class="post-thumbnail open-lightbox" href>
အပြစ်မဆို နှုတ်ချိုချို ဇနီးထိုထို အောင်မြင်သား
အိမ်ထောင်သက်ရလာတဲ့ အိမ်ထောင်သည်အမျိုးသားတွေအများစုက ၎င်းတို့ရဲ့ ဇနီးမယား ပစိပစပ်များလာတာ ၊ ဗျစ်တောက်ဗျစ်တောက် ဖြစ်လာတာ ၊ ပြောမပြီး အပြစ်တင်မပြီးတာတွေကို တညီတညွတ်တည်း ထောက်ခံလာကြတယ်။ နားအေးပါးအေး နေချင်သူကတော့ အိမ်မှာဇနီးနဲ့ မျက်နှာချင်းဆိုင်ဆုံမယ့်အချိန်တွေကို အိပ်ချိန်ကလွဲလို့ ရှောင်လာကြတယ်။ ဒီလိုဆိုရင်ဖြင့် ဒီအိမ်ထောင်ရေးဟာ ပျော်ရွှင်သာယာနိုင်ပါတော့မလား။
အမျိုးသမီးတွေဘာကြောင့် စကားများပြီး ပစိပစပ်ဖြစ်လာရတယ်ဆိုတာ အများစုက တူညီနေပါတယ်။ ခင်ပွန်းကို အလိုမကျတာ ၊ ခင်ပွန်းလုပ်တာ အလိုမကျတာ ၊ စီးပွားရေး ၊ အိမ်အလုပ် ၊ သားသမီးအလုပ် စတာတွေနဲ့ ကိုယ်တိုင်က နားချိန်ရှားလာတော့ ကိုယ်တိုင်တောင်မသိတဲ့ စိတ်ဖိစီးမှုတွေကနေတဆင့် အလိုမကျမှုတွေ များသထက်များလာတာပါ။ ဒီလိုအလိုမကျမှုတွေများလာတော့ ဒီဟာတွေကို အနီးရှိသူကို ပြောချင်တယ်။ အမှန်တော့ ခင်ပွန်းလုပ်တာ ၊ သားသမီးလုပ်တာတွေဟာ သူမအလိုကျ ထိုင်ကရိုဏ်းကျကျလုပ်လာမလားလို့ သူမသက်သာရာ ရလိုရငြား ပြောဆိုပြင်ဆင်ရင်း ပစိပစပ်များလာတာပါ။ တစ်ခါပြောလို့လဲ လုပ်တာကိုင်တာဟာ ပြောင်းလဲမလာ ၊ နှစ်ခါမက အခါခါပြောလို့လည်း အရင်လိုမပြောင်းမလဲဖြစ်နေတဲ့ ခင်ပွန်းနဲ့ သားသမီးအပေါ်မှာ ဗျစ်တောက်ဗျစ်တောက် နိုင်လာတာလည်း မေတ္တာကြီးမားပြီး အလုပ်များလှတဲ့ အိမ်ရှင်မတွေပါပဲ။
ဘာလို့မေတ္တာကြီးပြီး အလုပ်များတဲ့ အိမ်ရှင်မတွေလို့ ပြောရသလဲဆိုရင် သူတို့ဟာ ဗျစ်တောက်ဗျစ်တောက်ပြော ၊ မြည်တွန်တတ်ပေမယ့် မလုပ်ပေးဘူးလားဆိုတော့ မလုပ်ပေးဘဲ မနေနိုင်တဲ့သူတွေပါ။ ပုဆိုးကို ဒီမှာမပစ်နဲ့ ၊ ကစားစရာတွေ လျှောက်မဖွနဲ့ နောက်တခါဆိုအသိပဲ ဆိုပေမယ့် နောက်အခါပေါင်းများစွာကိုလည်း သူတို့ဟာ လိုက်လံသိမ်းဆည်းရှင်းလင်းလို့ လျှော်ဖွပ်ပေးမြဲဖြစ်ပါတယ်။ သူတို့ရဲ့ မိသားစုအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူတို့ဟာ ကိုယ်တိုင် အနားယူချိန် နည်းသထက်နည်းလာသူတွေဖြစ်ပြီး အိမ်ထောင်စုအတွင်းမှာ စိတ်ရော ၊ လူပါ အပင်ပန်းဆုံးလူတွေ ဖြစ်ပါတယ်။ အလုပ်လည်းထွက်လုပ်ရ ၊ အိမ်ထောင်မှုလည်း ထိန်းသိမ်းရှင်းလင်း ချက်ပြုတ်လျှော်ဖွပ်ရ ၊ သားသမီးတွေအတွက်လည်း အချိန်ပေးရတဲ့ အိမ်ထောင်ရှင်မတွေက စိတ်ဖိစီးမှုအများဆုံးပေါ့။
