အိမ်မက်လှလှမက်ပါစေ

0

ကလေးဘဝမှာ အိမ်မက်ဟာ လက်တွေ့ဘဝရဲ့ ခံစားချက်ပုံရိပ်ပါ။

အမိဝမ်းကကျွတ်တဲ့ ရက်သတ္တပတ် (၁)ပတ်မှ (၄)ပတ်အတွင်းမှာ ကလေးငယ်တွေဟာ တနေ့ကို (၁၅)နာရီကနေ (၁၆)နာရီအထိ အိပ်စက်တတ်တယ်လို့ သိရပါတယ်။

(၁)လကနေ (၁၂)လအတွင်း အရွယ်ရှိတဲ့ ကလေးငယ်တွေကတော့ တနေ့ကို (၁၄)နာရီကနေ (၁၅)နာရီအထိ အိပ်စက်တတ်ကြပါတယ်။

(၁)နှစ်ကနေ (၃)နှစ်အရွယ်ရှိတဲ့ ကလေးတွေကတော့ တနေ့ကို (၁၂)နာရီကနေ (၁၄)နာရီအထိ အိပ်စက်တတ်ကြပါတယ်။

အသက်(၃)နှစ်ကနေ (၆)နှစ်အရွယ်ရှိတဲ့ ကလေးငယ်တွေဟာ တနေ့ကို (၁၀)နာရီကနေ (၁၂)နာရီအထိ အိပ်စက်တတ်ကြပါတယ်။

ဒါဟာ ကလေးသူငယ်တွေရဲ့ ပျှမ်းမျှ အိပ်စက်ချိန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ ပျှမ်းမျှ အိပ်စက်ချိန်တွေထဲက အနည်းဆုံးသော အိပ်စက်လို့ကြာချိန်ကို ပြည့်မီအောင်တော့ ဦးစားပေး သိပ်ပေးရမှာပါ။ ကောင်းမွန်စွာ အိပ်စက်ရလေ့မရှိတဲ့ ကလေးငယ်တွေဟာ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်လာနိုင်သလို ရောဂါဝေဒနာတခုခု ခံစားရသူတွေ စိတ်ဝေဒနာ တခုခု ခံစားနေရသူတွေလည်း ဖြစ်နိုင်ပါတယ်။

တချို့ကလေးတွေကျတော့ ဗီဇအထွေထွေကြောင့် သူ့အလိုလို အအိပ်နည်းတဲ့ ကလေးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ မိဘနှစ်ဦးနဲ့ အတူအိပ်လေ့ရှိတဲ့ကလေးဟာ မိဘတွေ နိုးထပြီး သိပ်မကြာမီမှာ နိုးထနိုင်ပါတယ်။ မိဘတွေကိုယ်တိုင်က အအိပ်နည်းရင် ကလေးဟာလည်း အအိပ်နည်းလာနိုင်ပါတယ်။ ကလေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အအိပ်နည်းတာမျိုးဆိုရင် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ကလေးသူငယ်တွေဟာ လူကြီးတွေထက် အိပ်ချိန်ပိုကို ပိုနေရမှာပါ။ နေ့လည်မှာလည်း အနည်းဆုံး တစ်နာရီကနေ သုံးနာရီလောက်အထိတော့ အိပ်စက်သင့်တာပေါ့။

ရောဂါဝေဒနာကို မခံစားနိုင်ရင် အိပ်ချိန်မှာ မအိပ်ဘဲ ငိုယိုမှာဖြစ်ပြီး ခံစားရတဲ့ ရောဂါ လက္ခဏာကို ပြောနိုင်ရင် ပြောပြကြမှာပါ။ စိတ်ဝေဒနာ ခံစားရတဲ့ ကလေးငယ်တွေရဲ့ အဖြစ်ကိုကျတော့ သတိထားမိဖို့ ခဲယဉ်းလှပြီး မပြောနိုင်သေးတဲ့ အရွယ်မှာ သတိထား မသိရှိနိုင်ဘဲ ပြောနိုင်တဲ့အရွယ်မှာ မပြောရဲတဲ့ ခံစားမှုတွေကြောင့်လည်း မသိလိုက်ရတာတွေ ရှိနိုင်ပါတယ်။

