class="post-thumbnail open-lightbox" href>
လိုရာတွေး
ကျွန်မတို့တွေ ကိစ္စအမျိုးမျိုးမှာ အကြောင်းကြောင်းကြောင့် ကိုယ်လိုရာတွေးတတ်ကြတယ်။ ကိုယ်လိုရာတွေးကျင့်များလာတဲ့အခါ အဲဒီအတွေးကြီးကို အမှန်လို့ထင်လာကြတယ်။ ဒါကို အမှန်လို့ထင်လာရင်းနဲ့ အမှန်လို့ယုံကြည်လာတယ်။ (ထင်တာနှင့် ယုံကြည်တာက ဆင်သယောင်ယောင်နဲ့ ထင်တာက ယုံကြည်တာလောက် မလေးနက်သလို သူ့မှာဒွိဟသဘောပါတယ်။) ဒီလိုယုံကြည်လာတဲ့ကိစ္စကို သူများလဲ ယုံကြည်စေချင်တဲ့ဆန္ဒက ယုံကြည်မှုပြင်းတန်သည်နှင့်အမျှ ဆန္ဒလဲ ပြင်းထန်လာတယ်။ ထို့ကြောင့်လဲ ကိုယ်ယုံသလို သူများကိုယုံကြည်လာအောင် ပြောဆိုကြတယ်။
ဒီလိုသူများယုံကြည်အောင် ပြောဆိုလုပ်ဆောင်ကြတဲ့အခါ တချို့ကျတော့ သက်သေသာဓကတွေနဲ့ ယုံကြည်အောင်လုပ်ပြတယ်။ တချို့ကျတော့ လူတွေရဲ့စိတ်ကို လှည့်ဖျားပြီးလုပ်တယ်။ တချို့ကျတော့ ကိုယ်ပိုင်ဆိုင်တဲ့ ရာထူး၊ ပစ္စည်း အစရှိတာတွေနဲ့ စည်ရုံးလို့တမျိုး၊ ဆွဲဆောင်လို့တမျိုး၊ ခြိမ်းခြောက်လို့တမျိုးနဲ့ လုပ်ဆောင်ကြပါတယ်။ တချို့ကျတော့လဲ မေတ္တာစိတ်၊ သနားကရုဏာစိတ်ကို ခုတုံးလုပ်ပြောကြပြန်ရော။ အမျိုးမျိုးပေါ့လေ။ ကိုယ်သန်ရာနိုင်ရာနဲ့ မိမိ၏ယုံကြည်သလို သူများပါယုံကြည်လာအောင် ၊ မိမိလုပ်သလို လုပ်ကိုင်လာအောင် စည်းရုံးကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီကြီးမားတဲ့ ယုံကြည်ချက်တွေအပေါ် အခြေခံပြီးဖြစ်ပေါ်လာတဲ့ သဘောထားကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေ၊ တစ်ဘက်နှင့်တစ်ဘက် အားပြိုင်မှု၊ ရန်လိုမှု၊ တိုက်ခိုက်မှု၊ အနိုင်ရလိုမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒါတွေကို အရင်းစစ်လိုက်တော့ ဖြစ်ပေါ်လာတဲ့ ဒီအတွေးတစ်စကနေ ပွားလာတဲ့မီးတွေပါ။
တစ်ခါတစ်လေ ယုံကြည်မှုတူသူချင်းတောင် သဘောထားကွဲလွဲပြီး အဖွဲ့အစည်းတွေ အပိုင်းပိုင်းကွဲ၊ အချင်းချင်းအားပြိုင် ရန်လိုမှု မပြီးပြန်ဘူး။ တူညီတဲ့ခေါင်းစဉ်အောက်မှာ အတွေးအခေါ်တွေကွဲ၊ အဲဒီအပေါ်မူတည်ပြီး အာဘော်တွေကွဲပြီး သူများတွေကို တဆင့်ဖြန့်ဝေပြောပြတဲ့အခါလဲ ကွဲလွဲကြတော့တာပဲ။ ပြီးမှ သူ့အာဘော်မှန်တယ်။ ငါ့အာဘော်မှန်တယ်။ သူမှန်တယ်၊ ငါမှန်တယ် ငြင်းကြ၊ မုန်းကြနဲ့ပါ။ ဒါတွေက နယ်ပယ်အစုံမှာ ဖြစ်ပေါ်နေကြတာပါ။ ဘာသာရေး ၊ နိုင်ငံရေး ၊ ပညာရေး ၊ အနုပညာ ၊ နောက်ဆုံး အချစ်ရေး ၊ အိမ်ထောင်ရေး လူနေမှုဘ၀ နယ်ပယ်အစုံမှာ ဖြစ်နေကြတာပါ။
