class="post-thumbnail open-lightbox" href>
မိသားစုအတွင်းက ဆက်ဆံရေးလျှို့ဝှက်ချက်
အမျိုးသားတွေဟာ သူတို့ ကျားသဘာဝအရ ချစ်ပေမယ့် အဲဒီချစ်ခြင်းမေတ္တာကို အမျိုးသမီးတွေလို တဖွဖွပြောပြီး ဖော်ပြတာမျိုးတွေ မရှိတတ်ပါဘူး။ သူတို့ရဲ့ ယေဘူယျအတွေးက ကိုယ့်မိသားစုကိုချစ်ရင် သူတို့ကို ပြည့်စုံသထက်ပြည့်စုံအောင် မတောင့်မတ မကြောင့်မကြနေနိုင်အောင် ကြိုးစားလုပ်ကိုင်မယ် ၊ ဒီလိုအနေအထားမျိုးနဲ့ ထားမယ်ပေါ့။ ဒါဟာ သူတို့ခံယူချက်လေ။
အမျိုးသမီးတွေကျတော့ ချစ်ခြင်းမေတ္တာကို စကားလုံးတွေ ၊ ယုယကြင်နာမှုတွေ ၊ ဖေးမကူညီလုပ်ကိုင်ပေးတာတွေနဲ့ ပိုခံစားလိုကြတယ်။ ဒီလို သဘာဝနှစ်ခု ကွာဟမှုကို သိသွားပြီဆိုရင် ညှိနှိုင်းရလွယ်သွားပြီပေါ့။ အိမ်ထောင်ရှင် အမျိုးသမီးအများစုမှာ တူညီတဲ့ စိတ်ပူပန်မှုရှိတယ်။ ခင်ပွန်းက အိမ်ထောင်သက်ကြာတာနဲ့အမျှ သူတို့အပေါ် ရိုးသွားမလား ၊ အချစ်ပြယ်သွားမလား ၊ အသစ်တစ်ယောက်တွေ့နေမလား စတဲ့ အတွေးအထွေထွေနဲ့ စိုးရိမ်ပူပန်ကြတာပါ။
ချစ်သေးရဲ့လား မေးတတ်တဲ့သူတို့ကို ချစ်ပါတယ်လို့ နေ့စဉ် ၊ ညစဉ် အခေါက်ခေါက်အခါခါ ပြောဦးတော့ ။ သူတို့ရဲ့ ဒီသံယအတွေးကိုတော့ လုံးဝ ဖယ်ဖျောက်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။ ကိုယ်က သူတို့ကို “ပင်ပန်းနေလား ၊ ဘာကူလုပ်ပေးရဦးမလဲ ၊ ဒီနေ့မိန်းမလက်ရာက ကောင်းလှချည်လား ၊ ငါ့မိန်းမက အတော်ဆုံး” စတဲ့ စကားလေးတွေ ရံဖန်ရံခါ ပြောပေးရင်ဖြင့် သူတို့ရဲ့ သံသယအတွေးကို ဖော့ပေးနိုင်ပြီး နှစ်ဦးကမ္ဘာမှာ အချိန်နဲ့အမျှ ယုံကြည်မှု တည်ဆောက်ယူနိုင်တယ်လေ။
ဒီလိုမှမဟုတ်ဘူးဆိုရင် အိမ်ထောင်သက်ကြာလာတဲ့ အမျိုးသမီးဟာ ပိုလှချင်လာမယ် ၊ ပိုပြင်ဆင်လာတာမျိုး ရှိနိုင်ပါတယ်။ သူတို့ဟာ ကိုယ့်ယောက်ျား အခြားအမျိုးသမီးအပေါ် အာရုံမရောက်အောင် ၊ မယူခင်တုန်းကလို သူတို့ဆီ အာရုံကပ်နေအောင် ၊ တနည်းအားဖြင့် သူတို့ဟာ ပြင်လိုက်ရင် လှနေဆဲဆိုတာ ၊ အလှမပျက်သေးဘူးဆိုတာ သက်သေပြရင်း ခင်ပွန်းကို သူတို့ဘက် ပြန်ဆွဲယူလိုကြတာပါ။
