class="post-thumbnail open-lightbox" href>
(၁၃)လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု
ဒီအရွယ်မှာ သူတို့ရဲ့ ပထမခြေလှမ်းဆိုတာကို စလှမ်းကောင်း လှမ်းနေပါပြီ။ သူ့ဘဝရဲ့ ပထမဆုံးခြေလှမ်းတွေကို စမြင်ရတယ်ဆို လက်ခုပ်သြဘာပေးလို့ သူ့အောင်မြင်မှုကို အားပေးပါ။ ဒါမှလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ နောက်ထပ်ခြေလှမ်းတွေ သွက်သွက် ဆက်လှမ်းဖို့ အားရှိမှာဖြစ်ပါတယ်။
ကလေးဟာ ခြေလျှပ်တိုက် လျှောက်လေ့ရှိတယ်ဆိုရင် သူ့ဘာသာလျှောက်လှမ်းမယ့် ခြေလှမ်းတွေဟာ နောက်ကျကောင်း နောက်ကျနိုင်ပါတယ်။ လေးဘက်ထောက်လိုက် လျှောက်လိုက် လုပ်တတ်တဲ့ကလေးတွေထက် ခြေလျှပ်တိုက် လျှောက်လေ့ရှိတဲ့ကလေးတွေဟာ လမ်းလျှောက်နောက်ကျတတ်ပါတယ်။ လမ်းလျှောက်နောက်ကျလို့ စိတ်မပူပါနဲ့ တချို့ကလေးတွေဟာ (၁၇)လ (၁၈)လနောက်ပိုင်းမှ လမ်းလျှောက်တတ်တာလည်းရှိပါတယ်။
လမ်းလျှောက်မြန်မြန်တတ်စေချင်လို့ဆိုပြီး ကလေးကို ဖိအားပေး လမ်းလျှောက်ခိုင်းတာမျိုးတော့ မလုပ်ပါနဲ့။ ကစားရင်းဆော့ရင်း သူသတိမထားမိချိန်မှာ သူ့ကို သူ့ဘာသာသူ လမ်းလျှောက်တတ်ဖို့ အခွင့်အရေးပေးဖို့ လိုပါတယ်။ လူကြီးက ဆန္ဒစောလွန်းရင် လမ်းလျှောက်နောက်ကျတတ်သလို လူကြီးက စိုးရိမ်လွန်း ၊ သည်းလွန်းရင်လည်း လမ်းလျှောက်နောက်ကျတတ်ပါတယ်။ ကလေးကို ဘီးတပ်လှည်းထဲထည့်ပြီး လမ်းလျှောက်ခိုင်းနေသမျှ အလွတ်လမ်းလျှောက်တတ်ဖို့ နှောင့်နှေးနေဦးမှာ ဖြစ်ပါတယ်။
လမ်းမြန်မြန်လျှောက်တတ်စေဖို့ အကောင်းဆုံးနည်းဟာ သိပ်မပေါ့ ၊ သိပ်မလေးတဲ့ သူ့အရပ်နဲ့အဆင်ပြေပြေ တွန်းနိုင်မယ့် ဘီးတပ်ပစ္စည်းတစ်ခုကို သူ့ဆော့ရင်းတွန်းခိုင်းကျင့်လုပ်ပေးပါ။ ရွေ့အောင် တွန်းရင်းကနေ သူဟာ လမ်းလျှောက်တတ်သွားမှာဖြစ်ပါတယ်။ ငွေတတ်နိုင်သူတွေက (Baby Push Walker) ဆိုတာလေးတွေ ဝယ်ပေးပြီး ကလေး လမ်းမြန်မြန် လျှောက်တတ်အောင် ကျင့်ပေးနိုင်ပါတယ်။
ကလေးဟာ သူ့အရွယ်အလိုက် အတတ်ဆန်းလေးတွေ တတ်မြောက်နေတာမို့ သူကိုယ်တိုင် သတိမထားမိချိန်မှာတင် အတတ်ပညာအသစ် တတ်မြောက် လုပ်ကိုင်သွားတာကို သူကိုယ်တိုင် အံ့အားသင့်လက်ခံလိုက်တာမျိုးကိုလည်း ကြုံနိုင်ပါသေးတယ်။ ဒီလိုအချိန်မျိုးမှာ သူ့ရဲ့ သင်ယူနိုင်စွမ်းကို အားပေးဖို့ သူသင်ယူတတ်မြောက်မှုတွေကို လက်ခုပ်တီးချီးကျူးလို့ အားပေးပါ။
ဒီအရွယ်ကလေးကို အစာကျွေးတဲ့အခါ ခွံ့ကျွေးရင်ပဲဖြစ်ဖြစ် သူ့ဘာသာစားလို့ပဲဖြစ်ဖြစ် အတော် စိတ်ရှည်ရမှာပါပဲ။ သူတို့မှာ စူးစမ်းလိုစိတ်တွေ များနေပြီလေ။ ချဉ်ရည်ခွက်ထဲ လက်နှစ်လိုက်ရင် ဘယ်လိုဖြစ်မလဲ ၊ ဘာအရသာရမလဲကအစ သူ့လက်ကလေးကို အသုံးပြလို့ ဟိုဆွဲ ဒီနှိုက် အတော်လုပ်တတ်နေပါပြီ။ ဒါကြောင့် သူ့ဘေးနားမှာ သူ့ပါးစပ်မထည့်စေချင်တဲ့ အရာမှန်သမျှ ရှင်းထားရမှာပါ။
