တောင်ပေါ်ကမြင်ကွင်း တောင်ခြေကလူ ခံစားသိနိုင်ပါ့မလား

0

“တောင်ပေါ်ကမြင်ကွင်း တောင်ခြေကလူ ခံစားသိနိုင်ပါ့မလား” ဆိုတာ အခြေအနေတခု ရောက်ရှိခံစားနေသူကို တောင်ထိပ်ပေါ် ရောက်နေသူတစ်ဦးအနေနဲ့ ခိုင်နှိုင်းပြီး ဒါတွေကို သိရှိခံစား သိမြင်နိုင်ခြင်း မရှိတဲ့သူတွေကို တောင်ခြေကလူတွေလို့ ခိုင်းနှိုင်းလိုက်တာပါ။ အောင်မြင်ကျော်ကြားနေတဲ့သူ ၊ စည်းစိမ်ဥစ္စာပြည့်စုံတဲ့သူ ၊ အခြွေအရံပေါများပြီး အာဏာပါဝါရှိတဲ့သူတွေကို တောင်ထိပ်ပေါ်ရောက်နေသူတွေလို့ ခိုင်းနှိုင်းထားတာမျိုးဖြစ်သလို စိတ်ချမ်းသာမှုတွေရရှိနေသူတွေ ၊ စိတ်ငြိမ်းချမ်းမှုတွေရရှိနေသူတွေ ၊ ကိုယ်ရောက်တဲ့နေရာမှာ ပျော်ရွှင်ကျေနပ်နေသူတွေ ၊ စိတ်ပိုင်းဆိုင်ရာ ချမ်းသာနေသူတွေကိုလည်း တောင်ထိပ်ပေါ်ရောက်နေသူတွေလို့ ဆိုနိုင်ပါတယ်။

တောင်ပေါ်ကလူတွေ ခံစားသိရှိနေရတာတွေကို တောင်ခြေကလူတွေ မှန်းဆရုံ ၊ မြင်ကွင်းဓါတ်ပုံကြည့်ရင်ခုန်ရုံ ၊ မြင်ကွင်းဗွီဒီယိုကြည့် ပုံဖော်ခံစားရုံပဲ တတ်နိုင်ကြတာပါ။ တောင်ထိပ်ပေါ် မရပ်နိုင်မချင်း တောင်ထိပ်ပေါ် ရောက်နေသူတွေရဲ့ ခံစားချက်ကို ဘယ်သိနိုင်ပါ့မလဲ။ တောင်ဆိုတဲ့နေရာမှာလည်း အမြင့်တွေ အမျိုးမျိုးကွဲပြားကြပါတယ်။ ဒီတောင်ထိပ်အရောက်တက်ဖူးပေမယ့် ဒီ့ထက်မြင့်တဲ့တောင်ကို တက်လိုသူတွေ ၊ အမြင့်ဆုံးတောင်ပေါ်အရောက် ခြေချလိုသူတွေလည်း ရှိပါတယ်။

အောင်မြင်မှုဆိုတဲ့နေရာမှာလည်း လိုလားသူရဲ့ ဆန္ဒအပေါ်မူတည်လို့ အောင်မြင်မှုရေချိန် အမျိုးမျိုး ကွာခြားသွားကြပါတယ်။ ဒီတောင်ထိပ်ပေါ် အရောက်တက်ခဲ့ဖူးပေမယ့် ဒီ့ထက်မြင့်တဲ့ တောင်ထိပ်ပေါ် ခြေချဖူးချင်တဲ့သူတွေရှိနေလို့ ကမ္ဘာ့အမြင့်ဆုံးတောင်ပေါ်ကို သက်စွန့်ဆံဖျား တက်ရောက်ကြတဲ့သူတွေ ရှိလာတာလေ။ အောင်မြင်မှုဆိုတာမှာလည်း ဒီမြို့ ၊ ဒီနယ်မှာ အောင်မြင်တဲ့သူ ၊ လူသိများတဲ့သူတစ်ယောက်ဖြစ်ပေမယ့် တိုင်း ၊ နိုင်ငံကျော်တဲ့အထိ ထင်ပေါ်ကျော်ကြားချင်တဲ့သူတွေရှိသလို တခြားတိုင်းနိုင်ငံထိ ပေါက်ရောက်အောင်မြင်လိုသူတွေလည်းရှိတယ်။

