မှန်မှန်တိုးတက်သော ကလေးများဖြစ်စေချင်

0

မိဘတွေအများစုက ကိုယ့်သားသမီး ၊ ကိုယ့်မျိုးဆက်တွေကို ကိုယ့်ထက် ပိုတော်စေ ၊ ပိုတိုးတက်စေချင်ကြတယ်။ ဒါပေမယ့် ကိုယ့်သားသမီး ရေရှည်တိုးတက်သွားအောင် စိတ်ရော ကိုယ်ပါ ဘယ်လိုပံ့ပိုးမှုမျိုးပေးရမလဲဆိုတာကို သိနားလည်သူတွေ နည်းကြတယ်။ စိတ်ရောကိုယ်ပါ ပံ့ပိုးပေးမှုမျိုးလို့ ဆိုရာမှာ စိတ်အား ၊ ကိုယ်အား တတ်အားသရွေ့ထက်ကို ပံ့ပိုးပေးရမှာပါ။

ယေဘူယျအားဖြင့် ငွေကြေးတတ်နိုင်တဲ့မိဘတွေက ငွေကြေးနဲ့ အကောင်းစားဆိုတာတွေ ဝန်းရံလို့ ကလေးကို ပံ့ပိုးပေးရင် ကလေးဟာ အကောင်းဆုံးလေးဖြစ်လာလိမ့်မယ်လို့ ထင်ကြတယ်။ ငွေကြေးများစွာမတတ်နိုင်တဲ့သူတွေကျတော့ ကလေးကို လူတန်းစေ့ထားနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့ ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဝင်ငွေတွေရအောင် စုဆောင်းရှာဖွေကြိုးပမ်းရင်းနဲ့ ကလေးကို အကောင်းဆုံးပံ့ပိုးပေးမယ်လို့ ဆုံးဖြတ်ထားတယ်။

အကောင်းဆုံးပေးတိုင်း အကောင်းဆုံးတွေ ဖြစ်ချင်သလို ဖြစ်မလာတတ်တာတွေတာလည်းရှိပါတယ်။ လိုအပ်ချက်တွေရှိနေလို့ပါ။ မိမိလုပ်တဲ့လုပ်ရပ်တိုင်းကို Review ပြန်လုပ်ပါမှ အမှားကြီးမမှားခင် အမှားခြေလှမ်းတွေ ရပ်နိုင်မယ်။ ပိုမိုမှန်ကန်တဲ့ နည်းလမ်းတွေ ပြန်လည်လုပ်ဆောင်နိုင်တယ်။ ဒီ့ထက်ပိုကောင်းလာနိုင်တဲ့ နည်းလမ်းတွေနဲ့ တိုးတက်လာနိုင်တာပါ။ ဒါကြောင့် ဘယ်အရာမဆို Review ပြန်လုပ်ဖြစ်အောင် လုပ်ပါမှ မိမိအခြေအနေကို အချိန်မလွန်မီ ပြန်လည်စမ်းစစ်နိုင်မှာဖြစ်ပါတယ်။

ကလေးရဲ့ပညာရေးဆိုရင်လည်း ကိုယ်ဖြစ်ချင်တာကိုချည်း ရှေ့တန်းတင်ပြီး မဖြစ်ဖြစ်အောင် ကလေးကို တိုက်တွန်းလုပ်ခိုင်းတာမျိုးကိုရှောင်ပြီး ကလေးရဲ့ရှိရင်းစွဲအခြေအနေကို ပထမဆုံး လက်ခံနိုင်အောင်ကြိုးစားပါ။ ဒီအခြေအနေကနေ ကလေးကို ဒီ့ထက်ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်ကိုင်ပေးလို့ရနိုင်မလဲဆိုတာ တတ်သိနားလည်ပြီး တကယ်စေတနာပါပါ အကြံပေးနိုင်တဲ့ ဆရာသမားတွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေ ၊ မိမိကလေးကဲ့သို့ အခြေအနေကနေ တိုးတက်အောင် ပြုစုပျိုးထောင်ပေးခဲ့သူတွေရဲ့ အကြံဥာဏ်ကို ရယူနာခံပြီး အလုပ်သင့်ဆုံးတွေ ပြင်ဆင်လုပ်ဆောင် ပံ့ပိုးပေးပါမှ မိမိကလေးဟာ တရိပ်ရိပ်တိုးတက်လာမှာဖြစ်ပါတယ်။