သူ့ဗိုက်ပြည့်ပြည့်ဝဝစားဖို့ သိနိုင် ၊ မသိနိုင် အကောင်းဆုံးနည်းကတော့ သူ့ဘာသာသူ စားကျင့်လုပ်ပေးထားတာပါပဲ။ သူပါးစပ်ထဲ သူ့ဘာသာ မထည့်နိုင်တဲ့အခါတွေမှာ ကိုယ်က ကိုယ်ထည့်ပေးရုံပေါ့။ ကိုယ်ကခွံ့ကျွေးနေရင် သူအာသီသဖြစ်တဲ့ စားချင် ၊ မစားချင် (နေကောင်းလို့ ၊ မကောင်းလို့) ဆိုတာတွေ သတိမထားနိုင်ဘဲ ဝ ၊ မဝဆိုတာကိုလည်း ဒီအတိုင်းအတာကုန်ရင် တော်ပြီလို့ သတ်မှတ်လိုက်ရတာပါ။ သူလည်း လူပေမို့ စားကောင်းတဲ့အစာ ၊ အာသီသရှိတဲ့အချိန်ဆို ပိုစားမှာဖြစ်ပြီး သိပ်ခံတွင်းမလိုက်တဲ့အစာ ၊ မစားချင်တဲ့အခါတွေမှာ မစားဘဲနေချင်မှာပါ။ သူ့ဆန္ဒဆိုတာကိုလည်း ဒီအရွယ်ကတည်းက လေးစားသမှုပြုလို့ သူ့ရဲ့ပင်ကိုယ်စိတ်ဆန္ဒနဲ့ ကျန်းမာရေးကိုလည်း ဒီကနေတဆင့် အကဲဖြတ်နိုင်ပါတယ်။
ဒီအရွယ်မှာ စကားအများကြီး မပြောတတ်သေးပေမယ့် သူ့ကိုနေ့တဓူဝပြောနေတဲ့ ရိုးရိုးရှင်းရှင်း စကားလုံးတွေကိုတော့ ကလေးက ကောင်းကောင်းနားလည် သဘောပေါက်နေပါပြီ။ လူကြီးမိဘတွေက သူ့ကို အလေးထားပြီး စကားခပ်များများ ပြောပေးတဲ့အခါ သူ့ရဲ့ စကားလုံးကြွယ်ဝ သိတတ်နားလည်မှုကို ၊ ဘာသာစကားလေ့လာမှုကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
ကိုယ်က အရောင်တွေ ၊ ပုံသဏ္ဍာန်တွေ ၊ စကားလုံး အသုံးအနှုန်းတွေ များများပြောပြ သင်ပေးလေ သူဟာ စိတ်ထဲကနေ လိုက်မှတ်သားသင်ယူနေလေပါ။ ဒါကြောင့် ကလေးတွေကို များများသိတတ်စေချင်ရင် များများသင်ပြ ပြောဆိုပေးပါ။ သူပြန်မပြောတတ်သေးတဲ့ ဒီလို အရွယ်ကတည်းကနေ အလေ့အကျင့်လုပ်ထားရမှာပါ။
ဒီအရွယ်မှာ ကလေးဟာ (၁၄)နာရီလောက်တော့ ပုံမှန်အိပ်စက်ချိန်ရှိရမှာဖြစ်ပါတယ်။ ဒီ(၁၄)နာရီဟာ ညလုံးပေါက် အိပ်စက်ချိန်နဲ့ နေ့ခင်းဘက် တရေးတမောအိပ်ချိန်တွေကို ရေတွက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလေးဟာ မိခင်ကိုယ်ဝန်ဆောင်ချိန်ကတည်းကနေ ရလာတဲ့ အကျင့်အတိုင်း ဖြစ်ချင်ဖြစ်နေနိုင်ပါသေးတယ်။
ဥပမာ မိခင်နဲ့အတူ အိပ်စက်လေ့ရှိတဲ့ကလေးဟာ ညဘက်ဆို မိခင်အိပ်ရာဝင်မှ လုံးဝအိပ်ပျော်လေ့ရှိပြီး နေ့ဘက်မှာလည်း မိခင်သိပ်မှ အိပ်တတ်တဲ့ အကျင့်မျိုးရှိတဲ့ကလေးလိုပေါ့။ ဒီလိုကလေးတွေကတော့ ချွင်းချက်အနေနဲ့ အိပ်စက်ချိန် အနည်းငယ်လျော့တတ်ပါတယ်။
ကလေးဟာ အစားကောင်းကောင်းစား ၊ ကောင်းကောင်းဆော့ ၊ ပျော်ရွှင်သွက်လက် တက်ကြွပြီး အလေးချိန်မှန်မှန်တက်နေသမျှ ကလေးရဲ့ကျန်းမာရေးကို စိုးရိမ်စရာမရှိပါဘူး။ အိပ်ချိန်နည်းနည်းလျော့လို့ဆိုပြီး ထူးစိတ်ပူစရာတော့ မရှိပါဘူး။ ကလေးတစ်ယောက်နဲ့တစ်ယောက် အလေ့အကျင့်ချင်း ကွဲပြားနိုင်ကြပါတယ်။
ရတု (Burmesehearts.com)