ဖြစ်လိုမှုများလေ ကြိုးစားအားထုတ်ရလေပါ။ ဆက်တိုက်မြင့်တက်ချင်တဲ့လူက ဆက်တိုက် အားထုတ်ရတယ်။ သူများထက်ပိုသာချင်တဲ့သူက သူများထက် ပိုအားထုတ်ရသလို သူများတွေထက် မိမိအချိန်ကို ပိုအသုံးချရတယ်။ သူများတွေက ပြောကြတယ်။ အောင်မြင်ဖို့မလွယ်ဘူးတဲ့။ ကျွန်မအမြင်ကတော့ နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ကြတဲ့သူတိုင်း အောင်မြင်နိုင်ပါတယ်။ ဒါက မခက်ခဲပါဘူး။ ဒီလမ်းသွားရင် ဒီရောက်မှာပဲ။ တကယ်ခက်တာက အောင်မြင်ထားတဲ့အတိုင်းအတာကို ကျမသွားအောင် ထိန်းသိမ်းရတာနဲ့ ၊ ဆက်လက် အောင်မြင်သထက်အောင်မြင်အောင် ကြိုးစားသွားရတာပါပဲ။

ဘယ်လောက်မြင့်တဲ့တောင်ဖြစ်ဖြစ် တောင်ကြီးဖဝါးအောက်ပါ။ မှန်ကန်စွာ ကြိုးစားအားထုတ်သွားမယ်ဆို တနေ့မှာ ထိပ်ဆုံးရောက်လာမှာပါ။ အမြင့်ဆုံးဆိုတဲ့နေရာကို ရောက်လာပါပြီတဲ့ … အမြင့်ဆုံးဆိုတဲ့စကားအတိုင်း ထပ်တက်စရာမရှိတော့ဘူးလေ။ ရိက္ခာပြတ်လပ်လို့ အစာငတ်ပြီး အားမပြတ်ခင် တောင်အောက်ပြန်ဆင်းရပေဦးမယ်။ မဆင်းချင်ရင် တောင်ပေါ်မှာ အငတ်ခံသေလိုက်ရုံရှိတာပေါ့။ ဒီလိုတော့ တော်ရုံမလုပ်ကြတာမို့ တောင်ထိပ်ရောက်ပြီးတဲ့သူအများစုဟာ တောင်အောက်ပြန်ဆင်းကြပါတယ်။ ဒါဟာ တက်ပြီးဆင်းရမယ်ဆိုတဲ့သဘောပါ။

ဘယ်လောက်ထိပဲအောင်မြင်ခဲ့ အောင်မြင်ခဲ့ ကိုယ်ဆက်တက်ချင်ပေမယ့်လည်း အချိန်ကစကားပြောလာတဲ့အခါ အရွယ်ကကျလာမယ် ။ လုပ်ဆောင်နိုင်စွမ်းတွေလည်း ယုတ်လျော့လာနိုင်တယ်။ ဒီအခါ အောင်မြင်မှုရေချိန်ဟာ လျော့ကျလာမှာပါ။ တခါတလေ ကိုယ်က ဟိုတချိန်ကထက် ပိုကြိုးစားပေမယ့် ကိုယ့်ထက်သာတဲ့သူပေါ်လာလို့ ကိုယ့်ထက်အောင်မြင်သွားတဲ့သူတွေလည်း ပေါ်လာနိုင်ပါတယ်။ တနေရာရာမှာ ကိုယ့်ထက်သာနေလို့ ကိုယ့်ထက် သူအောင်မြင်နေတာလို့ လက်မခံနိုင်ရင် စိတ်ဖိစီးမှုတွေ ပိုလာဖို့ပဲရှိတယ်။ အမြဲတမ်း ဆက်တက်နေလို့ မဖြစ်နိုင်တာမို့ တက်ပြီးရင် ဆင်းရမယ့်သဘောအတိုင်း ကိုယ့်နေရာဝင်လာသူတွေ ၊ ကိုယ့်ထက်ကျော်သွားသူတွေကို နေရာဖယ်ပေးဖို့ဆိုတာလည်း ရင်ဆိုင်နိုင်ရမယ်။

