ရှစ်လမှကိုးလအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု

0

9 month old

ရှစ်လကျော်လို့ ကိုးလထဲဝင်လာပြီဆိုရင် ကလေးဟာ ကုလားထိုင် ၊ ဆိုဖာ စသဖြင့် ကိုင်စရာရှိတာတွေကိုကိုင်ပြီး သူ့ဘာသာ မတ်တပ်ရပ်နိုင်လာဖို့ သင်ယူနေပါပြီ။ ပထမတော့ ဒီလိုကိုင်ရင်းနဲ့ မတ်တပ်ရပ်ရင် ပြုတ်မကျအောင် ကိုယ့်ကိုယ်ကို ဘယ်လိုထိန်းရမလဲဆိုတာကို သူ့ဘာသာလေ့လာနေပါတယ်။ ပြီးရင် လက်လွှတ်ကြည့်လိုက် ဖင်ထိုင်လျက်ပြုတ်ကျလိုက် ကိုင်ရင်းပြန်ရပ်လိုက်နဲ့ မတ်တပ်ရပ်နိုင်ဖို့ သူ့ဘာသာ ကြိုးစားသင်ယူနေပါတယ်။ သူ့ဘာသာ ဘယ်လိုထိန်းရမလဲဆိုတာ သူနားလည်သွားရင်တော့ မတ်တပ်ရပ်နိုင်လာမှာပါ။

ကလေးဟာ တခုခုကိုင်ပြီး မတ်တပ်ရပ်တပ်လာပြီဆိုတာနဲ့ သူအမြင့်က ပြုတ်ကျနိုင်တာ ၊ သူ့ကိုအမြင့်မှာ သတိလက်လွတ် တင်ထားမိတာ စတဲ့ ကလေးအမြင့်ကပြုတ်ကျနိုင်တဲ့ အခြေအနေအရပ်ရပ်ကို ကြိုကာကွယ်ရမှာပါ။ လူကြီးသတိလွတ်တာ တချက်တည်း ၊ ကလေးကတော့ တသက်လုံး သေရာပါ အမာရွတ်နဲ့ ထိခိုက်မှုတွေ ဖြစ်သွားနိုင်တယ်လေ။ ဒီအချိန်မှာ ကလေးကို သတိလက်လွတ် မရှိသင့်တော့ပါဘူး။ ကလေးမတ်တပ်ရပ်လာနိုင်ရင် နောက်တဆင့်က လမ်းလျှောက်ဖို့ စသင်တော့မှာပါ။ တခုခုကိုကိုင်ပြီးရပ်တတ်လာရင် အဲဒီလိုကိုင်ပြီး လမ်းလျှောက်တတ်ဖို့ ၊ လိုရာသွားလာနိုင်ဖို့ သူဟာ မြေစမ်းခရမ်းပျိုး စနေပြီလေ။ ဒါပေမယ့် အများစုသော ကလေးတွေကတော့ တစ်နှစ်ရောက်ခါနီးမှ လမ်းစလျှောက်တတ်တာမျိုးပါ။

ကလေးကို ခပ်မြန်မြန်သင်ယူစေချင်တယ် ၊ သင်လွယ်တတ်လွယ် ဖြစ်စေချင်တယ်ဆိုရင် အကောင်းဆုံးက ကလေးသူ့ဘာသာ စမ်းလုပ်ကိုင်ကြည့်နေတာကို မပိတ်ပင် မတားဆီးတာပါပဲ။ ဒါပေမယ့် မဖြစ်သင့်တာတွေ မဖြစ်ဖို့ ၊ မလုပ်သင့်တာတွေ သူမလုပ်ဖို့ သူ့ကို စောင့်ကြည့်နေဖို့လိုပါတယ်။  သူစိတ်ပါဝင်စားရာ ၊ ကြိုးစားလုပ်ကိုင်နေရာကို ကိုယ်ကပါအားပေးတဲ့အနေနဲ့ သူလုပ်ကိုင်နေတာ စိတ်ဝင်စားတဲ့ပုံ စောင့်ကြည့်ပေးပါ။ သူ့အားသူကိုးတတ်အောင် သင်ပေးဖို့အတွက် သူဖြစ်ချင်ရာ ၊ လုပ်ချင်ရာ အရာရာသူ့အလိုကျ လိုက်ကူညီဖြည့်ဆည်း လုပ်ကိုင်ပေးတာမျိုး ၊ လမ်းကြောင်းလုပ်ပေးတာမျိုးမလုပ်ဘဲ သူ့ဘာသာ လုပ်ကိုင်နိုင်ဖို့ ၊ တနည်းအားဖြင့် သူ့ဘာသာ သင်ယူရင်း လုပ်ကိုင်တတ်အောင် သင်ပေးရမှာပါ။