ကလေးငယ်ခံစားရတဲ့ ကိုယ်တွင်းရောဂါဝေဒနာကို သတိထားသိရှိလို့ စမ်းသပ်စစ်ဆေးရင်း အချိန်တိုအတွင်း ကုသပျောက်ကင်းနိုင်ခွင့် ရရှိနိုင်ကြပေမယ့် ကလေးငယ်တွေ ခံစားကြရတဲ့ စိတ်ဝေဒနာတွေကိုကျတော့ သတိထားမိတဲ့တိုင်အောင် ဘယ်လိုအဖြေရှာ ကုသမလဲဆိုတာကို မသိရှိကြတဲ့သူတွေများပါတယ်။ ဒါ့အပြင် ကျွမ်းကျင်သူတွေနဲ့ သွားပြီး ကုသဖြစ်ကြလားဆိုတော့လည်း ကလေးတွေရဲ့ စိတ်ဝေဒနာကို ကိုယ်တွင်းရောဂါဝေဒနာလောက် လူကြီးမိဘတွေက အလေးမထားကြပါဘူး။ ကလေးငယ်တွေပဲ ဖြစ်တတ်ပါတယ်။ ကလေးတိုင်း အနည်းနဲ့အများ ဖြစ်တတ်ကြတယ်။ တို့ငယ်ငယ်တုန်းကလည်း ဒီလိုပဲဆိုတာနဲ့ လျှောချလိုက်ကြတဲ့ အကျင့်တွေကြောင့် ကလေးငယ်တွေရဲ့ စိတ်ဝေဒနာဟာ တခါတရံမှာ အမြစ်မတွယ်သင့်ဘဲ တွယ်သွားခဲ့ရတယ်။

စိတ်ဝေဒနာလို့ သုံးနှုန်းလို့ အရူးရောဂါလားလို့ မေးစရာရှိပါတယ်။ လူမှန်းမသိအောင် စိတ်ကစဥ့်ကလျားဖြစ်မှ သွပ်ချာပါဒလိုက်အောင် ရူးသွပ်မှ စိတ်ဝေဒနာ ခံစားရတယ်လို့ ထင်ရင် မှားပါတယ်။ စိတ်ထဲမှာ စိုးရွံ့စိတ် ၊ မလုံခြုံစိတ် ၊ ကြောက်ရွံ့စိတ် စတဲ့ သာမာန်မဟုတ်တဲ့ စိတ်အခြေအနေတွေ ရေရှည်ခံစားနေကြတာကို စိတ်ဝေဒနာခံစားနေရတယ်လို့လည်း ဆိုနိုင်ပါတယ်။

မပြောတတ်သေးတဲ့ ကလေးသူငယ်တွေရဲ့ စိတ်ထဲမှာ စိုးရွံ့စိတ် ၊ မလုံခြုံစိတ် ၊ ကြောက်ရွံ့စိတ်တွေ ခံစားနေရတယ်လို့ ဘယ်လိုသိနိုင်မလဲ။ သူတို့ရဲ့ အိမ်မက်ကနေတဆင့် သိရှိနိုင်ကြပါတယ်။ အိမ်မက်ဆိုတာ မသိစိတ်စိုးမိုးချိန်လို့လည်း ဆိုနိုင်ပါတယ်။ မအိပ်စက်ခင်အချိန်တွေက ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို စိတ်စွဲလမ်းပြီး အိမ်မက်ထဲမှာ ပြန်မက်လာတာမျိုးတွေကို တွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေဟာ စိတ်နှလုံး နုနယ်ကြတယ်။ ဒါကြောင့် သူတို့ မအိပ်စက်ခင် တွေ့ကြုံခံစားရတာတွေကို အိပ်စက်နေချိန်မှာ အိပ်မက်အဖြစ် ပြန်မြင်ယောင် မက်တတ်ကြပါတယ်။ အထူးသဖြင့် တစ်နှစ်အောက် ကလေးငယ်တွေနဲ့ မွေးကင်းစ လသားကလေးငယ်တွေမှာ ဒါကို ပိုတွေ့မြင်နိုင်ပါတယ်။

BurmeseHearts Blog

ကလေးဟာ မျက်လုံးမှိတ်အိပ်နေပေမယ့် နှုတ်ခမ်းလေးက ပြုံးနေတာမျိုး ၊ အိပ်ရင်းရယ်တာမျိုးကနေ ဆတ်ခနဲ ဆတ်ခနဲ တုန်တက်သွားတာမျိုးကအစ လန့်အော်နိုးတဲ့အထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ သူတို့တွေရဲ့ နိုးချိန်က ခံစားချက်တွေကို အိပ်မက်အဖြစ် ပြန်မြင်ယောင်ကြတာ ဖြစ်ပါတယ်။ တချို့မွေးကင်းစ ကလေးငယ်တွေကျတော့ ရက်သတ္တပတ်နဲ့ လပိုင်းအတွင်း အိပ်ချိန်မှာ ခဏခဏ ဆတ်ခနဲ ၊ ဆတ်ခနဲ အကြိမ်များစွာ ဖြစ်နေတတ်ကြပါတယ်။ ဒါဟာ သူတို့စိတ်မှာ ကြောက်ရွံ့ ၊ စိုးရိမ်စိတ်တွေ ဖုံးလွှမ်းနေခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ ရက်သား ၊ လသားကလေး ဘယ်ကဘယ်လို ကြောက်ရွံ့ စိုးရိမ်စိတ်တွေ ရှိနေနိုင်မလဲဆိုရင် မိခင်ကိုယ်ဝန်ဆောင်စဉ် (အထူးသဖြင့် ကိုယ်ဝန်လရင့်လာစဉ်) တလျောက်က မိခင်ဝမ်းထဲမှာ ခံစားခဲ့ရတဲ့ စိတ်ခံစားမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ တခါတရံ ကလေးဟာ အိပ်ရင်းနဲ့ ရုန်းကန်ရင်း နိုးလာတာမျိုးလေးလည်း ဖြစ်လာတတ်ပါတယ်။

