class="post-thumbnail open-lightbox" href>
မြီးကောင်ပေါက်ပျိုမေလေးများနှင့် အရွယ်ရောက်သမီးရှင်များ ဖတ်ရန်
မြီးကောင်ပေါက်လေးတွေဟာ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှုတွေ ၊ စိတ်ကစားမှုတွေ ၊ အချစ်ဆိုတာတွေကို သူ့အရွယ်အလိုက် ခံစားလာတတ်ကြပါတယ်။ တစ်ယောက်တည်း ကြိတ်စိတ်ကူးယဉ် စိတ်ကစားနေတာမျိုးဟာ ပူစရာမဟုတ်ပေမယ့် ရည်းစားသနာထားလာရင်တော့ စိတ်ပူတန် ပူရပါတော့မယ်။ ခုခေတ်က သမီးရည်းစားထားပြီဆိုတာနဲ့ အတူအိပ်မှ ချစ်တယ်ထင်နေတဲ့ခေတ်အဖြစ် ပြောင်းလဲလာလေပြီလား မသိဘူးနော်။
အထူးသဖြင့် ချစ်သူကိုလဲချစ် ၊ ယုံလဲယုံ ၊ တကိုယ်လုံးပုံလို့အပ်ချင်တယ်ဆိုတာ အချစ်လားဟင်လို့ သူတို့ကထင်ကြတယ် ၊ သူတို့ချစ်သူတွေကလည်း တကိုယ်လုံးပုံအပ်မှ တကယ်ချစ်တာလို့ ပြောဆိုစည်းရုံးကြမယ်ဆိုရင် တကိုယ်လုံး ပုံအပ်ဖြစ်တော့မှာပေါ့။
ဒီလိုမြီးကောင်ပေါက်အရွယ် မိန်းကလေးတွေ လိင်နဲ့ပတ်သက်တဲ့ အသိပညာမျိုး ဘယ်ကသိနိုင်မလဲ အတွေ့အကြုံရှိထားတဲ့ သူငယ်ချင်းတွေဆီက ၊ ချစ်သူရည်းစားရဲ့ ပြောစကားဆိုတာတွေကို အဟုတ်လုပ်ယုံရတာ မဟုတ်လား။ သူတို့ဟာ မိခင် ဖခင်ကိုလည်း ဖွင့်မေးလို့ရ၊ အဒေါ်ဦးလေးဆိုတာကိုလည်း မေးဖို့မလွယ် ၊ အစ်မ အစ်ကိုတွေကိုလည်း ဖွင့်မမေးရဲဆိုတော့ကာ ဘယ်လိုနေရာတွေကနေ ဒီကိစ္စနဲ့ပတ်သက်ပြီး မှန်ကန်တဲ့အသိရနိုင်ကြမလဲ။
မှန်ကန်တဲ့အသိမရကြရင် မှားတော့မှာပေါ့။ အမှားတွေလုပ်ကြတော့မယ်။ အချစ်ကို ကလေးကစားသလို ကစားတတ်သူတွေနဲ့တွေ့တဲ့အခါ အိုးပုတ် ၊ ချိုးရုပ် ကျိုးပဲ့သွားသလို အပျိုစင်ဘဝဆိုတာ အသစ်ပြန်ဝယ်လို့မရဘူး။ အခန့်မသင့်ရင် ကလေးရလာမယ့် အဖြစ်တွေလေ။
ခေတ်ကသာ ရည်းစားထားရင် အတူနေရမယ်ဆိုတဲ့ အတွေးတွေနဲ့ ဘွင်းဘွင်းကြီး ပွင့်လင်းလာကြတာ။ မိဘနဲ့ သားသမီးဆက်ဆံရေးကတော့ အခုအချိန်အထိ ပွင့်ပွင့်လင်းလင်း အသွင်မဆောင်နိုင်ကြသေးဘူး။ အရှက်တရားဆိုတာကို မပွင့်လင်းမှုနဲ့ ဖုံးကွယ်ထားပြီး လိင်ပညာပေးတာဟာ သားသမီးနဲ့မိဘအကြား မပြောသင့်တဲ့စကား ဖြစ်နေသမျှ မိမိသားသမီးတွေ အမှား ကျူးလွန်နိုင်ဖို့ ရာခိုင်နှုန်းများနေတယ်လေ။ ဒါတွေ ဘာကြောင့် ပြောနေသလဲဆို အကြောင်းရှိပါတယ်။