နံပါတ်(၁)အချက်အနေနဲ့ ကလေးရဲ့ရှိရင်းစွဲအခြေအနေအား မိဘတွေကို လက်ခံဖို့ ပြောတာက အရေးအကြီးဆုံးအချက်မို့ အကြံပြုရတာပါ။ သူများကလေးတော်တိုင်း မိမိကလေးမတော်ရကောင်းလား (ညံ့ရကောင်းလား) သူများကလေးနဲ့ ခိုင်းနှိုင်းလို့ မိမိကလေးကိုချည်း ပြစ်တင်ပြောဆို ငြူစူရိုက်နှက်ကြတာမျိုး မိဘအများစုက လုပ်တတ်ကြတယ်။ ဒါကို တော်စေ ၊ တတ်စေချင်လွန်းတဲ့စေတနာလို့ ယူဆကြတယ်။  ဒီလိုနာနာပြောမှ ကလေးဟာ နာနာကြိုးစားမယ်လို့ မှတ်ယူကြတယ်။ ပတ်ဝန်းကျင်မှာလည်း ကိုယ့်ကလေးကို ဒီလိုပြောဆိုကြသူတွေ ခပ်များများဆိုတော့ ဒါဟာ ရှောင်သင့်တဲ့အချက်လို့ မမှတ်ယူကြတော့ဘူး။ ကိုယ်ငယ်ငယ်တုန်းက ဒီလိုအပြောခံခဲ့ရရင် ကိုယ့်သားသမီးကိုလည်း ဒီလိုပြန်ပြောဖို့ သေချာသလောက်ရှိနေပြီ။ ဒါကိုအမှားလို့မမြင်တော့ဘူး။

သူများကလေးဆိုတာ ကိုယ့်ကလေးမဟုတ်ဘူးလေ။ ပိုနားလည်အောင်ပြောရမယ်ဆို တခြားမိနဲ့ဘက ပေါက်ဖွားလာတဲ့ကလေးဟာ တခြားမိဘရဲ့ မျိုးရိုးဗီဇသွေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ ဒီမိဘတွေရဲ့ ဥာဏ်ကောင်းတာ ၊ ဥာဏ်ရည်ညံ့ဖျုင်းတာတွေ ပါနေပြီး မိမိကလေးကတော့ မိမိတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ မျိုးရိုးဗီဇအရ ဥာဏ်ကောင်းတာ ၊ ဥာဏ်ရည်ညံ့ဖျုင်းတာတွေ ဖြစ်နေတာပါ။ ဒီလိုတွေ မျိုးရိုးဗီဇ ကွာခြားနေတာမျိုးအပြင် ကလေးငယ်ကို ကလေးမိဘတွေက ဘယ်လိုကလေးအဖြစ် ပြုစုပျိုးထောင်ပြီး စိတ်ရောကိုယ်ပါ အားပေးမှုတွေ ရှိနေတယ်ဆိုတာကလည်း ကလေးရဲ့ ပညာရေး ၊ ကျန်းမာရေးနဲ့ စိတ်စွမ်းအားရလဒ်တွေမှာ ကွာခြားသွားပါတယ်။

ကိုယ်စိုက်တဲ့အပင်ကအသီးကိုပဲ ကိုယ်ကရိတ်သိမ်းရတာပါ။ ဘူးပင်က ဖရုံသီး မသီးရကောင်းလား မဖြစ်သင့်ဘူးလေ။ ဒါကိုနားလည်ထားဖို့လိုပါတယ်။ လူလူချင်း သူလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်ရမှာပေါ့ဆိုပေမယ့် ကလေးဟာ ဘာကြောင့် မလုပ်နိုင်တာလဲ ၊ ဘယ်လိုချို့ယွင်းချက်တွေရှိနေလို့လဲ ၊ ဘယ်လိုအားနည်းချက်တွေ ရှိနေလို့လဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ရမှာပါ။

