class="post-thumbnail open-lightbox" href>
အချစ်စစ်နဲ့ အိမ်ထောင်ဖက်
ကျွန်မခံစားခဲ့ရဖူးတဲ့ အချစ်စစ်ကို မျှဝေလိုက်မယ်နော်။ ဘယ်ဝတ္ထုစာအုပ်ကမှ ကူးချထားတာမဟုတ်ဘူး။ ကိုယ်တိုင်ခံစားရချိန်တွေမှာ အမှတ်တရဖြစ်အောင် ချရေးခဲ့တဲ့ တချိန်က မှတ်တမ်းတွေပေါ့။ ဘဝမှတ်တမ်းတခုအဖြစ် အမှတ်တရသိမ်းထားဆဲလေ။
အချစ်ဆိုတာ ကိုယ်ကခိုင်းစေလို့မရဘဲ ကိုယ့်ကိုသာ အမျိုးမျိုး ခိုင်းစေသွားတာပါ။
အချစ်ဆိုတာ စတင်ခြင်း ၊ ပြီးဆုံးခြင်းတွေကို ဖန်တီးယူလို့မရဘူး။
အချစ်ဆိုတာ တကယ်စစ်မှန်ရင် တူညီတဲ့ခံစားမှု (အချစ်ဆိုတာမျိုး) နောက်ထပ် လုံးဝမရှိနိုင်တော့ဘူး။
အချစ်ဆိုတာ နီးခြင်း ၊ ဝေးခြင်းတွေကြောင့် ပြောင်းလဲသွားတာမျိုးမရှိဘူး။
အချစ်ဆိုတာ အချိန်ကာလတွေအပေါ်မူတည်ပြီး ဟောင်းနွမ်း မပျောက်ကွယ်သွားနိုင်ဘူး။
အချစ်ဆိုတာ ရယူလိုခြင်း ၊ ပေးဆပ်လိုခြင်းစတဲ့ အစွန်းနှစ်ဘက် ခံစားချက်တွေအပြင် အစွန်းနှစ်ဘက်အကြားက ခံစားချက်တွေလဲ ဖြစ်ပေါ်စေတယ်။
အချစ်စစ်မှန်ရင် နိမ့်ခြင်း ၊ မြင့်ခြင်းနဲ့ အရာရာအပေါ်မူတည်လို့ လုံးဝမပြောင်းလဲနိုင်သလို ဒီလိုကွာဟမှုတွေကိုလဲ မမြင်တော့ဘူး။
အချစ်ဆိုတာ ပေါင်းစပ်ခွင့်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုကြောင့်မဟုတ်ဘဲ ဘယ်လိုမှ မပေါင်းစပ်နိုင်တော့တာ ယုံကြည်လက်ခံနေရက်က မေ့ပျောက်မရ ၊ စူးစူးနစ်နစ် ခံစားချစ်မိနေတယ်။
အချစ်ဆိုတာ နာကြည်းသင့်မှန်း ၊ မုန်းမေ့လိုက်သင့်မှန်း သိနေရက်က ဘယ်လိုမှ မနာကြည်းနိုင် ၊ မမုန်းနိုင်တဲ့ အဖြစ်မျိုးနဲ့ ရှင်သန်စေတယ်။
အချစ်ဆိုတာ နီးစပ်နေတဲ့အခါ ပြီးပြည့်စုံသော ဘဝအဓိပ္ပါယ်ကို ခံစားစေနိုင်သလို ဝေးသွားတဲ့အခါ ဘာကို ဘယ်လိုလုပ်လုပ် အဓိပ္ပါယ်မရှိတော့ဘူးလို့လည်း ယုံကြည်သွားစေတယ်။
အချစ်ဆိုတာ အထူးဆန်းဆုံးနဲ့ အင်အားအကြီးဆုံးစိတ်ခံစားမှုဖြစ်ပြီး အဲဒီအချစ်ကြောင့် အရာရာကိုရင်ဆိုင်သွားနိုင်သလို ကိုယ့်ဘဝထဲက အရာရာကိုလည်း ပျက်စီးသွားစေနိုင်တယ်။
အပေါ်ကအချက်တွေထဲက တစ်ချက်တည်း ကွက်ခံစားနေရင် (သို့မဟုတ်) အချက်အနည်းငယ် ကိုက်ညီနေလို့ဆိုပြီး အချစ်စစ်လို့ မတွက်လိုက်ပါနဲ့။ စိတ်ကစားတာနဲ့ ကြိုက်မိတာလည်းဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တိုင်က သူ့ကို ချစ်မိပြီလို့ ယုံကြည်မိနေတာကိုး။