မအောင်မမြင်သေးတဲ့သူတွေက အောင်မြင်တဲ့သူရရှိနေတဲ့ ကောင်းကျိုးဆိုတာပဲမြင်တယ် ။ သူတို့ ဘာတွေပေးဆပ်ခဲ့လို့ ဒီနေရာရောက်လာတယ်ဆိုတာ နားလည်ပေးနိုင်တဲ့သူ နည်းတယ်။ မပြည့်စုံသူတွေက ပြည့်စုံသူတွေကို အားကျတယ်။ သူတို့မှာ ဘာတွေ လစ်ဟာနေလို့ ဘယ်လို မပျော်မရွှင် ဖြစ်နေနိုင်တယ်လို့ နားလည်ပေးနိုင်တဲ့သူရှားတယ်။ တော်တဲ့သူတွေရဲ့ ဥာဏ်ပညာကိုပဲ အားကျနေတဲ့သူတွေရှိတယ်။ ဒီနေရာရောက်ဖို့ သူတို့အချိန်တွေ ၊ ပျော်ရွှင်မှုတွေ ပေးဆပ်ခဲ့ရတယ် ၊ ဘယ်လောက် စိတ်ဖိစီးမှုတွေ ရှိနေတယ်ဆိုတာ မြင်အောင်မကြည့်နိုင်တဲ့သူများတယ်။

တောင်ခြေကလူတွေဟာ တောင်ခြေက အတွေးတွေနဲ့ အမြင်တွေ ၊ ခံစားချက်တွေကိုပဲ အမှန်လို့ လက်ကိုင်ထားတဲ့သူများတယ်။ တောင်ပေါ်ကလူတွေကလည်း သူတို့အတွေး ၊ အမြင်နဲ့ သူတို့ခံစားချက်ဆိုတာပဲ ရှေ့တန်းတင်နေရင် တောင်ပေါ်တောင်အောက် အတွေး ၊ အမြင် ၊ ခံစားချက်တွေ တအားကွာခြားသွားနိုင်တယ်။ တောင်ပေါ်ရောက်သွားတဲ့သူကလည်း တောင်အောက်မှာ သူတွေးမြင်ခဲ့တဲ့ အတွေး ၊ အမြင်နဲ့ ခံစားချက်တွေကို မေ့ပျောက်မသွားဖို့လိုတယ်။ ဒါမှ တောင်ခြေကလူတွေ ဘာတွေတွေးပြီး ဘာကြောင့်ဒီလိုပြောဆိုနေတယ်ဆိုတာကို နားလည်ပေးနိုင်မယ်။ လိုအပ်ရင်ဖြည့်ဆည်းကူညီပေးနိုင်မယ်။ ဒီလိုမှမဟုတ်ရင် အမြင့်ကလူတွေနဲ့ အနိမ့်ကလူတွေအကြားမှာ ပဋိပက္ခတွေ ၊ အတွေး ၊ အမြင်တွေ ၊ ခံစားမှုတွေ ၊ လိုအပ်ချက်တွေ ကွားခြားသထက် ကွာခြားလာမှာဖြစ်တယ်။

ဒီအတိုင်းလိုပါပဲ။ အိမ်ထောင်သည်တွေ မြင်တွေ့သိရှိခံစားနေရတာတွေကို အပျို ၊ လူပျိုတွေက အတွင်းကျကျ ဘယ်ခံစားသိရှိနိုင်ပါ့မလဲနော်။ လက်မလွတ်သေးတဲ့ ကလေးကို ဘယ်လို ပဲ့ပြင်ထိန်းသိမ်းလို့ နည်းမှန်လမ်းမှန်ဆုံးမရမလဲဆိုတာ ၊ အိမ်ထောင့်သုခ ဒုက္ခတွေဆိုတာကို အပျို ၊ လူပျိုတွေက ဘယ်သိနိုင်ဦးမလဲ။ ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်သည်တွေကို တောင်ထိပ်ပေါ်ရောက်ရှိနေသူတွေအမြင်နဲ့ ကြည့်မြင်ခံစားနိုင်ပြီး အပျို ၊ လူပျိုတွေကို တောင်ခြေက လူတွေအဖြစ် ကြည့်မြင်ခံစားနိုင်ပါတယ်။

