class="post-thumbnail open-lightbox" href>
နှစ်ဖက်မိဘကဏ္ဍ
တကယ်ဆို မိဘဆိုတာ အသက်ကြီးလာရင် သားသမီးကိုသာ မှီခိုရာရှိတာပါ။ ကိုယ်တိုင်က အသက်ကြီးလာတဲ့အချိန်မှာ ကိုယ့်သားသမီး တအိုးတအိမ်ခွဲနေပြီး လုံးဝထောက်ပံ့မှုမရှိဘူးဆိုရင် ဘယ်လိုခံစားရမလဲ။ တချိန် ကိုယ်လဲမိဘနေရာရောက်လာမယ်။ ဒီလိုအဖြစ်မျိုး ကြုံရမယ်လို့ ကိုယ်ချင်းစာ စဉ်းစားတွေးမိတဲ့အခါ မိဘကို ထောက်ပံ့ရမယ့်တာဝန်ဆိုတာလည်း သားသမီးတိုင်းမှာ ရှိလို့လာပါပြီ။ (ကိုယ်တိုင်က စားဖို့အနိုင်နိုင် ဝင်ငွေတပတ်မလည်ရင် မိဘကို ဘယ်လိုထောက်ပံ့ ကြည့်ရှုနိုင်ပါ့မလဲ။ ပြီးတော့ ကိုယ့်အိမ်ထောင်အနာဂါတ် ၊ ကိုယ့်မိသားစုအနာဂါတ်ဆိုတာလည်း ပျောက်နေမှာပါ။)
“ဝေးတသက်သက် နီးတကျက်ကျက်” ဆိုသလို ယောက္ခမ ၊ ယောက္ခထီး ၊ ယောင်းမ ၊ ခဲအို ၊ မတ် စတဲ့ ခင်ပွန်းဘက် ၊ ဇနီးဘက်က အမျိုးတော်လာရသူတွေနဲ့ အနေနီးတဲ့အခါ နှစ်ဖက်ဆက်ဆံရေးဟာ မီးပွင့်တတ်ပါတယ်။ မီးပွင့်ပါများ မီးလောင်သလိုပေါ့။ မတည့်တာများရင် ထောက်ပံ့ဖို့နေနေသာသာ သူတို့နာမည်နဲ့ အသံတောင်မကြားချင်ဘူး ဖြစ်လာမယ်မဟုတ်လား။ ဒါကြောင့်မို့လို့ အိမ်ထောင့်အစကတည်းက ရေရှည်အတွက် ရည်ရွယ်ပြီး ခွဲနေဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။
အိမ်ထောင့်အစကတည်းက ခွဲနေပြီး ခင်ပွန်းဘက်က မိဘတွေနဲ့ စိတ်အဆင်မပြေမှု မရှိတဲ့အခါ ဒီလိုစလို့ တွေးတောနိုင်ပါတယ်။ တကယ်ဆို ကိုယ်ချစ်လို့ လက်ထပ်ပေါင်းခဲ့သူဟာ သူတို့မွေးလာတဲ့ သား (သို့မဟုတ်)သမီး မဟုတ်လား။ ဒါဟာ ကိုယ့်အိမ်ထောင်ဘက်သေဆုံးသည်အထိ ပြောင်းလဲမသွားမယ့် အရာဖြစ်ပါတယ်။
သူတို့မွေးပေးလို့ ကိုယ်နဲ့တွေ့ဆုံ ချစ်ကြိုက်ခွင့်ရခဲ့တာလေ။ သူတို့မွေးကျေးဇူးဟာ ကိုယ့်အိမ်ထောင်ဘက်အတွက် ကြီးမားလှသလို ဒီချစ်ဇနီး ၊ ချစ်ခင်ပွန်းကို ပေါင်းသင်းခွင့်ရတဲ့ ကိုယ့်အတွက်လည်း ကြီးလှပါတယ်။ ဒီတော့ အထောက်အပံ့လိုနေတဲ့ သက်ကြီးရွယ်အိုမိဘတွေကို ထောက်ပံ့ရမှာက ကိုယ်တွေ သားသမီးရဲ့တာဝန်လေ။