ဒါပေမယ့် အပေါ်ကအချက်တွေအားလုံးကို တကယ်ခံစားရပြီဆို အချစ်စစ်မှ အချစ်စစ်ပဲနော်။ အချစ်စစ်အတွက် ခံစားချက်တွေ လိုနေသေးရင် Comment မှာ ထပ်ဖြည့်ရေးပေးနိုင်ပါတယ်။ ကိုယ်ခံစားရတဲ့အချစ်စစ် သူများလည်း သိတာပေါ့။
ကျွန်မရဲ့ ဒီခံစားချက်တွေက လွန်လေပြီးသောအခါက ခံစားချက်တွေလေ။ အဲဒီအချိန်တုန်းက ကိုယ်ခံစားရတာတွေကို အမှတ်တရအနေနဲ့ တချက်ချင်း ချရေးခဲ့တာပေါ့။ ဒီလောက်ချစ်တတ်ရက်နဲ့ ကိုယ်ချစ်တဲ့သူနဲ့ ဘာကြောင့်ကွေကွင်းရတာလဲ။ တဖက်သတ်အချစ်ကြောင့်ထင်ရင်မှားမယ်နော်။ နှစ်ဦးသဘောတူ အရူးအမူး ချစ်ခဲ့ကြတဲ့ အချစ်ဦးတွေပါ။
ဒါဆို ကျွန်မကကြည့်ပျော်ရှုပျော်မရှိတဲ့ရုပ်ရည်မို့ ပစ်သွားတာလား တွေးစရာပဲ။ ကိုယ့်ကိုယ်ကိုမို့ ပြောတာမဟုတ်ဘဲ ကျွန်မဆွေမျိုး ၊ အပေါင်းအသင်း သူငယ်ချင်းတွေက ကျွန်မကို နဂိုမပြင်လည်း ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသူအဖြစ် မှတ်ချက်ပေးကြတဲ့ ရုပ်ရည်မျိုးရှိသူမို့ ရုပ်ဆိုးလို့ ပစ်သွားတာတော့ မဟုတ်လောက်ပါဘူး။(လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က ရုပ်ရည်ကို ပြောတာပါ။)
ဒါဆို ခပ်တုံးတုံးမိန်းမမို့ ပစ်သွားတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ မိသားစု ၊ ဆွေမျိုးနဲ့ ပတ်ဝန်းကျင်မှာ ခုချိန်အထိ ကျွန်မကို ထက်မြက်သူတစ်ယောက်အနေနဲ့ အသိအမှတ်ပြု လက်ခံနေကြတုန်းပဲ။
ဒါဆို မာန်တက်နေတဲ့သူတစ်ယောက်မို့ ပစ်သွားတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကျွန်မက မာနရယ်လို့မထားဘဲ သူ့ကို အစစနှိမ့်ချဆက်ဆံပြီး အလိုလိုက်ခဲ့သူပါ။
ဒါဆို အဲဒီသူက အတော့်ကိုချောပြီး ပြည့်စုံလွန်းသူမို့လားလို့ တွေးစရာရှိတယ်နော်။ တကယ်ဆို ရှမ်းကြိုက်လို့ နွားချောတာပါ။ သူ့ထက်ပိုချောပြီး သူ့ထက်ပိုပြည့်စုံတဲ့သူတွေ ကျွန်မအနားမှာ ရှိခဲ့သားပဲ။ နှလုံးသားဆန္ဒအရ ငြိတွယ်မိသူက သူဖြစ်နေခဲ့လို့ပါ။
ဒါဆို ကိုယ်ခံစားရတာတွေ ပွင့်လင်းမှုမရှိခဲ့ဘဲ အုံပုန်းလုပ်ခဲ့လို့ သူက ကျွန်မခံစားချက်တွေမသိဘဲ ပစ်သွားတာလား တွေးစရာရှိပြန်ရော။ ကျွန်မရဲ့ ပွင့်လင်းချက်က ကျွန်မဘာခံစားရတယ် ၊ ဘယ်လိုနဲ့ ဘယ်လောက်ချစ်တယ်ဆိုတာကို အတိုင်းသားမြင်ရအောင် သူ့ကို အမြဲပြောပြလေ့ရှိတဲ့သူပါ။
