class="post-thumbnail open-lightbox" href>
မေတ္တာတရားရယ် ၊ တာဝန်ယူမှုရယ် ပေါင်းစပ်ပါမှ အနှစ်သာရရှိမယ်
လူဆိုတာ ယုံကြည်မှုရယ် ၊ လက်ကိုင်ထားတဲ့ အယူဝါဒရယ် ၊ အစွဲရယ် အသားသေသွားပြီဆိုရင် ပြောင်းလဲရခက်တယ်နော်။ မြန်မာနိုင်ငံမှာ သားသမီးတွေကို ဖြည့်ဆည်းပေးဖို့ဆိုရင် ယေဘူယျအားဖြင့် အဖေက အပြင်ထွက်စီးပွားရှာ ၊ အမေက ကလေးထိန်းပြီး အိမ်ဗာဟီရ အလုပ်တွေမှန်သမျှလုပ်ရမယ်လို့ ယုံကြည်မှတ်ယူထားကြတယ်။
အိမ်စီးပွားရေးလိုအပ်ချက်ကြောင့် အပြင်ထွက် အလုပ်လုပ်နေကြရတဲ့မိခင်အတွက် သူ့နေရာလစ်ဟင်းသွားရတဲ့တာဝန်တွေကို ဆွေမျိုးညာတိနဲ့ အိမ်အကူဆိုတဲ့သူတွေက ဝိုင်းဖြည့်လိုက်ကြတယ်။ ဒါပေမယ့် အမေဖြစ်သူ အလုပ်ကနေ အိမ်ပြန်ရောက်လာပြီဆို အိမ်ကတာဝန်တွေကို စီမံကြီးကြပ်လုပ်ကိုင်ဖို့ဆိုတာ သူမတာဝန် လုံးလုံးဖြစ်သွားရတယ်။ ဒီလိုဆို အမေမှာ ဘယ်နားရပါတော့မလဲ။ အပြင်အလုပ်ထွက်လုပ်လို့ ပင်ပန်းတာချင်းအတူတူ အိမ်မှာပါ အိမ်မှုကိစ္စတာဝန် ၊ ကလေးတာဝန် ၊ ခင်ပွန်းတာဝန် ၊ မိဘတာဝန်တွေ ဆက်ထမ်းရတယ်ဆို သူမရဲ့ စိတ်ဖိစီးမှုတွေကို ဘယ်နေရာမှာ ထွက်ပေါက်ပေးလို့ အနားယူဖြေသိမ့်နိုင်ပါ့မလဲ။ စိတ်ဖိစီးမှုတွေဟာ နေ့စဉ်တိုးသထက် တိုးနေမှာပါ။
မြန်မာနိုင်ငံ အလည်အပတ်ရောက်ခဲ့တဲ့ ကျွန်မ တီးမိခေါက်မိ ဆက်စပ်မေးမြန်းကြည့်ရသလောက် အမျိုးသမီးအများစုဟာ အိမ်ထောင့်တာဝန်ဆိုတာကို တစ်ဦးတည်းထမ်းရမှာ ကြောက်ကြတယ်။ ကိုယ်တိုင်အလုပ်ထွက်လုပ်ပြီး ရာထူး ၊ နေရာ ပီပီပြင်ပြင် ရရှိထားသူတွေက ပိုကြောက်ကြတယ်။ လက်ထပ်လိုက်ပြီးလို့ ယခုလို သာသာယာယာ ဘဝမျိုးစွန့်လွှတ်လိုက်ပြီး လင်ပူ ၊ သားပူဘဝနဲ့ ဖို့ယို့ဖားယားဖြစ်သွားမှာ ကြောက်တယ်။ ဒီလိုဆိုကတည်းက သူတို့ဟာ ဖြစ်လာလတ္တံ့သော အိမ်ထောင်ဘက်အပေါ်ကို အပြည့်အဝ အယုံအကြည်မရှိဘူးလို့ တွေ့မြင်နေရတယ်။ သူနဲ့သာ ကိုယ်ပေါင်းစပ်လိုက်ရင် ပိုပျော်စရာကောင်းတဲ့ဘဝကို အတူမျှဝေဖန်တီးနိုင်ကြမယ်လို့ မယုံကြည်တာလည်းပါတယ်။ သူနဲ့ပေါင်းလို့ တိုးပွားလာမယ့် မိသားစုဝင်တွေကြောင့် ကိုယ်တွေဘဝ ပိုပြီးပြည့်စုံသာယာလာကြမယ်လို့ မယုံကြည်နိုင်ကြတာလည်းရှိနေတယ်။
