ခွေးနက်ကြီးလွှတ်လိုက်မည်

0

ညီတော်အာနန္ဒာအရှင်မြတ်ကြီးသည် (၅၅၀) ဒွါဒသနိပါတ် မဟာကဏှဇတ်တော်၌ ဘုရားအလောင်း သကြားမင်း၏အမိန့်အရ ခွေးနက်ကြီးအသွင်ဖန်ဆင်း၍ လူ့ပြည်သို့ ဆင်းလာခဲ့ရသည်။

ထိုဇတ်တော်၌ ဘုရားအလောင်းတော်သည် တာဝတိံသာနတ်ပြည်တွင် သကြားမင်းဖြစ်ခဲ့၏ ညီတော် အာနန္ဒာ၏ အလောင်းအလျာသည် သကြားမင်းထံခစားရသော မာတလိနတ်သားဖြစ်ခဲ့၏။

ဗုဒ္ဓဘုရားအလောင်းတော်သည် ကဿပမြတ်စွာဘုရား ပွင့်ထွန်းတော်မူစဉ်က “ဇောတိပါလ”အမည်ရသော ပုဏ္ဏားလုလင်ဖြစ်ခဲ့၍ မျိုးရိုးဇာတိနှင့် ဝေဒကျမ်းဂန် တတ်မြောက်မှုအား အကြောင်းပြုကာ အလွန်တရာ မာနကြီးခဲ့၍ ကဿပမြတ်စွာဘုရားကိုပင် ရိုသေကိုင်းညွတ်ရမှန်း မသိခဲ့ပေ။

ဤကဲ့သို့ ကဿပမြတ်စွာဘုရားသခင်နှင့် ကင်းကင်းကွာကွာ နေလာခဲ့ရာမှ ကဿပမြတ်စွာဘုရား၏ တပည့် အနာဂါမ်ပုဂ္ဂိုလ် ဃဋိတာရ အိုးထိန်းသည်၏ ကူညီစောင့်ရှောက်မှုဖြင့် ကဿပမြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်လာခဲ့၏။

ကဿပမြတ်စွာဘုရား သာသနာတော်တွင်းသို့ ဝင်ရောက်ကာ ဇောတိပါလရဟန်းအဖြစ်ဖြင့် ဝိနည်းတော်နှင့်အညီ လိုက်နာကျင့်သုံးလာခဲ့၏။

ထိုဘဝမှ ကွယ်လွန်ပြီးနောက် ယခုသိကြားမင်းဘဝသို့ ရောက်လာချိန် ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုတော်မူသွားပါပြီ။ ထို့နောက် ကဿပဘုရားရှင်ထားခဲ့သော သာသနာတော်သည် တစထက်တစ ညှိုးမှိန်လာ၏။

ရဟန်း ပုဏ္ဏားတို့နှင့်တကွ လူတန်းစားအသီးသီးသည် မိမိတို့စောင့်ထိန်းရသည့် ကျင့်ဝတ်သီလတို့ကို ဖောက်ဖျက်ကာ မတရားသဖြင့် စီးပွားရှာဖွေကြရာ လူ့ဘောင်ကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်နေကြလေ၏။

ထိုအချိန်တွင် ဗာရဏသီမြို့တော်၌ ဥသီနက အမည်ရသောမင်းသည် ထီးနန်းစိုးစံလျက်ရှိ၏။ သို့ရာတွင် တိုင်းသူပြည်သားတို့၏ အကျင့်စာရိတ္တ ပြည့်ဝဖြူစင်ရေးကို အားမပေးဘဲ မင်းတို့၏ စည်းစိမ်ချမ်းသာ ခံစားရေးကိုသာ အလေးထားနေသဖြင့် တိုင်းသူပြည်သားတို့၏ အခြေအနေမှာ နိမ့်ကျသည်ထက် နိမ့်ကျ၍နေလေသေည်။

သာသနာတော်ထမ်း ရဟန်းများ ၊ သာသနာတော်၏အပြင်က ရသေ့များမှစ၍ လူတန်းစားအသီးသီးသည် ကျင့်ဝတ်သိက္ခာများ ဖောက်ဖျက်ကျူးလွန်နေကြသဖြင့် သူတို့တတွေသေဆုံးသော် အပယ်လေးပါးသို့ ကျရောက်ကုန်၏။