ကလေးတစ်ယောက်အမေဖြစ်ပြီး ဇတ်လမ်းဟောင်းတွေ ဘာလို့ ပြောပြနေတာလဲလို့ တွေးစရာရှိတယ်နော်။ တန်ဖိုးမထားတတ်သူတွေလက်ထဲမှာ အမျိုးသမီးတွေရဲ့ ဘဝနဲ့ ခံစားချက်တွေ တန်ဖိုးမဲ့မသွားရအောင်လို့ ဇတ်လမ်းဟောင်းကြီးကို ပြန်ချပြီး နမူနာပြ ပြောရတာပါ။ တကယ့်အဖြစ်အပျက်မို့ လုပ်ဇတ်မဟုတ်ဘူးနော်။
အမျိုးသမီးတွေ ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်ကိုတန်ဖိုးမထားဘူးလို့ ခံစားနေရရင်တောင် ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့နေတယ်လို့ မထင်မြင်လိုက်ပါနဲ့။ လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိတယ်။ သူ့အလှနဲ့သူရှိတယ်။ ကိုယ့်ကိုတန်ဖိုးမထားတဲ့သူနဲ့ အတူရှိနေလို့ ကိုယ်ဟာ တန်ဖိုးမဲ့သူတစ်ယောက်လို ဖြစ်နေရတာပါ။ တန်ဖိုးမသိတဲ့လူတစ်ယောက်က ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ပစ္စည်းလက်ထဲရှိနေပစေ တန်ဖိုးမထားတတ်ဘူးလေ။
ကိုယ့်ကိုတန်ဖိုးမထားတဲ့သူ ၊ ကိုယ့်အချစ်ကို ဂရုမမူတဲ့သူ ၊ ကိုယ့်ခံစားချက်ကို နားလည်မှုမပေးနိုင်တဲ့သူ စတဲ့ ဒီလိုလူတွေနဲ့ ခပ်ဝေးဝေးမှာနေပြီး ကိုယ့်တန်ဖိုးကိုယ်ပြန်မြှင့်တင်လို့ ကိုယ့်ဘာသာပျော်အောင်အရင်နေလိုက်ပါ။ ဘာလို့ ကိုယ့်ဘာသာအရင်ပျော်အောင် နေခိုင်းသလဲဆိုရင် သူ့ကိုအရွဲ့တိုက်ချင်စိတ်နဲ့ သူ့ထက်သာတာရှာပြမယ်ဆိုတဲ့စိတ်ကြီးက ရှေ့ကဦးဆောင်နေရင် ကျားကြောက်လို့ ရှင်ကြီးခိုး ၊ ရှင်ကြီးကျားထက်ဆိုးမယ်နော်။
အရင်တစ်ယောက်ထက် သာတာရှာပါတယ်ဆိုမှ ဒီတစ်ယောက်ကြောင့် ထပ်စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲဖြစ်ရမယ်ဆိုရင် တစ်ယောက်တွဲလိုက် စိတ်တိုင်းမကျလိုက် ကွဲလိုက်နဲ့ ကိုယ့်မိန်းမတန်ဖိုး ပိုတောင်ကျလာဦးမယ်လေ။ တချိန်မှာ အချစ်နဲ့ ယောကျာ်းတွေဆိုတာတွဲပြီး မယုံမကြည်ဖြစ်လာမယ်။ ယောကျာ်းတွေရဲ့အချစ်ကို မယုံကြည်နိုင်တော့တာပေါ့။ ဒါကြောင့် ကိုယ့်ဘာသာ အရင်ပျော်အောင် နေခိုင်းတာဖြစ်ပါတယ်။
တကယ်တော့ လောကကြီးမှာ ယောက်ျားကောင်း ယောကျာ်းမြတ်တွေ အများအပြားရှိပါတယ်။ သူတို့တွေက နှမချင်းစာနာတတ်တယ် ၊ အားနည်းတဲ့မိန်းမသားတွေကို ဘယ်လိုညှာတာရမယ်ဆိုတာ နားလည်တယ်။ ကိုယ်ချစ်တဲ့သူကို ဘယ်အခြေအနေဖြစ်ဖြစ် ဦးစားပေးရမယ်လို့လည်း သဘောပေါက်တယ်။ သစ္စာတရားကိုလည်း တန်ဖိုးထားတယ်။ သူတို့တွေရဲ့ လိုလားချက်ကလည်း သူတို့နဲ့ထိုက်တန်တဲ့ မိန်းမကောင်းကိုပဲ ဘဝလက်တွဲဖော်အဖြစ် လက်တွဲလိုကြပါတယ်။