သူတို့တွေနဲ့ စကားစမြည်ပြောလိုက်ရင် ခုခေတ်ယောကျာ်းလေးတွေက ကိုယ်နဲ့ယူပြီးလို့ မဖောက်မပြန်ပေါင်းနေရင်ဘဲ သူတို့ကျေးဇူးတင်ရမယ့်အချိုးဆိုတာကနေ စတာပါ။ တကယ်ဆို အိမ်ထောင်ရေးကို စံညွှန်းသုံးခုနဲ့ သတ်မှတ်မယ်ထားပါတော့။ မဖောက်မပြန်ပေါင်းရင် ယေဘူယျဖြစ်ရမှာပါ။ ကြင်နာယုယပြီး တာဝန်ကျေတဲ့အိမ်ထောင်ဘက်ဟာ ကောင်းမွန်တဲ့အိမ်ထောင်ဘက်ဖြစ်ရမှာပါ။ မူးယစ်သောက်စား ၊ လောင်းကစားနဲ့ ဖောက်လွှဲဖောက်ပြန်လုပ်တတ်ပြီး အိမ်ထောင့်တာဝန်မကျေတဲ့ အိမ်ထောင်ဘက်ကျတော့ အဆိုးဖြစ်သွားတာပေါ့။
အခုကျတော့ ဒီလိုမဟုတ်ဘဲ ယေဘူယျလို မဖောက်မပြန်ပေါင်းတာကိုပဲ ခင်ပွန်းကောင်းအဖြစ် ကျေးဇူးရှင်ကြီးလို စံတွေနှိမ့်ချ ပေါင်းဖက်နေရတော့ အပေါ်ကစံဖြစ်တဲ့ ကိုယ့်အပေါ် ကြင်နာယုယပြီး အိမ်ထောင့်တာဝန်ကျေပွန်တဲ့ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံဖို့ရာဟာ အိမ်မက်တခုလို ဖြစ်နေကြရတယ်။ ဒါမဖြစ်သင့်တဲ့အနေအထားတခုပါ။ ဒီမဖြစ်သင့်တဲ့အနေအထားထက်ပိုဆိုးတာက စံနှုန်းအောက်ဘက်ရောက်နေတဲ့ မူးယစ်သောက်စားတာ ၊ ဘောလုံးလောင်း ၊ ချဲထီလောင်း နဲ့ လောင်ကစားစွက်တဲ့ အိမ်ထောင်ဘက်တွေ ၊ မယားဒီလိုပင်ပန်းရင် ကိုယ်လည်းဒီလို အပင်ပန်းပိုခံလိုက်ပါ့မယ်ဆိုတဲ့ စိတ်မရှိသော အိမ်ထောင်ဘက်တွေကို မဖောက်မပြန်ပေါင်းသင်းတာပဲ ကျေးဇူးတင်နေရတဲ့ အနေအထားပါ။
သောက်တတ်စားတတ်တာကလွဲရင်ကောင်းပါတယ်။ သူ့ဟာသူ မူးရင်အိပ်သွားရော ၊ မိသားစုရန်မရှာရင်ပြီးရော ၊ ဘာမှဒုက္ခမပေးရင်ပြီးရော ဆိုတာတွေနဲ့ အိမ်ရှင်မတွေဟာ သူတို့အိမ်ထောင်ဘက်တွေကို ဖြေသိမ့်ပေါင်းနေကြရတာ မဖြစ်သင့်တဲ့အနေအထားတခုပါ။ သူ့ဟာသူမူးပြီးအိပ်နေတော့ ကိုယ့်မိသားစုတာဝန်တွေဆိုတာကို အိမ်ရှင်မတစ်ယောက်တည်း နိုင်လည်းထမ်း ၊ မနိုင်လည်းထမ်း လုပ်ရမယ့်အနေအထားဖြစ်သွားတာပေါ့။