ကျွန်မဆီကို သိချင်တာလေးတွေ မေးစရာရှိလို့ဆိုပြီး ကလေးမလေးတစ်ယောက် စာတိုပို့လာတယ်။ ဆိုလိုရင်းက ကလေးမလေးဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်နေတယ်။ မျက်နှာလေး ဖြူစင်လိုက်တာမှ မသိရင် အသက်မပြည့်သေးပုံ ပါးကွက်ကြား ၊ နှာတံစင်းလေးထည့်လို့ တကယ့်ကို အဖြူထည်ကလေး။ မေးလာတဲ့မေးခွန်းက အပျိုရည်ပျက်တယ်ဆိုတာ ဘာကိုခေါ်သလဲတဲ့။
သူ့ကို အပြန်အလှန်ဖြေကြားပြီးပါမှ အပျိုရည်ပျက်တယ်ဆိုတာ နားမလည်တဲ့ အဲဒီကလေးမလေးကို အိပ်နေတာ နှစ်ရက်အကြာမှ အတူနေတုန်း မိန်းမကိုယ်က သွေးထွက်လို့ သူ့ရည်းစားက အပျိုမစစ်ဘူး စွပ်စွဲတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေတာ။ အပျိုရည်ပျက်တယ်ဆိုတာ ဘာမှန်းမသိဘဲ အပျိုရည်ပျက်သွားခဲ့တဲ့ အဲဒီကလေးမလေးအတွက် သူ့ထက် ကျွန်မက ပိုတောင် စိတ်မကောင်းဖြစ်မိချိန် သူ့မှာကိုယ်ဝန်ရှိနေလို့ မြန်မာဆေးစားလည်း မပျက်ဘူးတဲ့ ဘယ်လိုလုပ်ရမလဲ အကြံပေးပါတဲ့။
ကျွန်မရေးနေတဲ့စာတွေဟာ ကာကွယ်နည်းတွေရေးတာပါ။ ဖျက်နည်းတွေကို အကြံလည်းမပေးသလို မလုပ်ကောင်းတဲ့အရာမို့ ကောင်လေးကို တာဝန်ယူခိုင်းပါဆိုတော့ ကလေးမလိုချင်ကြသေးဘူးတဲ့။ အပျိုရည်ပျက်တယ်ဆိုတာ ဘာမှန်းမသိဘဲ အပျိုရည်ပျက်ခဲ့တဲ့ကလေးမလေး ဆက်ဆံရင် သန္ဓေသားရနိုင်တယ် ၊ ရင်သွေးမလိုချင်သေးရင် ကြိုကာကွယ်ရမယ်ဆိုတာကို ဘယ်လို အသိရှိနိုင်ဦးမှာလဲ။ အသိရှိတာ မရှိတာနောက်ထား …. အခု ကိုယ်ဝန်ရှိနေပြီ။ ပျက်လိုပျက်ငြား မြန်မာဆေးပြင်းပြင်းတွေလည်း စားနေပြီ။ ဒီအခြေအနေမှာ ဒီကလေးကို မယူသင့်တော့ဘူး။