ယောကျာ်းကောင်းတွေဟာ ဘဝလက်တွဲဖော်ကို မိန်းမကောင်း ၊ မိန်းမမြတ်ဆိုတာတွေပဲ ဦးစားပေးရွေးတော့ ကိုယ်ဟာ ယောကျာ်းများစွာနဲ့ အခါခါတွဲ ၊ အခါခါကွဲ မိန်းမတန်ဖိုးကျနေသူတစ်ယောက်ဆိုရင် ဒီလိုယောကျာ်ကောင်းမျိုးနဲ့ ဖူးစာဆုံဖို့ အခွင့်အရေးရနိုင်ပါဦးမလား။ ပိုင်းယူမယ်လို့တွေးလည်း ကံကောင်းရင်ရမှာပေါ့။ ဒါပေမယ့် မသေချာလှပါဘူး။ အသွင်တူမှ အိမ်သူဖြစ်တာလေ။ အသွင်မတူရင် ကွဲနိုင်တာပဲ။ ဒါကြောင့် ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်နိုင်အောင် (စိတ်ဓါတ်ကျပြီး အရွဲ့တိုက်တွဲတာမျိုးတွေမရှိအောင်) ကိုယ့်ဘာသာ အရင်ပျော်အောင်နေပါလို့ ဆိုတာဖြစ်ပါတယ်။
ကိုယ့်ဘာသာပျော်လာနိုင်ပြီဆိုမှ ကိုယ့်ကိုတကယ်တန်ဖိုးထားတဲ့သူကို မျက်စိဖွင့် ၊ နားစွင့်လို့ ခံစားကြည့်ပါ။ ကိုယ့်ကိုတကယ်တန်ဖိုးထားတဲ့သူက ကိုယ့်ကို ပျော်ရွှင်စေချင်တဲ့သူဖြစ်တယ်။ ကိုယ့်အနွံအတာကို အချိန်မရွေး (အလှပျက်တဲ့အထိ ၊ အိုတဲ့အထိ ၊ နာတဲ့အထိ ၊ မကျန်းမမာ ဖြစ်သွားခဲ့သည်အထိ) သည်းခံနိုင်တဲ့သူဖြစ်တယ်။ ကိုယ့်ကိုတန်ဖိုးထားချစ်တတ်သူမို့ ကိုယ်ဘာတွေဖြစ်ဖြစ် သည်းခံနားလည်မှုပေးနိုင်တဲ့သူဖြစ်တယ်။ ဒီလိုလူမျိုးနဲ့ဆုံရမှ ပျော်ရွှင်တဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးကို ခံစားရမှာဖြစ်တယ်။ ဒါကို ရင့်ကျက်မှုရှိတဲ့ အချစ်လို့လည်း ဆိုနိုင်တယ်လေ။ ရင့်ကျက်လာတဲ့အချစ်မှာကျတော့ နားလည်မှုရယ် ၊ ဖေးမမှုရယ်ပေါင်းပြီး ညှိနှိုင်းမှုတွေနဲ့ ဘဝကာရံညီအောင် ချစ်တတ်တာမျိုးပါ။
ဒီလိုလူမျိုးနဲ့တွေ့ပြီဆိုတော့မှ ကိုယ့်ရဲ့ နှလုံးသားတံခါးတွေ ပြန်ဆွဲဖွင့်လို့ သူချစ်သလို ကိုယ်ပြန်ချစ်နိုင်အောင် ၊ သူဂရုစိုက်သလို ကိုယ်ဂရုစိုက်တတ်အောင် ၊ သူနားလည်မှုပေးသလို ကိုယ်နားလည်မှုပေးနိုင်အောင် ၊ သူသဘောထားကြီးသလို ကိုယ်သဘောထားကြီးနိုင်အောင် သူနဲ့ကိုယ် ဘဝတလျောက် လက်တွဲသွားဖို့ ခံစားချက်တွေကာရံညီအောင် ညှိနှိုင်းသွားပါမှ တကယ်ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကို ရရှိမှာဖြစ်ပါတယ်။