ထောက်ပံ့တဲ့နေရာမှာ ဇနီးမောင်နှံနှစ်ဦးလုံး သဘောတူညီမှုထားရပါတယ်။ အဲဒီသဘောတူညီမှုကိုလည်း ကိုယ်စီမဖောက်ဖျက်မိအောင် ထိန်းသိမ်းရပါမယ်။ ဒါကတော့ အိမ်ထောင်ဘက်ရဲ့ သဘောတူညီမှုမရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် မပေးကမ်း ၊ မထောက်ပံ့ဘူးဆိုတဲ့ကတိပါ။ ကိုယ်က ခိုးပေးရင် သူလဲ ခိုးပေးချင်မှာပဲ။ သူလဲခိုးပေး ၊ ကိုယ်လဲခိုးပေး နှစ်ဘက်အပေးပြိုင်လာတဲ့အခါ ကိုယ့်မိသားစုတွင်း စုဆောင်းငွေဆိုတာ သီးသန့်ရယ်လို့ ဘယ်ရှိတော့မလဲ။ ဒီတော့ ပေးလိုတဲ့အခါတိုင်းမှာ ဘာကြောင့် ပေးသင့်တာ ၊ ပေးလိုတာကို အိမ်ထောင်ဘက်ရဲ့ သဘောတူညီမှုရဖို့ လိုပါတယ်။
နှစ်ဘက်မိဘကို ထောက်ပံ့တဲ့နေရာမှာလည်း သာတူညီမျှရှိရပါမယ်။ သူ့မိဘကို ဒီလောက်ပေးပြီး ကိုယ့်မိဘပိုပေးတာမျိုးကိုတော့ မဖြစ်သင့်ပါဘူး။ (ဒါဟာ အိမ်ထောင်ရှင်အမျိုးသမီးတွေမှာ ပိုလို့တွေ့ရတတ်ပါတယ်။) ကိုယ်မျှတမှ သူလဲမျှတမယ်။ ကိုယ်ဘက်လိုက်တာသိသွားရင် သူလဲ သူ့မိဘကို ဘက်လိုက်လာပါလိမ့်မယ်။ ဒီတော့ ဘက်လိုက်ပြီး ပိုထောက်ပံ့တာကိုလည်း ရေရှည် အိမ်ထောင်ရေးအဆင်ပြေဖို့ ရှောင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် သူတို့စားစရိတ်ကို ပုံမှန်စားသောက်နိုင်တဲ့ နှစ်ဘက်မိဘကို လစဉ် ထောက်ပံ့မှုပေးတာထက် သူတို့အမှတ်တရပျော်ရွှင်သွားနိုင်မယ့် ထောက်ပံ့မှုမျိုးကို ပိုလို့ပေးသင့်ပါတယ်။ဥပမာ တစ်လတစ်သိန်းစီ နှစ်ဖက်မိဘကို ထောက်ပံ့မယ်ဆိုရင် တစ်နှစ်စာဆို ကိုယ့်မိဘကိုကော ၊ သူ့မိဘကော ၁၂ သိန်းစီ မပေးရဘူးလား။ လစဉ်ထောက်ပံ့လဲ ဒီငွေ ၊ တစ်နှစ်စာစု ထောက်ပံ့လဲ ဒီငွေပဲလေ။
