class="post-thumbnail open-lightbox" href>
အကောင်းမြင်စိတ်နဲ့ ပျော်ရွှင်တတ်သူများ
အကောင်းမြင်စိတ်ဝင်လာဖို့ဆိုရင် ပထမဆုံး အကောင်းမြင်ချင်စိတ်ရှိနေရပါမယ်။ အကောင်းမြင်ချင်စိတ်မရှိပဲနဲ့တော့ ဘယ်တော့မှ အကောင်းမြင်လာမှာ မဟုတ်ပါဘူး။ အကောင်းမြင်ချင်စိတ်ဟာ အဆိုးမြင်စိတ်ရှိမနေတဲ့ အခြေအနေမျိုးမှာမှ ပေါ်လာတတ်တာပါ။ တစုံတယောက် (သို့မဟုတ်) တစုံတခုအပေါ်မှာ အဆိုးမြင်စိတ် အခြေခံထားပြီဆိုရင် အကောင်းမြင်စိတ်ဟာ ဘယ်ထောင့် ၊ ဘယ်နေရာကမှ ဝင်လာဖို့ အခွင့်အရေးမရတော့ပါ။
စိတ်ထဲမှာ အဆိုးမြင်စိတ်ရှိမနေဘူးဆိုရင် အကောင်းမြင်စိတ်ဝင်လာဖို့ နီးလာတာဖြစ်ပြီး အရာတစ်ခုခုအပေါ် အာရုံစူးစိုက်မှု ကျရောက်သွားနိုင်ရင် အဲဒီအပေါ် သုံးသပ်မယ်။ ပြီးတဲ့အခါ ပျော်ရွှင်ကြည်နူးနေတဲ့ စိတ်အခံလေးနဲ့ အကောင်းမြင်စိတ်ကလေးဝင်လာမယ်။ ဒီ့ထက်ပိုတဲ့ စိတ်ကလေးထားနိုင်ရင် အဆိုးမြင်တွေ့နေရင်တောင်မှ အဆိုးနဲ့အကောင်း ရောယှက်နေတဲ့သဘာဝကို သိထားစိတ်ကလေးက ဒါသဘာဝပဲ၊ လူတိုင်း နဲ့ အရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေနိုင်တာပဲဆိုပြီး အပြစ်ဖော့တွေးတတ်တဲ့ စိတ်ကလေးဝင်လာမယ်။ မြင့်မြတ်တဲ့ စိတ်အခံနဲ့ဆိုရင် အပြစ်ကလေးတွေကို ခွင့်လွှတ်စိတ်ထားနိုင်လာတယ်။ ဒါဟာ အကောင်းမြင်စိတ် အဆင့်ဆင့်ပေါ့။
ဒီတော့ အကောင်းမြင်စိတ်ကလေး ဖြစ်သွားဖို့ဆိုရင် အဲဒီတခဏတာမှာ ပျော်ရွှင်ကြည်နူးစိတ်ကလေး အခြေခံနေရတယ်ဆိုတာ သိသာလာပြီပေါ့။ တသက်လုံး အကောင်းမြင်စိတ်ကလေး အခြေခံထားတဲ့အခါ အနည်းဆုံးတော့ ကိုယ့်စိတ်နှလုံး ငြိမ်းချမ်းပြီး ပူလောင်မှုကို မခံစားရတော့ဘဲ စိတ်ကလေးငြိမ်းချမ်းလာတယ်။ အပူဗျာပါဒတွေ များမြောင်လှတဲ့ နေ့တဓူဝ လူ့လောကကြီးမှာ အမြဲတမ်း အကောင်းမြင်သွားနိုင်ဖို့ မရေရာလှပေမယ့် အဆိုးမြင်စိတ်ကလေး မရှိတော့ဘူးဆိုရင် အတော့်ကို ငြိမ်းချမ်းသွားမှာဖြစ်တယ်။
မိမိရဲ့ ကလေးကိုးအကောင်းမြင်စိတ်ကလေးနဲ့ စိတ်ငြိမ်းချမ်းစွာ မနေစေချင်ဘူးလား။ အကောင်းမြင်စိတ်ကလေးက သူတို့ကို ဘာမှမရှိတဲ့ အခြေအနေမှာတောင် ပျော်ရွှင်မှုကို ခံစားစေတယ်လေ။ သူတို့အလိုချင်ဆုံး အရာကို ဆုံးရှုံးလိုက်ရပေမယ့် အကောင်းမြင်စိတ်ကလေး အခြေခံထားတော့ သဘာဝကပေးတဲ့ လက်ဆောင်တွေကိုခံစားရင်း စိတ်ဖြေသိမ့်နိုင်ကြတယ်လေ။