အပျို ၊ လူပျိုတွေရဲ့ အမြင်ကတမျိုး ၊ လက်ထပ်ပြီးစလူတွေ မြင်တဲ့အမြင်ကတစ်မျိုး ၊ ကလေးရခါစ ဇနီးမောင်နှံတွေမြင်တဲ့ အမြင်ကတစ်မျိုး ၊ ကလေးလက်မလွတ်သေးတဲ့သူတွေမြင်တဲ့ အမြင်ကတမျိုး ၊ ကလေးလက်လွတ်သွားတဲ့သူတွေမြင်တဲ့ အမြင်ကတမျိုး ၊ သက်ကြီးစုံတွဲတွေမြင်တဲ့ အမြင်ကတမျိုး စသဖြင့် ဒီအမြင်အမျိုးမျိုးထဲကမှ အိမ်ထောင်ရေးအဆင်ပြေရင် ခံစားချက်တွေ ၊ အတွေးအမြင်တွေ တမျိုးပြောင်းသွားပြီး အိမ်ထောင်ရေးအဆင်မပြေရင် တမျိုးဖြစ်ပြန်ရော။

အချစ်ရေးအဆင်မပြေသူတွေရဲ့ အတွေး ၊ အမြင်တွေဟာ သူတို့အတွေ့အကြုံ ၊ သူတို့ခံစားမှု ၊ သူတို့သုံးသပ်ချက်တွေအရ သူတို့အတွက် မှန်ရင်မှန်နေမှာပါ။ လူတိုင်းအတွက်တော့ မမှန်နိုင်ပါဘူး။ အိမ်ထောင်ရေးအဆင်ပြေသူတွေ အိမ်ထောင်တခုအပေါ် သုံးသပ်ချက်နဲ့ အိမ်ထောင်ရေးအဆင်မပြေတဲ့သူတွေ အိမ်ထောင်တခုအပေါ် သုံးသပ်ချက်ဟာလည်း မတူနိုင်ပါဘူး။ သူတို့တွေ့ကြုံခံစားမှုတွေ ကွဲပြားနေတာနဲ့အမျှ ခံယူချက်တွေ ၊ သုံးသပ်မှုတွေဟာလည်း ကွဲပြားနေမှာဖြစ်ပါတယ်။ ဒီလိုကွဲပြားတဲ့အမြင်တွေကို အငြင်းပွားနေစရာမလိုဘူး။ နားလည်ပေးဖို့ပဲလိုတာ။

သူ့အတွေ့အကြုံနဲ့ သူ့အမြင်တွေဟာ ကိုယ့်အတွက် မမှန်ပေမယ့် သူ့အတွက်မှန်နေနိုင်တယ်ဆိုတာ လက်ခံပေးလိုက်ရုံပါပဲ။ တောင်ပေါ်ကအမြင်နဲ့ တောင်လယ်ကအမြင် ၊ တောင်ခြေကအမြင် စသဖြင့် အမြင်ချင်းမတူနိုင်တာကို လက်ခံပေးလိုက်ရုံပါ။

တခါတလေ ထမင်းတဝိုင်းတည်း စားသောက်နေပေမယ့် အစပ်ကြိုက်သူက အစပ်ကဲမယ်၊ အစပ်မကြိုက်ပေမယ့် ငရုပ်သီးကိုက်မိသူလည်း ရှိမှာပဲ။ ဒီထဲကမှ အချဉ်ညှစ်စားသူလည်းရှိမယ် ။ အဆိမ့်ကိုမှ အရသာတခုလို့ မက်မောသူလည်းရှိနိုင်တယ်။ အခါးကိုမှ မက်မက်မောမော တို့မြုပ်စားတဲ့သူလည်း ရှိနိုင်တယ်။ အချစ်နဲ့ အိမ်ထောင်ရေးမှာလည်း မရည်ရွယ်ဘဲဖြစ်သွားတာတွေရှိသလို ၊ မိမိရွေးချယ်တဲ့အရသာကို မိမိခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူမပြု မိမိမှုလို့ လက်ခံလိုက်ရုံပါ။