ကလေးကို ထိန်းကျောင်းပြုစုပျိုးထောင်ပေးတဲ့နေရာမှာ နွားနို့အိုးတည်သလို မျက်ခြည်မပြတ် ကြည့်နေရမှာပါ။ နွားနို့အိုးတည်ထားရင် တဖြည်းဖြည့် အမြှုပ်တက်ရာက ဖျတ်ကနဲ ဝေကျလာတတ်တာမို့ သေချာစောင့်ကြည့်နိုင်ပါမှ နွားနို့အိုးမဝေမှာလေ။ ကလေးဟာလည်း ဒီအတိုင်းပါပဲ။ မျက်ခြည်မပြတ်စောင့်ကြည့်နိုင်ပါမှ အထိအခိုက်ကင်းနိုင်ပါတယ်။ ဒီလိုစောင့်ကြည့်ရင်း လိုအပ်တာတွေ သင်ပေးမယ်ဆိုရင် ကလေးဟာ ကိုယ်တိုင်ကြိုးစားလုပ်ကိုင်ရင်း အောင်မြင်သွားတဲ့အရသာ ၊ ရရှိသွားတဲ့ မိမိကိုယ်ကိုယုံကြည်မှု ၊ သူများကို အားကိုးစရာမလိုဘူးဆိုတဲ့အသိ စတာတွေနဲ့ အသားကျလာမှာဖြစ်ပါတယ်။

ကလေးဟာ မတ်တပ်ရပ်ရက်က ဖင်ထိုင်လျက်လဲကျတာမျိုးမဟုတ်ဘဲ သူ့ဘာသာ ထိုင်ချတာမျိုးလည်း လုပ်လာပါမယ်။ ဒီလိုအကြိမ်ကြိမ်လုပ်ရင်းနဲ့ ထိုင်လျက်က ဘယ်လိုထမလဲ ၊ ထလျက်က ဘယ်လိုထိုင်မလဲဆိုတာကို သူကသင်ယူနေတယ်လေ။ သူကစားနေနိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း သူဆွဲချနိုင်တဲ့ပစ္စည်း ၊ သူ့အပေါ်ပြုတ်ကျနိုင်တဲ့ပစ္စည်း ၊ သူကိုယ်တိုင် ပြုတ်ကျသွားနိုင်တဲ့ အခြေအနေ ဆိုတာတွေကို လူကြီးက ကြိုတွေး ၊ ကြိုရှင်း လုပ်ထားရမှာပါ။ ဒါမှ ကလေးဟာ ဘေးကင်းလုံခြုံမယ်လေ။

သူတခုခုကိုကိုင်ပြီး မတ်တပ်ရပ်နိုင်လာတယ်ဆိုရင် ဘယ်လိုလမ်းလျှောက်ရသလဲဆိုတာကို သင်ပေးဖို့ သူ့ချိုင်းအောက်ကို လက်နှစ်ဖက်နဲ့ကိုင်ထားပြီး ဆိုဖာပေါ်မှာဖြစ်ဖြစ် ဟိုဖက်ဒီဖက် လမ်းလျှောက်သလို ဘယ်ရင်ဘတ်ကို ရှေ့ပို့လိုက် ၊ ညာရင်ဘတ်ကို ရှေ့ပို့လိုက် လုပ်ပေးပါ။ ဒီလိုရှေ့ပို့ရင်း ကိုယ်ကပါ လမ်းလျှောက်ရင် ကလေးဟာ ကိုယ့်ကိုကြည့်ရင်း ရှေ့ပို့တဲ့ဘက်ကို ခြေလှမ်း လှမ်းလာပါမယ်။ ဒါဟာ လမ်းလျှောက်သင်နည်းအစလေ။ နောက်ပိုင်းမှာ သူဟာ ဒီလိုလုပ်ရတာ သွက်သွက်လက်လက်ရှိလာပြီဆို ဒုတိယအဆင့်အနေနဲ့ ကြမ်းမှာဖြစ်ဖြစ် မြေမှာဖြစ်ဖြစ် ဒီနည်းအတိုင်း အခေါက်ခေါက်အခါခါ သင်ပေးပါ။