ကလေးကို ပြုစုပျိုးထောင်ပေးတယ်ဆိုတာ ဆေးပူဖောင်းမှုတ်နေရသလိုပဲ။ ညင်ညင်သာသာ မှုတ်နေရင်းက ဘယ်နေရာကပေါက်ပြီး လေတွေထွက်နေသလဲ ၊ ဘာကြောင့် ကိုယ်မှုတ်တဲ့ ပူဖောင်း မကြီးလာရသလဲဆိုတာလည်း မှုတ်နေရင်းက အဖြေရှာတတ်ရတယ်။ လေမှုတ်နေတာ  ဘယ်အချိန် ရပ်သင့်သလဲဆိုတာလည်း သိရမယ်။ မသိဘဲဆက်မှုတ်နေရင် ပူဖောင်းပေါက်ပြီး အရာမထင်ဖြစ်တတ်တာမျိုးပါ။

ငယ်ငယ်တုန်းက စာအရမ်းတော်ပြီး ကြီးလာတော့ ဘာမှ ထွန်းထွန်းပေါက်ပေါက် မဖြစ်လာတာတွေလည်း ကျွန်မမြင်ဖူးတယ်။ တချို့ဆို ငယ်တုန်းကတော်ပြီး ကြီးမှ မိုက်တွင်းနက်သွားတာမျိုးတွေလည်းရှိတယ်။ ငယ်ငယ်တုန်းက ပြောစမှတ်ပြုရအောင်မတော်ပေမယ့် သူ့နေရာနဲ့သူ ပေါက်မြောက်နေတာတွေလည်းရှိတယ်။ ငယ်တုန်းက ညံ့သယောင်နဲ့ ကြီးမှ ထွန်းပေါက်အောင်မြင်နေသူတွေလည်း တွေ့ရတယ်။ ဒါတွေက မိဘတွေရဲ့ ထိန်းသိမ်းပံ့ပိုးပေးမှုနဲ့ ကလေးရဲ့ စိတ်ဓါတ်စွမ်းအားတွေကြောင့် ရေရှည်ရလဒ်မှာ ကွာခြားသွားကြတာဖြစ်ပါတယ်။

ကလေးရဲ့ရှိရင်းစွဲအခြေအနေကို လက်ခံလိုက်ပြီဆိုရင် ကလေးကို တအားအပြစ်တင်တာမျိုး မလုပ်ဖြစ်တော့ဘူး။ အကျိုးကိုချည်း ကြည့်လို့ စိတ်ပျက် ဒေါသထွက်နေတာမျိုးမလုပ်ဘဲ ဘယ်လိုအကြောင်းကြောင့် ဒီလိုအကျိုးရလဒ်မျိုးဖြစ်လာသလဲဆိုတာကို အဖြေရှာနိုင်ပါမှ ဒီလိုဆိုးကျိုးကို ထပ်ခါ ထပ်ခါ မကြုံရမှာဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းကို ရှာတွေ့ပြီဆိုရင် ဒီလိုမဖြစ်အောင်လုပ်မယ်။ ဒီံ့ထက်ကောင်းလာနိုင်မယ့် နည်းလမ်းမျိုးတွေ ရှာဖွေလုပ်ဆောင်သွားမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ရရှိလာနိုင်မှာဖြစ်ပါတယ်။

ကလေးဟာ နဂိုတော်ရက် ထက်ရက် ကိုယ်မျှော်လင့်ထားသလိုရလဒ်မျိုး ဖြစ်မလာခဲ့ရင် ကိုယ်ဟာသူ့ကို စိတ်အား၊ ကိုယ်အားအပြည့် ပံ့ပိုးပေးခဲ့ပါရဲ့လားဆိုတာ မိမိကိုယ်ကို အရင်ဆန်းစစ်ပါ။ တခါတလေ ငွေချည်းပံ့ပိုးလို့ ကလေးရဲ့ စိတ်အားငယ်မှုတွေ ၊ စိုးရိမ်ထိန့်လန့်မှုတွေ ၊ အထီးကျန်မှုတွေကို ချေဖျက်မပေးနိုင်ပါဘူး။ မိဘရဲ့ စိတ်ဓါတ်ခွန်အားပေးမှုက ကလေးငယ်တွေအတွက် အများကြီးလိုအပ်ပါတယ်။ သူမလုပ်နိုင်ဘူးလို့ သူ့ကိုယ်သူ ယုံကြည်မှုကင်းမဲ့နေသည့်တိုင် မိဘဖြစ်သူတွေက ငါ့သား/သမီးက လုပ်နိုင်ပါတယ်။ တကယ်လုပ်ရင် ဒီ့ထက်တောင်သာဦးမယ် စသဖြင့် စိတ်အားဖြင့် ပံ့ပိုးပေးမယ်ဆို ကလေးဟာ အားတက်ပြီးကြိုးစားလုပ်ကိုင်လိုစိတ်တွေ တိုးလာမှာဖြစ်ပါတယ်။

