class="post-thumbnail open-lightbox" href>
မိဘနှင့် အနေဝေးသောကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှု
မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အရေး ၊ လုပ်ခလစာတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို လိုက်မမီနိုင်သေးတော့ အလုပ်ချိန်(၈)နာရီ လုပ်ရတာချင်းအတူတူ (တနေ့တာ အချိန်ကုန်သွားတာချင်းအတူတူ) ပိုစုမိအောင် နိုင်ငံရပ်ခြားထွက်ပြီး အလုပ်လုပ်ရတဲ့မိဘတွေ ရှိမှာပါပဲ။ တချို့ကျတော့လည်း ပြည်တွင်းမှာလုပ်ကိုင်နေပေမယ့် တာဝန်အထွေထွေကြောင့် မိသားစုနဲ့အဝေးမှာ ကာလရှည်ကြာခွဲခွါလို့ လုပ်ကိုင်နေရတဲ့သူတွေလည်း ရှိမှာပါပဲ။ မိသားစုရဲ့ စားဝတ်နေရေးအတွက် ၊ အကြောင်းအကျိုးတွေကြောင့် သားသမီးတွေရဲ့ အဝေးမှာ လုပ်ကိုင်နေထိုင်နေရသူတွေအတွက် ဒီပို့စ်ကို ရေးလိုက်ပါတယ်။
သဘာဝအတိုင်းဖြစ်သင့် ၊ ရှိသင့်တဲ့ မိဘနဲ့သားသမီး အတူရှိတာအကောင်းဆုံးလို့ လက်ခံရင် မိဘရဲ့အဝေးမှာ နေထိုင်ကြီးပြင်းရတဲ့ သားသမီးတွေရဲ့ စိတ်ခံစားချက် ၊ ကိုယ်ကျန်းမာရေးတွေဟာ မကောင်းဘူးလို့ လက်မခံနိုင်ဘူးလား။ လက်မခံချင်တာ ဖြစ်နိုင်သလို ၊ လက်မခံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို လက်မခံချင်သူတွေ ၊ လက်မခံနိုင်သူတွေအတွက် ကျွန်မဟာ ဒီပို့စ်ကို အကိုးအကား ၊ အချက်အလက် အတိအကျသုံးပြီး ရှင်းလင်း ရေးသားတာပါ။
တကမ္ဘာလုံးမှာ စာအုပ်အရေအတွက် သန်းချီပြီး ရောင်းခဲ့ရတဲ့ စာရေးသူ ကလေးသူငယ်များဆိုင်ရာ စိတ်ပညာရှင်ဖြစ်တဲ့ Steve Biddulph ရေးသားတဲ့ Raising Babies ဆိုတဲ့ခေါင်းစဉ်အောက်က “Why Your Love Is Best” ဆိုတဲ့စာအုပ်ကို ကိုးကားပြီး ကျွန်မရေးသားတာဖြစ်ပါတယ်။ အဲဒီစာအုပ်ရဲ့ စာမျက်နှာ(၂၁)မှာ ” The health consequences of distant parenting” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာကို ကျွန်မက ကိုးကားထားပါတယ်။ ခေါင်းစဉ်အဓိပ္ပါယ်ကတော့ အနေဝေးသော မိဘများရှိတဲ့ သားသမီးတွေရဲ့ ကျန်းမာရေးသက်ရောက်မှုများလို့ ဘာသာပြန်လိုက်ပါစို့။