တတိယအဆင့်မှာ လူ့လက်ကလေးကိုင်ရင်း ကိုယ်ကနောက်ပြန်လျှောက် ၊ သူကရှေ့တိုးလျှောက်ရင်း လမ်းလျှောက်တတ်ဖို့ ကျင့်နိုင်ပါတယ်။ ဒီလိုမဟုတ်လည်း သူတွန်းလို့ရမယ့် အသံမြည်လက်တွန်းလှည်းလေးကို သူ့တွန်းစေတဲ့အခါမှာလည်း သူဟာ တွန်းရင်း ၊ လျှောက်ရင်းက လမ်းလျှောက်တတ်လာပါတယ်။ ခြေလှမ်းတတ်လာတာနဲ့အမျှ သူဟာ ပရိဘောဂတွေကိုင်ရင်း ၊ နံရံကိုင်ရင်း ၊ ဆိုဖာကိုင်ရင်း လမ်းလျှောက်တတ်ဖို့ကျင့်မယ်။ နောက်ပိုင်းမှာ လက်ကလေးလွှတ်လိုက် တစ်လှမ်းနှစ်လှမ်းလျှောက်လိုက် ဖင်ထိုင်လျက်လဲလိုက် လေးဘက်တွားလိုက် ပြန်ထလျှောက်ဖို့ ကြိုးစားရင်း တလှမ်းနှစ်လှမ်းပြန်လျှောက်ရင်းကနေ အလွတ်လမ်းလျှောက်ကျင့်ရင်း လမ်းလျှောက်တတ်လာမှာပါ။

BurmeseHearts Blog

ဒီလို လမ်းလျှောက်သင်တဲ့အရွယ်မှာ သူ့ကိုမြန်မြန် လမ်းလျှောက်တတ်စေချင်တယ်ဆိုရင် ဘီးတပ်ကုလားထိုင်လေးထဲထည့်ပြီး လမ်းလျှောက်စေတာမျိုးကို မလုပ်သင့်တော့ပါဘူး။ ကျွန်မအသိ ကလေးတစ်ယောက်ကို အိမ်ရှိလူကြီးမိဘတွေက ချစ်လွန်းတော့ လမ်းလျှောက်ရင်း ဖင်ထိုင်လျက်ပြုတ်ကျတတ်တဲ့ကလေး နာမှာစိုးပြီး ဘီးတပ်လှည်းနဲ့ နှစ်နှစ်အရွယ်အထိ လျှောက်သွားခဲ့စေတာမို့ ကလေးဟာ သုံးနှစ်ကျော်သည့်တိုင်အောင် လမ်းကောင်းကောင်းလျှောက်တာမျိုး ၊ ပြေးတာမျိုးတွေ မလုပ်တတ်တော့ပါဘူး။ သူ့ကိုယ်သူမထိန်းတတ်တော့ဘဲ ခဏခဏ လဲကျနေတတ်ပါတယ်။ အရိုးအဆစ် သန်မာမှု အားနည်းလာတာပေါ့။ ဒါကြောင့် ကလေးကို တကယ်ချစ်ရင် ကလေးသူ့အရွယ်အလိုက် လုပ်သင့်တာကို လုပ်ဖြစ်အောင် အားပေးရမှာဖြစ်ပါတယ်။ အစိုးရိမ်လွန်တယ်ဆိုတာ မကောင်းပါဘူး။

