class="post-thumbnail open-lightbox" href>
မီးတွင်းထဲက မီးနေသည်
ကလေးမီးဖွားပြီးစ မီးတွင်းထဲက မီးနေသည်တွေ ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာ ရေးသားပေးဖို့ စာဖတ်ပရိသတ်အချို့က တောင်းဆိုလာတဲ့အတွက် မြန်မာမီးနေသည်ဓလေ့ ၊ တိုင်းရင်းသားမီးနေသည်ဓလေ့ ၊ တိုင်းတပါးမီးနေသည်ဓလေ့တွေ အမျိုးမျိုးထက် ကျွန်မကျင့်သုံးခဲ့တဲ့ ကျွန်မကိုယ်တွေ့ကိုပဲ ပြောရမှာ ဖြစ်ပါတယ်။
ကျွန်မမိသားစုထဲမှာ ကလေးမီးဖွားဖူးတဲ့သူမရှိပါဘူး ။ မိခင်ရှိနေပေမယ့် အသက်(၇၃)နှစ်ဆိုတော့ မေ့ကုန်တာတွေ ၊ မသေချာတာတွေအပြင် နိုင်ငံခြားမှာ ကလေးမီးဖွားတဲ့ ကျွန်မအတွေ့အကြုံကြောင့် မြန်မာမီးနေသည်တွေလို ကျွန်မ မနေခဲ့ရပါဘူး။ မြန်မာမီးနေသည် အတွေ့အကြုံဆိုတာ ကျွန်မဘာမှန်းမသိခဲ့ပါဘူး။
ခင်ပွန်းအလုပ်က ခွင့်ကို တော်ရုံယူလို့မရတဲ့ အလုပ်မျိုးပါ။ ကိုယ်ဝန်ဆောင်စဉ်တလျောက် ဆရာဝန်ချိန်းတဲ့ရက်အများစုဟာ ရုံးဖွင့်ရက်တွေမို့လို့ ကိုယ်ဝန်ပြတိုင်း တစ်ယောက်တည်း သွားကျင့်ရှိခဲ့ပါတယ်။
ကလေးမီးဖွားမယ့်နေ့ကို ခင်ပွန်းရုံးပိတ်ရက် (တနင်္ဂနွေ)ရွေးပြီး မီးဖွားခဲ့ပါတယ်။ ဆေးရုံကဆင်းရမယ့် တနင်္လာနေ့မနက်မှာ ခင်ပွန်းရုံးပြန်တက်ရတယ် ။ ကျွန်မမိခင်က ဘာသာစကား မကျွမ်းကျင်တာမို့ အပြင်သိပ်ထွက်လေ့မရှိဘူး။ ဒီတော့ ကျွန်မတစ်ယောက်တည်း ကလေးပိုက်လို့ ဆေးရုံကဆင်းပါတယ်။ အဲဒီအချိန်မှာ (Episiotomy)နဲ့ မွေးခဲ့ရတဲ့ကျွန်မက ကောင်းကောင်း လမ်းမလျှောက်နိုင်သေးပါဘူး။ အားငယ်တဲ့ခံစားမှုဆိုတာ ကိုယ်က လက်မခံသရွေ့ ကိုယ့်ဆီမှာတည်မြဲမနေနိုင်ဘူး မဟုတ်လား။
ကိုယ့်ဘာသာ လတ်လတ်ဆတ်ဆတ် ချက်စားတဲ့အကျင့်က စွဲနေပြီမို့ မမွေးခင် ကိုယ်တိုင်လုပ်ထားတဲ့ ကြက်ခြောက်ကြော် ၊ အမဲခြောက်ကြော်တွေဆိုတာလည်း ခံတွင်းမတွေ့ဘူး။ မီးဖွားပြီးစ မြိန်မြိန်လေး စားချင်တဲ့ကျွန်မက အိမ်မှာရှိတာတွေ ကိုယ့်ဘာသာ လတ်လတ်ဆတ်ဆတ် ချက်စားပါတယ်။ မွေးပြီးသုံးရက်အတွင်းမှာ ကိုယ်စားချင်တာတွေ ရေခဲသေတ္တာထဲ ကုန်သွားတာမို့ ဈေးဝယ်ဖို့တာဝန်ကိုလည်း မွေးပြီးရက်သတ္တပတ်အတွင်း ကိုယ့်ဘာသာစခဲ့တာပါ။ ခင်ပွန်းက ရုံးမှာ စိတ်ဖိစီးမှုအရမ်းများပြီး အိမ်ပြန်လဲနောက်ကျတတ်တော့ ကိုယ့်ဂရုစိုက်ဖို့ ၊ ကလေးဂရုစိုက်ဖို့နဲ့ အိမ်ကလိုအပ်ချက်အများစုကို ကျွန်မဘာသာ ဖြေရှင်းနေကျလေ။ ဒီတော့ ကလေးအိပ်နေတုန်း အမေနဲ့ထားခဲ့ပြီး ကိုယ့်ဘာသာ တပတ်စာ ပြေးဝယ်လိုက်တော့တယ်။
