class="post-thumbnail open-lightbox" href>
သဝန်တိုစိတ် ဘယ်ကလာ
သမီးရည်းစားချစ်သူဘဝမှာ အများအားဖြင့် ကြုံကြရတာကတော့ သဝန်တိုတတ်တဲ့ချစ်သူတွေကိုပါ။ သဝန်တိုတတ်တဲ့ အသိုင်းအဝန်းကျယ်ပြန့်လာတဲ့အခါမှာ သဝန်မတိုတတ်ရင်ပဲ မချစ်တော့သလို တဘက်လူက ထင်တတ်ကြသေးတယ်။ ဒီလိုထင်သူများလာတာနဲ့အမျှ သဘောထားပြည့်ဝကြောင်း ပြနိုင်တဲ့သူက ရှားလာပါတော့တယ်။ တကယ်သဝန်မတိုတဲ့တိုင်အောင် အနည်းဆုံးကတော့ ချစ်သူအလိုကျ သဝန်တိုပြကြရတာကိုး။
တကယ့်ကို သဝန်တိုတတ်တဲ့သူတွေကို ချစ်သူတော်မိ ၊ လက်ထပ်ပေါင်းသင်းမိတဲ့သူတွေဟာ ကံဆိုးသူတွေပါ။ ဘာဖြစ်လို့လဲဆိုရင် သူတို့သဝန်တိုစိတ်ကြီးရင် ကြီးသလောက် မိမိရဲ့ ချစ်သူ ၊ လက်တွဲဖော်ကို ချုပ်ခြယ်လာ ၊ ချုပ်ကိုင်လာ ၊ ထိန်းချုပ်ထားတာတွေ ၊ သံသယတွေ များလာလို့ပါပဲ။ ဒီတော့ တဖက်သူမှာ လူတစ်ယောက်ရဲ့လွတ်လပ်ခွင့် ပြည့်ပြည့်ဝဝ မရရှိတော့ဘူးပေါ့။ အများသွားတဲ့နေရာကို ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဘက် သဘောမတူဘဲ သွားခွင့်မရှိ ၊ အများလုပ်တဲ့အလုပ်ကို သူသဘောမတူဘဲ လုပ်ခွင့်မရှိတော့ဘူး မဟုတ်လား။
လုပ်မိရင် နှစ်ယောက်ကွိုင်ပူမယ် ၊ စကားများမယ် ၊ ရန်ဖြစ်မယ် ၊ ပြတ်စဲကောင်း ပြတ်စဲနိုင်တယ်လေ။ ချစ်သူတွေအဖြစ်နဲ့ကတော့ သည်းခံနိုင်တာပေါ့ ။ အိမ်ထောင်သက်ကြာလာတော့ တဖက်က ရေရှည် သည်းခံနိုင်ပါတော့မလား။
သဝန်တိုစိတ် ဘယ်ကလာလဲလို့ ဆန်းစစ်ကြည့်လိုက်ရင် မယုံကြည်စိတ်က မြစ်ဖျားခံလာနိုင်သလို ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲစိတ်ကနေလည်း မြစ်ဖျားခံလာနိုင်ပါတယ်။
မယုံကြည်စိတ်ဆိုတာ သူကိုယ့်ကို တကယ်ချစ်တာပါလို့ မယုံကြည်နိုင်တဲ့စိတ် ၊ တနည်းအားဖြင့် တဖက်သားရဲ့ အချစ်ကို မယုံကြည်နိုင်တဲ့စိတ်ပေါ့။ ဒီစိတ်က ဖောက်ပြန်ခဲ့ဖူးတဲ့ ရာဇဝင်ရှိတဲ့ သမီးရည်းစား (သို့မဟုတ်) အိမ်ထောင်ဖက်ကို ရထားသူတွေမှာ ဖြစ်နိုင်သလို ကိုယ့်အရည်အချင်းကို မယုံကြည်နိုင်တဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဖောက်ပြန်တတ်သူရထားတော့ ထပ်ဖောက်ပြန်မလား သံသယကြောင့် သဝန်တိုစိတ်ဖြစ်လာသလို ကိုယ့်အရည်မချင်းအပေါ် ယုံကြည်မှုမရှိသူတွေကျတော့ ဘာကြောင့် သဝန်တိုသလဲဆိုတာကိုတောင် ခွဲခြမ်းစိတ်ဖြာမှု မပြုနိုင်တော့ဘဲ ချစ်လို့ပါလို့ အာလွှဲ ၊ လျှာလွှဲ ပြောတတ်ကြတယ်။
