class="post-thumbnail open-lightbox" href>
သားကိုသခင် လင်ကိုဘုရား
မြန်မာလူမှုဝန်းကျင်မှာ ကျား ၊ မ ခွဲခြားဆက်ဆံမှုရှိပါတယ်။ ဒါကြောင့်လည်း “သားကိုသခင် ၊ လင်ကိုဘုရား” လို့ သတ်မှတ်ပြောဆိုလာခဲ့ကြတာပါ။ သားကလေးမွေးတဲ့မိခင်ဟာ မြတ်တယ်လို့ဆိုကြပြီး လင်ဆိုရင်တော့ အိမ်ဦးနတ် ၊ ဘုရားလို ထမင်းဦး ၊ ဟင်းဦး ပူပူနွေးနွေး ခူးခပ်ကျွေးလို့ အပူဇော်ခံတစ်ဦးလို ထူးထူးမြတ်မြတ်နေရာပေး ထားရမယ်ဆိုတဲ့ မြန်မာလူမှုဝန်းကျင်က သတ်မှတ်ထားပါတယ်။ ဒီလိုသတ်မှတ်ထားချက်တွေကြောင့် အမျိုးသားတွေဟာ အခွင့်ထူးခံတွေအဖြစ် ၎င်းတို့ကိုယ် ၎င်းတို့ သတ်မှတ်နေကြတာဖြစ်ပါတယ်။
လူ့ယဉ်ကျေး အသိုင်းအဝန်းတွေမှာတော့ အမျိုးသားနဲ့ အမျိုးသမီးယှဉ်လာရင် “Lady First” ဆိုပြီး အားနွဲ့တဲ့ အမျိုးသမီးတွေကို ဦးစားပေးကြပါတယ်။ တကယ် အထူးဦးစားပေးရမယ့်သူတွေနေရာမှာ အမျိုးသမီးတွေဟာ ပထမဦးစားပေးနေရာမှာ အမြဲတမ်းမရှိပါဘူး ။ ဒါကို Service လုပ်ကိုင်ဖူးတဲ့ သူတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဗဟုသုတရှိသူတွေက သိကြမှာဖြစ်ပါတယ်။ မီးလောင်တာပဲဖြစ်ဖြစ် ၊ လေယာဉ်ပျက်တာပဲဖြစ်ဖြစ် ၊ ဘေးကြုံလာရင်ပဲဖြစ်ဖြစ် အရေးဟယ် ၊ အကြောင်းဟယ်ဖြစ်လာပြီဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊ ရင်ခွင်ပိုက်ကလေးငယ်တွေနဲ့ ကလေးသူငယ်တွေ ၊ သက်ကြီးရွယ်အိုတွေ ၊ လူမမာတွေ ၊ ဒုက္ခိတတွေဟာ ပထမဦးစားပေး ကယ်ဆယ်ပေးရမယ့်သူတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သေရေးရှင်ရေး တိုးဝှေ့ပြေးရမယ်ဆို သူတို့ဟာ အများတကာလို စိတ်ရှိသလောက် တိုးဝှေ့မပြေးနိုင်ကြဘဲ နစ်နာကြရ ၊ ဆုံးရှုံးကြရလို့ဖြစ်ပါတယ်။
ဒါဆိုရင် မြန်မာလူနေမှုဝန်းကျင်မှာရော ဘာဖြစ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊ ရင်ခွင်ပိုက်ကလေးငယ်တွေနဲ့ ကလေးသူငယ်တွေ ၊ သက်ကြီးရွယ်အိုတွေဟာ ပထမဦးစားပေး ဂရုစိုက်ပြုစုစောင့်ရှောက်ရမယ့် သူတွေအဖြစ်မရှိနေကြတာလဲ။ လွဲမှားတဲ့ ရှေးရိုးအယူအဆတွေက “သားကိုသခင် ၊ လင်ကိုဘုရား” ဆိုတာကိုပဲ စွဲနေလို့ဖြစ်ပါတယ်။ အိမ်ရှင်မတွေ အသိဆုံးဖြစ်မှာပါ။ ဟင်းတုံးအကြီးဆုံးနဲ့ အစားကောင်းတွေဆိုရင် အိမ်ထောင်ဦးစီးကို ဦးစားပေးဖယ်ထားကြတယ်။ ပြီးမှ မိန်းမနဲ့ကလေးက ကျန်တာကို စားကြတာဖြစ်ပါတယ်။
