောင့်လဲတော့မသိဘူး။ ယောက္ခမ ယောက္ခထီးနေရာ ရောက်လာတဲ့ မြန်မာနိုင်ငံက သားရှင် သမီးရှင်တွေဟာ သားမက်နဲ့ ချွေးမကို သူတို့မိသားစုနဲ့ အဆင်ပြေအောင် ပေါင်းစေချင်တယ်။ ယောက်မရှိရင် ယောက်မတွေပါ အစစ်ပါတတ်သေးတယ်။ နံပါတ်(၅)မှာလို ကိုယ်ပေးစားတဲ့ အိမ်ထောင်ဖက်နဲ့ဆိုရင် တစိမ်းကို ပေါင်းသင်းရတာထက် သြဇာညောင်းတယ်။ သားနဲ့ချွေးမကြား ၊ သမီးနဲ့ သားမက်ကြား ဝင်ပြောဆိုရတာ ပိုအဆင်ပြေတယ်လို့ သတ်မှတ်ကြတယ်။
နံပါတ်(၆)က ကိုယ့်သားသမီးက လူငယ်သဘာဝ သူချစ်တဲ့သူနဲ့ လက်ဆက်လိုက်ရင် အဲဒီတစ်ယောက်က ကိုယ့်မိသားစုတွင်းမှာရှိနေတဲ့ နွေးထွေးတဲ့ဆက်ဆံရေး ပျက်ပြားအောင် သွေးထိုးမှာ ၊ အထင်လွဲ အမြင်လွဲအောင်လုပ်မှာ ၊ ဂုံးတိုက်မှာတွေ မဖြစ်ချင်တဲ့အတွက် မိဘချင်း သဘောတူစီမံတာကိုပဲ ခန့်ခန့်ထည်ထည်နဲ့ လက်ဆက်ပေးချင်တာပါ။
နှစ်ဖက်မိဘကလည်းသိပြီးသား လူရင်းတွေဖြစ် လူငယ်ချင်းကလည်း အကြောင်းပါဆိုရင် ဟိုဘက်မိဘဟာလည်း လူရင်းအိမ် ထူးအားနာစရာမရှိ ၊ မိမိအိမ်ဟာလည်း သူတို့အတွက် လူရင်းအိမ်ဖြစ်နေတော့ သူတို့အတွက် ဇနိုးဇနောင့်ဖြစ်စရာမရှိ ၊ တကယ်လို့များ ဒီသားသမီးတွေကို အိမ်ခွဲနေခွင့်ပေးလိုက်ရင်တောင် ကိုယ်တွေ လူကြီးချင်းတူ စီမံထားတဲ့ အိမ်ထောင်ရေးမို့ သူတို့အိမ်ဟာလည်း ဥဒဟို ဝင်ထွက်ခွင့်ရနေတဲ့အိမ် ဖြစ်သွားမှာပေါ့။ နှစ်အိမ့်တစ်အိမ်ဆိုတာ နံပါတ်(၇)ကို ပြောတာပဲ။
ဒီလိုဆို လူကြီးတွေ စီမံပေးတဲ့အိမ်ထောင်ရေးဟာ မကောင်းဘူးလားဆိုတော့ လူငယ်တွေအချင်းချင်း သံယောဇဉ်ရှိပြီးသား ၊ သဘောတူကြည်ဖြူ လက်ခံနိုင်ပြီးသားဆိုရင် ကောင်းပါတယ်။ ကိုယ်တိုင် သဘောတူလက်ခံခဲ့တဲ့ အိမ်ထောင်ရေးမို့ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ သံယောဇဉ်ဖြစ်လာ ၊ သားသမီးတွေရှိလာတော့ ပိုတွယ်တာလာတာတွေ ဖြစ်နိုင်ပါတယ်။ ဒီကတဆင့်တိုးရင် ဒီသံယောဇဉ်တွေကနေ အချစ်ဖြစ်တည်လို့ သာယာတဲ့အိမ်ထောင်ရေး တည်ဆောက်နိုင်တာပေါ့။
ကိုယ့်မှာ ချစ်ရမယ့်သူ ၊ ရွေးချယ်ရမယ့်သူမရှိရင် လူကြီးတွေ စီမံပေးတဲ့အိမ်ထောင်ရေးဟာ မဆိုးဘူး ၊ လက်ခံနိုင်စရာလို့ ဆိုနိုင်ပါတယ်။ ဘယ်မိဘမှ ကိုယ့်သားသမီးကို ချောက်ထဲ တွန်းမချချင်ကြပါဘူး။ ဒ့ါအပြင် အားသာချက်တချို့လည်း ရှိနေပါသေးတယ်။
ကိုယ့်ဘာသာနှစ်ဦးချစ်ကြိုက်လို့ယူခဲ့တဲ့ အိမ်ထောင်ဘက်ဆိုရင် သူမကောင်းရင် သူ့မိဘ ၊ ကိုယ့်မိဘ ဖွင့်ထုတ်ပြောဖို့ မရဲဘူး။ ကိုယ့်ဘာသာ သူမကောင်းသမျှ အံကြိတ်ခံရတာလေ။ သူကောင်းရင် ကိုယ်စံ ၊ သူ့မိဘနဲ့ကိုယ့်မိဘလည်း မျှစံမှာပေါ့။ (ဇနီး ၊ ခင်ပွန်းသာ ပြောင်းသွားလို့ရတာ မိဘ ၊ မောင်နှမဆိုတာ သေတဲ့အထိ ပြောင်းသွားလို့မရဘူးလေ။ ဒီကိုသိထားရင် ဒီလူတွေနဲ့အပြိုင် သူနိုင် ၊ ကိုယ်နိုင် ချဲစရာမလိုဘူးပေါ့။ နောက်ဆုံးကိုယ်တွေ ကွဲပြဲသွားခဲ့ရင် သူတို့က သွေးသားရင်းမို့ နိုင်ပြီးသားလေ။)