လူတွေ ငိုငိုရယ်ရယ် ကောင်းကင်နဲ့မြေကြီးက သေတဲ့အထိ အဖော်ပြုပေးတယ်။ နေ့အခါ နေမင်းက ထွန်းလင်းပေးဦးမယ်။ ညအခါ လမင်းက ပြည့်တခါ မိုက်တလှည့် ကျီစားဦးမယ် ၊ ငှက်ကလေးတွေက တေးဆိုပြမယ် ၊ စမ်းချောင်းနဲ့ ရေတံခွန်တွေ ၊ မြစ်ချောင်းတွေက စီးဆင်းသံနဲ့ ငြိမ့်ငြောင်းမှုပေးမယ်၊ ဂီတသံစဉ်တွေကိုလည်း အဖော်ပြုနိုင်သေးတယ် ၊ အသက်ရှင်လျက်ရှိသေးတာမို့ ကြိုးစားခွင့်ရှိသေးတယ် ၊ နောက်ဆုံးအချိန်အထိ ကိုယ့်အကူအညီလိုအပ်သူတွေကို စိတ်အား ၊ လူအား ကူညီနိုင်ခွင့်ရှိသေးတယ်ဆိုတာကို အကောင်းမြင်တတ်သူတွေက သိတယ်။ ဒါကြောင့် သူတို့ဟာ စိတ်ဓါတ်ခိုင်မာသူတွေဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို လဲကျလည်းပြန်ထလို့ ပြန်ကြိုးစားနိုင်ကြသူတွေ ဖြစ်ပါတယ်။
အကောင်းမြင်စိတ်ကို အခြေခံထားသူတွေဟာ ဘယ်သူမှ သူ့အနား အဖော်မပြုတဲ့အခြေအနေမှာ ၊ ဘာမှမရှိတော့တဲ့ အခြေအနေမှာ ၊ နောက်ဆုံး ဘယ်အခြေမျိုးမှာမဆို စိတ်ဓါတ်အင်အား အပြည့်ရှိသူတွေဖြစ်တယ်။ မရှိ ရှိတဲ့ သဘာဝအင်အားကို အဖော်ပြုနိုင်သူတွေဖြစ်တယ်။ ဒါဟာ တသက်တာမှာ အလွန်ကောင်းမွန်တဲ့ စိတ်ထားဖြစ်တယ်။ သူဟာ အနားမှာရှိနေတဲ့သူတွေကို အမှီပြုခံစားရမှဆိုတဲ့ စိတ်မရှိဘူး ၊ အနားမှာရှိနေတဲ့ ပိုင်ဆိုင်ရာ ၊ မပိုင်ဆိုင်ရာ ပစ္စည်းတွေအပေါ်မှာလည်း စိတ်ခံစားမှုကို အမှီပြုမထားဘူး။ ဒါတွေ ဆုံးရှုံးရလို့ ခံစားရလည်းခဏပဲ။ သူ့ရဲ့အကောင်းမြင်စိတ်ကြောင့် သူ့တသက်မှာ သူဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ပျော်ရွှင်နိုင်သူဖြစ်ပါတယ်။ ကိုယ့်စိတ်ကိုယ် ဘယ်လိုနှစ်သိမ့်မှုပေးပြီး ဘယ်လိုပျော်အောင်ထားရမလဲဆိုတာ သူသိတယ်လေ။
ကိုယ့်သားသမီးကိုလည်း ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်ဓါတ်ခိုင်မာသူဖြစ်အောင် ၊ လွယ်လွယ်နဲ့ စိတ်ဓါတ်မကျအောင် ၊ အချိန်တိုအတွင်း စိတ်နလန်ထူပြီး ကိုယ့်ဘာသာ ပြန်ကြိုးစားလာနိုင်ဖို့ ခွန်အားရှိအောင်ဆိုရင် သူ့ဘဝတသက်တာလုံး အကောင်းမြင်စိတ်ကလေးကို အခြေခံထားဖို့ သင်ပေးရမှာဖြစ်ပါတယ်။ အကောင်းမြင်စိတ်ကလေးရှိလာဖို့ အခြေခံအကျဆုံးဖြစ်တဲ့ အဆိုးမြင်စိတ်တွေ ရှိမနေအောင် ပျော်ရွှင်တဲ့ကလေးဘဝကို ပေးရမှာဖြစ်ပါတယ်။