Report Card လို့ခေါ်တဲ့ ပညာရေးမှတ်တမ်းဟာ တနှစ်တာ ကလေးရဲ့ပညာရေးမှတ်တမ်းကို ကန့်သတ်ထားတဲ့ လအလိုက် မိဘတွေသိအောင် ၊ သိကြောင်းလက်မှတ်ထိုးအသိပေးတာပါ။ ကလေးရဲ့ ပညာရေးမှတ်တမ်းကို ကလေးမိဘဖြစ်တဲ့ ကိုယ့်လက်ထဲရောက်လာတဲ့အခါ ဘာလုပ်ဖြစ်သလဲ ၊ ဘာပြောဖြစ်သလဲ မိမိကိုယ်ကို အရင်စမ်းစစ်ရမှာပါ။ မိမိရဲ့ တုန့်ပြန်ပြောဆို လုပ်ကိုင်ဆောင်ရွက်ပေးမှုတွေအရ ကလေးရဲ့ ရေရှည်ပညာရေးတိုးတက်မှု ၊ စိတ်အားထက်သန်မှုတွေက ကွာခြားသွားပါတယ်။

စင်္ကာပူမှာ မူကြိုတန်းတက်နေတဲ့ ကျွန်မ သမီးလေး ခြောက်လတစ်ကြိမ် ပညာရေးတိုးတက်မှုမှတ်တမ်း မိဘလက်ထဲရောက်တယ်။ ခြောက်လတစ်ကြိမ် မိဘနဲ့ သမီးရဲ့အတန်းက ဆရာမတွေ တွေ့ဆုံပြီး ကလေးရဲ့ ပညာရေးတိုးတက်မှုအခြေအနေ ၊ ကလေးရဲ့စာရိတ္တ စတာတွေကို မိဘနဲ့ဆရာတွေ တိုက်ရိုက်ဆွေးနွေးခွင့်ရပြီး ပညာရေးမှတ်တမ်းကို မိဘလက်ထဲ တခါတည်း ထည့်လိုက်တာပါ။

ကျွန်မကတော့ မိမိကလေးနဲ့ ဆရာတွေ အတန်းထဲ ဆက်ဆံသင်ကြားမှုအခြေအနေ ၊ အခက်အခဲ ၊ ကလေးနားလည်လွယ်မှု ၊ အတန်းသားတွေနဲ့ သင့်တင့်မှုရှိ မရှိ ၊ ဘာတွေ ကလေးကို ပြင်ဆင်ဆုံးမပေးဖို့လိုမလဲစတာတွေကို ကလေးရဲ့ပညာရေးမှတ်တမ်းမဆွေးနွေးခင် အရေးမေးပါတယ်။ ဆရာ ၊ ဆရာမတွေ ပြောဆိုတာတွေကိုလည်း စာအုပ်နဲ့ချရေးထားတယ်။ များရင် မေ့သွားမှာစိုးလို့ပါ။ အဲဒီအချက်တွေပြီးပါမှ ကလေးရဲ့ ပညာရေးတိုးတက်မှုမှတ်တမ်းကို ဆန်းစစ်ပြီး ဘယ်နေရာတွေမှာ ကလေးကို ဘယ်လိုနည်းနဲ့ တိုးတက်အောင် လုပ်ပေးသင့်သလဲဆိုတာတွေ တချက်ချင်း အကြံဥာဏ်တောင်းတယ်။ ကလေးအတန်းထဲက မိဘအချို့နဲ့ မိတ်ဆွေဖွဲ့ထားပြီး အတန်းထဲက ကိုယ့်ကလေး ၊ သူ့ကလေးအခြေအနေတွေ စသဖြင့် ဖလှယ်ရင်း ကောင်းနိုးရာရာ အကြံဥာဏ်တွေ ရယူတယ်။

