class="post-thumbnail open-lightbox" href>
သားသမီးဆုံးမမယ့် မိဘ
သားသမီးရတော့မယ်ဆိုရင် မိဘဖြစ်လာတော့မှာပါ။ အိမ်ထောင်စုထဲမှာ အမြင့်ဆုံးနေရာဖြစ်တဲ့ အုပ်ထိန်းသူ မိဘဟာ အမြင့်ဆုံးနေရာနဲ့တန်အောင် တာဝန်သိစွာ နေထိုင်သင့်ပါတယ်။ မိဘရယ်လို့ဖြစ်လာရင် သားသမီးတွေ နမူနာပြန်ယူရမယ့် စံအနေနဲ့ ရှိသင့်တာပါ။
သားသမီးကို ဆုံးမမယ့် မိဘဟာ အရင်ဆုံး ကိုယ်ချင်းစာစိတ် ရှိရပါ့မယ်။ ကိုယ့်သားသမီးကို ဒီလိုဆုံးမပုံ ၊ ဆုံးမနည်းနဲ့ မဆုံးမခင် ငါငယ်ငယ်က အဲ့လို ဆုံးမခံခဲ့ရသလား ၊ အဲဒီအချိန်တုန်းက ငါဟာ ဒီဆုံးမမှုကို နာယူချင်စိတ် ရှိရဲ့လား ။ ဘယ်လိုခံစားခဲ့ရသလဲ အရင်တွေးရမှာပါ။ စိတ်နောက်ကိုယ်ပါ ဆုံးမရင်းလက်လွန်တာ ၊ ကျိုးကျိုးကန်းကန်း စေတနာအမှားလို့တော့ မဖြစ်စေချင်ပါ။ ကိုယ်မကြိုက်တဲ့အရာကို တပါးသူ မခံစားပါစေနဲ့နော်။
လက်ဦးဆရာ မိနှင့်ဘ ဆိုစကားလိုမျိုး မိစုံဖစုံရှိတဲ့ သားသမီးတွေဟာ အမိ ၊ အဖ ဆီကမှ အရင်ဆုံး လေ့လာသင်ယူလေ့ရှိတာပါ။ အများအားဖြင့် ကလေးသူငယ်များဟာ အမေကို တွယ်ကပ်လေ့ရှိတာကြောင့် အမေ့ဆီက သင်ယူတာပိုများပါတယ်။ ပြီးတော့ အဖေ ၊ ညီအစ်ကိုမောင်နှမ ၊ သူ့အနားမှာ အချိန်များများ အနီးကပ် ရှိနေသူတွေဆီက သင်ယူတာပါ။
ပြီးမှ အဖိုး ၊ အဖွား ၊ ဦးလေး ၊ အဒေါ် ဆွေမျိုးအသိုင်းအဝန်း ၊ ပတ်ဝန်းကျင်မှာ လုပ်ကိုင်နေတာတွေကို အတုမြင် အတတ်သင်တာပါ။ ဒါကြောင့် ကလေးတစ်ယောက်ရဲ့ စာရိတ္တဆိုတာ သူ့ပင်ကိုဗီဇ ပါလာတာအပြင် ကလေးအနား ရှိတဲ့သူတွေဆီက အနီးဆုံး ကူးစက်သွားတတ်ကြတာပါ။ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုသလိုပေါ့။
ကလေးပဲ ဘာသိဦးမှာလဲ မတွေးပါနှင့်။ ကလေးတစ်ဦးဟာ ၎င်းမွေးစကနေ သုံးနှစ်အထိ အတုမြင် ၊ အတတ်သင် အလုပ်ဆုံးပါ။ ကိုယ့်အတွက်က မြင်နေကျမို့ ဘာမှမထူးဆန်းပေမယ့် အခုမှ မြင်စ ၊ တွေ့စ ၊ သိစ ကလေးတွေအတွက်တော့ အရာရာဟာ အထူးအဆန်း ၊ သင်ယူလေ့လာ ၊ အတုယူစရာချည်းပါပဲ။ မွေးကင်းစကလေးကနေ သိတတ်လာလေလေ သူ့အနားရှိသူ ဘာလုပ် ၊ ဘာကိုင် ၊ ဘာပြောတာကအစ သွားလာစားသောက် ပြောဆိုပြုမူပုံတွေကို အစစ အတုခိုးပြီး သင်ယူလေ့ရှိတာပါ။