ကိုယ့်ဇနီးက ဒီလိုဖြစ်နေရင် သူတို့ကို ပိုအာရုံထားလိုက်ပါ။ သူမဟာ အရင်ကလို မလှတော့ဘူးလို့ ကိုယ့်စိတ်ထဲမှာ ဖြစ်နေလည်းပဲ ကိုယ်နဲ့မယူခင်နဲ့ ယူတုန်းက သူမဟာ လှနေခဲ့သားပဲ ။ ကိုယ်နဲ့ အချိန်တွေ အတူတကွ ဖြတ်သန်းရင်းနဲ့ သူမအလှတွေ မနုပျိုတော့တာ ၊ ရင့်လာတာ ၊ အလှပျက်လာတာတွေ ဖြစ်လာတာ သူမ အပြစ်မဟုတ်ပါဘူး။ ပန်းအစစ်တစ်ပွင့်ဟာ အမြဲတမ်း လန်းပြီးမွှေးမနေနိုင်ဘူးလေ။ အချိန်ရွေ့လျားလာတာနဲ့အမျှ ဇရာဆိုတာ သူသူကိုယ်ကိုယ် ရှိကြပါတယ်။ သူ့နုပျိုမှုတွေကို ကိုယ်နဲ့အတူဖြတ်သန်းချိန်မှာ ခံစားခဲ့ပြီးပြီပဲ။ မယုံရင် ပုံတွေပြန်ကြည့်လေ။ သူမဟာ လှနေခဲ့သားပဲ။ သူမ မလှခဲ့လည်း သူမကို သဘောကျခဲ့တဲ့ အရာတခုခုကြောင့် ကိုယ်ဟာ သူမကို လက်တွဲခဲ့တာမဟုတ်လား။ အခုမှ ပြောင်းလဲမယ်ဆို ကိုယ်ဟာ မမျှတသူ ၊ မငဲ့ညှာသူတစ်ဦးပါ။
အလှတွေ တမူထူးပြင်လာပြီး လှလားမေးလာတဲ့ ဇနီးကို လှတယ်လို့ပြောပြီး ဖုန်းကင်မရာနဲ့ ဓါတ်ပုံထုတ်ရိုက်ပြလိုက် ၊ သူမနဲ့အတူ နှစ်ယောက်တွဲ ဓါတ်ပုံရိုက်လိုက် ၊ ကိုယ့်ဖုန်း Screen မှာ သူမနဲ့အတူ လောလောလတ်လတ် ရိုက်ထားတဲ့ပုံလေး ပြောင်းတင်လိုက်မယ်ဆိုရင် ဇနီးသည်ဟာ စိတ်ထဲမှာ အတော်ပျော်သွားမှာပါ။ ကိုယ့်ကိုလည်း ငါ့ယောကျာ်းဟာ ငါ့ကို မပြောင်းမလဲ ချစ်နေတုန်းပဲလို့ ပိုယုံကြည်လာတယ်။ “Actions speak louder than Words.” တဲ့။ ကိုယ်လုပ်လိုက်တဲ့ အပြုအမူတွေဟာ စကားလုံးတွေထက် ပိုတာသွားပြီး ပိုယုံကြည်ရတယ်လေ။ ဒီလိုဆို ဇနီးသည်ရဲ့ကိုးစားမှုကို ပိုရလာမယ်။ သူမရဲ့ မဟုတ်တဲ့ သံသယတွေကိုလည်း စကားလုံးမဲ့ ချေဖျက်ပြီးသားဖြစ်တယ်။ တမဟုတ်ချင်း မိသားစုကမ္ဘာလေးက ပိုသာယာလာသလို ရှိလာမယ်လေ။