အကောင်းနဲ့အဆုံး ဒွန်တွဲနေတဲ့ လောကသဘာဝအရ အမှန်နဲ့ အမှားဆိုတာလဲ အမြဲရှိနေမှာပါ။ ဘယ်သူမှန်တယ်၊ မှားတယ်ကိုတွေးဖို့ထက် ဘယ်ဟာမှန်တယ်၊ မှားတယ်ကို အရင်တွေးတော ဆန်းစစ်ကြည့်စို့လား။
ဒီလိုတွေးတဲ့နေရာမှာ ကိုယ်လိုရာဆွဲမတွေးကြဘဲ ဘယ်အရာက လူပိုများများ အကျိုးရှိနိုင်မလဲလို့ အများအကျိုးလိုလားစိတ်နဲ့ တွေးဖြစ်ခဲ့မယ်ဆို အများစိတ်ချမ်းသာမှာပါ။ အများကောင်းဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တကယ်ပဲ ကိုယ့်အကျိုး၊ မိသားစုအကျိုး၊ ဆွေမျိုးအပေါင်းအသင်း မျက်နှာရင်းတွေအကျိုးကအစ ဖယ်ထုတ်ထားနိုင်လေ အကျိုးရှိလေပါပဲ။
အများကောင်းကျိုးကို လိုလားစိတ်နဲ့ ဦးစားပေးတွေး လုပ်ဆောင်လာရင်း အတ္တအကျိုးတွေ ဖယ်ထုတ်လာနိုင်တဲ့အခါ တကယ်ပဲ ကိုယ်မှန်နေစေဦးတော့ အများအကျိုးရှိမယ်ဆို ကိုယ်မှားပါတယ်ဟု ဘာလို့မဆိုရဲရမလဲ။ ကိုယ်မှန်နေလို့မှ အများအကျိုးမရှိနိုင်ပဲလေ။
ဒါပေမယ့် အတ္တကြီးမားလွန်းသူတွေကတော့ ကိုယ်မှားလဲ မိမိအကျိုးစီးပွားအတွက်ဆို ဘယ်အရာမဆို ချနင်းပစ်ဖို့ဝန်မလေး။ ရသလောက်ယူ၊ ပွားသလောက်စား၊ ငါလုပ်တာမှအမှန်၊ ငါပြောသလိုလုပ်၊ ငါထားသလိုနေ၊ ငါသာအမှန် အကုန်အမှားလို့ တသူသန်ဝါဒ လက်ကိုင်ဆွဲထားတတ်ပါတယ်။
ဒီလိုခေါင်းဆောင်များကို နယ်ပယ်အစုံမှာ အနည်းနှင့်အများ တွေ့ရတတ်ပါတယ်။ ဒီလူတွေ ဦးဆောင်မှုအောက်မှာ လိုရာတွေးစနစ်နောက်လိုက်ရင်း အတ္တလိုရာ စိတ်နောက်ကိုယ်ပါ လိုက်မှားနေသူတွေလဲ တပုံတပင်ပါပဲ။
ဒါကြောင့် မှားတဲ့စနစ် စိုးမိုးတဲ့နေရာမှာ အမှားတွေကို စနစ်တစ်ခုလို အထပ်ထပ်လုပ်ကိုင်ရင်းနဲ့ ဒီလိုလုပ်တာအမှန်လို့ ယုံကြည်လာတယ်။ ကိုယ်လုပ်တာအမှန်လို့ ယုံကြည်ထားတော့ (လူ့စိတ်များ) ကိုယ်လုပ်တာနဲ့မတူရင် အမှားလုပ်နေတာလို့ ယုံကြည်လာရော။ ယုံကြည်တဲ့အတိုင်း သူတပါးကို မှားနေတယ်လို့ စွပ်စွဲပြောဆို ရှုံ့ချကြရော။ ဒီကနေစပြီး မှားတဲ့လူတွေများတဲ့နေရာမှာ အမှားက အမှန်ကို စိုးမိုးလာပါတယ်။ ဒါတွေက လိုရာဆွဲတွေးတဲ့ လူ့သဘာဝ အတ္တပါးပါးမှ စခဲ့တာပါပဲ။
အကျင့်ဆိုတာလဲ ပြင်ဖို့ခက်သား။ ပြင်လို့မရဘူးတော့မဟုတ်။ ရသည်။ တကယ်ပြင်ချင်ရှိဖို့ပဲလိုသည်။ ပြင်ချင်စိတ်ပြင်းထန်ပါက ပြင်ဖို့ပိုမြန်သည်။ ဒီပြင်ချင်စိတ်ဖြစ်လာဖို့ မိမိတွေးခ်ါလုပ်ကိုင်နေတာ သူများတွေနှင့် ဘာကြောင့်ကွာခြားရတာလဲ ဟူသည့်အတွေးတစ်စ ဖြစ်ပေါ်လာဖို့လိုသည်။