ပျော်ရွှင်တဲ့ကလေးဘဝဆိုတာဘာလဲ ၊ ဘယ်လိုပေးရမလဲဆိုရင် မွေးကင်းစကနေ သုံးနှစ်အထိ သူ့ပျော်ရွှင်မှုကို ဦးစားပေးပြီး အရင်းဆုံးဖြစ်တဲ့ မိဘတွေက အချိန်ပေးမယ် ၊ ဂရုစိုက်မှုပေးမယ် ၊ ပြုစုယုယပေးမယ် ၊ အချစ်တွေပေးမယ် ၊ အနမ်းတွေပေးမယ် ၊ အားတွေပေးမယ် ၊ နည်းမှန်လမ်းမှန် သွန်သင်ဆုံးမမယ် ၊ ယုံကြည်ချက်ထားပေးမယ် ၊ ချီးမြှောက်ဂုဏ်ပြုပေးမယ် ၊ ကိုယ်ချင်းစာမှုလည်း သင်ပေးမယ်ဆိုရင် ပျော်ရွှင်တဲ့ကလေးအဖြစ် အမှန်အကန် ကြီးပြင်းလာမှာ ဖြစ်ပါတယ်။
မွေးကင်းစကနေ သုံးနှစ်အရွယ်က ဒီခံစားမှုတွေ ၊ သင်ယူလာခဲ့တာတွေကို သေတဲ့အထိ ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲပါသွားမှာလေ။ ကျန်တဲ့အရွယ်သင်တာတွေက သုံးနှစ်မတိုင်မီ ကလေးတွေ သင်ကြားတာနဲ့မတူဘူး။ သုံးနှစ်နောက်ပိုင်း သင်ခန်းစာတွေကို စာသင်ခန်းထဲမှာ ၊ လူ့အသိုင်းအဝန်းမှာ ကျင်လည်ရင်း သင်ယူသွားနိုင်တယ်။ သုံးနှစ်အရှေ့ပိုင်းက သင်ခန်းစာတွေကိုကျတော့ သူ့ကို အုပ်ထိန်းတဲ့ လူကြီးမိဘတွေသင်ပေးမှ သူရမှာဖြစ်တယ်။ အဲဒီအရွယ်မှာ သင်ကြားမှုတွေက သူ့ဦးနှောက်ထဲမှာ ပန္နက်ရိုက်ထားလိုက်တယ်။ ဒီဦးနှောက်နဲ့သွားတဲ့ သူ့တသက်တာလုံးမှာ သုံးနှစ်အရွယ်အထိ သူသင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို အခြေခံပြီး စဉ်းစားတွေးခေါ်မယ် ၊ ခံစားမယ် ၊ တုန့်ပြန်မယ်လေ။
သုံးနှစ်နောက်ပိုင်း ကျောင်းသင်ခန်းစာနဲ့ လူမှုဝန်းကျင်က သင်ယူခဲ့တာတွေကို သူ့ရဲ့ နေ့တဓူဝလုပ်ငန်းစဉ်နဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ အသုံးချမှာဖြစ်ပြီး သုံးနှစ်အောက်မှာ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကိုတော့ သူ့ခံစားချက် ၊ ခံယူချက် ၊ ယုံကြည်ချက်တွေအနေနဲ့ တဘဝစာ ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဘယ်သင်ခန်းစာဟာ တဘဝလုံးအတွက် ပိုအရေးကြီးနေသလဲဆိုတာကို စာဖတ်ပရိသတ်တွေ အခုလောက်ဆို ကောင်းကောင်း ခံစားမိပြီထင်ပါတယ်။ စိတ်အလှဆိုတာကိုလည်း မိမိကလေးရဲ့ သုံးနှစ်အောက်အရွယ်မှာ ဘဝလက်ဆောင်အဖြစ် ထည့်ပေးလိုက်နိုင်သလို ယုတ်မာကောက်ကျစ် ရက်စက်တတ်သူအဖြစ်လည်း မိမိကလေးကို ပြောင်းလဲသွားစေပါတယ်။ ဖြူစင်တဲ့ကလေးတိုင်း စိတ်အလှကိုယ်စီနဲ့ ကြီးပြင်းနိုင်ကြပါစေ။