အထူးအမြတ်နေရာရထားသူတွေက အောက်ဆင်းရမှာကြောက်ကြတယ်။ ဦးစားပေးမခံရတော့ရင် ရန်လိုတယ်။ အမြဲအသားစီးရလိုစိတ် ကြီးစိုးလာတယ်။ ဒီကတဆင့်ဆိုးလာတာက ငါလုပ်တာမှန်တယ် ၊ ငါလုပ်ချင်ရာလုပ်မယ်ဆိုတဲ့ ငါတကောစိတ်ကြီး ဝင်လာတာပဲဖြစ်ပါတယ်။ အဲဒီစိတ်တွေကြီးစိုးနေတဲ့ အမျိုးသားတွေကို အိမ်ထောင်ဘက်အဖြစ် ပေါင်းသင်းဆက်ဆံနေထိုင်ရတဲ့ ဇနီးနဲ့ သားသမီးတွေဟာ သာတူညီမျှ ရပိုင်ခွင့်နဲ့ ခံစားခွင့်ဆိုတာတွေ ဆိတ်သုဉ်းလို့နေမှာဖြစ်ပါတယ်။ မိသားစုအနာဂါတ်ဖြစ်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို တစ်ဦးတည်းအလိုကျ ဆုံးဖြတ်သွားတဲ့အတွက် ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်ဝင်ရောက်ဆွေးနွေး စွက်ဖက်ခွင့်မရှိတဲ့အဖြစ်ကိုလည်း ရောက်ရှိသွားမှာဖြစ်ပါတယ်။
တပါးသူကိုပဲ အမြဲတစေ ဦးစားပေးနေရပြီး ကိုယ့်အနာဂါတ် ကိုယ်မပိုင်တဲ့ အိမ်ထောင်စုထဲက မိသားစုဝင်တွေဟာ ကိုယ့်ရပိုင်ခွင့်ဆိုတာ ဘာလဲလို့ ပြန်မေးရမလိုပါပဲ။ ဗသုတုမပြည့်စုံတဲ့ မိသားစုဝင်တွေကို ဒီလိုအိမ်ထောင်ဦးစီးပဲ့ကိုင် အုပ်ချုပ်နေတာဟာ မိသားစုဝင်တွေအတွက် အမှားကြီးတစ်ခုရယ်လို့ မမြင်ပေမယ့် ဇနီးကခင်ပွန်းထက် အရည်အချင်းရှိပြီး အနာဂါတ်ကို ခင်ပွန်းထက် အကွက်ကျော် မြင်နိုင်စွမ်းရှိနေတဲ့အခါမှာ တကယ်အရည်အချင်းမရှိဘဲ ငါတကော ကောနေတဲ့ အိမ်ထောင်ဦးစီးရဲ့နေရာဟာ မှေးမှိန်လို့လာမှာပါ။ သူက အရည်အချင်းမရှိတော့ ဇနီးက မိမိနဲ့ သားသမီးအနာဂါတ်အတွက် ကိုယ်တိုင် ဖန်တီးလာတဲ့အခါမှာ အရည်အချင်းမရှိတဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ နေရာက အဲဒီအမျိုးသားတွေဟာ ဘေးရောက်လို့လာမှာပါ။
အမြဲတမ်းအခွင့်ထူးခံနေရာမှာနေချင်ပြီး “ငါ့ကိုဦးစားပေး ၊ ငါပြောတာလိုက်လုပ် ၊ ငါဆုံးဖြတ်တာနာခံ” လို့ အရင်လိုမျိုး မလုပ်နိုင်ရင် ပတ်ဝန်းကျင်ကို သူ့ဘာသာသူရှက်လာတယ် ။ ဒီမိသားစုထဲမှာရှိနေတဲ့ သူ့ကိုယ်သူရှက်လာတယ် ။ ဒီမိသားစုထဲမှာ သူရပ်တည်နေရတဲ့နေရာကို မကျေနပ်တော့ဘူး ။ ဒီ့ထက်လည်း အရည်အချင်းပိုရှိအောင်လို့ အားမထုတ်နိုင် (တကယ်တော့ အားမထုတ်ချင်တာပါ) တဲ့အခါမှာ ရှက်ရမ်းရမ်းလာတယ်။ ထွက်ပေါက်က မိသားစုကို ကွိုင်ရှာလာတာပါပဲ။ အပြစ်တင်မယ် ၊ ငြူစူမယ် ၊ အိမ်ထောင်စုအတွင်းမှာ စကားများမယ်။ ဒီ့ထက်ဆိုးရင် မူးပြီးရမ်းမယ် ၊ ပစ္စည်းတွေ လွှင့်ပစ်ပေါက်ခွဲလို့ ခုနှစ်အိမ်ကြား ၊ ရှစ်အိမ်ကြား ရပ်သိရွာသိ အရှက်ရမယ်။ အဆိုးဆုံးမှာ လက်ပါ ၊ ကိုယ်ပါ ပြုမူတော့တာပါပဲ။ ကျွန်မကတော့ ဒီလိုအမျိုးသားတွေကို ယုတ်ညံ့တဲ့ အမျိုးသားတွေလို့ပဲ မြင်ပါတယ်။