အမျိုးသမီးတွေဟာ အိမ်ထောင်သက်ကြာလာမှ ခင်ပွန်းကို သံသယဝင်လာတတ်တာ မဟုတ်ပါဘူး။ အိမ်ထောင်သက်နုပေမယ့် ကိုယ်ဝန်လွယ် ၊ ကလေးမွေးဖွားပြီးတဲ့ အချိန်တွေမှာ ငါဟာ အရင်တုန်းကလို လှသေးရဲ့လား ၊ အလှပျက်သွားပြီလား ၊ ငါ့အမျိုးသား ငါ့အပေါ် စိတ်ကုန်သွားပြီလား ၊ ငါ့ထက်လှတဲ့သူနဲ့ ငါ့နောက်ကွယ်မှာ ခြေရှုပ်နေပြီလား ၊ ငါ့ကို မချစ်တော့ဘူးလား ၊ ငါနဲ့ ကလေးကို ထားသွားရင်ဒုက္ခပဲဆိုတဲ့ အပူကိုယ်စီ ခံစားရတတ်ပါတယ်။
ဒီအပူက ချောလှတဲ့အမျိုးသမီးမှာ ရှိနိုင်သလို ထက်မြက်တဲ့အမျိုးသမီးတွေမှာလည်း ရှိနိုင်ပါတယ်။ ရိုးရိုးအေးအေး အမျိုးသမီးတွေမှာရှိနေနိုင်သလို ခင်ပွန်းကိုပဲ အားကိုးနေတဲ့ သာမာန်အိမ်ရှင်မတွေမှာလည်း ရှိနေနိုင်ပါတယ်။ သူတို့ရဲ့ တူညီသော ခံစားချက်က ဒီခင်ပွန်း ၊ ဒီအိမ်ထောင်ကို သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် သာသာယာယာနဲ့ ရိုးမြေကျ ပေါင်းသင်းသွားလိုတာပါ။ သူတို့ ဖွင့်ပြောသည်ရှိ ဖွင့်မပြောသည်ရှိ အိမ်ထောင်ရှင်မတွေဖြစ်တဲ့ သူတို့ဟာ ဒီအိမ်ထောင်လေး ပျော်ရွှင်မြဲမြံလေ ကျေနပ်လေပါပဲ။
ခင်ပွန်းဟာ ကလေးအမေဖြစ်သွားတဲ့ ငါ့ကို ချစ်သေးရဲ့လားဆိုတဲ့ အပူရှိနေချိန်မှာ ခင်ပွန်းလုပ်သူက အလုပ်ပင်ပန်းလို့ပဲဖြစ်ဖြစ် ၊ အလုပ်အဆင်မပြေလို့ပဲဖြစ်ဖြစ် အိမ်မှာနေတဲ့အချိန် ကြည်ကြည်သာသာ မရှိဘူး ၊ ချိုချိုသာသာမဆိုဘူး ၊ မိန်းမအပေါ်လည်း ဂရုမစိုက်ဘူး ၊ ကလေးကိုလည်း သိပ်စိတ်မဝင်စားဘူးလို့ သူတို့ထင်မယ်ဆိုရင် သူတို့ရဲ့ သံသယဟာ ကြီးထွားလာပါပြီ။ ဒါဟာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ဒီသံသယကို မချေဖျက်နိုင်ရင် အိမ်ထောင်ရေး မသာယာမှုရဲ့ အစခရီးလို့ ဆိုရတော့မှာပဲ။ သူမကြည်လို့ ကိုယ်မကြည် ၊ သူဘုပြောလို့ ကိုယ်ဘုပြော ၊ သူအော်လို့ ကိုယ်အော် ၊ သူဆဲလို့ ကိုယ်ဆဲ ၊ သူလက်ပါလို့ ကိုယ်လက်ပါတွေ ဖြစ်လာရင် ဒီအိမ်ထောင်ရေးဟာ သာယာနိုင်ပါတော့မလား။ ဒီမိသားစုထဲမှာ ရှိနေတဲ့ ကလေးတွေကကော ပျော်နိုင်ပါတော့မလား။
အိမ်ထောင်တခုမှာ အခရာဖြစ်တဲ့ အိမ်ထောင်သည် ဇနီးမယားတွေဟာ လောကဓံ လေအတိမ်းမှာ ဘယ်တက်ကိုလှော်ပြီးထိန်းရမယ် ၊ ကိုယ့်ခင်ပွန်းကို ဘယ်လိုထိန်းသိမ်းကိုင်တွယ်ရမယ် ၊ ဘယ်လိုပြောဆို ဆွဲဆောင်ရမယ်ဆိုတာ ကောင်းကောင်း နားလည် သိတတ်ရပါမယ်။ ကိုယ့်ယောကျာ်းအကြောင်းကို သူ့အမေပြီးရင် ကိုယ်အသိဆုံးဖြစ်ရမှာလေ။ သူ့ကို နားလည်သထက် နားလည်အောင် ကြိုးစားရပါမယ်။ သူ့ကို နားလည်ပေးနိုင်တာနဲ့အမျှ သူ့ကို ဘယ်လိုချိုချိုသာသာ ပြောဆိုစည်းရုံးလို့ရမလဲ သိလာမှာပါပဲ။ ကိုယ်ကမသိဘဲ အခြားအမျိုးသမီးက ကိုယ့်ထက် ကိုယ့်ယောကျာ်းအကြောင်း ပိုသိနေတယ်ဆို ကိုယ်ညံ့လို့ပါ။
အမျိုးသမီးတွေဟာ သိတတ်စကတည်းက မိခင်စိတ်ပါလာတယ်လို့ သိရပါတယ်။ ဒါကိုဘယ်လိုသိနိုင်မလဲ။ သူတို့ရဲ့ မ ဗီဇအရ ကလေးအရုပ် ၊ ဘိုမအရုပ်ကလေးတွေကို ရေချိုး ၊ အဝတ်လဲပေးတမ်း ဆော့ကစားတတ်တာ ၊ ချက်ပြုတ်ပြီးဆော့တတ်တာ ၊ အခုနောက်ပိုင်းမှာ ကလေးရုပ်ကလေးကို နို့ဗူးတုလေးတိုက်ပြီးထိန်းတတ်တာ စသဖြင့် မိခင်တစ်ဦး လုပ်နေကျ အလုပ်တွေကို သူတို့ဟာပြုလုပ်ရင်း ဆော့ကစားရတာ ဝါသနာပါတယ်လေ။
ယောက်ျားလေးတွေကျတော့ ဒီလိုမျိုး ဆော့ကစားရတာကို သူတို့ရဲ့ ကျားသဘာဝအရ အများစုက မပျော်ရွှင်ပါဘူး။ သူတို့ကတော့ ပြေးပြေးလွှားလွှား ၊ စွန့်စွန့်စားစားနဲ့ ၊ ဥာဏ်စမ်းကစားနည်းတွေ ၊ တီထွင်လုပ်ကိုင်ရတဲ့ ကစားနည်းတွေမှာ ပိုပျော်မွေ့တယ်လေ။ ဒီလို ကျား ၊မ ဓလေ့စရိုက်ကွာခြားချက်ကို နားလည်ထားပြီဆိုရင် သူနဲ့ရတဲ့ကလေး သူက ဘာကြောင့် စိတ်မဝင်စားတာလဲ ၊ မထိန်းချင်တာလဲဆိုတဲ့ အတွေးနဲ့ မေးခွန်းတွေကို အတန်သင့်လောက် နားလည်ပေးနိုင်မှာပါ။
ကိုယ့်အမျိုးသားဟာ သူ့သွေးသားဖြစ်တဲ့ ကလေးကို ကိုယ့်နီးပါး ပြုစုပေးချင်စိတ်ရှိအောင် ၊ ကိုယ့်နီးပါး ကလေးကိုတွယ်တာစိတ်တွေ ပြသတတ်လာအောင် ၊ သူ့ကိုကလေးနဲ့အတူ အချိန်တွေ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးချင်လာအောင် ၊ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးတတ်လာအောင် ကိုယ်က ဆွဲဆောင်ပြောဆိုတတ်ရပါတယ်။