မိဘတွေနဲ့ နီးနီးကပ်ကပ် အနေနီးပြီး ကြီးပြင်းခွင့်ရတဲ့ ကလေးတွေဟာ သူတို့ဘဝအစခရီးမှာတင် ပျော်ရွှင်မှုကို ခံစားကြရတာမို့ ဘာကြောင့် ကလေးတွေဟာ မိဘတွေနဲ့ အတူကြီးပြင်းခွင့်ရတာကို ပျော်ရွှင်ကြသလဲ ၊ ဘာကြောင့် မိဘနဲ့သားသမီး နီးနီးကပ်ကပ် ရှိနေဖို့လိုအပ်သလဲဆိုတာကို (၁၉၅၀)ခုနှစ်ကစပြီး အမေရိကန်နိုင်ငံသား လေ့လာရေးပညာရှင်တွေက (၃၅)နှစ်ကြာ စာတမ်းပြုစုလေ့လာခဲ့ကြပါတယ်။
ဒီလိုသူတို့လေ့လာတဲ့အခါမှာ လေ့လာမှုအစကတည်းကနေ အသေးစိတ် အင်တာဗျူးပြီး မှတ်တမ်းတင်ခဲ့ကြတာပါ။ ဘာတွေ အင်တာဗျူးပြီး မှတ်တမ်းတင်တာလဲဆိုတော့ သူတို့မိဘတွေနဲ့ သူတို့ ဘယ်လောက်အထိ နီးနီးကပ်ကပ် လက်ပွန်းတတီးနေထိုင်တဲ့ ဆက်ဆံရေးမျိုး ရှိသလဲ ။ ဒီအပေါ် ဘယ်လိုခံစားရသလဲဆိုတဲ့ မေးခွန်းတွေ အပါအဝင် သူတို့တွေရဲ့ စိတ်ခံစားမှု ၊ ကိုယ်ကျန်းမာမှု အထွေထွေကို မှတ်တမ်းတင်ခဲ့တာပါ။
လေ့လာတွေ့ရှိချက်ကတော့ (၉၁)ရာခိုင်နှုန်းရှိနေတဲ့ မိဘတွေနဲ့ အနေဝေး ၊ ဆက်ဆံရေးအေးခဲတဲ့ သားသမီးတွေဟာ ပြင်းထန်လှတဲ့ ကိုယ်မကျန်းမာမှု ၊ နာဖျားခြင်းစတဲ့ ရောဂါအထွေထွေကို သူတို့ရဲ့ သက်တမ်းတဝက်မှာ (လူလတ်ပိုင်းအရွယ်မှာ) ခံစားကြရတာပါပဲ။ ဖခင်တွေနဲ့ အနေနီးတဲ့သူတွေကော ၊ ဖခင်တွေနဲ့ အနေမနီးတဲ့သူတွေဟာလည်း ဒီလိုမျိုးအလားတူ ခံစားကြရတယ်လို့ သိရပါတယ်။ ကျန်းမာရေး အဆိုးဆုံးဆိုတဲ့ အခြေအနေကို ခံစားကြရသူတွေက မိရော ၊ ဘရော နီးနီးကပ်ကပ် ၊ နွေးနွေးထွေးထွေး နေထိုင်တဲ့ ဆက်ဆံရေး မရှိကြဘူးလို့ သိရပါတယ်။ ဒီရာခိုင်နှုန်းဟာ မိဘနဲ့ နွေးနွေးထွေးထွေး ဆက်ဆံရေး ရှိတယ်လို့ ဆိုသူတွေထက် နှစ်ဆဖြစ်နေတယ်လို့လည်း ဒီလေ့လာတွေ့ရှိချက်ထဲမှာ ထည့်ရေးသားခဲ့ပါတယ်။
ဘယ်လိုရောဂါမျိုးတွေကို သူတို့ခံစားကြရလေ့ရှိသလဲဆိုတာကိုလည်း သူတို့ဟာ ရေးသားဖော်ပြခဲ့ကြပါတယ်။ မိဘနဲ့ အနေဝေးသူ ၊ အနေစိမ်းသူ ၊ နွေးနွေးထွေးထွေး ဆက်ဆံရေးမရှိသူတွေ လူလတ်ပိုင်းမှာ ခံစားကြရတဲ့ ရောဂါတွေဟာ နှလုံးရောဂါ ၊ ကင်ဆာ ၊ ကိုယ်တွင်း ကိုယ်ပ ပြည်တည်နာများ ၊ အရက်စွဲတဲ့ရောဂါ ၊ သွေးတိုးရောဂါ ၊ နာတာရှည် ပန်းနာရင်ကြပ် ရောဂါတွေ ဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလော လေ့လာတွေ့ရှိချက်တွေအရ မေတ္တာတရားက လူကိုကျန်းမာစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကလေးဘဝက မေတ္တာတရားနဲ့ နွေးထွေးမှု ခံစားခဲ့ရခြင်း ၊ မခံစားခဲ့ရခြင်း အထွေထွေဟာ ဘဝတလျောက်မှာ ကလေးအရွယ်ကနေ လူငယ်၊ လူရွယ် ၊ လူကြီးဖြစ်လာမယ့်သူတွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိတယ်လို့ သိရပါတယ်။
သုတေသနတစ်ဦးဖြစ်တဲ့ ဒေါက်တာ Norman Anderson ဟာလည်း အလားတူ ရှာဖွေလေ့လာမှုကို ၂၀၀၃ခုနှစ်က ပြုလုပ်ခဲ့ပြီး တူညီတဲ့ရလဒ်ကို လူပေါင်း ငါးသောင်းငါးထောင် ရှာဖွေသုတေသနပြုခဲ့တဲ့ လေ့လာမှုပေါင်း (၂၀)ကနေ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် မိဘနဲ့ ကလေးကြီးပြင်းလာတဲ့အထိ အတူနေထိုင်ခြင်းတွေဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ၊ စာရိတ္တပိုင်းဆိုင်ရာနဲ့ ကျန်းမာရေး ဆိုင်ရာတွေကို အထောက်အကူ ပြုနေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
ကလေးတစ်ယောက် ခံစားရတဲ့ ခံစားချက်ကိုပြောမယ်ဆိုရင် ကလေးဟာ မိဘတွေ သူလူတန်းစေ့နေထိုင်စားသောက် ပညာသင်နိုင်ဖို့ သူရဲ့အနီးမှာ မနေနိုင်ဘဲ အဝေးမှာ လုပ်ကိုင်ရှာဖွေရတာ နားမလည်နိုင်သေးပါဘူး။
သူ့အရွယ်နဲ့ သူနားလည်တာက သူများမိဘတွေဟာ သူတို့သားသမီးတွေအနားမှာ နေနိုင်တယ်။ အဖော်ပြုတယ်။ နွေးထွေးမှုပေးတယ်။ သူ့ကျတော့ မိဘတွေ အနားမှာမရှိဘူး။ မိဘရဲ့နွေးထွေးမှု မခံစားရဘူး။ မိဘရဲ့ကြင်နာယုယမှု မခံစားရဘူး။ ဒီခံစားချက်တွေက သူ့ရင်ဘတ်ထဲမှာ လစ်ဟာချက်တွေ ဖြစ်စေတယ်။ မကျေနပ်ချက်တွေ ဖြစ်စေတယ်။ အလိုမကျချက်တွေ ဖြစ်စေတယ်။ မနာခံစိတ်တွေ ဖြစ်စေတယ်။ အရွဲ့တိုက်ချင်စိတ်တွေ ဖြစ်စေတယ်။
ငယ်ငယ်တုန်းက မိဘတွေပို့ပေးတဲ့ ကစားစရာ ၊ မုန့်ဖိုးစတာတွေနဲ့ ကျေနပ်ဖြေသိမ့်နိုင်ပေမယ့် သိတတ်နားလည်လာလေလေ လစ်ဟာချက်ကို ခံစားရလေလေနဲ့ အရွယ်ရလာတာနဲ့အမျှ ခံစားချက်က သူ့ကို ဦးဆောင်လို့သွားပါတယ်။