လူတိုင်းမှာ ခံနိုင်ရည်အားဆိုတာ သူ့အတိုင်းအတာနဲ့သူရှိကြတယ်။ အားနွဲ့တဲ့မိန်းမသားတွေဟာ ဘယ်လောက်ပဲ သည်းခံနိုင်တယ်ဆိုဆို ဘောင်တခုကို ကျော်သွားတဲ့အခါမှာ ညှိရခက်သွားပြီး အိမ်ထောင်မကွဲသင့်ဘဲကွဲတာ ၊ မိသားစုဘဝလေး မပြိုကွဲသင့်ဘဲ ပြိုကွဲတာတွေ ဖြစ်လာတယ်။ အနစ်နာဆုံးက ဒါတွေကို ရင်စည်းခံခဲ့ရတဲ့ အိမ်ထောင်ရှင်မနဲ့ ဒီအိမ်ထောင်မှာ တိုးပွားလာခဲ့တဲ့ သားသမီးလေးတွေပါပဲ။
ဒီလိုအဖြစ်တွေ ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတာ များလာတော့ အပျိုတွေက ရည်းစားထားမယ့်သာထားတယ် ၊ ကြာကြာဝါးလို့ခါးလာရင်ပဲဖြစ်ဖြစ် တွဲကြည့်လို့ ကိုယ့်လူမဟန်တော့ရင်ပဲဖြစ်ဖြစ် သူနဲ့ရှေ့ဆက်လက်တွဲဖို့ မတွေးတော့ဘဲ ရင်နာရင် နာပါစေ လမ်းခွဲဖို့ကိုပဲ ရွေးချယ်လိုက်ကြတာ များလာတယ်။ ဒီလိုလမ်းခွဲရကောင်းလားဆိုပြီး ဓါးကြိမ်းကြိမ်းတာ ၊ ကတ်ကြေးနဲ့ခြောက်တာ ၊ အရှက်ခွဲမလို့လုပ်တာတွေ ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေဟာ အမျိုးသားထုအချို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ၊ စာရိတ္တတွေ ဆုတ်ယုတ်လာတဲ့သဘောပါ။ ကိုယ်သာ ကိုယ့်ဘာသာယုံကြည်မှုရှိရှိနဲ့ ကိုယ့်စာရိတ္တ ၊ ကိုယ့်ပညာအရည်အချင်း ၊ ကိုယ့်အနေအထားတွေအပေါ် ယုံကြည်စိတ်ချမှုရှိနေရင် ကိုယ့်ချစ်သူဖြတ်သွားလည်း ဘာအရေးလဲလို့ တွေးကြမှာပါ။
ကိုယ့်ချစ်သူမှန်းတဲ့အရည်အသွေးဟာ ကိုယ့်အရည်အချင်းထက်မြင့်မားနေတယ်ဆို သူမကိုချစ်ရင် သူမအလိုကျ အရည်အချင်းတွေပြည့်မီအောင် ကိုယ့်ဘာသာ မြှင့်တင်ရမှာမဟုတ်လား။ ဒီလိုအချိန်တွေကို မစောင့်နိုင်လို့ ကိုယ့်ထက်သာတာ သူမ ရှာသွားဦးတော့ အရည်အချင်းတွေမြှင့်တင်ဖို့ ကြိုးစားလိုက်တဲ့ကိုယ့်မှာ အရည်အချင်းပိုတိုးတက်လာတာပဲလေ။ ငွေမက် ၊ ဂုဏ်မက်တဲ့မိန်းမကို ဆုံးရှုံးလိုက်ရတာ ဘာအရေးလဲ။ သူမကိုယ်တိုင်လည်း သူမကို တကယ်ချစ်မြတ်နိုးတဲ့သူဆိုတာ ဆုံးရှုံးလိုက်ရတာပဲလေ။ သူမ ချစ်တဲ့ ဂုဏ်တွေ ၊ ငွေတွေကိုပိုက်ပြီး သူမအပေါ် တသက်တာ တကယ်ချစ်မြတ်နိုးခြင်းတွေမရှိသူနဲ့ ဘဝတလျောက်လုံး သူမလက်တွဲသွားရမယ့်အခြေအနေဟာ ငွေတွေ ၊ ဂုဏ်တွေမက်တဲ့ သူမကို သူမရဲ့ရွေးချယ်မှုက ဒဏ်ခတ်လိုက်တာပါပဲ။