“ဘူးပင်ကဖရုံမသီးဘူး” ဆိုတဲ့ စကားလို ဒီမိဘကမွေးလာရင် ဒီမျိုးရိုးဗီဇတော့ ပါလာမှာပါပဲ။ မွေးလာတဲ့ ကလေးဟာ ကိုယ်နဲ့မတူရင် သူနဲ့တူမယ်လေ။ နှစ်ယောက်မျှတူလာလည်းရှိမယ်။ ကလေးမွေးလာကတည်းက ဘယ်နေရာ သူနဲ့တူတယ်ဆိုတာကို သူနဲ့တူတဲ့နေရာ ရှာကြံပြီး တဖွဖွ ပြောကျင့်လုပ်ပါ။ ကိုယ့်သွေးသား ကိုယ်နဲ့တူတယ်ဆိုတဲ့စကားလောက် နားဝင်ချိုတာ ဘာမှမရှိတော့ဘူးလေ။ ဒီတော့ ဒီကလေးဟာ သူ့သွေးသားဆိုတာကို အလိုလို သတိပေးနေသလို ဖြစ်နေစေတယ်။
ကလေးပြုံးရယ် ပြုမူတတ်တဲ့အရွယ်မှာ သူနဲ့တူတဲ့ အကျင့်ကလေးတွေ ရှာကြည့်ပါ။ တွေ့ရင် ယောကျာ်းအတိုင်းပဲ ကလေးက ဘယ်လိုပြုံးရယ်တတ်တာ ၊ ဘယ်လိုအိပ်တတ်တာ ၊ ဘယ်လိုအကျင့်ရှိတာ စသဖြင့် ပြောပြောပြပါ။ နေ့တဓူဝ ဒီလိုပြောပြတော့ သူဟာ သူနဲ့ တကယ်တူ ၊ မတူဆိုတာကို ပိုစိတ်ဝင်စားလာတယ်။ ရုပ်တူနေရင်တော့ အထင်းသားပေါ့။ အဲဒီလိုတူတာလေးတွေကို ကြည်နူးစရာ ၊ ဂုဏ်ယူစရာလေးတွေအဖြစ် ရယ်သွမ်းသွေး ပြောတတ်အောင် ကျင့်ယူရမှာပါ။
ဒီအထိ သူဟာ ကလေးအပေါ် စိမ်းနေသေးတယ်ဆို စိတ်မပျက်ပါနဲ့ဦး။ ကလေးကို သူ့ဓါတ်ပုံပြပြီး စကားပြောကျင့် ၊ အဖေမှန်း မှတ်မိအောင် ၊ တွယ်တာလာတတ်အောင် သင်ပေးရမှာ အမေ့တာဝန်လေ။ အမေ့ပြောစကားတွေကြောင့် အဖေမှန်း မှတ်မိသိရှိလာပြီဆိုရင် အဖေ့မြင်တာနဲ့ ပြုံးရယ်တာမျိုး ၊ ခုန်ပေါက်မြူးတူးတတ်တာမျိုးတွေ လုပ်လာမယ်။ အလုပ်က ဘယ်လောက်ပဲ ပင်ပင်ပန်းပန်းပြန်လာပါစေ ။ အိမ်မှာ ကိုယ့်ကို မြူးတူးခုန်ပေါက် ပြုံးရယ်ပြပြီး ကြိုနေတဲ့ကိုယ့်သွေးသားရှိနေတာ ဖခင်တိုင်းအတွက် ကြည်နူးစရာ အားဆေးတခွက်ပါ။ အဲဒီမှာ မေတ္တာရောင်ပြန်ဟပ်လာပါတယ်။