နတ်ပြည်မှာရှိနေသည့် နတ်သမီး ၊ နတ်သားများ နတ်သက်ကြွေ၍ စုတေသွားရာတွင် ယခင်က အသစ် အသစ်သော နတ်သမီး ၊ နတ်သားများ ဥပပတ္တိ ပဋိသန္ဓေဖြင့် ဘွားခနဲ ဘွားခနဲ ပေါ်ပေါက်လာခဲ့ကြ၏။

ယခုအခါ ကဿပမြတ်စွာဘုရား၏ သာသနာတော် နောက်ပိုင်းတွင်ကား နတ်သက်ကြွေတာနှင့် အသစ်တိုးတာနှင့် မမျှမတဖြစ်လာ၏။

နတ်သက်ကြွေ၍ စုတေသွားသော နတ်သား ၊ နတ်သမီးတို့နေရာတွင် အသစ် အသစ်သော နတ်သား နတ်သမီးတို့ ရောက်မလာကြသဖြင့် အလွန်တရာ သာယာစည်ပင်ခဲ့သော တာဝတိ`ံသာနတ်ပြည်ကြီးသည့် ခြောက်တိခြောက်သွေ့ ငြီးငွေ့ဖွယ်ရာကဲ့သို့ ဖြစ်လာရ၏။

ဤကဲ့သို့သော အခြေအနေကို ဘုရားအလောင်းတော် သကြားမင်းက ရှုမြင်သုံးသပ်ကာ ကဿပမြတ်စွာဘုရား၏ သာသနာတော်ကို နောက်ထပ် နှစ်(၁၀၀၀) တည်တံ့နေနိုင်အောင် မည်သို့ပြုလုပ်ရပါမည်နည်းဟု စဉ်းစား၍နေလေသည်။

ထို့နောက် မကြာမီမှာပင် ဗာရာဏသီမြို့တော်၏ အပြင်ဘက်က ကျေးရွာများတွင် အုတ်အုတ်ကျက်ကျက်ဖြစ်လာ၏။ လူကြီး ၊ လူငယ် ၊ ယောက်ျား ၊ မိန်းမ မှန်သမျှသည် “ခွေးနက်ကြီး လာပြီ ၊ ခွေးနက်ကြီးလာပြီ”ဟု အော်ဟစ်ကာ ထိတ်လန့်တကြား ပြေးလွှားနေကြ၏။ ခွေးနက်ကြီးရန်က လွတ်မြောက်မည့်နေရာကို အတင်း တိုးဝှေ့ဝင်ရောက်ကာ တုန်တုန်လှုပ်လှုပ်နှင့် ပုန်းအောင်းနေကြရ၏။

၎င်းတို့ ကြောက်မည်ဆိုလဲ ကြောက်လောက်ပါ၏။ အသွင်းသဏ္ဍာန်အရ ခွေးနက်ကြီးဟု ဆိုကြရသော်ငြားလည်း အရွယ်အစားကတော့ ဆင်ပေါက်လောက်ပင် ထွားကျိုင်းလှ၏။ သွားစွယ်ကြီးလေးချောင်းက ငှက်ပျောဖူးလောက် ရှိနေကြ၏။ လင်ကွင်းခြမ်းလောက် ပြူးကြယ်နေသော မျက်လုံးနီနီကြီးများကလည်း မီးတောက်မီးလျှံတွေ ထွက်လာတော့မလောက် စူးရှလှ၏။ သွားစွယ်ကြီးများထဲက တွဲလျားကျနေသော လျှာကြီးမှာလည်း သွေးစေး သွေးစက်တွေ စီးကျနေသကဲ့သို့ ရှိပါ၏။

ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာဆိုလျှင် ကြောက်စိတ်ပြင်းထန်လွန်းလှသဖြင့် ကိုယ်ဝန်ပျက်ကျသည်အထိ အဖြစ်ဆိုးနှင့် ကြုံကြရလေသည်။ ယခုအချိန်အထိတော့ ခွေးနက်ကြီး၏ ကိုက်စားဝါးမြိုခြင်း ခံရသူဟူ၍ မရှိခဲ့သေးပါ။ ဤသို့ဖြစ်ရခြင်းမှာလည်း ခွေးနက်ကြီးနောက်မှ ထပ်ကြပ်မကွာပါလာခဲ့သော မုဆိုးကြီးကြောင့် ဖြစ်ပေသည်။

