class="post-thumbnail open-lightbox" href>
သန္ဓေသားဖြစ်လာခြင်း အပိုင်း(၁)
အမျိုးသား၏မျိုးဥနှင့် အမျိုးသမီး၏မျိုးဥ ပေါင်းစပ်ပြီး ၂၄နာရီမှ ၃၆နာရီအကြား ဖြစ်ပွားလာသည့် အောင်မြင်သော သန္ဓေသားဥသည် သားအိမ်အတွင်းသို့ရောက်ဖို့ ရက်သတ္တပတ် တစ်ပတ်ကြာကြောင်း သိရသည်။
ထိုကဲ့သို့ သွားနေစဉ် blastocyst ဟုခေါ်သည့် သန္ဓေသားလောင်းဖြစ်လာမည့် ဆဲလ်အစုဝေးသည် ectoderm ဟုခေါ်သည့် အရေပြားနှင့် အာရုံကြောဖွဲ့စည်းမှုစနစ် ဖြစ်လာမည့်အလွှာ ၊ endoderm ဟုခေါ်သည့် အစာချေခြင်းနှင့် အသက်ရှူမှုစနစ် ဖြစ်လွှာမည့်အလွှာ ၊ mesoderm ဟုခေါ်သည့် ကြွက်သားနှင့် အရိုးအဆစ်စနစ်ဖြစ်လာမည့်အလွှာ ဟူ၍ အလွှာသုံးလွှာ စတင်ဖြစ်ပေါ်လာကာ သားအိမ်အတွင်းသို့ ရောက်ရှိပါက သားအိမ်အတွင်းမြှေး၌ ခိုကပ်၍ စတင်ကြီးထွားလာတော့သည်။
သားအိမ်အတွင်းတွယ်ကပ်ပြီး ရက်သတ္တပတ် (၈)ပတ်အတွင်းမှာတော့ မတူသော ပြောင်းလဲဖွံဖြိုးခြင်းများဖြင့် သန္ဓေသားလောင်းဟာ တိုးတက်ဖွံ့ဖြိုးလာပြီး အချင်းနှင့် ချက်ကြိုးဖြစ်ပေါ်လာတော့သည်။ ထိုကာလများအတွင်း သန္ဓေသားလောင်းသည် လက်ချောင်း ၊ခြေချောင်း ၊မျက်လုံး ၊ နှာခေါင်း ၊ နားတို့ဟာ ပီပြင်လာပြီး ကိုယ်လုံးကိုယ်ထည် အကြမ်းဖျင်းနှင့် အာရုံကြောဖွဲ့စည်းမှုအဆင့်အထိ တိုးတက်ဖြစ်ပေါ်လာသည်။
ကိုယ်ဝန်ဆောင်ကာလကို အပိုင်းသုံးပိုင်းခွဲခြားနိုင်သည်။
ကိုယ်ဝန်ဆောင်စဉ် ပထမသုံးလတာ ကာလအတွင်း မိမိသန္ဓေသားသည် စက္ကန့်နှင့်အမျှ ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်နေ၍ မိမိကိုယ်တွင်း ဟိုမုန်းများ ပြောင်းလဲနေသောကြောင့် အနေအထိုင် မကြည်သာခြင်း ၊ မူးဝေပျို့အန်ခြင်း ၊ အားကုန်ပင်ပန်းနွမ်းနယ်သလို ဖြစ်နေခြင်းတို့ ရှိတတ်သည်။
ပထမသုံးလတာကာလတွင် ကိုယ်ဝန်ဆောင်သည်တိုင်း ထိုသို့ ဖြစ်ပေါ်မည်ဟုတော့ မဆိုလို ။ တစ်ဦးနှင့်တစ်ဦး ဟိုမုန်းတုန့်ပြန်မှုမတူနိုင်သလို ကိုယ်ဝန်ဆောင်သည့် မိခင်ဖြစ်ဦးတော့ တစ်သားနှင့် တစ်သား ဖြစ်ပေါ်ခံစားမှုတို့သည့် တူချင်မှ တူပေလိမ့်မည်။
ကိုယ်ဝန်ဆောင်သည့် လေးလတာကာလအတွင်း ရောက်လာသည်ဆိုပါက မစားမသောက်နိုင် ပျို့အန်ခြင်းများ အနည်းနှင့်အများ သက်သာလာကာ အစားအသောက် စားချင်စိတ် ပြန်ဖြစ်လာနိုင်သည်။ ကိုယ်ဝန်ဆောင်ကာလ လေးလကျော် ငါးလအထိ ထိုသို့မဖြစ်လာပါက မိမိ ကိုယ်ဝန်အပ်ထားသော ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးသင့်သည်။