အခုက ဖုန်းခေတ်ဖြစ်လာပြီဆိုတော့ ဖုန်းအင်တာနက်ကနေတဆင့် သူ့ကလေးဟာ သူ့ပုံကြည့်ပြီး ဘယ်လို အလွမ်းသယ်နေတယ် ၊ ဘာတွေ လုပ်နေတယ်ဆိုတာကို တစ်နေ့ နှစ်ကြိမ်လောက်ဖြစ်ဖြစ် (သူထမင်းစားနားချိန်နဲ့ အိမ်ပြန်လာချိန်တွေမှာ) ပို့ပြီး ဟာသအနေနဲ့ ပြောကျင့်လုပ်ပေးပါ။ ကလေးဟာ ဖြူစင်ပြီး ကလေးလုပ်ရပ်တွေက အပြစ်ကင်း ချစ်စရာကောင်းနေတတ်တာမို့ ကိုယ့်သွေးသားဆိုတဲ့အသိနဲ့ ကလေးရဲ့လုပ်ရပ်လေးတွေဟာ အဖေ့ရင်ထဲကို နွေးထွေးစိမ့်ဝင်ပြီး အပျော်ဓါတ်ကူးစေတယ်လေ။
နောင်စကားတခွန်း နှစ်ခွန်းစ စပြောတတ်လာရင် ဖေ လို့သင်ပေးပါ။ အဖေ့ကိုမြင်တာနဲ့ ဖေလို့ အားပါးတရခေါ်ပြီး ခုန်ပေါက်မြူးတူးပြတဲ့ ကလေးမျက်နှာလောက် တွယ်တာစရာကောင်းတာ ဘယ်မှာရှိတော့လို့လဲ။ နောက်ပိုင်း စကားပြောတတ်ချိန်မှာ ကလေးဟာ အိပ်ရာနိုးတာနဲ့ အဖေ့ကို ရှာတတ်တယ်ဆိုတာမျိုး ၊ အဖေပြန်လာချိန်ကို မှတ်မိလို့ မေးတတ် ၊ ကြိုနေတတ်တယ်ဆိုတာမျိုးတွေဟာ အဖေတွေအတွက် ကြီးမားသော နှောင်ကြိုးတွေလေ။ ဒီနှောင်ကြိုးတွေကို သွေးသားဆိုတဲ့သံယောဇဉ်က မြဲသထက်မြဲအောင် ပတ်ချည်နေတာမို့ ဖောက်ပြန်ဖို့ဆိုတာ ဝေလာဝေး။ စားစားသွားသွား အိမ်က ကိုယ့်ရင်သွေးမျက်နှာကို အမှတ်တမဲ့ပဲဖြစ်ဖြစ် ၊ အမှတ်တရပဲဖြစ်ဖြစ် သတိရနေမှာပါ။
နောင်မှာ အဖေနဲ့ကလေး သံယောဇဉ်ဟာ တင်းတင်းရစ်ပတ်လာတာမို့ အဖေပြန်လာပြီဆိုတာနဲ့ အဖေကို ပြေးကြိုမယ် ၊ အဖေ့ပစ္စည်းတွေ ဝိုင်းကူသယ်ပေးမယ် ၊ စကားတွေ တွတ်တွတ်ထိုးရင်း ကြိုနေမယ်ဆိုရင် မိသားစုဆိုတဲ့ အရသာလေး မပြည့်စုံပေဘူးလား။ ပျော်ရွှင်နေတဲ့ ဒီအဖေနဲ့ ဒီကလေးတွေကို ကြည့်နေရတဲ့အချိန်မှာ အိမ်ရှင်မဖြစ်တဲ့ ကိုယ်တိုင်လည်း ပျော်ရွှင်ရယ်ပြုံးနေမှာမို့ ခင်ပွန်း ဖောက်ပြန်မလားလို့ တွေးချိန်မရတော့ဘူးလေ။ မိသားစုတွင်း ပျော်ရွှင်မှုတွေက ဒီအတွေးတွေကို ချေဖျက်လိုက်တယ်။ မိသားစုတွင်းပျော်ရွှင်မှုက လောကဓံကို ရင်ဆိုင်ဖြတ်သန်းဖို့ အားအင်တွေ ပြည့်လာစေတယ်။ နားလည်ဖေးမမှုတွေပေးဖို့ နွေးထွေးတဲ့ မေတ္တာနဲ့ သံယောဇဉ်က သတိပေးနေတယ်။ ဒါဆိုရင် မိသားစုဆိုတဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရ ပျော်ရွှင်စွာ ပြည့်စုံသွားပြီပေါ့။
ရတု (Burmesehearts.com)