ဒါပေမယ့် လစဉ်ပုံမှန်စားသောက်နိုင်တဲ့မိဘကို အမေ့မွေးနေ့မှာ သူရသင့်တဲ့(၆)သိန်း ၊ အဖေ့မွေးနေ့မှာ သူရသင့်တဲ့(၆)သိန်း ယောက္ခထီး ၊ ယောက္ခမ မွေးနေ့တွေမှာလဲ ဒီလိုမျိုး သာတူညီမျှ မွေးနေ့လက်ဆောင်အဖြစ် ထောက်ပံ့လိုက်မယ်ဆို သူ့ကျန်းမာရေးအတွက်ဖြစ်ဖြစ် ၊ သူ့ပျော်ရွှင်မှုဖြစ်ဖြစ် အကြီးသုံးကို တလုံးတခဲတည်း သုံးနိုင်ပြီပေါ့။ လူတိုင်းဟာ ကိုယ့်မွေးနေ့မှာတော့ အလှူဒါန ပြုချင်ကြတယ်လေ။ သူတို့မွေးနေ့မှာ ကိုယ်ထောက်ပံ့ပြီး မွေးနေ့လက်ဆောင် ပေးလိုက်တဲ့ငွေနဲ့ လှူဒါန်းနိုင်တယ်ဆိုရင် ပိုမကောင်းဘူးလားနော်။
ပြည့်စုံတဲ့မိဘတွေ ဖြစ်သည့်တိုင် သားသမီးက သိတတ်နားလည်စွာ ဝယ်ပေးတဲ့ပစ္စည်းကို တန်ဖိုးထားတတ်ကြပါတယ်။ ပြည့်စုံတဲ့မိဘတွေကိုကျတော့ ငွေထောက်ပံ့တာထက် ကိုယ်ထောက်ပံ့မယ့်ငွေနဲ့ တန်ဖိုးညီတဲ့ (သူတို့ကိုယ်တိုင် ဝယ်ယူဖို့လက်လှမ်းမမီတဲ့) ပစ္စည်းကို လက်ဆောင်ပေးတာဟာ ငွေပေးတာထက် ပိုတန်ဖိုးရှိပါတယ်။
ဒီဘက်မိဘကို တစ်လတစ်သိန်းထောက်ပံ့ဖို့ ရည်ရွယ်ထားရင် ဟိုဘက်မိဘကိုလည်း တစ်သိန်းထောက်ပံ့ရမှာပါ။ ဒီတော့ ထောက်ပံ့ငွေကို မိမိတို့ ဇနီးမောင်နှံနှစ်ဦး သဘောတူညီနိုင်မယ့် ငွေပမာဏ (အိမ်ထောင်အတွက်လည်း ဝန်မဖြစ်စေတဲ့ငွေပမာဏ) ဖြစ်ရပါမယ်။ ဒါ့အပြင် နှစ်ဆန်းတစ်ရက်နေ့လိုမျိုး ၊ သီတင်းကျွတ်လိုမျိုးတွေမှာလည်း နှစ်ဖက်မိဘ ကန်တော့တဲ့ ပစ္စည်းနဲ့ငွေတွေဟာ သာတူညီမျှရှိနေရပါမယ်။ ဒီ့ထက်တတ်နိုင်ရင် ယောင်းမ ၊ ခဲအို ၊ တူ ၊ တူမတွေကိုပါ အနည်းဆုံး တစ်နှစ်တစ်ကြိမ်လောက်တော့ သီတင်းကျွတ်ဖြစ်ဖြစ် ၊ နှစ်ကူးမှာဖြစ်ဖြစ် လက်ဆောင်ပေးသွားသင့်ပါတယ်။ မောင်နှမများပြီး ဝင်ငွေနည်းတဲ့သူတွေအတွက်တော့ ဒါဟာ ခက်ကောင်း ခက်နေနိုင်ပါတယ်။