ကျွန်မမိဘတွေဟာ ကျွန်မငယ်ငယ်က အလုပ်အတော်များသူတွေပါ။ ကျောင်းနေစဉ်တလျောက် မိဘက ကျောင်းအပ်တာမျိုး ၊ ကျောင်းကြို ကျောင်းပို့တာမျိုး မခံစားရပါဘူး။ အိမ်ကကား သို့မဟုတ် ကျောင်းကား စတာတွေက ကျွန်မ ကျောင်းသူဘဝက ခံစားရတဲ့ မေတ္တာ လစ်ဟာချက်ကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ မုန့်စားဆင်းချိန်မှာ သူများမိဘတွေ သားသမီးကိုလာတွေ့ပြီး ပူပူနွေးနွေးကျွေးလို့ တမနက်စာ ကျောင်းအတွေ့အကြုံမေးတာ ၊ မုန့်ဝယ်ကျွေးတာကို မြင်ရရင် ဝမ်းနည်းတယ်။ ကျောင်းကြိုကျောင်းပို့ လုပ်တဲ့မိဘတွေကို မြင်ရတဲ့အခါ ဘာရယ်မဟုတ်ဝမ်းနည်းလေ့ရှိတယ်။
သူတို့မိဘတွေကို လက်ဆွဲကိုင် ချွဲနွဲ့တာကို မြင်ရရင် မိဘရှိတဲ့ကိုယ်လည်း မိဘလက်ဆွဲကိုင်ပြီး ကျောင်းကအိမ်ပြန်ခွင့် လိုချင်မိတယ်လေ။ ဒါပေမယ့် မရခဲ့ဘူး။ အရွယ်ရောက်လာတော့ ဒါဟာ မိဘတွေဟာ မအားလပ်လို့ဆိုတာ နားလည်လာပေမယ့် ဟိုတုန်းက ခံစားခဲ့ရတဲ့ လစ်ဟာချက်ကတော့ အစားထိုးလို့ မရဘူးလေ။ အခုအချိန်မှာ သူတို့ဟာ ကျွန်မကို အဲဒီတုန်းလို ကျွန်မသင်တဲ့ ကျောင်းမှာလာတွေ့ ၊ လာကြိုချင်တယ်ဆိုလို့ ဒီလိုအချိန်ဟာ ပြန်မှမရတော့ဘဲလေ။
ကျောင်းသွားကျောင်းပြန် မိဘရဲ့နွေးထွေးမှုဆိုတာ မခံစားရရင် အိမ်မှာရှိနေချိန်လေးမှာတော့ နွေးထွေးမှု ခံစားလိုကြတာပေါ့။ အလုပ်ပန်းလာတဲ့မိဘဟာ သားသမီးအတွက် အချိန်ပေးပါရဲ့လား ။ အချိန်ပေးလိုပါရဲ့လား။ ဒါကျတော့ မိဘရဲ့ ရွေးချယ်မှုဖြစ်သွားပြီ။ ထားပါတော့ တပတ်လုံးမအားဘူး။ အိမ်ပြန်နောက်ကျလို့ ကလေးအိပ်ချိန်မှ အိမ်ရောက်တယ်ဆို ကိုယ်နားချိန်ရတဲ့ နေ့တဝက် ၊ တစ်ရက်ဆိုတဲ့ အချိန်ကလေးကို သားသမီးအတွက် နွေးနွေးထွေးထွေးဆက်ဆံရေး ဖြစ်စေခဲ့မယ်ဆိုရင် သားသမီးတွေရဲ့ ခံစားချက်အတွက် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါပေမယ့် အိမ်အလုပ်တွေ တခြားကိစ္စတွေ အချိန်ပေးနေရတော့ သားသမီးအတွက် အချိန်မပေးဖြစ်တဲ့အခါ သားသမီးတွေရဲ့ရင်ထဲက လစ်ဟာချက်ကို မိဘတွေဟာ မတွေးပေးနိုင်တော့ဘူး။