အိမ်အပြင်ဘက် ကလေးလမ်းလျှောက်ကျင့်ဖို့ ကြိုးစားတဲ့အခါမှာ သူ့ကိုယ်သူထိန်းနိုင်ဖို့ ခြေချောင်းတွေ ကုပ်ပြီးသွားလာနိုင်တဲ့အတွက် သူ့ခြေထောက်လေးတွေ သဘာဝအတိုင်းဖြစ်နေနိုင်အောင် အဝတ်ဖိနပ်လေးဖြစ်ဖြစ် ဖိနပ်တခုခုနဲ့ ကလေးရဲ့ခြေချောင်းတွကို ထိန်းပေးထားသင့်ပါတယ်။ အိမ်ထဲမှာဆိုရင်တော့ ခြေလွတ်လမ်းလျှောက်ကျင့်ခွင့်ပေးနိုင်ပါတယ်။ ခြေစွပ်တို့ ဖိနပ်တို့မပါဘဲ အိမ်တွင်းသွားလာစေတာဟာ ကလေးရဲ့ ခြေထောက်နဲ့ ၊ ခြေချောင်းတွေက ကြွက်သားတွေ သန်မာဖွံ့ဖြိုးဖို့ တွန်းအားပေးတယ်လေ။

သူ့ရဲ့အကောင်းဆုံး ကစားဖော် ၊ ကစားဖက်တွေဟာ သူ့မိခင်နဲ့ ဖခင်ဖြစ်နေသင့်ပါတယ်။ ဒါမှ ကိုယ့်ကလေးနဲ့ တရင်းတနှီး နွေးနွေးထွေးထွေးရှိမယ် ၊ ကိုယ့်ကလေးအပေါ် ပိုနားလည် သည်းခံလာနိုင်ပြီး  ကလေးကလည်း ကိုယ့်ကိုပိုချစ်ခင် တွယ်တာလာတဲ့ အကျိုးရလဒ်တွေ ဖြစ်လာမှာပါ။ ကလေးကို ခွက်လွတ်တခုနဲ့ အရွယ်တော်ဘောလုံးဖြစ်ဖြစ် ဘလော့တုံး ရောင်စုံလေးတွေဖြစ်ဖြစ် ပေးထားရင် သူဟာ ခွက်ထဲအဲဒါတွေထည့်လိုက် မှောက်ချလိုက်နဲ့ ပျော်ပျော်ပါးပါး အလုပ်ရှုပ်နေနိုင်ပါတယ်။ ဒါကိုက သူ့လက်နဲ့ လက်ချောင်း ကြွက်သားတွေ သန်မာစေဖို့ ၊ သူလိုရာထိန်းချုပ် လုပ်ကိုင်နိုင်စေဖို့ အထောက်အကူပေးတဲ့ ကစားနည်းပဲလေ။ နေသာတဲ့နေ့တွေမှာ ရေတစ်ပုံးနဲ့ ခွက်တစ်ခွက်ပေးထားရင် ခွက်နဲ့ခပ်ပြီး ရေတွေသွန်လိုက် စီးသွားတဲ့ရေတွေကြည့်လိုက် ရေကို ပုတ်ခတ်ကစားလိုက်နဲ့ ရေနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ဒြပ်သဘောမတူညီမှုဆိုတာကို သူသင်ယူလေ့လာနေနိုင်ပါတယ်။