ဒီလိုကလေးငယ်တွေ လန့်တတ်တဲ့အတွက် မြန်မာရှေးရိုးအယူအဆက ကလေးရဲ့ရင်ဘတ်ပေါ်ကို သဘက်လေးဖြစ်ဖြစ် အနှီးခေါက်လေးဖြစ်ဖြစ် တင်ပေးထားတတ်ကြပါတယ်။ ဒီလိုတင်ပေးလိုက်ရင် ကလေးအလန့်သက်သာတယ်ပေါ့။ ရှေးထုံးမို့ မှန် ၊ မမှန် မပြောလိုပေမယ့် ကျွန်မကလေးတုန်းကတော့ ကျွန်မဟာ သူ့ရင်ဘတ်ပေါ် ဘာမှ အတင်မခံခဲ့ဘူး။ သူများတင်ပေးခဲ့ရင် ပြန်ဖယ်တတ်သလို ကိုယ်တိုင်လည်း တင်မပေးဘူး။ သူအိပ်ချိန်မှာ ပြုံးသလား ၊ ရယ်သလား ၊ မဲ့သလား ၊ လန့်သလား ဆိုတာကို သတိထားပြီး သူနိုးချိန်တွေမှာ ကိုယ်နဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစေတဲ့အခါ လန့်တာတွေ မရှိတာကို သတိထားမိတယ်။ ဥပမာ ဝမ်းသွားရခက်လို့ စိတ်ဖိစီးခဲ့တဲ့နေ့မှာ ကလေးဟာ အိပ်နေတုန်း မဲ့တဲ့တဲ့လေး ဖြစ်နေတတ်တယ်။ ကစားတာ ၊ ရယ်တာ များတဲ့နေ့တွေမှာတော့ အိပ်ရင်း ပြုံးနေ ၊ ရယ်နေတတ်တယ်။ ဒါကြောင့် ကလေးရဲ့ပျော်ရွှင်မှုဆိုတာကို တန်ဖိုးထားရင် ကလေးရဲ့ အိပ်မက်ကလေးတွေကိုလည်း တန်ဖိုးထား စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။ ဒါမှလည်း အချိန်မနှောင်းခင် သူ့စိတ်ခံစားမှုကို ပျော်ရွှင်မှုဆီ ပြန်ဦးတည် ခေါ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

နောက်တခုက သားသမီးကို သိပ်ချစ်လွန်းတဲ့ မိဘတွေ အမှတ်တမဲ့ ဖြစ်တတ်တဲ့ အရာပါ။ ကလေးကို ချစ်လွန်းတော့ အတူဖက်ပြီး အိပ်တတ်တဲ့အကျင့်ကို ကလေးလသားအရွယ် နည်းနည်းရလာရင် လုပ်တတ်တဲ့အကျင့်ပါ။ ဒါဟာ မကောင်းပါဘူး။ ကိုယ့်ကလေးကိုယ် ချစ်လို့ဖက်အိပ်တာ ဘာလို့ မကောင်းသလဲလို့ မေးစရာရှိပါတယ်။ လူရဲ့ခန္ဓာကိုယ်ဟာ သတိဝင်နေတဲ့ လှုပ်ရှားရုန်းကန်နေတဲ့အချိန်မှာ အသိစိတ်ကြောင့် ပေါ့ပါးနေတတ်ပါတယ်။ သတိမေ့သွားတဲ့သူ ၊ မျောနေတဲ့သူ ၊ နောက်ဆုံး အသိစိတ်မဲ့ မူးနေတဲ့သူ ၊ အသိမဲ့ အိပ်ပျော်နေတဲ့သူကို နေရာရွှေ့ပြောင်းတဲ့သူတွေဟာ သတိမဲ့ကိုယ်ကြီး ဘယ်လောက်လေးတယ်ဆိုတာ ပိုသိကြပါတယ်။