မိဘသဘောတူတဲ့ အိမ်ထောင်ရေးယူထားတဲ့သူတွေကျတော့ ဒီဘက်မှာ တအားသာသွားပြီ။ ကိုယ့်အိမ်ထောင်ဖက်မကောင်းဘူးဆို အမေတို့ပေးစားထားတဲ့ အမေ့သားမက်လေ ၊ အမေ့ချွေးမလေ ဒီလို ဒါတွေ လုပ်နေတယ် ၊ ဘာညာနဲ့ စောဒကတက်ခွင့်ရှိတယ်။ ကိုယ်တွေနှစ်ယောက်အဆင်မပြေရင် ပြေလည်အောင် သူတို့က ဝင်ဖျန်ဖြေပေးတယ်။ မကောင်းတဲ့သူကို နှစ်ဖက်မိဘတွေက ကူထိန်းပေးတယ်။ သူတို့သားသမီး သူတို့အာဏာစက်နဲ့ ဖျောင်းဖြနားချတယ်။ သူတို့လုပ်ပိုင်ခွင့်ရှိသလောက် ကိုယ့်ဘက်ကရပ်တည်ပေးတယ်။ ဘာဖြစ်လို့လဲဆို သူတို့စီမံတဲ့အိမ်ထောင်ရေးမို့ တော်ရုံတော့ သူတို့မျက်နှာအပျက်မခံတတ်ပါဘူး။ နောက်ဆုံး အိမ်ထောင်ဖက်နဲ့ စိတ်ဆိုးစကားများလို့ အမေ့အိမ် ခပ်တည်တည် တက်နေနိုင်ကြသေးတယ်။
ကိုယ့်အိမ်ထောင်ဖက်ကလည်း ကိုယ့်စကားသာ နားမထောင်ချင်နေမယ်။ မိဘတွေစကားဆိုတာတော့ မိဘနဲ့ပြတ်မှာစိုးစိတ်နဲ့ အတင်းကာရော မပယ်ရှားရဲတဲ့အတွက် ဆိုးတာတောင် ထိန်းထိန်းသိမ်းသိမ်း ဆိုးရတဲ့ သဘောလေ။ နောက်ဆုံး သူဆိုးလို့ ကွဲသွားခဲ့ရင်တောင် သူတို့စီမံခဲ့တဲ့ အိမ်ထောင်ရေးမို့ ကိုယ့်ဘက်ကို သနားငဲ့ညှာစွာ ရပ်တည်မှုပေးတယ်လေ။ ဒါတွေက အားသာချက်တွေပေါ့။
အားနည်းချက်ကတော့ သူတို့စီမံတဲ့အိမ်ထောင်ရေးမို့ သူတို့ဝင်စွက်ဖက်ခွင့်ရှိတယ်လို့ သူတို့က ခံယူထားကြပါတယ်။ ဒီတော့ ကိုယ်လင်မယားဟာ သူ့ဘာသာသူ ချစ်လို့ယူထားတဲ့ စုံတွဲတွေလောက်တော့ မလွတ်လပ်ကြဘူးပေါ့။ မကျေနပ်လည်း မပြောရဲ ၊ မပြောသင့်တဲ့အနေအထားမို့ ကိုယ့်မိဘ ၊ သူ့မိဘမျက်နှာ ထောက်ထားနေရတာတွေအတွက် စိတ်ကျဉ်းကြပ်မှုတွေ ရှိနေနိုင်ပါတယ်။
အထူးသဖြင့် အိမ်ခွဲမနေဘဲ ဟိုဘက်မိဘ ၊ ဒီဘက်မိဘအိမ် တက်နေတဲ့ စုံတွဲတွေဆို သာဆိုးသေး။ ယောက်မတွေရှိနေရင် ယောက်မနဲ့ မတည့်တာတွေ များတယ်။ တချို့ကံကောင်းသူတွေကျတော့ ယောက်ဖ ၊ ယောက်မတွေ အတော်ကောင်းကြတာကိုလည်း မြင်ဖူးပါတယ်။ တကယ့်ညီအစ်ကို ၊ ညီအစ်မတွေလို စေတနာထားကြတာလည်း ရှိပါတယ်။
ဒါတွေက မိဘတွေစီမံတဲ့ အိမ်ထောင်ရေးရဲ့ကောင်းခြင်း ဆိုးခြင်းတွေပါ။ ကိုယ်နှစ်ဦးချစ်မြတ်နိုးလို့ လက်တွဲတာ ကောင်းပါတယ်။ လူဆိုတာ မိဘဆွေမျိုး ၊ ပတ်ဝန်းကျင်နဲ့ လုံးဝပြတ်စဲသွားလို့ မရတာမို့ သူတို့က သဘောတူကြည်ဖြူရင် ပိုကောင်းတာပေါ့။ အကောင်းနဲ့အဆိုးဟာ နေရာတိုင်း ဒွန်တွဲနေနိုင်တာမို့ အကောင်းချည်းပဲ လိုချင်လို့တော့ မရနိုင်ဘူးလေ။ ကိုယ်တိုင်က ကောင်းနေသည့်တိုင် ကံလည်း ကောင်းနေဦးပါမှ အကောင်းချည်းပဲ ရနိုင်တာပါ။
ရတု (Burmesehearts.com)