မွေးစက ဘာမှ သိတတ်နားလည်မှု မရှိသေးတဲ့ အဖြူထည်ကလေး ဘယ်က အကျင့်ဆိုးတွေ တတ်လာနိုင်ပါ့မလဲ ။ ကလေးအနီးပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေဆီကပဲပေါ့။ ဘယ်သူမှ မရှိဘူးလား ။ ဒါဆို သူ့ကို ဖွင့်ပြလေ့ရှိတဲ့ တီဗွီထဲက ၊ ကာတွန်းထဲက ၊ အခွေတွေထဲက ၊ သူ့အနီးအနားက သူလေ့လာသင်ယူလို့ရမယ့် အရာတွေထဲကပဲ သူတတ်လာတာပါ။
ဒါကြောင့်မို့လို့ ကလေးတွေကို ဘယ်လိုကာတွန်းမျိုး ၊ သီချင်းမျိုး ၊ MTV မျိုးတွေ ပြသလဲဆိုတာ အရေးကြီးသလို သူ့ရှိနေတဲ့အချိန် ဘယ်သူတွေက ဘာတွေကြည့်သလဲဆိုတာလည်း အရေးကြီးပါတယ်။ သူ့နားတွေ ၊ မျက်စိတွေဟာ မြင်နိုင် ၊ ကြားနိုင်တယ်လေ။ အဲဒီကတဆင့် ဒီလိုပြုမူ ၊ ပြောဆို ၊ ဆက်ဆံတာ မှန်တယ်။ ကောင်းတယ်လို့ ထင်မြင်ယုံကြည်လာတယ်။
ကလေးဟာ ပြောဆိုဆုံးမရမကောင်းဘူး။ ဆိုးလာတယ်။ ကိုယ်မကြိုက်တဲ့ အပြောအဆို ၊ အနေအထိုင်တွေ ရှိလာပြီဆို ဒီစရိုက်မျိုးရှိနေတဲ့လူဟာ ကလေးအနားရှိနေလို့ ဒီအကျင့်တွေ ကလေးဆီကူးသွားတာလို့ နားလည်ရပါမယ်။
ကလေးကိုရိုက်ပြီး အတင်းပြင်ခိုင်းမလား ။ သူ့နဲ့အနီးကပ်ရှိသူဟာ ဒီလိုစရိုက်မျိုးရှိသရွေ့ ကလေးဟာ ဒီစရိုက်ကို ပြင်လဲခဏသာ ဖြစ်မှာပါ။ ခွေးမြီးကောက် ကျည်တောက်စွပ်သလိုမျိုးပေါ့။ ခွေးမြီးကောက်ကတော့ ထားပါတော့။ သူ့အလိုလို ကောက်နေတဲ့အမြီးလေ။ ကလေးဆိုတာ အစကဖြူစင်ပြီး လူကြီးတွေက အရောင်ဆိုးလိုက်တာပါ။ ကလေးတွေဟာ အရောင်ဆိုးတာ ခံရတဲ့အပြင် ရိုက်နှက် ၊ နှိပ်စက်၊ ဆဲဆိုအပြစ်တင် ၊ အနှိမ်ချခံပြီး စိတ်ဒဏ်ရာနဲ့ ကြီးပြင်းရမယ်ဆိုရင် ကလေးအမှားလား လူကြီးအမှားလား။
သုံးနှစ်အောက် လူမမယ် ကလေးကို အသေအကြေ မှတ်လောက်သားလောက် ရှိအောင်ဆိုပြီး ရိုက်မယ့်အစား ကလေးကို ဒါဟာမကောင်းဘူး ။ မကောင်းလို့ အဖေ ၊ အမေ မလုပ်ဘူးလို့ ဆိုဆုံးမရမှာပါ။