စားချိန်စား ၊ အိပ်ချိန်အိပ် ၊ စာသင်ချိန်သင် ၊ ကစားချိန်ကစား ကလေးဘာသာဘာဝ ကြီးပြင်းရတယ်ဆိုပေမယ့် စိတ်အဆာဖြစ်တဲ့ မိဘမေတ္တာဟာ သူတို့အတွက် မရှိမဖြစ်လိုအပ်နေပါတယ်။ အစားအသောက်က ကိုယ်အတွက်အစာဆို နွေးထွေးမှုမေတ္တာဟာ စိတ်အတွက်အစာပါ။ စိတ်အတွက်အစာကို လုံလုံလောက်လောက် မရရှိဘူး ၊ လုံးဝမခံစားရဘူးဆိုရင် သူတို့ဟာ စိတ်အာဟာရပြတ်လာပါတယ်။
ဒီတော့ တခြားကလေးတွေ ပျော်တဲ့အချိန်မှာ ရယ်မောနေကောင်းနေနိုင်တဲ့ သူတို့ဟာ တကယ့်ပျော်ရွှင်မှုဆိုတာကို မခံစားရဘူး။ အဲဒီလစ်ဟာချက်ဟာ အချိန်နဲ့အမျှ ကျယ်ပြန့်သထက်ကျယ်ပြန့် ၊ နက်ရှိုင်းသထက်နက်ရှိုင်းလာပါတယ်။ ဆယ်ကျော်သက်အရွယ် ၊ လူငယ်လေးအရွယ် ရောက်တဲ့အချိန်မှာ အထက်မှာ ဖော်ပြထားခဲ့ မကျေနပ်ချက်တွေ ၊ အလိုမကျချက်တွေ ၊ မနာခံစိတ်တွေ ၊ အရွဲ့တိုက်ချင်စိတ်တွေ ဖုံးလွှမ်းလို့ လာပါတယ်။ ဒီအခါ သားသမီးကို ထိန်းသိမ်းရခက်ပြီပေါ့။
ကိုယ်ကသူ့ရှေ့ရေးကောင်းဖို့ အဝေးမှာနေထိုင် လုပ်ကိုင်ပြီး ပံ့ပိုးခဲ့ပေမယ့် သူဟာ ကိုယ်မျှော်လင့်သလို ဖြစ်မလာဘဲ ဂျစ်တစ်တစ် ဆိုသွမ်းသွမ်းကလေးဖြစ်လာမယ်ဆို ကလေးကို အပြစ်မတင်ခင် ဒီစာလေးဖတ်ပြီး သူ့စိတ်ခံစားချက်နဲ့ အခြေအနေကို နားလည်မှုပေးလိုက်ပါ။ ပြီးရင်အကောင်းဆုံးနည်းနဲ့ သူ့အနားမှာ မေတ္တာပေးလို့ ဒီစရိုက်တွေ ဖြေဖျောက်ဖို့ နည်းလမ်းရှာရမှာပါ။
ဒီလိုမျိုးတွေ မကြုံချင် ၊ မဖြစ်ချင်ရင် တနေ့တာ ၊ တပတ်တရက် စသဖြင့် ရတဲ့အချိန် သူ့အတွက် အချိန်ပေးပါ။ သူပြောချင်တာတွေ နားထောင်ပါ။ နားလည်မှုတည်ဆောက်ပါ။ နွေးထွေးကြင်နာမှုပေးပါ။ ပဲ့ပြင်သွန်သင်ပါ။ အဝေးမှာနေတဲ့မိဘ အွန်လိုင်းကဖြစ်ဖြစ် ၊ ဖုန်းခေါ်လို့ဖြစ်ဖြစ် သားသမီးကိုချစ်ကြောင်း ၊ ဂရုစိုက်ကြောင်း ၊ အလေးထားကြောင်း အမြဲပြောပြီး ယုယကြင်နာမှုကို ခံစားစေပါ။ လုံးဝမခံစားရတာထက်စာရင် နည်းနည်းခံစားရရင် သူ့ရင်ထဲကလစ်ဟာမှုတွေ နည်းနည်း သက်သာတာပေါ့။ မေတ္တာပေးချင်စိတ်က မေတ္တာခံစားရဖို့ အဓိကလိုအပ်ချက်ဖြစ်နေပါတယ်။ မိဘတိုင်း ကလေးငယ်တွေကို နားလည်မှုပေးပြီး နွေးထွေးတဲ့မေတ္တာနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုပေးနိုင်ပါစေ။
ရတု (Burmesehearts.com)