ကျွန်မသဘောနဲ့ ခံယူချက်ကို ပြောရမယ်ဆိုရင်တော့ ကျွန်မက တက်ပြီးရင်ဆင်းရတယ်ဆိုတဲ့သဘာဝကို လက်ခံထားသူပါ။ ဖြစ်ပြီးရင်ပျက်တတ်တယ်ဆိုတာကိုလည်း ကောင်းကောင်း နှလုံးသွင်းထားသူမို့ အောင်မြင်မှုဆိုတာကို အထူးအာသာငမ်းငမ်း လိုက်မဖမ်းတဲ့အထဲ ပါပါတယ်။ မှန်မှန်လေးလှမ်းနေရင် ခရီးပန်းတိုင်ဆိုတာ ရောက်မယ်လို့ လက်ခံထားသူမို့ မှန်မှန်လေးလှမ်းနေသူပါ။

ကိုယ့်ကျော်တက်သွားသူကိုလည်း သူ့ကြိုးစားမှုအတွက် လက်ခုပ်တီးပေးမယ့်သူပါ။ ကိုယ့်တွန်းတိုက်သွားမယ့်သူတွေကိုလည်း သတိထားသူပါ။ လှမ်းတဲ့ခြေလှမ်းတွေကို ကိုယ့်ဘာသာသိနေပြီး ရောက်တဲ့နေရာရဲ့ မြင်ကွင်းဆိုတာကို တန်ဖိုးထားသူပါ။ ဒါကြောင့် ဘယ်နေရာရောက်ရောက် ၊ ဘယ်အခြေအနေကြုံကြုံ  ရင့်ကျက်စွာရင်ဆိုင်ပြီး ဘယ်လိုအကောင်းဆုံး အဖြေရှာလုပ်ကိုင်မလဲလို့ပဲ ဦးစားပေးတွေးသူပါ။

ဘယ်နေရာရောက်ရောက် ကိုယ်ရောက်တဲ့နေရာမှာ ပျော်ရွှင်ကျေနပ်ပြီး မှန်မှန်လှမ်းတက်သွားဖို့ပဲလိုတာပါ။ သူများကိုခြေထိုးတွန်းတိုက်လိုက်မှ ကိုယ်က အောင်နိုင်သူဖြစ်မယ်လို့ စိတ်ထားရှိသူဟာ ကိုယ့်ကိုခြေထိုးတွန်းတိုက်မယ့်သူနဲ့ တနေ့ကြုံရဦးမှာပါ။ အမြင့်ရောက်လေ အကျနာလေဆိုတာကို သိထားရင် အကျမနာအောင် ကျသွားတဲ့အခါ ဘယ်လိုစိတ်ထားလေးနဲ့ ရှေ့ဆက်မလဲဆိုတာ ကြိုတွေးပြင်ဆင်ထားရုံရှိတာပါ။

တကယ်တော့လေ ဘယ်ခြေလှမ်းလှမ်း ကိုယ့်ခြေလှမ်းအပေါ်မှာ စိတ်သန့်သန့် ၊ ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ၊ မြင်ကွင်းတွေကို တန်ဖိုးထားပြီး အကောင်းဆုံးလုပ်တတ်မယ်ဆို ဘာလုပ်လုပ် ၊ ဘယ်နေရာရောက်ရောက် ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်လုပ်ရပ်အပေါ် အမြဲကျေနပ်နေတတ်တဲ့သူ ဖြစ်နေမှာပါ။ မိမိရဲ့ စိတ်ငြိမ်းချမ်းမှုဆိုတာကို သူများက လုပ်ယူဖန်တီးပေးရင်တောင် အမြဲမထိန်းသိမ်းထားနိုင်ဘူး။ တကယ်က မိမိစိတ်ငြိမ်းချမ်းမှုဆိုတာ မိမိကိုယ်တိုင်လုပ်ယူရတာပါ။ ဒီလိုစိတ်ငြိမ်းချမ်းမှုမျိုးကို လူတိုင်းမရဘူးလေ။

ရတု (Burmesehearts.com)

You might also like