ဆင်ပေါက်တမျှ ထွားကျိုင်းလှသော ခွေးနက်ကြီးအား ထိန်းချုပ်နိုင်လှအောင် မုဆိုးကြီးကလည်း ခွန်အားဗလနှင့် ပြည့်စုံလှ၏။ ခေါင်းပေါ်က ဆံပင်များကို ငါးစုခွဲ၍ ငါးထုံး ထုံးထား၏။ ထိုဆံထုံးများ၏ အောက်ခြေတွင် ပန်းပွင့် နီနီရဲရဲကြီးများ ထိုးစိုက်ပန်ဆင်ထား၏။

သူဝတ်ထားသော ခါးဝတ်ပုဆိုးနှင့် အပေါ်ရုံပုဆိုးတို့မှာ ဖန်ရည်ဆိုးထားသည့် အရောင်အဆင်းရှိပါသော်လည်း ကြမ်းတမ်းလွန်းလှသော မုဆိုးကြီး၏ အသွင်သဏ္ဍာန်ကြောင့် ပို၍ ကြောက်စရာ ကောင်နေဘိ၏။ ထိုအထဲ လူ့အရပ်နှင့် အညီအမျှရှိသော လေးကြီးတွင် မြားနှင့်တကွ လေးညှို့ကို ဆွဲတင်ထားသဖြင့် သူ့ကို စေ့စေ့မကြည့်ရဲအောင် ခက်ထန်လှပါပေသည်။

သန်မာထွားကျိုင်းသည်နှင့်အမျှ မျက်နှာထားဆိုးလွန်းလှသော မုဆိုးကြီးသည် ခွေးနက်ကြီးကို ကြိုးငါးချောင်းဖြင့် ချည်တုပ်ထား၏။ လက်နှစ်ဖက် ၊ ခြေနှစ်ဖက်နှင့် လည်ပင်းတို့တွင် ကြိုးတုပ်ကာ ကြိုးငါးချောင်းလုံးကို ပူး၍ကိုင်ထား၏။

ရောက်လေရာအရပ်တွင် ခွေးနက်ကြီးက တွေ့ကရာလူများကို တအားကုန် ထိုးကိုက်ရန်ကြိုးစား၏။ ထိုအခါ နောက်မှပါလာသော မုဆိုးက ကြိုးငါးချောင်းလုံးကို ပူးကိုင်ကာ သန်သန်မာမာကြီးဆွဲထားလိုက်သဖြင့် ခွေးနက်ကြီးမှာ လျှာကြီးတန်းလန်းနှင့် ရပ်တန့်သွားရတော့၏။

မုဆိုးကြီးသည် ခွေးကြီးသွားလေရာလို့ နောက်ကလိုက်ရင်း “ဒီလောကကြီး ပျက်စီးတော့မယ်။ ဒီလောကကြီး ပျက်စီးတော့မယ်” ဟု အော်ဟစ်လာ၏။ သူ့ရုပ်သွင်နှင့် လိုက်ဖက်အောင် သူ၏ ဝမ်းခေါင်းသံကြီးကလည်း ကျောချမ်းလောက်ပါပေ၏။ ခွေးနက်ကြီးရန်ကို အပြင်မထွက်ဝံ့အောင် ကြောက်နေရသည့်အထဲမှာ မုဆိုးကြီးအသံကြောင့် လူအများမှာ နေစရာမရှိအောင် ခြောက်ခြားရကုန်၏။

ခွေးနက်ကြီးရန်နှင့် မုဆိုးကြီး၏အသံကို ကြောက်ရွံ့ကြသဖြင့် လူအများသည် ဗာရာဏသီမြို့တော်ထဲသို့ ပြေးဝင်ကာ မြို့တံခါးကြီးကို ပိတ်ထားကြ၏။ သို့ရာတွင် မုဆိုးကြီးနှင့် ခွေးနက်ကြီးတို့က တစ်ဆယ့်ရှစ်တောင်မြင့်မားလှသော မြို့ရိုးကြီးကိုပင် အလွယ်တကူကျော်လွှားလာကြ၏။