ဘာဖြစ်လို့လည်းဆိုရင် ကိုယ်စားတဲ့မြန်မာဆေးတွေဟာ ဖွံ့ဖြိုးစဖြစ်နေတဲ့ သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို ကြီးစွာအနှောင့်အယှက်ပေးပါတော့မယ်။ သန္ဓေပျက်ဖို့ရည်ရွယ်ချက်နဲ့ ဆေးပြင်းပြင်းသောက်ခဲ့တာမို့ သန္ဓေမပျက်ဘဲ မွေးလာခဲ့သည့်တိုင် ကလေးဟာ ပုံမှန်ဖွံ့ဖြိုးမှုမျိုးနဲ့ ရှိနေနိုင်ပါ့မလား။ တကြိမ်တခါ မှားယွင်းခဲ့ရင် တခါသုံးဆေးနဲ့ (၂၄)နာရီအတွင်း ဖြေရှင်းရတယ်လို့ ကျွန်မဆိုတာကိုလည်း သူနားမလည်ပါဘူး။ အခုနေ တခါသုံးဆေး သူသောက်လိုက်ရင် အထဲက ကလေးပျက်သွားလောက်တယ်လို့ တွေးနေပုံပဲ။
တခါသုံးဆေးဆိုတာ ဆက်ဆံပြီး (၂၄)နာရီအတွင်းသောက်မှ စိတ်ချရတာပါ။ (၂၄)နာရီကျော်သွားရင် စိတ်မချရတော့ပါဘူး။ (၂၄)နာရီအတွင်း တစ်လုံးသောက်သည့်တိုင်အောင် နောက်တစ်လုံးကို နောက်(၁၂)နာရီခြားရင် သောက်ကို သောက်ရဦးမှာဖြစ်ပါတယ်။ ဒါဟာ အတွင်းမှာ သန္ဓေအောင်ခဲ့ရင် သန္ဓေသားဖွံ့ဖြိုးကြီးထွားလာမှုမရှိဘဲ ရာသီသွေးအဖြစ် ပြန်ပေါ်အောင် ဆေးပြင်းပြင်းကြီးနဲ့ ဖွံ့ဖြိုးလတ္တံ့သော သန္ဓေသားဖြစ်လာမယ့်သွေးခဲကို ဟော်မှုန်းတွေ ပြောင်းလဲပစ်ပြီး ချေပစ်လိုက်တာပါ။
ဆေးအာနိသင်ပြင်းတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေရှိတာပေါ့။ တိုးတက်တဲ့ နိုင်ငံတွေမှာ ဒီလိုဆေးကို လမ်းဘေးဆေးဆိုင်မှာ ရောင်းခွင့်မပေးပါဘူး။ ဆရာဝန်ကိုပြောပြပြီး ဆရာဝန်က သုံးမယ့်သူရဲ့ ကျန်းမာရေး ၊ နို့တိုက်မိခင်ဟုတ် မဟုတ်ဆိုတာတွေကို စစ်ဆေးပြီး ပေးသင့်မှ ပေးတာပါ။ နို့တိုက်မိခင်တွေများ ဒီဆေးကို သောက်ခဲ့ရင် အနည်းဆုံး (၂၄)နာရီကနေ သုံးရက်အတွင်း ကလေးကို နို့မတိုက်ရလို့ ကန့်သတ်တဲ့အထိ အဲဒီဆေးအာနိသင်ဟာ ပြင်းပါတယ်။
ဆေးအာနိသင် နို့ရည်ထဲဝင်ပြီး နို့စို့ကလေးကို ဟော်မုန်းပြောင်းလဲမှုတွေ မဖြစ်ပေါ်ရအောင် ၊ မထိခိုက်ရအောင် နို့မတိုက်ခိုင်းတာဖြစ်ပါတယ်။ ဒီလိုဆို တခါသုံးဆေးကို လွယ်လွယ်လေးနဲ့ ရံဖန်ရံခါ သုံးကျင့်ရှိနေသူတွေဟာ ဘယ်လောက်ထိ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံရနိုင်မလဲ။ နောင် တကယ် အိမ်ထောင်ရက်သားကျတော့မှ ကလေးလိုချင်ရပါချည်ရဲ့လုပ်လို့ ကလေးမရနိုင်တာမျိုး ၊ ကလေးမမြဲဘဲ အကြိမ်ကြိမ် လျှောကျ ပျက်ကျနိုင်တာတွေ ကြုံရဦးမယ့်အပြင် သဘာဝအတိုင်း ဖြစ်ပျက်နေတဲ့ ဟော်မုန်းကို ရံဖန်ရံခါလို ပြောင်းလဲပစ်နေတဲ့ကိုယ်ဟာ ဒီဒဏ်တွေခံပြီး ကျန်းမာရေးချို့တဲ့မှုတွေ ကြုံရနိုင်ပါသေးတယ်။ ဒါက အကြမ်းဖျင်းရှင်းလင်းတာပါ။
ကိုယ်ဝန်ရှိနေပြီဆိုရင် ဘာလုပ်မလဲ ။ မွေးရင်မွေး ၊ မမွေးရင်ဖျက်မှာပေါ့။ မမွေးချင်ဘူးလို့သေချာရင် ဖျက်တော့မှာပဲ။ မြန်မာနိုင်ငံထဲမှာ ကိုယ်ဝန်ပျက်ကျမှ ဆေးရုံက သားအိမ်ခြစ်ပေးတာမို့ ကိုယ်ဝန်ဖျက်ချင်လို့ပါဆိုပြီး ဆေးရုံက ဆရာဝန် ၊ ဆရာမတွေကို သွားပြောရင် ရဲစခန်းရောက်သွားမှာပေါ့။ ဒီတော့ အရပ်လက်သည်နဲ့တမျိုး ၊ အချို့သော ဆရာဝန် ၊ ဆရာမတွေနဲ့ တရားမဝင် ဖျက်ချတော့မယ်။ ကိုယ်ဝန်ဖျက်ချနည်း အမျိုးမျိုး ရှိပေမယ့် ကိုယ်ဝန်ဟာ ချက်ချင်းကြီး ပျက်သွားတာတော့မဟုတ်ပါဘူး။ ရက်ပိုင်းအတွင်းမှာ ပျက်ကျလာတာပါ။
မကျွမ်းကျင်သူတွေနဲ့ဖျက်ချရင် ကလေးရဲ့ကိုယ်အစိတ်အပိုင်းလေးတခု အထဲမှာ ကျန်ခဲ့ရင်တောင် သွေးသွန်တတ်ပါတယ်။ သွေးသွန်တယ်ဆိုတာ ရာသီသွေးဆင်းတာထက်ပိုပြီး သွေးတွေ မတရားဆင်းလာတာမျိုးပါ။ အချိန်မီဆေးရုံမသွားရင် သွေးလွန်သေနိုင်တယ်လေ။ တချို့ကျတော့ အထဲမှာ ကျန်ခဲ့လို့ ကျန်ခဲ့မှန်းမသိဘဲ အပုပ်ဆန်သေတာမျိုးလည်းရှိတယ်။ ဒါကြောင့် ကလေးပျက်ပြီဆိုရင် အားလုံးရှင်းသွားအောင် သားအိမ်ကို ခြစ်ထုတ်လိုက်တာပါ။ ဖျက်တဲ့အချိန်မှာ သုံးတဲ့ပစ္စည်းတွေမသန့်ရင်လည်း ပိုးဝင်ပြီး ဒုက္ခရောက်နိုင်တယ်။ ကလေးပျက်တဲ့သူတစ်ယောက်ဟာ သားအိမ်ခြစ်ထုတ်ပြီးမှ စိတ်ရှင်းရှင်းနဲ့နေလို့ရမှာပါ။ ဒီလိုမှမဟုတ်ရင် ဘာဖြစ်နိုးနိုးနဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း စိတ်ပူနေနိုင်သေးတယ်လေ။