တကယ်ဆို အမျိုးသမီးတွေအများစုဟာ အိမ်ထောင်တခုကို လက်ရှိအခြေအနေထက် မလျော့တဲ့အခြေအနေတခုနဲ့ တည်ဆောက်ချင်ကြတာပါ။ ဆိုလိုတာက အိမ်ထောင်ကျပြီးမှ ယက်ကယ် ယက်ကယ်ဘဝမျိုးနဲ့ မဖြစ်ချင်ကြဘူး။
အိမ်ထောင်မကျမီက ဒီလိုသုံးနိုင်တဲ့အခြေအနေကနေ အိမ်ထောင်ကျပြီးမှ မသုံးနိုင် ၊ မစွဲနိုင်အခြေအနေမျိုး မရောက်ချင်ကြဘူး။ ဒါကြောင့် အိမ်ထောင်ဘက်ကို တူတူတန်တန် ဝင်ငွေရတဲ့ တည်တည်ငြိမ်ငြိမ်အလုပ်လေးတခု ရှိစေချင်ကြတယ်။
အိမ်ထောင်မကျမီက ဒီလိုကြင်နာမှုနဲ့ ပျော်ရွှင်နေရတယ်ဆိုရင် အမြဲဒီလိုအပျော်ချည်းဘဲမဟုတ်တောင် အိမ်ထောင်ဘက်က ဖောက်ပြန်နေသလား ၊ ပြောင်းလဲသွားသလား ၊ စာရိတ္တတွေ သောက်သောက်စားစား လောင်းကစားနဲ့ ပျက်ယွင်းလာသလားဆိုတာတွေကို အိမ်ထောင်ကျပြီးမှ မပူပန်ချင်ကြဘူး။
အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ ကိုယ့်အိမ်ထောင်ဘက်နဲ့ ကလေးတွေရလာရင် ကလေးကို ကိုယ်ချစ်သလို ချစ်စေချင်ကြတယ်။ ကလေးကို ကိုယ်ယုယပျိုးထောင်သလို ပျိုးထောင်စေချင်ကြတယ်။ ကလေးတာဝန်ကို ကိုယ်ထမ်းသလို သူ့ကိုလည်း တပိုင်တနိုင် ဝင်ထမ်းစေချင်ကြတယ်။
အများစုသော အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီး ကလေးတွေရပြီးတာနဲ့ မပျော်ရွှင်တာတွေများလာတော့ သူတို့ကို တွေ့မြင်နေရတဲ့ တခြားအမျိုးသမီးတွေက အပျိုဆိုရင် အိမ်ထောင်ပြုဖို့ တော်တော်စဉ်းစားလာပြီ။ ကလေးမယူရသေးရင် ကလေးယူဖို့ကို လက်တွန့်လာပြီ။ ကလေးတစ်ယောက်ယူပြီးရင် နောက်တစ်ယောက်ထပ်ယူဖို့ဆိုတာကို တွေးဆလာပြီလေ။ ကျွန်မဆိုလိုတာက ရေရှည်အတွက် စဉ်းစားဥာဏ်ရှိရှိနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ အမျိုးသမီးထုကို ဆိုလိုတာဖြစ်ပြီး ယူသာယူ နောက်ပိုင်း သူ့ဟာနဲ့သူ ဖြစ်သွားလိမ့်မယ်လို့တွေးတဲ့ အမျိုးသမီးထုကို မဆိုလိုပါဘူး။
နိုင်ငံရပ်ခြားရောက်နေတဲ့ ကလေးရှိပြီးသား မြန်မာစုံတွဲတွေကိုလည်း ကျွန်မမြင်ဖူးတာပါပဲ။ အဖေမြန်မာ ၊ အမေမြန်မာ ၊ ကလေးမြန်မာတွေပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အများစုတွေ့မြင်နေရတဲ့ မိသားစုတွေနဲ့တော့ မတူလှဘူး။ အမေက ကလေးကို