သူဟာ လူကြီးတွေ ဘာပြောတယ် ၊ ဘာလုပ်တယ်ဆိုတာကို သင်ယူနေပြီး လိုက်ပြောနိုင်ဖို့ကြိုးစားရင်း တစ်လုံး ၊ နှစ်လုံး မပီတပီ ပြောတတ်လာနိုင်ပါတယ်။ လူကြီးက လက်ပြရင် သူကလက်ပြပြီး လူကြီးက လက်ခုပ်တီးရင် သူပါလိုက်လက်ခုပ်တီးတယ်ဆိုတာ လူကြီးလုပ်တာလိုက်လုပ်နိုင်ဖို့ သူဟာ သင်ယူနေတဲ့သက်သေပဲလေ။ ဒီအရွယ်မှာ နို့မဟုတ်တဲ့ အစာကို သုံးကြိမ်ကျွေးနိုင်ပါပြီ။ ကလေးရှစ်လအရွယ်တုန်းက ရေးထားသလို ကလေးကို သူ့ဘာသာ လက်နဲ့ကိုင်စားတတ်အောင် ဆက်လေ့ကျင့်ပေးပါ။ ကိုယ်စားတဲ့အစာတွေ (အစပ်မဟုတ်တာ)ကို ကလေးလိုက်စားတတ်အောင် တမျိုးမျိုးပြီးတမျိုး မိတ်ဆက်လို့ လေ့ကျင့်ပေးနိုင်ပါတယ်။ ဒါမှ နောင်မှာ လူကြီးစားသမျှ သူပါလိုက်စားတတ်လာတာမို့ သူ့အတွက် တကူးတကလုပ်ရတာ ၊ အစာရွေးစားတတ်တဲ့အကျင့်တွေက လူကြီးတွေ လွတ်မြောက်မှာပါ။

ကလေးကို ကာတွန်းဖွင့်ပြထားမယ် ၊ တီဗွီဖွင့်ပြထားမယ်ဆိုရုံနဲ့ ဝေါဟာရကြွယ်ပြီး သိလွယ်တတ်လွယ်ဖြစ်လာလိမ့်မယ်ထင်ရင် မှားပါမယ်။ ကလေးတွေဟာ ပြုမူဆက်ဆံရေးဆိုတာကနေ သင်ယူနေတာမို့ သူတို့ကို စကားများများပြောပေးမယ် ၊ အဖော်လုပ်ပေးမယ် ၊ ဘာလုပ်လို့ ဘာဖြစ်တယ် စသဖြင့် ဘာလုပ်လုပ် ဘာကိုင်ကိုင် လုပ်ရင်းကိုင်ရင်း ရှင်းလင်းပြသပြောဆိုမယ်ဆိုရင် ကလေးတွေဟာ ပိုပြီးဖွံ့ဖြိုးလွယ် ၊ နားလည်လွယ်ပါတယ်။

ဒီအရွယ်မှာ သူချစ်ခင်တဲ့သူကို သူဟာတောက်တက်ကပ်သလို ကပ်နေနိုင်ပါတယ်။ ဒီလိုအကပ်ခံရသူတွေဟာ သူချစ်တဲ့သူတွေမို့ ဒီလူတွေနဲ့ သူမခွဲနိုင်တာပါ။ ဒါကိုနားလည်ပေးတဲ့အနေနဲ့ ကလေးကို ဒီလူတွေကခွဲသွားပြီ ၊ ပြန်မလာတော့ဘူး ၊ ကလေးကိုမချစ်တော့ဘူးဆိုတာတွေနဲ့ မစမိဖို့ သတိထားပါ။ ဒီလိုစပါများလေ ကလေးဟာ စိတ်တိုတတ်လာလေ ၊ စိတ်ရိုင်းလူရိုင်းလေး ဖြစ်လာနိုင်လေပါပဲ။ ကိုယ့်ကလေးကို လိမ္မာယဉ်ကျေးတဲ့ ကလေးတစ်ယောက်အဖြစ် မြင်ချင်တယ် ၊ ကြီးပြင်းစေချင်တယ်ဆိုရင် သူမကြိုက်တာ မစပါနဲ့ ၊ ကိုယ်တိုင်က မစသလို သူများကိုလည်း မစစေပါနဲ့။ ကလေးဆိုတာ အစခံရလွန်းလို့စိတ်တိုရင် ပစ္စည်းတွေ လွှင့်ပစ်တတ်တာ ၊ အမူအကျင့်တွေ ရိုင်းပြလာတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအကျင့်တေဖြစ်လာမှ ကလေးကိုရိုက်တယ်ဆို ဒီအကျင့်တွေဖြစ်လာဖို့ အစပျိုးခဲ့တဲ့လူကြီးတွေအလွန်လား ၊ ပေါက်ကွဲတတ်လာတဲ့ ကလေးအလွန်လားနော်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like