မြို့တော်တွင်းသို့ရောက်သောအခါ ခွေးနက်ကြီးက မြင်ရာကို အတင်းလိုက် ၊ သူ့နောက်က မုဆိုးကြီးကလည်း အတင်းဆွဲဖြင့် ဥသီနကမင်း၏ နန်းတော်နားသို့ ရောက်လာလေသည်။ ဥသီနကမင်းသည် လေသာပြတင်းပေါက်မှ လှမ်းမျှော်ကြည့်ရာ ခွေးနက်ကြီးကိုပါမြင်လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားပြီး မိမိ၏ တိုင်းသူပြည်သားတို့ကို အကာအကွယ်ပေးရန် မစီစဉ်နိုင်တော့ဘဲ ကိုယ်လွတ်ရုန်းဖို့သာ ကြိုးစားမိတော့၏။

နီးစပ်ရာ ၊ လက်လှမ်းမီရာ မိဖုရားနှင့် မောင်းမများကို အပါခေါ်ပြီးလျှင် နန်းမြင့်ပြသာဒ်ဆောင်ထက်သို့ တက်ရလေတော့သည်။ သို့သော် အများပြည်သူတို့က မော့၍ကြည့်ကြရသော နန်းမြင့်ပြသာဒ်ဆောင်မှာ ခွေးနက်ကြီး၏ ရှေ့ခြေနှစ်ချောင်းထောက်ရုံသာ ရှိနေပါတော့သည်။

ခွေးနက်ကြီးသည် ထိုလေသာပြတင်း၏အောက်ခြေက ပြတင်းပေါင်တွင် ရှေ့လက်အစုံထောက်ကာ အားအင်ကုန်ဟောင်လိုက်၏။ ဤတွင်မှ ဥသီနကမင်းသည် မိမိပြေး၍ မလွတ်နိုင်တော့သည့် ဖြစ်အင်ကို သတိပြုမိကာ ရာဇက္ကဒြေ္ဒကို ထိန်းပြီးလျှင် ခွေးနက်ကြီးနောက်က လိုက်ပါလာသည့်မုဆိုးကြီးအား “အသင်မုဆိုးကြီး ၊ မုဆိုးကြီးရဲ့ ခွေးကြီးက ဘာဖြစ်လို့ ဟောင်ရတာပါလဲ”ဟု လှမ်း၍နှုတ်ဆက်လိုသဖြင့် မေးလိုက်၏။

ဤတွင် မုဆိုးကြီးက “အရှင်မင်းကြီး အစာစားချင်လို့ ဟောင်တာပါ ဘုရား” ဤသို့ လျှောက်တင်လိုက်လေရာ “အသင်မုဆိုးကြီး ၊ အစာစားချင်တယ်ဆိုလို့ကတော့ ငါတို့က ကျွေးမှာပါ။”ဤသို့ပြောဆိုပြီးလျှင် မိမိနှင့်တကွ နန်းသူနန်းသားတွေ အားလုံးစားဖို့ ချက်ထားသော ထမင်းနှင့်ဟင်းများကို ယူလာပြေီးလျှင် ခွေးနက်ကြီးရှေ့မှာ အားလုံးပုံ၍ ကျွေးကြရ၏။

လူ့တစ်ရပ်မက မြင့်မောက်နေသော ထမင်းဟင်းအပုံကြီးကို ခွေးနက်ကြီးက ဟပ်၍စားလိုက်ရာတွင် တစ်လုတ်တည်းနှင့် ကုန်ပြီးဟောင်မြဲဟောင်နေပြန်၏။ ဤတွင် ဥသီနကမင်းက နန်တော်ထဲက ဆင်များ ၊ မြင်းများအတွက် ကျိုချက်ထားသော စားဖွယ်တို့ကို သယ်၍ကျွေးရပြန်၏။ ထိုးအစားအစာများကိုလည်း ခွေးနက်ကြီးက တစ်လုတ်တည်းနှင့် ဟပ်၍စားလိုက်ပြီးလျှင် ဟောင်မြဲဟောင်ပြန်၏။