သမီးတို့ရေ …. စိတ်တူကိုယ်တူ ချီတက်ခဲ့ကြတဲ့ ခရီးပန်းတိုင်တစ်ခုမှာ မိန်းမသားဖြစ်တဲ့ကိုယ်ကပဲ ကလေးကိုလွယ်ရတာပါ။ သူတာဝန်မယူရင် ဒီကလေးတာဝန်ဖြေရှင်းရမှာလည်း ကိုယ်ပဲလေ။ ကလေးမွေးမယ်ဆိုရင် ကိုယ်ပဲမွေးရမှာဖြစ်ပြီး ကလေးဖျက်မယ်ဆိုရင် ကိုယ်ပဲဖျက်ရမှာပါ။ ပတ်ဝန်းကျင်က လက်ညှိုးထိုးရင် မိန်းမသားဖြစ်တဲ့ ကိုယ့်ကို ဝိုင်းထိုးကြမှာပါ။ ကလေးအဖေဘယ်သူဆိုတာ ကိုယ်သိပေမယ့် ပတ်ဝန်းကျင်ကမသိဘူးလေ။ ကိုယ်တိုင်က ကလေးအဖေ ဘယ်သူမှန်းမသိရင် သမီးဟာ မိန်းမသားဘဝမှာ အမှားကြီးကြီးကို ကျူးလွန်နေတာပါပဲ။
လူဆိုတာ ကိုယ့်အန္တရာယ်ကို ကိုယ်ကြည့်ရှောင်တတ်ရတယ်။ ကိုယ့်သိက္ခာ ကိုယ်ထိန်းတတ်ရတယ်။ သိသာသိစေ ၊ မမြင်စေနဲ့ဆိုတဲ့စကားက အလကား ထားခဲ့တာမဟုတ်ပါဘူး။ ဒီလူနဲ့ကိုယ် ကျူးလွန်မိခဲ့ပေမယ့် တရားဝင်လက်မထပ်ရသေးဘဲ ဒီလူရဲ့ဗိုက်ကို တရားဝင်လွယ်လို့မရဘူးဆိုတာတော့ သိသင့်တာပေါ့ သမီးရယ်။ ဒီလိုသိရင် မလွယ်ရအောင် တားရမှာပေါ့။
လက်မထပ်ဘဲ အတူမနေရလို့ ဘယ်လောက်ဘဲ မြန်မာအသိုင်းအဝန်းကအော်နေနေ ၊ မိဘတွေက သမီးတွေကို ဗိုင်းကောင်းကျောက်ဖိ ဘယ်ယင်ဖိုမှမသန်းအောင် ၊ ဘယ်လို လိင်အသိမျိုးမှ မဝင်အောင် ဖုံးကွယ်ထား ထား ၊ မသိသင့် မသိအပ်တဲ့အရာလို့ ဖုံးထားပေမယ့် ကိုယ့်နောက်ကွယ် ကိုယ့်သားသမီး ဘာဖြစ်နေမယ်ဆိုတာ (၂၄)နာရီ ကိုယ်လိုက်စောင့်ကြည့်နိုင်တာမဟုတ်တဲ့အတွက် သူ့အန္တရာယ်သူကာကွယ်နိုင်အောင် ဆောင်ရန် ၊ ရှောင်ရန် ဆိုတဲ့ လိင်ပညာပေးတွေကို ကိုယ့်သားသမီးအရွယ်ရောက်ကတည်းက ပညာပေးသင့်တယ်။ အထူးသဖြင့် သမီးရှင်တွေပေါ့။ တကယ်ဗိုက်ထွက်ရင် ကိုယ့်သမီးထွက်မှာလေ။ ကိုယ့်မပြောရဲလို့ မရှိ ရှိတဲ့ငွေလေးနဲ့ ပေါပေါပဲပဲ သွားဖျက်ချရင် တတ်ယောင်ကားလက်သည်အစွမ်းကြောင့် ရေတိမ်နစ်ခဲ့သည်ရှိသော် ကိုယ့်သမီးပဲ ရေတိမ်နစ်မှာပေါ့။ မျက်တောင်တဆုံးကိုမကြည့်ဘဲ မျက်စိတဆုံးကြည့်ကြပါ။
ကျွန်မကိုယ်တိုင်လည်း သမီးမိန်းကလေး မွေးထားတာပါ။ ဒါကြောင့်မို့ ကျွန်မကို လာတိုင်ပင်တဲ့ သမီးမိန်းကလေးတိုင်းကို ကျွန်မသမီးလို့ ကိုယ်ချင်းစာပြီး အကြံပေးတယ်။ ကျွန်မသဘောက ရေကန်ထဲစူးစမ်းဆင်းချင်တဲ့ ကိုယ့်သားသမီးကို သူရေနစ်မှ ကမန်းကတန်း ဆင်းကယ်ဖို့ထက် သူ့ဘာသာ ကျွမ်းကျွမ်းကျင်ကျင် ရေကူးတတ်အောင် သင်ပေးမှာဖြစ်ပါတယ်။ ကိုယ်မသင်တတ်ရင် ကျွမ်းကျွမ်းကျင်ကျင် သင်ပေးတတ်တဲ့သူ ငှါးသင်ခိုင်းမှာပါပဲ။