ဘူးပင်က ဖရုံသီး သီးချင်လို့တော့ ဘယ်ဖြစ်ပါ့မလဲနော် ။ ကိုယ်တိုင်က စရိုက်မကောင်းရင် ကလေးကို ငါပြောသလိုလုပ် ၊ ငါလုပ်သလိုမလုပ်နဲ့လို့ အတင်းသွားလုပ်ရင် ကိုယ့်မျက်စိအောက်မှာ သို့မဟုတ် ကိုယ့်လက်အောက်က မလွတ်သေးခင် ကာလအတွင်းပဲ ရပါလိမ့်မယ်။ ဒါဟာ တကယ်မကောင်းဘူးလို့ သူတို့ ကျေကျေနပ်နပ် လက်ခံပြီး မပြောင်းလဲချင်သရွေ့ ဒါကို သူတို့ ဆက်ပြုလုပ်နေဦးမှာပါ။
ကလေးကို မဆဲစေချင်ရင် ကိုယ်တိုင်လဲမဆဲနဲ့ ၊ ဆဲတတ်တဲ့သူနဲ့လဲမထားနဲ့ ၊ ဆဲတာကို မြင်စေ ၊ ကြားစေမယ့် ပတ်ဝန်းကျင်မှာလည်း မထားနဲ့ (ဒါတော့နည်းနည်းခက်မယ်ထင်တယ်။) ဒီအတိုင်းပဲ မခိုးစေချင်ရင်လည်း ဒီလိုပဲ ကာကွယ်ရမှာပါပဲ။ အရက် ၊ လောင်းကစား ၊ လိင်အရှုပ်အရှင်းကအစ စာရိတ္တအဆုံး ကိုယ့်သားသမီးအတွက် မိဘကိုယ်တိုင် စံပြဖြစ်အောင် နေပြရမှာပါ။ ဒီတော့မှလဲ တခြားက အကျင့်ဆိုးတွေ ကူးလာရင် မိဘဖြစ်တဲ့ ဒို့တွေ လုပ်ရဲ့လား လို့ ပြောအားရှိမှာပါ။ ဒီတော့ ပြင်ခိုင်းရတာလဲ လွယ်ပါတယ်။
မူးယစ်ဆေးသုံးသူရဲ့ သားသမီးတိုင်း ဆေးစွဲမယ်လို့ တပ်အပ်မဆိုနိုင်ပေမယ့် မူးယစ်ဆေးသုံးတဲ့ သားသမီးကို မူးယစ်ဆေးစွဲနေတဲ့ မိဘက ဆိုဆုံးမရင် သားသမီးက နာခံပါ့မလား ။ အရက်သောက်လာတဲ့သားကို ဖခင်အရက်သမားက မသောက်ဖို့ပြောရင် သားကပြုပြင်ပါ့မလား။ ဒီအတိုင်းပဲ အိမ်ထောင်ဆက်များတဲ့ မိဘက ရည်းစားသနာရှုပ်တဲ့ သားသမီးကို ဆုံးမနိုင်ပါ့မလား။
သားသမီးတွေရဲ့စံပြ မိဘတွေဖြစ်ဖို့ ကိုယ့်သားသမီးကို မဖြစ်စေချင်တာတွေ ကိုယ်မလုပ်မိအောင် အရင် ကြိုးစားကျင့်ယူရမှာပါ။ ကလေးကိုယ်ဝန်ဆောင်နေချိန်ကတည်းက မိမိကလေးမှာ မဖြစ်စေချင်တဲ့ အကျင့်တွေ ၊ အပြုအမူတွေ မိမိမှာရှိနေရင် အရင်ပြောင်းလဲပြီး မလုပ်မိအောင် ကျင့်ယူလာတဲ့အခါ ကလေးသင်ယူစအချိန်မှာ အကျင့်ဆိုးတွေ ပျောက်တန်ကောင်းပါရဲ့နော်။
ငါ့သားသမီးအတွက် သူအတုယူမမှားအောင် ဒါတော့ မလုပ်တော့ဘူး ။ ငါငယ်ငယ်တုန်းက လူကြီးသူမတွေ ဒီလိုဆုံးမခဲ့လို့ ငါဒီလို မကျေမနပ် ခံစားခဲ့ရတယ်။ ငါ့သားသမီးတော့ ဒါတွေ မခံစားစေရဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပြုပြင်ပြောင်းလဲ ဆုံးမနေထိုင်သွားတဲ့အခါ မိသားစုထဲမှာ ချစ်ခင်မှုတွေနဲ့ ပိုနေပျော်လာမှာပါ။
ရတု (Burmesehearts.com)