ဒါပေမယ့် ဒီလို နားချိန်မရဘဲ စိတ်ဖိစီးမှုအများဆုံး အိမ်ထောင်စုအတွင်းက အိမ်ရှင်မတွေဟာ သူတို့နဲ့ထိုက်တန်တဲ့ ယုယကြင်နာမှု ၊ နားလည်ပေးမှုတွေကို မခံစားကြရဘဲ ဝေးလေကောင်းလေ ရှောင်ဖယ်နေတဲ့ ခင်ပွန်းရဲ့ ဆက်ဆံရေး ၊ အမေက သိပ်ပစိပစပ်များတာပဲလို့ သားသမီးတွေရဲ့ မှတ်ချက်တွေနဲ့ သူမမေတ္တာပေးသလောက် မေတ္တာ ပြန်မရနိုင်တာဟာ သူမနှုတ်က စကားချိုချိုမဆိုတတ်ဘဲ မြည်တွန်တောက်တီးတတ်တဲ့အကျင့် စွဲသွားခဲ့လို့ဖြစ်ပါတယ်။ အတိတ်က ခင်ပွန်းအပြစ်တွေကို အဖန်တလဲလဲ အပြစ်တင်တတ်တဲ့ အကျင့်ကို ရှောင်သင့်ပါတယ်။ အတိတ်ဆိုတာ အနာဂါတ် ဆုံးဖြတ်ချက်ချမှုတွေမမှားအောင် သင်ခန်းစာယူစရာဖြစ်ပေမယ့် အတိတ်ကိုတူးဆွပြီး ပစ္စုပ္ပန်မှာ ရန်ဖြစ်စကားများလို့ မလှတဲ့အနာဂါတ်ကို ဖန်တီးဖို့မဟုတ်ပါဘူး။
အကျင့်စွဲသွားရင်တော့ ပြင်ရခက်တာပေါ့။ ဒီတော့ အကျင့်မစွဲသေးတဲ့ လက်ထပ်ပြီးစ ဇနီးမယားကတော့ ဒီအကျင့်ကြီးဝင်မလာခင် ခင်ပွန်းအပေါ် စကားချိုချို ဆိုတဲ့အကျင်ကို ကျင့်ထားရမှာဖြစ်ပါတယ်။ အမြဲတမ်းချိုရမယ်တော့မဟုတ်ပါဘူး။ စိတ်ဆိုးဒေါသထွက်နေချိန်မှာ ဘယ်သူမှ စကားချိုချိုမထွက်နိုင်တာ သဘာဝပဲလေ။ ဒါပေမယ့် ပြောမပြီး ၊ အပြစ်တင်မပြီး ၊ ကြုံတိုင်း အပြစ်တင်ပြောဆိုလာနိုင်တဲ့ ကိုယ့်အကျင့်ကို ထိန်းသိမ်းသွားဖို့ လိုပါတယ်။
နှစ်ယောက်စလုံး ဒေါသထွက် ၊ စိတ်ကြီးနေချိန်မှာ ကိုယ်ပြောမယ့်စကားတွေ ၊ အပြစ်တင်ပြောဆိုချင်တဲ့စကားကို အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ ပြောမိသွားခဲ့တဲ့ ၊ လွန်သွားခဲ့တဲ့စကားတွေကို ပြန်သုံးသပ်ပါ။ သူမှားတယ်ဆိုတဲ့ ကိုယ့်အယူအဆကို ဘေးဖယ်ထားပြီး ငါ့ကိုသာဒီလိုပြောဆိုခံရရင်လို့ ကိုယ်ချင်းစာတွေးပေးပါ။ (လူဆိုတာ အမှားမကင်းတဲ့သူတွေမဟုတ်လား။ အမှန်ချည်းပဲလုပ်နိုင်တဲ့သူမရှိပါဘူး။) ဒီတော့ ကိုယ်တိုင်က မခံစားနိုင်တဲ့စကားလုံးတွေ ပြောမိရင် နှစ်ယောက် စိတ်အေးလက်အေးရှိချိန်မှာ ချိုချိုသာသာနဲ့ ကိုယ်စကားလွန်သွားတာကို တောင်းပန်ရဲရပါမယ်။ နောက်ဒီလိုမဖြစ်အောင်လည်း ဆင်ခြင်မယ်ဆိုတာ သူသိအောင်ပြောပါ။ ကိုယ်အလံဖြူပြလာရင် ကိုယ့်ချစ်လို့ယူထားတဲ့ ယောကျာ်းကလည်း လျှော့ပေးနိုင်မှာပါ။ အားနွဲ့တဲ့သူက တောင်းပန်လာလို့မှ ခွင့်မလွှတ်ပေးနိုင်တဲ့ယောက်ျားဟာ ယောက်ျားမပီသသူပေါ့။ (ဒါပေမယ့် ဇနီးက ဘုန်းကြီးခေါင်းခေါက်လိုက် တောင်းပန်လိုက်ဆိုတာလိုမျိုး နစ်နစ်နာနာပြောလိုက် တောင်းပန်လိုက်တော့ မဖြစ်စေနဲ့ပေါ့။)