ကိုယ့်အရည်အချင်းကို မယုံကြည်နိုင်တဲ့သူတွေဟာ သူ့ရဲ့ ချစ်သူ (သို့ဟုတ်) အိမ်ထောင်ဖက်ထက် ရုပ်ပြမလှသူ ၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူ ၊ ကိုယ်အင်္ဂါချို့ယွင်းချက်ရှိသူ ၊ ရောဂါရှိသူတွေအပြင် အရည်အချင်းပိုင်းဆိုင်ရာမှာလည်း တဖက်လူလောက် မထက်မြက်သူ ၊ မပြည့်စုံသူ ၊ စိတ်အားငယ်မှုအခံရှိနေသူတွေလည်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ ဘာဖြစ်လို့ ချစ်သူအပေါ် သဝန်တိုသလဲဆိုတာကို မသိချင်တော့ဘဲ ချစ်လို့ဆိုပြီး အလွယ်ပြောလို့ သူတို့အားနည်းချက်ကို ဖုံးကွယ်လိုသူတွေလည်း ဖြစ်ပါတယ်။
ယုံကြည်စိတ်လွန်ကဲလို့ သဝန်တိုသူတွေကျတော့ အတ္တလွန်ကဲသူတွေလည်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ငါထင်တာအမှန် ၊ ငါလုပ်တာအမှန်လို့ တယူသန်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုယုံကြည်စိတ်လွန်ကဲသူတွေကို လက်တွဲဖော်အဖြစ် စဉ်းစားမိရင်တော့ ခြေလှမ်းမကျွံခင် နောက်ဆုတ်လိုက်ပါ။ ဒီလိုမှမဟုတ်ရင် သူ့အတ္တနဲ့ သူ့တယူသန်စိတ်ထားကြောင့် ကိုယ်သာလျှင် တသက်တာလုံး ဝမ်းနည်းကြေကွဲရမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ တဖက်သားရဲ့ ခံစားချက်ကို မျက်ကွယ်ပြုနိုင်သူတွေ ၊ ထည့်မစဉ်းစားလိုသူတွေလည်း ဖြစ်တယ်လေ။
မယုံကြည်စိတ်နဲ့ သဝန်တိုတတ်တဲ့ အမျိုးသား ၊ အမျိုးသမီးတွေကို အကောင်းဆုံး ကုစားနိုင်ဖို့က သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင် လုပ်ရမှာဖြစ်ပါတယ်။ သူဟာကိုယ့်ကို တကယ်ချစ်တာပါလို့ ယုံကြည်လာနိုင်အောင် ၊ ကိုယ်တိုင်က အရည်အချင်းပြည့်ဝသူမို့ သူကိုယ့်ကို ပစ်ပယ်မသွားဘူး ၊ ကိုယ့်ထက်သာသူကို ရှာမတွဲဘူးဆိုတာကို ကိုယ့်ဘာသာ ယုံကြည်မှုတည်ဆောက်ရင်း ကိုယ့်အရည်အချင်းကိုလည်း ကိုယ်မြှင့်တင်ရမှာဖြစ်ပါတယ်။ သဝန်တိုနေရုံနဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာကို မတည်ဆောက်နိုင်ဘူးမဟုတ်လား။ သူ့ကို အထိုက်အလျောက် ယုံကြည်မှုထားလိုက်ပါ။ ဖောက်ပြန်ချင်တဲ့သူဟာ ဖောက်ပြန်မှာပဲမို့ သူဖောက်ပြန်သွားလည်း ကိုယ့်အရည်အချင်းနဲ့ကိုယ် သူ့ထက်သာတဲ့သူနဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေး တည်ဆောက်ပြနိုင်တယ်မဟုတ်လား။
ယုံကြည်စိတ်လွန်ကဲသူတွေကတော့ သူ့အတ္တကို သူမလျှော့ချသရွေ့ ၊ သူ့ရဲ့တယူသန်မှုကို ကိုယ်တိုင် မပြောင်းလဲသရွေ့ သူ့စိတ်ပြောင်းလဲဖို့ နည်းလမ်းမရှိပါဘူး။
ချစ်တဲ့သူတိုင်း သဝန်မတိုတတ်သလို သဝန်တိုမှ တကယ်ချစ်တတ်တာလည်း မဟုတ်ပါဘူး။ စိတ်ထားပြည့်ဝတဲ့သူတွေက တဖက်သားကို နားလည်မှုပေးတယ်။ လွတ်လပ်ခွင့်ပေးတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ တဖက်သားကို မလွတ်မလပ်ဖြစ်အောင် အချစ်လို့ အချိုသပ်ပြီး ချုပ်နှောင်ထားလေ့ မရှိပါဘူး။ ချစ်ခြင်းနဲ့ သဝန်တိုခြင်း ခွဲခြားနိုင်ပါစေလေ။