ဒီကြားထဲမှာ ကျန်းမာရေးမကောင်းတဲ့ နှစ်ဖက်မိဘကို ဆေးကုသဖို့ငွေလည်း လိုရင်လိုသလို တကယ်အရေးကြုံတဲ့အခါ ထောက်ပံ့ပေးရပါတယ်။ ကိုယ့်မှာရှိတဲ့ငွေကိုပိုက်ပြီး သူတို့ရောဂါခံစား ၊ သေဆုံးသွားရမှာတော့ အဖြစ်မခံနိုင်ဘူးလေ။ ငွေဆိုတာ ပြန်ရှာလို့ရတာမဟုတ်လား။ ကိုယ်က ကိုယ့်မိဘကို လှည့်မကြည့်ရင် ကိုယ်တိုင်မိဘနေရာ ရောက်လာတဲ့အခါ ကိုယ့်သားသမီးက ကိုယ့်ကို လှည့်ကြည့်လိမ့်မယ်လို့ မမျှော်လင့်နဲ့လေ။
ကိုယ့်ခင်ပွန်း ၊ ဇနီးက တော်တဲ့မိဘကို လှည့်မကြည့်ရင် တချိန် ယောက္ခမနေရာ ၊ ယောက္ခထီးနေရာရောက်မှ ကိုယ့်ကို ပြန်လှည့်မကြည့်တဲ့သူတွေကို ပြန်ကြုံရနေဦးမယ်။ တကယ်ဆို အသက်ကလဲကြီး ၊ ဝင်ငွေလဲမရှိတော့ ၊ သားသမီးကလဲ မသိတတ်တဲ့ မိဘတွေရဲ့ဘဝကို စာနာကြည့်ပါ။ ကိုယ်တွေလည်း တနေ့ ၊ တချိန်မှာ ဒီလိုမျိုး အို ၊ နာ ၊ သေ ဘေး ခံစားရဦးမှာမဟုတ်လား။ ဘယ်သူမှ ရှောင်လွဲလို့ မရပဲလေ။
ကျွန်မတို့ ဇနီးမောင်နှံဆို ဒီလိုပဲ မျှမျှတတ နှစ်စဉ်ထောက်ပံ့တယ်။ ခင်ပွန်းဘက်က တူ ၊ တူမတွေအပြင် သူ့မောင်နှမရဲ့ ဇနီး ၊ ခင်ပွန်းတွေကိုပါလည်း နှစ်စဉ် လက်ဆောင်ပို့ပေးတယ်။ အဝတ်တစ်ထည် ဖိနပ်တစ်ရံဆိုတာ ကိုယ်စားမယ့်ထဲက ဖယ်လိုက်ရင် တစ်နှစ်စာလုံးမှာ ဘယ်လောက်မှမရှိပေမယ့် ကိုယ်သတိတရ မှန်မှန်ပို့ပေးတဲ့ လက်ဆောင်တွေကို ရရှိတဲ့သူတွေအတွက်ကတော့ အမှတ်ရစရာပဲ မဟုတ်လား။
မိမိကို သတိတရ ဂရုစိုက်ပါမှ ကိုယ်ကလဲ ပြန်ဂရုစိုက်ချင်တာ လူ့သဘာဝမဟုတ်လား ။ ခင်ပွန်းကြောင့် ၊ ဇနီးကြောင့်တော်ရတဲ့ မိဘ ၊ မောင်နှမ ၊ ဆွေမျိုးသားချင်းတွေကို ကိုယ့်အရင်းအချာတွေလို ကိုယ်က သဘောထား ဂရုစိုက်စောင့်ရှောက်မှုပေးနိုင်ရင် သူတို့ဆီက မေတ္တာကလည်း အသွားအပြန်ရှိမှာပါ။ ကိုယ်ပေးတဲ့ မေတ္တာ စစ်မှန်ဖို့တော့ လိုတယ်လေ။ သူတို့ရဲ့စေတနာ မမှန်တာကြုံရရင်လည်း သူ့အကြောင်းနဲ့သူပေါ့။ သူ့အကြောင်းက သူစိတ်ထားအတိုင်း သူ့လမ်းသူသွားပါလိမ့်မယ်။ ကိုယ်ကသာ စေတနာမှန်ဖို့လိုတာမဟုတ်လား။