သူတို့ဟာ ရှင်ဘုရင်နေရာကို လိုချင်နေကြတဲ့ မြေခွေးတွေလိုပါပဲ။ လူ့အသိုင်းအဝန်းမှာ အတော်ရုပ်ဆိုးပြီး ကိုယ့်မိသားစုဝင်တွေကို အရှက်ရစေတဲ့လူ ဖြစ်ပါတယ်။ မိသားစု စီးပွားရေး ၊ အိမ်ထောင်ရေး အဆင်မပြေမှုထက် သူ့လုပ်ရပ်တွေကြောင့် မိသားစုဟာ ပတ်ဝန်းကျင်အလယ်မှာ သိမ်ငယ်တဲ့စိတ်ဖြစ်ရတယ် ။ အားငယ်စိတ်ဖြစ်ရတယ် ။ ယုံကြည်မှုတွေလည်း ပျက်သုဉ်းရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုအမျိုးသားတွေကို ကျွန်မ ရွံရှာမုန်းတီးပါတယ်။ အိမ်ထောင်ရှင်မတိုင်းလည်း ရွံရှာမုန်းတီးကြမယ်လို့ထင်ပါတယ်။ ဒီလိုလူမျိုးတွေကိုမြင်တာနဲ့ အလိုလို မျက်မှောင်ကျုံ့ပြီး နှာခေါင်းရှုံ့ချင်တဲ့အထိ မနှစ်မြို့စရာ မစင်နဲ့တူသူတွေဖြစ်တယ်။ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝန်းက ဒီလိုလူမျိုးကို မဖြစ်လို့သာပေါင်းရတယ်။ အတတ်နိုင်ဆုံး ခပ်ကင်းကင်းနေလို့ ရှောင်ချင်ကြတယ်။
ဒီလိုလူမျိုးကို အိမ်ထောင်ဘက်အဖြစ် ကိုယ့်ဘဝထဲ ဝင်မလာစေချင်ရင်တော့ သူ့ရဲ့ “သားကိုသခင် ၊ လင်ကိုဘုရား” ဆိုတဲ့ စိတ်ဓါတ်ကြီးကို လက်ထပ်ပေါင်းသင်းဖို့ မရည်ရွယ်ခင်ကတည်းက ထဲထဲဝင်ဝင် လေ့လာခဲ့ရမှာ ဖြစ်ပါတယ်။ အချစ်တွေဖုံးလို့ အပြစ်ရယ်မမြင်ဖြစ်လာခဲ့ရင်တော့ လက်ထပ်ပေါင်းသင်းပြီးနောက်မှ ကံဆိုးလှချည်ရဲ့ ၊ ယောက်ျားတွေဟာ ဘယ်လိုဆိုးပါတယ်ဆိုပြီး ယောကျာ်းတကာ မကောင်းကြောင်း အတင်းထိုင်ပြောနေရုံနဲ့ ကိုယ့်ဘဝဟာ တိုးတက်လာမှာ မဟုတ်ပါဘူး။ ယောကျာ်းကောင်းတွေကို အားနာဖို့ကောင်းပါတယ်။ တကယ်ဆို ကိုယ်ကသာ ယောကျာ်းကောင်း ရှာမယူနိုင်ခဲ့တာပါ။
မယူခင်ကတည်းက ထဲထဲဝင်ဝင် လေ့လာပါ။ ဖြစ်လာမယ့် ကိုယ့်ရဲ့အိမ်ထောင်ရေး အနာဂါတ်ကို ကြိုတွေးထားပြီး ဘာတွေကြုံရနိုင်တယ်လို့ ဦးနှောက်ကို သုံးပြီး ဆုံးဖြတ်ပါ။ နှလုံးသားက ဦးနှောက်ကို ပိတ်ဆို့ထားတဲ့သူတွေဖြစ်နေရင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေသူတွေပဲ ဖြစ်ပါတယ်။ တကယ်ဆို မှားယွင်းတဲ့ဆုံးဖြတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ မှားယွင်းတဲ့ အိမ်ထောင်ရေးကြီးမှာ ပျော်ရွှင်မှုတွေလည်း ဆိတ်သုဉ်းလို့ အိမ်ထောင်ရေးသာယာမှုဆိုတာ စားလုံးပေါင်းသာသိပြီး အနက်အဓိပ္ပါယ် မသိသူတွေ ၊ လုံးဝမခံစားရသူတွေ ဖြစ်လာမှာပါ။ ဘယ်သူမပြု ၊ မိမိမှုပါလေ။