အိမ်နဲ့ Mall က (၁၅)မိနစ်လောက် လမ်းလျှောက်ရတော့ ဝယ်ချိန်နဲ့ အသွားအပြန်ပိုမြန်အောင် စက်ဘီးနဲ့ထွက်ဝယ်တယ်။ ဒီတော့ ကလေးမွေးပြီး သုံးရက်အတွင်းမှာ ကျွန်မ စက်ဘီးကို အနာခံစီးခဲ့ပါတယ်။ စာအုပ်ထဲမှာနဲ့ ဖတ်မှတ်ရသလောက်ကလည်း မိမိဘာသာ အနာခံပြီး ထူထူထောင်ထောင်နေသူက မြန်မြန်ထူထူထောင်ထောင်ဖြစ်တယ်လို့ ဖတ်ရပါတယ်။
ကလေးဝေယျာဝစ္စ ၊ ချက်ပြုတ်ရေး ၊ သန့်ရှင်းရေး ကိုယ်တိုင်ပဲလုပ်ပါတယ်။ အမေက ကူပေမယ့် မျက်စိလဲမကောင်း ၊ သတိလဲမေ့ ၊ အာရုံလည်း မများနိုင်တော့တဲ့အရွယ်ဆိုတော့ ကိုယ့်ဘာသာ ကလေးအိပ်ချိန်မှာ အစီအစဉ်ကျကျလုပ်ပါတယ်။ ဒီတော့ မီးနေသည်ဘဝဆိုတာ ဘာမှန်းမသိဘဲ မွေးပြီးတဲ့ဗိုက်ကလေး ပူကျန်ခဲ့တာကလွဲရင် အရာရာ အရင်အတိုင်းပါပဲ။ မီးတွင်းနေမကောင်းဖြစ်တယ် ၊ ပိုပြီးနာကျင်ရတယ်ဆိုတာမရှိသလို ယခုအချိန်အထိလည်းမရှိပါဘူး။
ဒီတော့ ကိုယ်ဝန်ကြီးနဲ့ သို့မဟုတ် ကလေးမီးဖွားပြီးတဲ့တိုင်အောင် မိဘမောင်ဖွား ၊ ခင်ပွန်း ၊ ယောက္ခမ ၊ ယောင်းမတွေရဲ့ ပြုစုကြင်နာမှုတွေ မခံစားရလို့ အားငယ်နေတဲ့သူတွေကို အားငယ်တာတွေရပ်ပြီး ကိုယ့်ကိုယ်ကို အားကိုးဖို့ ကျွန်မရဲ့ ကိုယ်တွေ့အဖြစ်ကို ဝေမျှပြီး တိုက်တွန်းလိုက်ပါတယ်။
မီးဖွားပြီးတဲ့ကျွန်မ အစားအစာတွေကို အာဟာရပြည့်ပြည့် လတ်လတ်ဆတ်ဆတ် စားပါတယ်။ ရေများများသောက်သလို ၊ ဂက်စ်မပါတဲ့ အချိုရည် များများသောက်ပါတယ်။ တကိုယ်ရည်သန့်ရှင်းမှုနဲ့ ကိုယ်နေတဲ့အခန်းဝန်းကျင် သန့်ရှင်းမှု ၊ အနံ့အသက် ၊ အလင်းအမှောင် (မှောင်ပြီး အနံ့ဆိုးရင် ခြင်အောင်းနိုင်တဲ့အတွက်)ကို ဂရုစိုက်ပါတယ်။ မိမိကိုယ်နဲ့ မိမိကလေးကို ကိုယ့်အားကိုယ်ကိုးပြီး အထူးဂရုစိုက်ပါတယ်။
ဒီလောက်ဆိုရင်ဖြင့် အားငယ်နေတဲ့ မိခင်လောင်းတွေ မိခင်တွေ အတိုင်းအတာတစ်ခုအထိ အားပြန်ပြည့်နိုင်ကောင်းပါရဲ့ ။ အသက်ကိုဥာဏ်စောင့်တယ်တဲ့။ မိမိကိုယ်နဲ့ မိမိကလေးကို မိမိဘာသာ အကောင်းဆုံး စောင့်ရှောက်ရင်း ၊ လောကဓံကို အကောင်းဘက်က တွေးတော အားဖြည့်ကူရင်း ရင်ဆိုင်သွားပါလို့ ကျွန်မရဲ့ အတွေ့အကြုံနဲ့ ဝေမျှလိုက်ပါတယ်။