သူအရွယ်ရောက်ချိန်မှာ သူ့အရွယ်အလိုက် ဖတ်သင့်တဲ့ လိင်ပညာပေးစာအုပ်တွေ ဖတ်ဖြစ်အောင် တိုက်တွန်းမှာပါပဲ။ ကိုယ်တိုင် မသိဘဲ စမ်းသပ်မှားယွင်းလို့ ဘဝပျက်သွားရတာထက် အသိတရားနဲ့ ကိုယ့်အန္တရာယ်ကိုယ် ရှောင်တတ်အောင် ကျွန်မသင်ပေးမှာပါ။ သားသမီးနဲ့ မိဘဆက်ဆံရေးထဲ ဒီလိုကိစ္စတွေမှာ ပွင့်လင်းသင့်တယ်လို့ ကျွန်မယုံကြည်တယ်။ ကိုယ့်သားသမီး ကိုယ်မှမသင်ပေးရင် ဒီအတွေ့အကြုံကို သူက စမ်းသပ်ရင်း ကိုယ်တွေ့ရှာဖွေလို့ မှားသွားခဲ့သည်ရှိသော် ဘယ်သူက အရင် ရင်ကျိုးရမလဲနော်။
အခုကျွန်မကိုမေးလာတဲ့ကလေးမလေးဟာ ကျွန်မနဲ့ဘာမှသွေးသားမတော်စပ်ပေမယ့် သူ့ရဲ့ဖြူစင်တဲ့ ကလေးမျက်နှာလေးကိုကြည့်ပြီး သူနဲ့ သူ့ဗိုက်ထဲက ကလေးအတွက် ကျွန်မယူကျုံးမရဖြစ်မိတယ်။ မသိသူတွေလက်ထဲမှာ အပြစ်မဲ့တဲ့ အသက်တစ်ခုတော့ ကြွေရပေဦးမှာပေါ့။ ကလေးကံပေါ့လေလို့ မျက်နှာလွှဲလို့ရပေမယ့် ကိုယ်သာ သူ့အမေဆိုရင်လို့ တွေးမိခဲ့တယ်။ ကိုယ့်သမီးဟာ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေပြီလို့ သမီးအမေတွေ တွေးကြည့်ရင် ဘယ်လိုတုန့်ပြန်နိုင်မလဲ။ ဆူမယ် ၊ ဆဲမယ် ၊ ရိုက်မယ်ပေါ့။ ဒီလိုလုပ်လို့ ရလဒ်ဟာ ပြောင်းသွားမှာတဲ့လား။
ကျွန်မသာဆို ကိုယ်ဝန်လွယ်ထားရတဲ့ ကျွန်မသမီးလေးကို အရင်ဆုံး ထွေးဖက်လိုက်မယ်။ သူငိုရင် ကိုယ်လည်း သူ့ကိုထွေးဖက်လို့ ငိုမိမှာပါ။ နှစ်ယောက်ငိုလို့အားရရင် ဘယ်လို ဖြေရှင်းကြမလဲလို့ တိုင်ပင်မယ်။ တဘက်ကိုညှိလို့ရရင် ကိုယ်တိုင်က မျက်နှာအောက်ကျခံပြီး တိုးတိုးတိတ်တိတ်ညှိမယ်။ မညှိသင့်ဘူး ၊ ကိုယ့်သမီးအတွက် လုံးဝ မသင့်တော်တဲ့သူဆိုရင်တော့ သမီးဆန္ဒကိုမေးရမှာပေါ့။ ပေါင်းခဲ့ရင် ဘာတွေ ဖြစ်နိုင်တယ်လို့ သမီးနားလည်သဘောပေါက်အောင် ကြိုရှင်းပြမယ်။ ဒီလိုရှင်းပြရက်နဲ့ သူကိုယ်တိုင်က ပေါင်းဖို့ဆန္ဒခိုင်မာနေရင် သမီးဆန္ဒနဲ့ မထွက်လာသေးတဲ့ မြေးကလေးမျက်နှာကြည့်ပြီး ပေါင်းစေမှာပါ။ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာလေ။ အခု မပေါင်းခိုင်းရင်လည်း ခိုးရာလိုက်သွားနိုင်တာပဲမဟုတ်လား။
သူကိုယ်တိုင်က အမှားတစ်ခုလို့ ဝန်ခံပြီး ဒီအမှားကို ဖျက်ပစ်ချင်တယ်ဆိုရင်တော့ ဖြစ်နေတဲ့အခက်အခဲကို ကိုယ့်အရွယ်အတွေ့အကြုံနဲ့ တိုးတိုးတိတ်တိတ် ဘယ်သူမှမသိအောင် အကောင်းဆုံး ဖြေရှင်းပေးရမှာပေါ့။ သမီးကိုလည်း နောင်ဒီလိုအခြေအနေမှာ ဘယ်လိုကာကွယ်မှုတွေ အသုံးပြုပြီး ကာကွယ်သင့်တယ်လို့ အကြံပေးမှာပါ။ သမီးမှားရတယ်ဆိုတာ သမီးကို မှန်မှန်ကန်ကန်လုပ်တတ်အောင် မဆုံးမ ၊ မသွန်သင်ပေးနိုင်ခဲ့တဲ့ မိဘလုပ်သူ (အထူးသဖြင့် အမေလုပ်သူ)မှာ တာဝန်ရှိနေပါတယ်။ ကိုယ်ဆုံးမ မတတ်ခဲ့လို့ ၊ ဆုံးမသွန်သင်မှု လစ်ဟာခဲ့လို့ ဒီလိုအခြေအနေအထိ ဖြစ်လာပါ။ ကိုယ့်ထက်ငယ်နုတဲ့ သမီးမိန်းကလေးကို မှားရကောင်းလားလို့ မဲအပြစ်မတင်ဘဲ ငါဆုံးမလမ်းညွှန်တာ ၊ သွန်သင်ပြသတာ လိုနေသေးပါလားလို့ အရင်တွေးရမှာပါ။
တစ်ရှက်ကနေ နှစ်ရှက်မဖြစ်အောင် ဖြစ်နိုင်ရင် သမီးအဖေကိုတောင် သိစေမှာမဟုတ်ပါဘူး။ ဆူဆဲရိုက်နှက်ဖို့ဆိုတာ ဝေလာဝေးလေ။ ကိုယ်ပူပင်ခံစားရတယ်ဆိုတာထက် ကလေးလွယ်ထားရတဲ့သူက ဘယ်လောက်ထိ ပူပင်ခံစားနေရမလဲ ၊ သူ့ကြင်ဖော်က တာဝန်မယူဘဲ မျက်နှာလွှဲတယ်ဆိုရင် ပိုလို့ စိတ်နာကျင်နေနိုင်သေးတယ်မဟုတ်လား။
သားသမီးမွေးဖွားထားတယ်ဆိုတာ မွေးပေးရုံ ၊ စားဝတ်နေရေး ဖြည့်တင်းပေးရုံ ၊ ပညာသင်ပေးရုံနဲ့ မလုံလောက်ဘဲ မမှားသင့်တာ မမှားရအောင် ၊ အမှန်တွေလုပ်ဖြစ်အောင် အသိပညာပေးဖို့လည်း လိုနေပါသေးတယ်။ ဒါကို သမီးရှင်မိခင်တိုင်း သိရှိနိုင်ပါစေ။ နည်းမှန် ၊ လမ်းမှန် သွန်သင်နိုင်ပါစေလို့ ဆုတောင်းရုံ ၊ ဒီလိုစာတွေ ရေးပေးရုံကလွဲပြီး ကျွန်မဘာလုပ်ပေးနိုင်မှာလဲနော်။
ရတု (Burmesehearts.com)