ထိုမှတဆင့် သူတို့လုပ်ရပ်က ငါ့လုပ်ရပ်ထက်များကောင်းနေလားဟူသည့် မိမိလုပ်ရပ်အပေါ် ဒွိဟဖြစ်လာသည့် အတွေးလိုသည်။ ထို့နောက် သူများတွေးသလို စမ်းတွေး၊ သူများလုပ်သလို စမ်းလုပ်ကြည့်ချင်သည့်ဆန္ဒ ဖြစ်လာဖို့လိုသည်။ ထို့သို့စမ်းတွေး၊ စမ်းလုပ်ကြည့်ရင်း သူများ၏ အတွေးအခေါ်လုပ်ရပ်များက မိမိထက်မှန်နေသည်ဟုခံစားလာရရင်း မိမိအတွေးအခေါ်လုပ်ရပ်များကို ပြင်ချင်စိတ်ဖြစ်လာမည်။
ဒီတော့ ကိစ္စတစ်ခုအပေါ် ကိုယ်ဘယ်လိုတွေးတယ်။ ဘယ်လိုရှုထောင့်ကကြည့်တယ်။ ဘယ်လိုအမြင်မျိုးနှင့်မြင်တယ်ဆိုတာ မိမိ၏ယုံကြည်မှုကြီးထွားမလာခင် မှန်ကန်တဲ့အမြင်ရှိဖို့ အလွန်အရေးကြီးသည်။
တစ်ခါတစ်လေ သူ့ဘက်က လက်ဖ၀ါး၊ ကိုယ့်ဘက်က လက်ဖမိုးကို ကိုယ့်ဘက်ကချည်းကြည့်လို့ လက်ဖမိုးဟုဇွတ်ငြင်းနေလို့ အမှန်မြင်မည်မဟုတ်။ တစ်ခါတစ်လေ သူ့ဘက်ကပန်း၊ ကိုယ့်ဘက်ကခေါင်း သူက သူ့ဘက်ချည်းကြည့်ပြီး ပန်းဟုဇွတ်ငြင်းနေလျှင်လဲ ကိုယ်လက်ခံနိုင်မည်မဟုတ်။
သူ့ဘက်ကိုလဲ သွားနေကြည့်မှ သူလဲမှန် ကိုယ်လဲမှန်နေကြောင်း လက်ခံနိုင်မည်။ တစ်ခါတစ်လေ အလယ်မျဉ်းကကြည့်မှ နှစ်ဘက်မှန်နေတဲ့ဖြစ်ရပ်များရှိကြောင်း လက်ခံနိုင်မည်။ နှစ်ဘက်မှန်နေသော ပြဿနာများမှာ ပို၍ရှင်းရခက်ပါသည်။
ပြဿနာတွေ လိုတာထက်ပိုပြီးရှုပ်ထွေး၍ ရှင်းရခက်မလာခင် သင်မှန်နေသလို တစ်ဖက်ကကော သင့်လိုမှန်နေမလားဆိုသည့်အတွေး သင့်မှာရှိနေဖို့လိုပါသည်။ ဒီအတွေးသာရှိခဲ့လျှင် သင်မှန်တယ်ဟု ယုံကြည်ယူဆတာကို သူများကအမှား၊ သူမှအမှန်လို့ဆိုလာပါက သူ့ရဲ့အမှန်တရားက ဘာလဲဟု စူးစမ်းချင်စိတ်ရှိလာမှာပါ။ ဒီစူးစမ်းချင်စိတ်ပြင်းထန်လာပါက သူမှန်၊ ကိုယ်မှန် ငြင်းဖို့ထက် သူ့ပြောချင်တဲ့အမှန်တရားဆိုတာကို စဉ်းစားနားထောင်ဖို့ မိမိတွင်ဆန္ဒဖြစ်လာမည်။ ဒီလိုနှစ်ဘက်မြင်ချင်စိတ်ဖြစ်မှ နှစ်ဘက်မှန်ပြဿနာများကို ဖြေရှင်းလက်ခံနိုင်မည်ဖြစ်သည်။
သို့မဟုတ်ပါက ကိုယ်လိုရာတွေးရင်း ဒီ လိုရာတွေးတဲ့ အတွေးတစ်စမှ စခဲ့သောမီးပွားကြောင့် ကွဲသွားတဲ့ သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူစုံတွဲ၊ အိမ်ထောင်ဖက်၊ စီးပွားဖက်၊ အသင်းအဖွဲ့အစည်း ဒီကမ္ဘာကြီးပေါ်မှာ ဘယ်လောက်များ များခဲ့ပြီလဲ၊ များနေဆဲလဲ၊ များနေဦးမှာလဲ။ ဒီတော့ ဖြစ်ပေါ်လာတဲ့အတွေးတစအပေါ် အများကောင်းကျိုး၊ နှစ်ဖက်ကောင်းကျိုးအတွက် ဦးစားပေးတွေး လုပ်ကိုင်ကြပြီး ဒီပဋိပက္ခတွေက လွတ်ကင်းနိုင်စေလို့ ဆုတောင်းပေးရင်း…..
အမှုန် (Burmesehearts.com)