သတိရှိနေတုန်းသာ ဒီလက်ကလေးက ပေါ့ပါးနေတာ ။ အိပ်ပျော်နေတဲ့အချိန် ဖက်ထားတဲ့လက် ၊ အခွခံထားရတဲ့ ခြေထောက်ကြောင့် မိမိကိုယ်ကြီး ဘယ်လောက် တောင့်တင်းညောင်းညာနေနိုင်တယ်ဆိုတာ ဒီလိုအိပ်တတ်သူတွေရဲ့ အဖော်တွေဟာ အသိဆုံးဖြစ်မှာပါ။ ဆိုလိုချင်တာက အိပ်ပျော်သွားတဲ့အခါ ကိုယ်အလေးချိန်ဟာ ပိုလေးလံသွားတယ်။ အဲဒီအလေးချိန်ကြီးကို ကလေးရင်ဘတ်ပေါ် တင်ထားတဲ့အခါ လက်ဖဝါးတင်ထားရင် လက်ဖဝါးအလေးချိန် (ငါးဆယ်သားလောက်) ကလေးရင်ဘတ်ပေါ် တင်ထားသလို ဖြစ်သွားတယ်။ လက်တစ်ချောင်းလုံးနဲ့ ထွေးဖက်ထားရင်လည်း အိပ်ပျော်နေချိန် ကလေးပေါ် ဖိမိနေနိုင်တဲ့ ဒီလက်မောင်းအလေးချိန် ၊ လက်ဖျံအလေးချိန် လေးလေးကြီးနဲ့ ကလေးကို ဖိထားသလို ဖြစ်နေပါတယ်။ ဒီအခါ ကလေးအသက်ရှူရခက်ခဲ လေးပင်နေနိုင်တယ်လေ။ အိပ်ရင်း အသက်ရှူမဝ ဖြစ်တာမျိုးတွေလည်း ကြုံရနိုင်တယ်။

ကျွန်မကိုယ်တိုင် ကလေးနဲ့ တခုတင်တည်း အတူအိပ်တာမို့ ကလေးကို အရမ်းချစ်တဲ့အချိန်တွေ ၊ မနေနိုင် မထိုင်နိုင် ထိပြီးအိပ်ချင်လာတဲ့အချိန်တွေမှာ ကလေးရဲ့ ခြေထောက်အောက် ၊ ခြေသလုံးအောက်ကို ကိုယ့်လက်ကလေးထားအိပ်ပါတယ်။ သူ့ခြေထောက်အလေးချိန်ဟာ ကိုယ့်အတွက် ပေါ့ပါးပေမယ့် ကိုယ့်လက်အလေးချိန်ဟာ သူ့အတွက်တော့ လေးပင်နေမယ်လေ။ နောင် သိတတ်တဲ့အရွယ်ရောက်လို့ သူက ကိုယ့်လက်ကို အတင်းသူ့ဆွဲဖက်အိပ်စေပြီး ကိုင်ထားပေမယ့် သူအိပ်တာနဲ့ ကိုယ့်လက် ပြန်ရုပ်ခဲ့တယ်။ ကိုယ့်ကြောင့် သူ လေးမနေစေချင်ဘူးလေ။

အထူးသဖြင့် တစ်နှစ်အောက် ကလေးတွေရဲ့ အိပ်ချိန်ကို ဂရုစိုက် သတိထား ကြည့်မိတဲ့အခါမှာ သူတို့ရဲ့ အချိန်အများစုဟာ ပျော်ရွှင်စွာ ကုန်ဆုံးခဲ့လား ၊ စိုးရိမ်ကြောက်ရွံ့နေခဲ့ရသလား ၊ ဘယ်လိုခံစားခဲ့ရသလဲဆိုတာကို ကြေးမုံတချပ် ကြည့်ရတဲ့အလား သူတို့အိမ်မက်ကနေတဆင့် ပြန်မြင်နိုင်ပါတယ်။ ကလေးဟာ ဆတ်ဆတ်တုန်ပြီး လန့်သွားတတ်တယ် ၊ ကြောက်ရွံ့ငိုကြွေး နိုးထလာတတ်တယ်ဆိုရင် သူမအိပ်ခင် အချိန်တွေမှာ ဘာများဖြစ်ခဲ့သလဲ ၊ ဘာများသူ့ကို ဒီလိုခံစားစေသလဲဆိုတာကို လူကြီးမိဘက အဖြေရှာရတော့မှာ ဖြစ်ပါတယ်။ ပြင်ဆင်သင့်ရင် ကြိုတင်ပြင်ဆင်နိုင်သလို ၊ ကာကွယ်သင့်ရင် ကြိုတင်ကာကွယ်နိုင်တယ်လေ။ ကလေးငယ်တိုင်း အိမ်မက်လှလှမက်ပြီး ပျော်ရွှင်စွာ နိုးထနိုင်ကြပါစေ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like