အိမ်ထဲမှာထိန်းပြီးတာဝန်ယူရင် အဖေက အပြင်ထွက်တဲ့အခါတိုင်း ကလေးကို တာဝန်ယူထိန်းတယ်။ ဒီတော့ အမေဟာ မိသားစုနဲ့ အပြင်ထွက်သွားလာတဲ့အခါမှာ ကျော့ကျော့မော့မော့လေး နေထိုင်စားသောက်လို့ ထွေရာလေးပါးစကားစမြည် ပြောဆိုဖို့ အခွင့်အရေးရတာပေါ့။ မိန်းမဆိုတော့ ကလေးအမေဖြစ်သည့်တိုင် ကျော့ကျော့ကော့ကော့လေး နေချင်သေးတယ်လေ။
မြန်မာချင်းအတူတူ နိုင်ငံတွင်းနေသူနဲ့ နိုင်ငံပြင်ပနေသူတွေ ဘာလို့ လုပ်ဆောင်ပုံ ၊ တာဝန်ယူပုံတွေ ကွာခြားသွားသလဲဆို မိသားစုအပေါ်ထားရှိတဲ့ မေတ္တာတရားရယ် ၊ တာဝန်ယူစိတ်ရယ် ကွာသွားတာလို့ပဲမြင်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးတိုးတက်တဲ့ နိုင်ငံရပ်ခြားမှာ ကလေးတွေ ၊ မိသားစုဝင်တွေကို ပစ်ပစ်ခါခါလုပ်တဲ့သူဟာ ထိုက်လျောက်တဲ့အပြစ်ဒဏ်ကို မသက်မညှာ ခံစားကြရတယ်။ ဒီဥပဒေက နိုင်ငံသားပဲဖြစ်ဖြစ် ၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် သူတို့နိုင်ငံမှာနေတဲ့သူတိုင်း အကျုံးဝင်စွာ လိုက်နာရတာမို့ ဥပဒေက မိသားစုဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ထားတယ်။ ဥပဒေကိုချိုးဖောက်ရင် ချိုးဖောက်သူက ချိုးဖောက်တဲ့ပြစ်ဒဏ်အတိုင်း ခံစားကြရတာမို့ တော်ရုံဘယ်သူမှ မချိုးဖောက်ရဲကြတော့ဘူး။ ဒီလိုဆိုတော့ ကိုယ့်နိုင်ငံတွင်းမှာနေတာထက် နိုင်ငံရပ်ခြားမှာနေထိုင်တာက မိသားစုပျော်ရွှင်မှုကို ပိုပြီး အထောက်အပံ့ဖြစ်စေသလားနော်။
မြန်မာနိုင်ငံမှာ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေရှိပေမယ့် တရားစွဲမယ်ဆို ဟိုဘက်အမျိုးက ဝင်ပါလိုက် ၊ ဒီဘက်အမျိုးက ဝင်ပါလိုက် ၊ ဟို့လူ့မျက်နှာ ထောက်ထားရ ၊ ဒီလူ့မျက်နှာ ထောက်ထားရ ၊ ဟိုလူ့စကားနားထောင်ရ ၊ ဒီလူ့စကားနားထောင်ရနဲ့ တကယ်ခံစားရတော့ ဒီမိသားစုတွင်းက အိမ်ရှင်မနဲ့ သားသမီးတွေက အနာဆုံးခံစားကြရတာမို့ အကောင်းဆုံးက အိမ်ထောင်ဦးစီးအမျိုးသားတွေဟာ အိမ်ထောင်ဘက်ကို မေတ္တာတရားရယ် ၊ တာဝန်ယူမှုရယ် ပေါင်းစပ်ပါမှ ဒီအိမ်ထောင်ဟာ အနှစ်သာရရှိတဲ့ အိမ်ထောင်တခုအဖြစ် တည်နေမယ်လေ။
ရတု (Burmesehearts.com)