ထို့နောက် ဗာရာဏသီမြို့တော်ကြီးတစ်ခုလုံးက ချက်ထားလေသမျှ ထမင်းဟင်းအားလုံးကို ချ၍ကျွေးပြန်တော့လည်း ရှေးနည်းအတိုင်းဖြစ်လာရပြန်၏။ ဤတွင်မှ ဥသီနကမင်းသည် ရိုးရိုးခွေးနှင့် ရိုးရိုးမုဆိုးမဟုတ်ကြောင်းကို သဘောပေါက်ကာ မုဆိုးကြီးကို လှမ်း၍စကားပြော၏။

“အသင်မုဆိုးကြီး သင့်ခွေးကြီးဟာ အမွှေးတွေ နက်မှောင်နေတာနဲ့အမျှ သွားစွယ်ကြီးတွေက ဖွေးနေပါတယ်။ သူ့ကိုယ်ပေါ်မှာ ကြိုးငါးချောင်းနဲ့ချည်ထားတဲ့ ကြိုးတွေကများ လွတ်သွားမယ်ဆိုရင် အင်မတန်ကြောက်စရာကောင်းပါလိမ့်မယ်”

“အရှင်မင်းကြီး လူ့ဘောင်လောကကြီးတစ်ခုလုံး ဒိထက် ဒိထက် ပျက်စီးလာမယ်ဆိုရင်တော့ ခွေးနက်ကြီးကို လွှတ်လိုက်ရပါလိမ့်မယ်”

“ထိန်းနိုင်သလောက် ထိန်းပေးစမ်းပါဦး အသင်မုဆိုးကြီးရယ်။ ကဲ ပြောလက်စနဲ့ ပြောပြစမ်းပါ။ ဘယ်လို ဘယ်လို အခြေအနေမျိုးတွေ ဖြစ်ပေါ်လာရင် ခွေးနက်ကြီးကို လွှတ်လိုက်မှာလဲ”

“အရှင်မင်းကြီး ရွှေနားဆင်တော်မူပါ။ ကဿပဘုရားရှင်ရဲ့ သာသနာတော်မှာ သံသရာဝဋ်က လွတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်လာကြတဲ့ ရဟန်းတွေဟာ အခု သာသနာတော်နောက်ပိုင်းမှာ လူဒါယကာ ၊ ဒါယိကာမတွေနဲ့အပြိုင် စီးပွားရှာကုန်ကြပါပြီ။ မကြာခင်မှာ သင်္ကန်းကြီးတွေ ကိုးရိုးကားရားနဲ့ လူတွေနဲ့အပြိုင် ထွန်တုံးပေါ်တက်ပြီး လယ်ထွန်ကြပါတော့မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်လိုက်ရပါလိမ့်မယ်။”

နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ကဿပဘုရားရှင်ရဲ့ သာသနာတော်နောက်ပိုင်းမှာ သူတို့ဟာ ခေါင်းတုံးတုံးထားပြီး သင်္ကန်းတွေဝတ်ထားလို့သာ ရဟန်းလို့ ခေါ်ကြရပါတယ်။ အကျင့်သိက္ခာကတော့ ဘာမှမထူးကြပါဘူး။ မကြာခင် လူတွေလိုပဲ ကာမဂုဏ်ခံစားပြီး သားတွေ ၊ သမီးတွေ မွေးလာကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်လိုက်ရပါလိမ့်မယ်။

နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ကဿပဘုရားရှင်ရဲ့ သာသနာတော် အပြင်အပမှာ ရသေ့တွေ ရှိလာခဲ့ပါတယ်။ အဲဒီ ရသေ့တွေဟာလည်း တောထဲမှာ သမထ ကမ္မဌာန်း စီးဖြန်းဖို့ထက် အလှူခံဖို့ကိုသာ အလေးထားနေကြပါတော့တယ်။ သူတို့ဟာ အလှူခံလို့ ရလာသမျှကို ဒကာတွေထံပြန်ပြီး အတိုးနဲ့ ချေးငှါးထားကြပါတယ်။ သူတို့လိုချင်လာတဲ့အခါမှာတော့ အဲဒီငွေတွေကို မရ ရအောင် ဇွတ်အတင်းတောင်းယူကြပါလိမ့်မယ့်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။

နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ဗြာဟ္မဏနွယ်ဖွား ပုဏ္ဏားတို့ဟာ ဝေဒကျမ်းတို့ကို သင်ယူကြရပါတယ်။ သာဝိတ္ထိကျမ်းတို့ကို သင်ယူကြရပတယ်။ ယဇ်ပူဇော်ပွဲနဲ့ ပတ်သက်တဲ့ ကျမ်းဂန်တို့ကို သင်ယူကြရပါတယ်။ ဒီကျမ်းစာများ သင်ယူရတာက အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာကြီးများထံ ချဉ်းကပ်နိုင်ရေးသာဖြစ်ပါတယ်။ သို့ဖြစ်ပါလျက် ယဇ်ပူဇော်လိုသူတို့ထံက အခကြေးငွေယူပြီး ယဇ်ပူဇော်ပေးတဲ့သူတွေ ပေါ်ပေါက်လာပါလိမ့်မယ်။  အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။

နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ကိုယ်ငယ်ငယ်တုန်းက လူလားမြောက်တဲ့အထိ ပြုစုလုပ်ကျွေးလာခဲ့တဲ့ မိဘနှစ်ပါးတို့ အိုမင်းမစွမ်းဖြစ်လာတဲ့အခါမှာ သားတွေ သမီးတွေက ကျေးဇူးကန်းကြပါတော့တယ်။ ကျွေးနိုင် မွေးနိုင်တဲ့ အခြေအနေရှိပါလျက်နဲ့ မကျွေးမွေးဘဲ မျက်နှာလွှဲထားသူတွေ ပေါ်လာပါလိမ့်မယ်။  အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။

နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ကိုယ်ငယ်ငယ်တုန်းက ဘယ်လောက်ငိုငို ၊ ဘယ်လောက်ဆိုးဆိုး အပြုံးမပျက်ဘဲ ယုယချီပိုးလာခဲ့ကြတဲ့ မိဘတွေ အိုမင်းမစွမ်းရှိတဲ့အခါမှာ သားတွေ သမီးတွေက ခင်ဗျားကြီး ဘာမှ အသုံးမကျဘူး။ ခင်ဗျားကြီး သိပ်မိုက်မဲတာပဲ စသဖြင့် ဆဲဆို ကြိမ်းမောင်းကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။

နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ကဿပဘုရားရှင်ရဲ့သာသနာတော်နောက်ပိုင်မှာ လူတွေဟာ အလွန့် အလွန် အကျင့်ပျက်လာကြပါလိမ့်မယ်။ ကိုယ့်ဆရာသမားရဲ့ မယားကိုလည်း လေးစားရမှန်းမသိကြတော့ဘူး။ ကိုယ့်အဆွေခင်ပွန်းရဲ့ မယားကိုလည်း သစ္စာမစောင့်ကြတော့ပါဘူး။ ဦးရီးတွေ ၊ ဘထွေးတွေရဲ့ ဇနီးကိုလည်း အမိအရာ မထားတတ်ကြတော့ပါဘူး။  အဲဒီလိုအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။

နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ဗြဟ္မဏနွယ်ဖွား ပုဏ္ဏားတွေဟာ ဝေဒကျမ်းစာတို့ကို လေးလေးမြတ်မြတ် သင်ယူကျက်မှတ်ရပါတယ်။ အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာကြီးတွေကို ရည်မှန်းပြီးတော့ ယဇ်ပူဇော်ပွဲတွေ ကျင်းပရတဲ့လူတွေကိုယ်တိုင်က ဓါး ၊ လက်နက်ကိုယ်စီနဲ့ လမ်းပေါ်က စောင့်နေပြီး ဓါးပြတိုက်လာကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။

နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ သူတို့ဟာ ဘဝပေးအခြေအနေအရ အသားအရေကတော့ ဖြူစင်ကြပါပေတယ်။ သူတို့ရဲ့ လက်ရုံးကြီးတွေကလည်း ယောက်ျားပီပီ တောင့်တင်းကြပါပေတယ်။ ဒါပေမယ့် အဲဒီလိုလူစားတွေဟာ ကိုယ်တိုင်ကတော့ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် စီးပွားမရှာတတ်ကြပါဘူး။ ဒါပေမယ့် သူဌေးကြီးတွေရဲ့ ကျန်ရစ်တဲ့ မုဆိုးမ အရွယ်ကောင်းကောင်းလေးတွေကိုတော့ တစ်ယောက်နဲ့တစ်ယောက် အလုအယက် အရယူကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။