ကလေးဟာ တစ်ဦးတည်းတော်နေလို့မဖြစ်ဘူး။ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုမျိုး ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွေမှာ အားနည်းနေမယ်ဆိုရင် ဘယ်လောက်ပဲတော်တော် ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်လာနိုင်ဘူး။ ခေါင်းဆောင်မဖြစ်တဲ့သူဟာ နောက်လိုက်ပဲဖြစ်မှာပေါ့နော်။ ကလေးဟာ တော်နေဦးတော့ သွက်လက်မှုမျိုးမရှိဘဲ ၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု အားနည်းနေမယ်ဆိုရင်လည်း ရေရှည်မှာ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ရှိနေနိုင်တယ်။ ကလေးဟာ အတန်းဖော်တွေနဲ့ သဟဇာတဖြစ်နေပါမှ အလွှာစုံ စရိုက်စုံကလူတွေကို ဘယ်လို ပေါင်းသင်းနေထိုင်သွားရမယ်ဆိုတဲ့ အသိမျိုးလည်းရရှိမှာဖြစ်တယ်။ ဒါတွေကို မိဘတွေကပဲ လိုသလို ပဲ့ကိုင်ထိန်းသိမ်း ဖြည့်စွက်ပေးနိုင်တာပါ။

ကျွန်မပြောခဲ့ဖူးသလို ကလေးရဲ့ ထက်မြက်တော်မော် ထွန်းပေါက်အောင်မြင်မှုဆိုတာ ကလေးတစ်ဦးတည်းနဲ့ ဆိုင်တာမျိုးမဟုတ်ဘဲ မိဘတွေရဲ့ မျိုးရိုးဗီဇ ၊ ကလေးကို စိတ်ရောကိုယ်ပါ ပြုစုပျိုးထောင်ပေးမှု ၊ လိုအပ်သလို မှန်ကန်စွာပြုစုပျိုးထောင်ပေးသွားမှု ၊ အလိုက်သင့် မှန်ကန်စွာ ပံ့ပိုးပေးသွားမှုတွေနဲ့ အများကြီးဆိုင်ပါတယ်။ ယခုတော်နေဖို့ထက် ရေရှည်တော်သွားဖို့ကို အာရုံစိုက်ပါ။ ယခုအောင်မြင်နေဖို့ထက် ရေရှည် ကိုယ့်ခြေထောက်ပေါ် ယုံကြည်ချက်ရှိရှိရပ်တည်လို့ အောင်မြင်သွားဖို့ကို အာရုံစိုက်ပါ။ မိဘကို အားကိုးပြီး တော်နေဖို့ထက် မိမိကိုယ်ကို အားထိုးပြီး ထွန်းပေါက်အောင်မြင်အောင် လုပ်ဆောင်သွားနိုင်ဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။

အဘက်ဘက်က လက်ရုံးရည် ၊ နှလုံးရည်ပြည့်ဝတဲ့ ကလေးငယ်တွေများလေ ကျွန်မတို့နိုင်ငံဟာ တိုးတက်သထက် တိုးတက်လေဖြစ်မှာပါ။ ကလေးတွေဟာ ကျွန်မတို့နိုင်ငံအနာဂါတ်အတွက် အရေးကြီးပါတယ်။ ကျွန်မအမြင်ကတော့ ကလေးတွေအရေးကြီးသလို ဒီကလေးတွေကို ပြုစုပျိုးထောင်သွားတဲ့ မိဘ ၊ ဆရာတွေက ကလေးကို ဘယ်လို ပြုစု ၊ ပျိုးထောင်သွားသလဲဆိုတာ ပိုလို့ အရေးကြီးနေပါတယ်။ ကလေးငယ်တွေ အနာဂါတ်လှပါမှ ကျွန်မတို့တိုင်းပြည်အနာဂါတ်လှမှာပါ။

ရတု (Burmesehearts.com)

You might also like