ကိုယ်တောင်းပန်တာ လက်ခံသွားရင် နောက်တဆင့် ပြောဆိုရမှာကတော့ ဘာကြောင့်ကိုယ်ဒီလိုပြောဆိုမိတယ်ဆိုတာကို သူနားလည်အောင် ရှင်းပြရမှာဖြစ်ပါတယ်။ ဒီမှာ စကားပြန်များစေမယ့် စကားလုံးတွေကိုတော့ ရှောင်ရမှာပေါ့။ သူ့လုပ်ရပ် ၊ ဆုံးဖြတ်ချက်ဟာ အိမ်ထောင်စုကို ဘယ်လောက်အတိုင်းအထာအထိ စီးပွားရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေး ထိခိုက်စေလို့ ဒီလိုပြောမှားဆိုမှား ဖြစ်သွားရတယ်ဆိုတာ သူနားလည်အောင် ချိုချိုသာသာ ရှင်းပြရမှာဖြစ်ပါတယ်။ ဒီအခါ သူရှင်းပြလာမယ့် စကားလုံးတွေကိုလည်း ကိုယ်လက်မခံနိုင်ငြား နားငှါးပေးပြီး နားထောင်လိုက်ပါ။ သူမှန်တယ်ထင်တဲ့အရာဟာ ဘယ်လိုကောင်းကျိုး ၊ ဆိုးကျိုးဖြစ်စေတယ်ဆိုတာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးရဲ့ သော့ချက် ထဲမှာ ရေးထားတဲ့နည်းကို ပြန်သုံးပြီး ဆုံးဖြတ်ပါ။ ဆိုကျိုးများတယ် ၊ ကောင်းကျိုးနည်းတယ်လို့ နှစ်ဦးသဘောတူသွားပြီဆိုပါစို့။ ခင်ပွန်းကို ငါပြောသားပဲ နင်လုပ်တာမှားပါတယ်လို့ဆိုတဲ့ အပြစ်တင်စကား လုံးဝမပြောမိအောင်ထိန်းပါ။
အမှားကတော့ မှားပြီးပြီလေ။ အဖတ်ဆယ်လို့ရသေးရင် လိုက်ဆယ်ပေါ့။ ဥပမာ ဇနီးသဘောမတူဘဲ ငွေချေးမိတယ် ၊ ရင်းနှီးမြှုပ်နှံမိတယ်ဆို ပြန်တောင်းကြည့်ပေါ့။ မရတော့ဘူးဆိုရင်လည်း စိတ်တွေ ပူလောင်မနေနဲ့တော့။ ဒီလိုမှမဟုတ်ရင် မြွေပါလည်းဆုံး ၊ သားလည်းဆုံး ဖြစ်လိမ့်မယ်။ ငွေလည်းဆုံး ၊ အိမ်ထောင်သာယာမှုလည်း ဆုံးရှုံးလို့ အိမ်ထောင်ပျက်ဖြစ်ဖို့ ဦးတည်နေရင်တော့ မကောင်းဘူးပေါ့။ နောင်မဖြစ်အောင်ပဲ နှစ်ဦးသဘောတူညီစွာ ဆုံးဖြတ်လုပ်ကိုင်ဖို့ ကျင့်ယူသွားရမှာမဟုတ်လား။
ဆိုစကားကြားဖူးတယ်။ အမေပြာ တစ်လ ၊ မယားပြော တစ်ညတဲ့ ။ တကယ်ဆို ဇနီးမယားက ပြောဆိုပဲ့ပြင်တတ်ရင် ခင်ပွန်းရဲ့ အရည်အချင်းတွေဟာ ထွန်းပြောင်သထက် ထွန်းပြောင်လာနိုင်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ လက်ခံထားတာကတော့ အောင်မြင်တဲ့အမျိုးသားရဲ့နောက်ကွယ်မှာ ၎င်းကို ပံ့ပိုးပေးနေတဲ့ ဇနီးမယားကောင်းတစ်ယောက် ရှိတယ်ဆိုတာပါပဲ။ ဒီတော့ ကိုယ်ဟာ ခင်ပွန်းကို အရည်အချင်းပြည့်မီစွာ ပြောဆိုပဲ့ပြင်ပေးနိုင်တဲ့ ဇနီးမယားလား ၊ ပစိပစပ်များတဲ့ ဇနီးမယားလားဆိုတာ ကိုယ့်လျှာနဲ့စကားက ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။