နောက်ဆုံးပိတ်တစ်မျိုးရှိပါသေးတယ်။ ဒီလောကကြီးထဲမှာ နည်းမျိုးစုံနဲ့ လိမ်စားနေသူတွေ ရှိလာပါလိမ့်မယ်။ တချို့ကတော့ ဗြောင်လိမ်ကြပါလိမ့်မယ်။ တချို့ကတော့ အတုပစ္စည်းကို အစစ်ဆိုပြီး လိမ်ရောင်းကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။

ဤကဲ့သို့ လျှောက်တင်ပြီးလျှင် မတော်မတရားတဲ့ အပြုအမူတို့ကို ခွေးနက်ကြီးက ကိုက်မယ် တ ဟဲ ဟဲ အသံပေး၍ ခြိမ်းခြောက်သဖြင့် မင်းရင်ပြင်နှင့် အပြည့်ရှိနေသော လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်နေကြရ၏။

ထိုအချိန်မှာပင် ခွေးနက်ကြီးနှင့် မုဆိုးကြီးမှာ ရုတ်တရက် ကွယ်ပျောက်သွားကြ၏။ ချက်ချင်းလိုပင် အထက်ကောင်းကင်၌ သကြားမင်းနှင့် မာတလိနတ်သားတို့ ပေါ်လာကြပေသည်။ ဤတွင်မှ ဥသီနကမင်းကြီးသည် စောစောက မိမိအားလေးလေးစားစား ဘုရားထူးလာခဲ့သူမှာ တာဝတိ`ံသာကို ပိုင်စိုးသည့် သကြားမင်းကြီးကိုယ်တိုင်ဖြစ်နေ၍ ထိတ်လန့်တုန်လှုပ်သွားရ၏။ သို့ရာတွင် သကြားမင်းက ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိစေရန် အားပေးနှိမ့်သိမ့်ပြီးလျှင်

“ဥသီနကမင်းကြီး ကဿပဘုရားရှင်၏ သာသနာတော် နှစ်တစ်ထောင်ကျော်သွားပါပြီ။ သာသနာတော်နောက်ပိုင်း ရောက်လာတဲ့အခါမှာ လူတွေဟော ရှင်ရဟန်းတွေပါ အကျင့်ပျက်လာကြတယ်။ ဒါကြောင့် သူတို့ကို သတိပေးဖို့ လာခဲ့ပါတယ်။ မဟုတ် မတရားပြုကျင့်နေတဲ့ အမှုတွေကို တားမြစ်ရအောင် နတ်ပြည်က ဆင်းလာခဲ့ကြပါတယ်။ နောက်နောင်အခါမှာ မတော် မတရားတဲ့အမှုတွေ ပြုလာကြမယ်ဆိုရင်တော့ အဲဒီသူတွေဆီကို ခွေးနက်ကြီး လွှတ်ပေးရပါလိမ့်မယ်။”

ဤသို့သတိပေး ခြိမ်းခြောက်ပြီးလျှင် ကဿပမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော အသပြာတစ်ရာ ထိုက်တန်သည့် ဓမ္မဒေသနာဂါထာ လေးပုဒ်တို့ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့်တကွ အကျယ်တဝင့်ဟောကြား၏။

ဤသို့ လူ့ပြည်သို့ သကြားမင်းကြီးကိုယ်တိုင်ဆင်းလာ၍ သာသနာပြုခဲ့သဖြင့် ကဿပမြတ်စွာဘုရားသာသနာတော်သည် ထိုအချိန်မှ နောင်နှစ်ပေါင်းတစ်ထောင်တိုင်တိုင် တည်နေနိုင်ခဲ့ပါသည်။

၂၀၁၁ ဒီဇင်ဘာလထုတ် သူရဇ္ဇ မဂ္ဂဇင်း(၁၁)နှစ်ပြည့်အထူးထုတ် (အတွဲ ၁၁ ၊ အမှတ် ၁၂) စာမျက်နှာ ၅၄-၅၈ မှ စာဖတ်သူတို့ ဗဟုသုတ ရရန်အလို့ငှါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ (မူရင်းစာမူမှ ချုံ့ဖော်ပြခြင်းဖြစ်သည်။)

ပုံရိပ်(burmesehearts.com)

You might also like